Monday, February 28, 2011

အစာတု၊ ဆေးတုများရဲ့ အန္တရာယ် (လူထုစိန်ဝင်း)

ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ဝမ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ ကြိတ်ပေးတယ် ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ဝယ်သောက်မြဲ ဖြစ်တယ်။

ဘာမှုန့်တွေ ရောမှန်းမသိ

ရှေးနှစ်ပေါင်းများစွာကတည်းက ဝယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေတာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး၊ အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော်ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ဝယ်သုံးခဲ့တယ်။


မသတီဘူး

အခုနောက်ပိုင်း ရောက်တော့ တယ်မဟုတ်တော့ဘူး။ ဘယ်ဆိုင်ပြောင်းဝယ်ဝယ် အရောအနှောတွေ လွတ်တယ်လို့ကို မရှိတော့ဘူး။ နိုင်ငံခြား ကော်ဖီမှုန့်တွေ ဒီခေတ်မှာ ပေါပေမယ့် မကြိုက်ဘူး။ လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့ကို လှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီမှုန့်ကို စွဲခဲ့တဲ့လျှာက တခြားကော်ဖီတွေကို အရသာသိပ်မတွေ့ဘူး။

လူအတုဖန်တီးဖို့

ဘာတတ်နိုင်မှာလဲ။ ရှိတာကိုပဲ 'ရသေ့စိတ်ဖြေ' သဘောထားပြီး သောက်နေရတယ်။ ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊ အသားတုတို့ ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ။ ပန်းသီးဆိုပြီး စားကြည့်လိုက်။ အရသာက ပန်းသီးအရသာလိုလို၊ သစ်တော်သီး အရသာလိုလိုနဲ့ ဘာသီးလို့ ခေါ်ရမှန်း မသိဘူး။ သစ်တော်သီးတု ပန်းသီးလား၊ ပန်းသီးတု သစ်တော်သီးလား။ အလားတူပဲ ဇီးသီး(ဆီးသီး)ဆိုပြီး စားလိုက်တာ စိမ်းစားဥ စားရသလို ဖြစ်နေတယ်။ သစ္စာပန်း အနီဆိုပြီး ပန်းအိုးထိုးလိုက်တာ ရေတွေပါအနီ ဖြစ်ကုန်တော့မှ ဆေးဆိုးထားတဲ့ အနီတုကြီးမှန်း သိရတယ်။

ငတေမာပြီးရော စိတ်ဓာတ်

အတုတွေထဲမှာ အဆိုးဆုံးကတော့ အစားအစာနဲ့ ဆေးဝါးတုတွေပဲ။ အရောင်လှအောင် ချည်ဆိုးဆေးတွေ သုံးတဲ့သူက သုံးကြတယ်။ ကလေးတွေတိုက်တဲ့ နို့မှုန့်ထဲကို မယ်လမင်းတွေ ရောထည့်ကြသတဲ့။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ လူယုတ်မာစိတ်ဓာတ်တွေ တနေ့တခြား ကြီးထွားသထက် ကြီးထွားလာနေကြတယ်။ တိုင်းရင်းဆေး တံဆိပ်ကပ်ပြီး ရောင်းတဲ့ ဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတွေရောပြီး ထည့်ထားကြောင်း သက်ဆိုင်ရာက ကြေညာတာတွေလည်း မကြာခဏ ဖတ်နေရတယ်။

နယ်စပ်တွေက ဝင်

မြန်မာနိုင်ငံမှာ စစ်ဆေးခံပြီး မှတ်ပုံတင်မထားတဲ့ နိုင်ငံခြား ဆေးဝါးများကိုလည်း ဆိုင်ရာက ခဏခဏ ကြေညာပေးနေရတယ်။ အားလုံးလိုလိုဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေက တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတာတွေ ဖြစ်တယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေဟာ ဆေးဝါးအတု ထုတ်လုပ်ရောင်းချတဲ့ နေရာမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်ငံတွေ ဖြစ်ကြတယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေရတာ အင်မတန် ကံဆိုးတယ်လို့တောင် ပြောရမလိုပါပဲ။ အစားအစာအတုနဲ့ ဆေးဝါးအတု လုပ်တာဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ လိုပါတယ်။

လူထုကိုယ်တိုင်ပါမှ

ဒီကိစ္စမျိုးဟာ အစိုးရတွေချည်းလုပ်လို့ မအောင်မြင်နိုင်ပါဘူး။ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ စားသုံးသူ ကာကွယ်ရေး (Consumer Protection) အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်။ မြို့တိုင်းရွာတိုင်းလိုလိုမှာ ဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မသမာတဲ့ စီးပွားရေးသမားတွေကို ဖော်ထုတ်ရပါမယ်။ အစိုးရတွေက ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်ပြီး ပြည်သူလူထုက ဖော်ထုတ်တိုင်တမ်းတဲ့ ကိစ္စရပ်တွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရပါမယ်။ ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်နည်းနဲ့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

အတုယူစရာ

ဂျာမနီနိုင်ငံမှာ Green Party စတင် ပေါ်ပေါက်လာမှုနဲ့ အမေရိကန်နိုင်ငံမှာ စားသုံးသူကာကွယ်ရေး လှုပ်ရှားမှု စတင် ပေါ်ပေါက်လာမှုများကို အတုယူသင့်ကြတယ်။ ၆၀ ခုနှစ်များအတွင်းက ဂျာမနီနိုင်ငံမှာ အဏုမြူလက်နက် ဆန့်ကျင်ရေး လူငယ်တစုက စတင်ပြီး သူတို့နိုင်ငံမြေပေါ်မှာ အဏုမြူလက်နက်တွေ ထားရှိတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု စတင် လုပ်ဆောင်ခဲ့ကြတယ်။ အစက ပါတီရယ်လို့ မထောင်ပါဘူး။ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခုအဖြစ်သာ လုပ်ခဲ့ကြတာပါ။ နောက်တော့ ဂျာမနီက မြို့ကြီးတွေမှာပါ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ တဖြည်းဖြည်း အင်အားကြီးမားလာတဲ့အခါကျမှ ပါတီအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်တယ်။

ဂရင်းပါတီ

ပါတီရယ်လို့ ထောင်ခဲ့ပေမယ့် သမားရိုးကျ နိုင်ငံရေးလုပ်ငန်းတွေ မလုပ်သေးပါဘူး။ ပင်မရေစီး နိုင်ငံရေးပါတီများ လုပ်ရကောင်းမှန်း မသိတဲ့ အဏုမြူလက်နက် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဇောက်ချလုပ်ပါတယ်။ ဂျာမနီကနေပြီး တခြား ဥရောပနိုင်ငံများကို ပြန့်ပွားသွားတော့ အင်အား တော်တော်ကြီးမားသွားပါတယ်။ အဲဒီအခါကျတော့ အဏုမြူလက်နက် တင်ဆောင်ထားတဲ့ စစ်သင်္ဘောကြီးတွေ နိုင်ငံတခုခုကို ဆိုက်ကပ်မယ်ဆိုရင် ဝင်လို့မရအောင် 'ဂရင်းပါတီ' အလံ လွှင့်ထူထားတဲ့ သင်္ဘောလေးတွေနဲ့ ပိတ်ဆို့တားဆီး ကန့်ကွက်ကြပါတယ်။ အဲဒီကတဆင့်တက်တော့ အဏုမြူလက်နက် စက်ရုံတွေနဲ့ စစ်စခန်းတွေကို ဝိုင်းပြီး ဆန္ဒပြကန့်ကွက်တာတွေ လုပ်ပါတယ်။ နောက်ပိုင်းကျတော့ အဏုမြူလက်နက် ဆန့်ကျင်ရေးသာမက ဝေလငါးဖမ်းဆီးရေးကို တားဆီးကန့်ကွက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အထိ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။

စားသုံးသူ ကာကွယ်ရေး

ဒီကနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန် ကြီးကြီးမားမားနဲ့ လုပ်ဆောင်လာခဲ့ကြတာဟာ အစိုးရတွေက စတင် လုပ်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂကြီးက စခဲ့တာလည်း မဟုတ်ပါဘူး။ ဂရင်းပါတီ ဆိုတဲ့ လူငယ်လေးတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုက မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေးဆိုတဲ့ စကားကလည်း ၁၉၆၀ ပြည့်နှစ် မတိုင်ခင်နှစ်များက ပြောတဲ့သူ မရှိပါဘူး။ ၁၉၆၀ ပြည့်နှစ်များအတွင်းရောက်မှ အမေရိကန်နိုင်ငံမှာစပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတာ ဖြစ်တယ်။ Ralph Nader ဆိုတဲ့ ရှေ့နေတယောက်က စားသုံးသူဘက်ကနေပြီး ကုမ္ပဏီတွေကို တရားစွဲဆိုတာ အစိုးရဌာနဆိုင်ရာများကို တရားစွဲတာတွေ လုပ်ပေးပါတယ်။ တဖြည်းဖြည်း သူ နာမည်ရလာတော့ စားသုံးသူ ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပါတယ်။ နောက်တော့ အင်အားကြီးမားသထက် ကြီးမားလာပြီး တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အဖွဲ့အစည်းကြီးတရပ် ဖြစ်သွားပါတယ်။

သမ္မတ ဝင်အရွေးခံခဲ့

ရပ်ဖ်နဒါရဲ့ အဖွဲ့အစည်း ဘယ်ထိ အင်အားကြီးမားလာခဲ့သလဲဆိုရင် လွှတ်တော်က စားသုံးသူကာကွယ်ရေး ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းပေးတဲ့အထိ ဖြစ်လာပါတယ်။ ရဖ်နဒါကိုလည်း လွှတ်တော်က ခေါ်ယူပြီး တင်ပြဆွေးနွေးစေပါတယ်။ သမ္မတအိမ်တော်က ဆောင်ရွက်တဲ့ စားသုံးသူကိစ္စများမှာလည်း ရပ်ဖ်နဒါကို ခေါ်ယူတိုင်ပင်ပါတယ်။ နောက်ဆုံးကျတော့ နဒါဟာ သမ္မတ ရွေးကောက်ပွဲတိုင်းမှာ တသီးပုဂ္ဂလအဖြစ် မနိုင်မှန်းသိပေမယ့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ စားသုံးသူ ကာကွယ်ရေးကိစ္စကို အစိုးရ အဆက်အဆက် အလေးထားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

နှိုးဆော်

အမေရိကန်က စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဂရင်းပါတီ လှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် ဒီနေ့ ကမ္ဘာတခုလုံးမှာ စီးပွားရေးသမားတွေရဲ့ မသမာမှုမျိုးစုံကို တားဆီးကာကွယ်တဲ့ ဥပဒေတွေ အများအပြားပေါ်ပေါက်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှိန်အဟုန် ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးဟာ အစိုးရတွေက လုပ်ရကောင်းမှန်းသိလို့ စလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ပြည်သူလူထု တရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုတွေကြောင့် ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒါကြောင့် အစားအစာတု၊ ဆေးဝါးတုတွေ ကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စများကို ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။


No comments: