Sunday, February 6, 2011

ယုန်နှစ်မှာ ယုန်သားစားခြင်း (လူထုစိန်ဝင်း)

လူ့သမိုင်းမှာ ပြောင်းလဲမှုဆိုတာ လိုအပ်ချက်တခု ဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်း ဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှုရှိသလို မကောင်းတဲ့ ပြောင်းလဲမှုလည်း ရှိတယ်။

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ် ဖြစ်တယ်။

ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင်ရတယ်။ မန္တလေးက မိတ်ဆွေတယောက်က နေပြည်တော်က အပြန်လမ်းမှာတွေ့လို့ ဝယ်လာခဲ့ပြီး ကားဂိတ်ကတဆင့် ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုန်သား စားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်ကရလို့ ပို့လိုက်တာတဲ့။


တိုင်း၍ရက်တဲ့ပက္ကလာ

သူက မန္တလေးသားစစ်စစ်ဆိုတော့ အညာစာတွေ ကြိုက်တတ်တယ်။ တခါတလေ တယ်လီဖုန်းထဲကနေပြီးတောင် အညာစာတွေအကြောင်း သူပြောတာ နားထောင်ရင်း သရေ(သွားရည်)ကျ ရတယ်။ ညက်ညက်ကလေးနဲ့ အပြောလည်း ကောင်းတယ်။ သူ ယုန်သားပို့တဲ့နေ့မှာပဲ နှမတွေကလည်း ထုံးစံအတိုင်း အညာစာတွေ ဘူးကြီးတဘူးနဲ့ ပို့လိုက်တော့ တိုင်း၍ရက်တဲ့ပက္ကလာ ဆိုသလို ဖြစ်သွားတယ်။

နှမတွေပို့တဲ့ထဲမှာက တမာရွက်နဲ့ ထနောင်းရွက်ပါသလို ခွေးတောက်ရွက်လည်း ပါတယ်။ တဇောင်းခါးလည်း ပါတယ်။ ပဲနဲ့ ဆီးသီးလည်း ပါတယ်။ ပဲမြစ်နဲ့ ခေါပုတ်တောင် မကျန်ဘူး။ နည်းနည်းနဲ့စုံအောင် ထည့်ပေးလိုက်တာလို့ ပြောပေမယ့် တမျိုးတမျိုးကို နည်းတာမဟုတ်ဘူး။ တဆင့်တောင် ပြန်ပြီး ခွဲဝေပေးရသေးတယ်။

ယုန်သားနဲ့ ခွေးတောက်ရွက်ဟင်းချို

တိုင်း၍ရက်တဲ့ပက္ကလာ လို့ပြောလိုက်တာက ယုန်သားနဲ့ ခွေးတောက်ရွက်သိပ်ပြီး လိုက်ဖက်လို့ပါ။ ယုန်သားပြုတ်တဲ့ အရည်ထဲကို ခွေးတောက်ရွက်ကလေးခပ်ပြီး သောက်ရတဲ့အရသာက သိပ်ကောင်းတာ။ ပြုတ်ထားတဲ့ယုန်သားကို ထောင်းပြီး ကြက်သွန်နီလေးပါးပါးလှီး၊ ဆီရွှဲရွှဲလေးနဲ့ စားရတာကလည်း ဘာနဲ့မျှမတူအောင် အရသာရှိလှတယ်။

ယုန်သားက ကြက်သားထက် နူးညံ့ပြီး ပိုချိုတယ်။ ချက်စား၊ ကြော်စား၊ ပြုတ်ထောင်း ကြော်စား အမျိုးမျိုးစားလို့ ရတယ်။ အဲဒီနေ့ကတော့ ယုန်သားထောင်း ခွေးတောက်ရွက်ဟင်းချို၊ ပဲနှပ်၊ မရမ်းသီးထောင်း၊ ထနောင်းရွက်သုပ်နဲ့ အညာပြန်ရောက်နေသလိုကို အောက်မေ့ရတယ်။

လပေါ်က ယုန်လို

ရန်ကုန်ရောက်ကတည်းက ယုန်သားကို ခဏခဏ သတိရနေရတယ်။ မနှစ်ကမှ မိတ်ဆွေရဲ့ကျေးဇူးကြောင့် စားရတာ။ ဒီနှစ်ယုန်နှစ်မှာလည်း ယုန်သားစားရတော့ လပေါ်က ယုန်ကလေးလို အသက်ရှည်မယ့်ပုံပဲ။ ရှဲ့ရှဲ့၊ ရှဲ့ရှဲ့လို့ပဲ ပြောလိုက်ရတယ်။ ထမင်းစားရင်းကနေ ငယ်ဘဝကို ပြန်ပြီးတွေးမိတယ်။

ငယ်ငယ်တုန်းက တရုတ်တန်းဈေးမှာ ယုန်သားရလေ့ရှိတယ်။ ယုန်သားကိုထောင်းဖို့ အသားကိုနွှင်တော့ ထွက်လာတဲ့အရိုးတွေကို ဟင်းချိုအိုးထဲ အမေက ပစ်ထည့်တတ်တယ်။ ဟင်းချိုက ပိုချိုတာပေါ့။ မရမ်းသီးမပေါ်တဲ့ အချိန်ဆိုရင်တော့ မန်ကျည်းသီးထောင်းနဲ့လည်း လိုက်ဖက်ပါတယ်။ မန်ကျည်းသီးထောင်းပေါ်မှာ ပင်စိမ်းရွက်ကလေးတွေ အုပ်လိုက်ရင် အနံ့ကလေးမွှေးနေတာပေါ့။

အဆောင်တွေထဲ ပြေးဝင်လာကြ

ရန်ကုန်မှာတော့ ယုန်သားစားလေ့ မရှိကြဘူး။ ရောင်းတာလည်း မတွေ့ဖူးဘူး။ မွေးဖို့ရောင်းတဲ့ ယုန်တွေပဲ ရှိတယ်။ ပေါပေါမရလို့ မစားတတ်ကြတာ ထင်ပါရဲ့။ မန္တလေးမှာတော့ ငယ်စဉ်က တော်တော်ပေါတယ်။

မန္တလေးတက္ကသိုလ်ရဲ့ ယောက်ျားလေး အဆောင်နှစ်ဆောင်ဖြစ်တဲ့ အောင်မင်္ဂလာဆောင်နဲ့ ရွှေပြည်အေးဆောင် ဆောက်ပြီးစကဆို အဆောင်ထဲကို ယုန်ကလေးတွေ ပြေးပြေးလာတတ်တယ်။ အဆောင်တွေရဲ့ အရှေ့ဘက်မှာက လယ်ကွင်းတွေနဲ့ ထန်းတောတွေ ရှိတာကိုး။ ယုန်လိုက်ရုံလောက်တော့ အဝေးကြီးသွားစရာ မလိုဘူး။ တက္ကသိုလ်ဝန်းကျင်မှာတင် ရတယ်။

ဆင်အုပ်နဲ့ တိုး

သေနတ်ပစ် ဝါသနာမပါပေမယ့် တောလည်တာ ဝါသနာပါလို့ သူငယ်ချင်းတွေ တောပစ်ထွက်ရင် လိုက်လေ့ရှိတယ်။ ပုလိပ်လောက် ထွက်လိုက်ရုံနဲ့ တောဝက် ကောင်းကောင်းပစ်ရတယ်။ မတွေ့တဲ့အခါ မရှိသလောက်ပဲ။ ထုံးဘိုတို့၊ ရွှေစာရံတို့ဘက်ထွက်ရင် တောဝက်သာမက ဒရယ်တို့၊ ဂျီ(ချေ)တို့ပါရတယ်။

တခါကဆို နားဋောင်းကျ ချောင်းဖျားမှာ သူငယ်ချင်းတွေက ဂျီလိုက်ချောင်းနေတုန်း တယောက်တည်း သရက်သီး လိုက်ကောက်နေမိတယ်။ သရက်တောကြီးက နေပြောက်တောင် မထိုးဘူး။ ကြွေကျတဲ့ သရက်ကင်းလေးတွေကို လိုက်ကောက်နေတုန်း တောဆင် လေးငါးကောင်အုပ်နဲ့ တိုးလို့ ပြေးရတာကို ကောင်းကောင်း မှတ်မိနေသေးတယ်။

နှစ်ဆယ့်တမိုင်ဝန်းကျင်မှာ တခါတလေ ကျားတောင် တွေ့ရတယ်။ အဲဒီအချိန်က မေမြို့(ပြင်ဦးလွင်)အတက် တောင်ကြောတွေမှာ ရေထွက်ကလေးတွေ၊ စမ်းချောင်းကလေးတွေက သိပ်ပေါတာ။

မုဆိုးလည်း သူ့စရိုက်နဲ့သူ

ရေထွက်ကလေးတွေနေရာမှာ သားကောင်မျိုးစုံ ရေသောက်လာလေ့ရှိတယ်။ တောပစ်သူတွေက ရေထွက်နေရာက စောင့်ပြီး ပစ်ရုံပဲ။ သူငယ်ချင်းတွေက တောဝက်ကိုပဲ ရှာကြတာများတယ်။ ဝက်မရမှ ဒရယ်တို့၊ ဂျီ (ချေ)တို့ ပစ်ကြတယ်။ မုဆိုးကလည်း သူ့စရိုက်နဲ့သူ သေနတ်ကိုင်ပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်တာ မဟုတ်ဘူး။

ကိုယ်တိုင်ကတော့ တောလည်လိုက်နေပေမယ့် လေသေနတ်တောင်ပစ်ဖူးတာ မဟုတ်ဘူး။ ငယ်စဉ်ကလည်း လေးခွတောင် မကိုင်ဖူးဘူး။ တောလည်ရတာကို ပျော်တာ။ တောထဲရောက်ရင် ဆီးသီး ခူးမယ်။ သရက်သီး ကောက်မယ်။ မရမ်းသီး ကောက်မယ်။ ဒါပဲ။

မိဘမဲ့ ဝက်ဝံလေးနှစ်ကောင်

တခါက ထုံးဘိုတို့၊ ကျောက်ချောတို့ဘက် တောလည်ရင်း မိဘမဲ့ဝက်ဝံလေးနှစ်ကောင် တွေ့ခဲ့ရတာကို မှတ်မိသေးတယ်။ ဝက်ဝံလေးတွေက တလသားအရွယ်လောက်ပဲ ရှိဦးမယ်နဲ့ တူပါတယ်။ ဝက်ဝံမကြီးက တယောက်ယောက်လက်ချက် မိသွားပုံရပါတယ်။

ဝက်ဝံလေးနှစ်ကောင်ကိုယူလာပြီး သူငယ်ချင်းတယောက်အိမ်မှာ နို့ဘူးတိုက် မွေးထားကြတယ်။ သိပ်လိမ္မာပြီး သိပ်ချစ်စရာကောင်းတယ်။ နောက်တော့ ဒီကောင်တွေက ဧရာမ အကောင်ကြီးတွေ ဖြစ်လာတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြောလွန်းမက ပြောကြတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်းတသိုက် ကျောက်ဆည်ဘက်က မြို့ကြီးဒေါင်းမီးအထိယူသွားပြီး မျက်ရည်စက်လက်နဲ့ လွှတ်ပစ်ခဲ့ကြရတယ်။

သမိုင်းဆောင်းပါးလို

ယုန်သားထောင်းနဲ့ ခွေးတောက်ရွက်ဟင်းချို စားရင်းသောက်ရင်း ရှေးဟောင်း နှောင်းဖြစ်လေးတွေကို ပြန်ပြောင်း အောက်မေ့ လွမ်းဆွတ်နေမိတာ ဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေဖတ်မိရင်တော့ သမိုင်းဆောင်းပါးတပုဒ် ဖတ်ရသလို အောက်မေ့နေကြပါလိမ့်မယ်။

အခြေအနေတွေက ဆက်စပ်ကြည့်လို့ မရနိုင်လောက်အောင်ကို ပြောင်းလဲသွားကြပြီ မဟုတ်လား။ လူ့သမိုင်းမှာ ပြောင်းလဲမှုဆိုတာ လိုအပ်ချက်တခု ဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်း ဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှုရှိသလို မကောင်းတဲ့ ပြောင်းလဲမှုလည်း ရှိတယ်။

ဆင်နဲ့လူ ဘယ်သူက ကျူးကျော်တာလဲ

မကြာမီကပဲ တောဆင်ရိုင်းတွေအန္တရာယ်ပြုလို့ အင်းတကော်နားမှာ လူနှစ်ယောက် သေဆုံးသွားတဲ့ သတင်းဖတ်ရတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာလည်း ရွာနားပတ်ဝန်းကျင်ကို တောဆင်ရိုင်းတွေ ဝင်ရောက်နှောင့်ယှက်တဲ့သတင်းတွေ ဖတ်ရတယ်။ ကလောအတက် ယင်းမာပင်နားမှာလည်း တောဆင်ရိုင်းတွေ ဝင်ရောက်လာတဲ့သတင်းတွေ ဖတ်ရတယ်။ တောဆင်ရိုင်းတွေ ဝင်ရောက်နှောင့်ယှက်တယ်လို့ သတင်းတွေက ဆိုတယ်။

လူတွေရဲ့ရပ်ရွာထဲကို ဆင်တွေကလာပြီး နှောင့်ယှက်တာလား၊ ဆင်တွေနေတဲ့ တောကြီးတွေထဲကို လူတွေက ဝင်ရောက်ကျူးကျော် နေထိုင်ကြတာလားဆိုတာ စဉ်းစားကြဖို့ ကောင်းတယ်။ တောအုပ်ကြီးတွေအဖြစ်ကနေ လူနေရပ်ရွာတွေအဖြစ် ပြောင်းလဲသွားခြင်းရဲ့ရလဒ် မဟုတ်ဘူးလား။

လူတွေကိုယ်တိုင်လုပ်တာ

ဒီနေ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ အပူလွန်ကဲလိုက်၊ အအေးလွန်ကဲလိုက်၊ ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်၊ မီးတောင်ပေါက်ကွဲလိုက်နဲ့ သဘာဝအန္တရာယ်ဆိုးကြီးတွေ နေ့စဉ်နေ့တိုင်း မကြားရတဲ့နေ့ တနေ့မှ မရှိပါဘူး။ ဒီအန္တရာယ်ဆိုးကြီးတွေ အများစုဟာ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့ကြတာ ဖြစ်တယ်။

ဒါကို လူတိုင်းလိုလို သိနေကြတယ်။ မသိလို့လုပ်နေကြတာ မဟုတ်ဘူး။ တောထဲက ဆင်တွေက လူနေရပ်ရွာထဲ ဝင်ရောက် ကျူးကျော်တာလား။ လူတွေကပဲ ဆင်တွေနေတဲ့ တောအုပ်ကြီးတွေကို ဖျက်ဆီးပြီး ကျူးကျော်နေထိုင်ကြတာလား ဆိုတာ ရှင်းနေတာပဲ။ လူတိုင်းသိတယ်။ ဒါပေမယ့် လူတွေက ဆင်ခြင်ကြသလား။ ပြုပြင်ကြသလား။ ရှောင်ကြဉ်ကြသလား။ အဲဒါကြောင့် ရှေးဖြစ်ဟောင်းတွေ ပြန်ပြီးပြောနေရတာပါ။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။


No comments: