၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၄၈ မိနစ်
လတ္တီကျူ့ ၁၆ ဒီဂရီ ၄၈ မိနစ်
ဗုဒ္ဓဟူးနေ့ ...
မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
သစ္စာနီ၏ ကြိစက္ကဇာတာ။
ဇာတာရှင်သည် ကန်ရာသီလဂ်
ဓနုရာသီစန်း ဟဿတနက္ခတ်
ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
မနူဿာဂီရိကျမ်းနှင့်
နာဒရသံဟိတာကျမ်းအလိုအရ။
( ၁ )
၃၀.၁၀.၄၆
ဒါဟာ အစမဟုတ်ဘူး။
ကြက်ဥလား ကြက်မလား
အဝိဇ္ဇာ သင်္ခါရလား
မဟာပေါက်ကွဲမှု သီအိုရီလား
အစဟာလည်း
အစ မဟုတ်ဘူး။
အဲဒီနေ့က
ဗြိတိလျှပိုင်
ကိုလိုနီနိုင်ငံငယ်တခုမှာ
ဥက္ကာမပျံ
တော်လဲသံ မကြားဘဲ
ငါ ...
ငါဟာ
ဘုရားသခင်လက်က
လွတ်ကျတော်မူခဲ့တယ်။
( ၂ )
အဖေက
လခ သုံးရာ့ငါးဆယ်ရတဲ့
ဌာနခွဲစာရေးကြီး (သူကတော့ ...
အဲဒီရာထူးကို ဒုရုံးအုပ်လို့ ပြောတတ်တယ်။)
လူဖြောင့်စိတ်တို (ခပ်ရိုးရိုးပဲ)
ရိုးတာမှ ...
ဘာမှရေးမထားတဲ့
စက္ကူအလွတ်တရွက်လို
(ဒီ ဥပမာက သိပ်မဟုတ်လှဘူး)
ဘောလုံးပွဲကြိုက်
ဆေးပေါ့လိပ်ကြိုက်
(သူ အသက်ရှစ်ဆယ်အထိ
ဆယ့်သုံးကြိမ်တိတိ ဆေးလိပ်ဖြတ်ခဲ့တယ်။)
ပျင်းရတာလည်း ကြိုက်ပုံရတယ်
ပင်စင်ယူပြီးတော့
ဝရံတာက ပက်လက်ကုလားထိုင်မှာ
မပျင်းမရိ အနှစ် နှစ်ဆယ်လုံးလုံး
ပျင်းရိစွာ ထိုင်နေခဲ့တယ်။
အရက်မသောက်သူ
အပျော်အပါးမလိုက်စားသူ
တခါ တခါ
လက်ရုံးအားကိုးတတ်သူ
ရန်ကုန်တဖက်ကမ်း ပျော်ဘွယ်ဇာတိ
(အနာဂမ် ဆရာသက်ကြီးတို့ရွာ)
သို့သော် ...
ဝိပဿနာဆိုတာ ဘာမှန်းမသိသူ
သူ့ဘဝတလျှောက်လုံး
ကျားထိုးတာကလွဲလို့
ဉာဏ်ကို အသုံးပြုခဲ့ပုံလည်း မရ
ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိ
စည်သွပ်ဗူးစက်ရုံက မန်နေဂျာလို
သားသမီးတွေကိုတော့ ...
တပုံစံတည်း ထွက်စေချင်ခဲ့တယ်
ဘွဲ့ရအရာရှိပေါက်စလေးတွေပေါ့။
ကျွန်တော်ကတော့
သူ့ခြံထဲက သိုးမည်းတကောင်ပါ။
မင်းမှာ ငါနဲ့တူတာဆိုလို့
ထိပ်ပြောင်တာပဲရှိတယ်,တဲ့
ကျေးဇူးတင်ပါတယ် အဖေ။
အမေကတော့ မြေလတ်သူ
ဗမာစာ ရေးတတ် ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလို
စိတ်ကြီးလည်း ဝင်တတ်တယ်။)
လက်ကဖွာဖွာ ပါးစပ်ကဖွာဖွာ
ဗေဒင်ဆရာတွေ ညာစားတဲ့အတိုင်း
သူ့ကို သူရဿတီစောင့်တယ်လို့
တကယ်ယုံကြည်တယ်။
ဗမာရုပ်ရှင် ( အခုတော့ အများနည်းတူ
ကိုရီးယားဇာတ်လမ်းအတွဲတွေပေါ့)
တရုတ်သိုင်းဝတ္တုနဲ့
ဝတ်ကောင်းစားလှ ကြိုက်တယ်။
အင်္ဂလိပ်ခေတ်မှာ ရွှေဆိုင်ဖွင့်တယ်
ဂျပန်ခေတ်မှာ အထည်ဆိုင်ဖွင့်တယ်
မဆလ ခေတ်မှာ ကုန်စုံဆိုင်ဖွင့်တယ်
အရင်းပြုတ်တာနဲ့
နိဂုံးချုပ်ရတာချည်းပဲ
ဒီလိုနဲ့ ...
သူ့ တသက်လုံး
အမှီခိုခံဘဝနဲ့
ကျဆုံးခဲ့သူပေါ့။
အဖေက
ညိုညို ထောင်ထောင်မောင်းမောင်း (စိတ်ပျော့တယ်)
အမေက
ဖြူဖြူ ခပ်ညှက်ညှက် (စိတ်မာတယ်)
ဒီနှစ်တွေအတွင်း ...
သူတို့ ...
နှစ်ယောက်လုံး ဒေါသမှန်မှန်ကြီးတယ်
နှစ်ယောက်လုံး အသက်မှန်မှန်ကြီးတယ်
နှစ်ယောက်လုံး မျက်မှန်ထူထူလာတယ်
နှစ်ယောက်လုံး ရောဂါထူထူလာတယ် ။
သူတို့နဲ့ ကျွန်တော်
အနှစ်ခြောက်ဆယ်ကျော်လုံးလုံး
တအိမ်တည်းနေလျှက်နဲ့
ခေါင်းနဲ့ပန်းလို ဝေးခဲ့ကြတယ်။
အနေကြာလွန်းလို့
စိမ်းသွားတာလည်း ဖြစ်နိုင်တယ်
ဒါဟာ ဝမ်းနည်းစရာလား
လိပ်ပြာမလုံစရာလား
သံသရာမှာ ...
ကံပါလာတာတောင် ယုံရခက်ခဲ့။
( ၃ )
ကျွန်တော်ငယ်ငယ်က
နဖူးမောက်တယ် ပါးဖောင်းတယ်
အသားညိုလွန်းလို့ ' ကော်ဖီရောင် 'တဲ့
နာမည်ပြောင် ရခဲ့တယ်။
ကျွန်တော်ငယ်ငယ်က
တောက်တဲ့ ကြောက်တယ်
လူစိမ်းတွေကို ကြောက်တယ်
ငန်းနီကျော် (အဖျားဖြတ်ဆေး) ကို ကြောက်တယ်။
ကျွန်တော်ငယ်ငယ်က
အကြွေနည်းနည်းထည့်ထားတဲ့
စုဗူးလေး တဗူးနဲ့
လိုချင်တာတွေ ဝယ်လို့ရမယ်ထင်ခဲ့တယ်။
ကျွန်တော်ငယ်ငယ်က
အိမ်နောက်ဖေး တောအုပ်မှာ
ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။
ကျွန်တော်ငယ်ငယ်က
ခပ်နုံနုံ ခပ်အအ
စာကလည်း ခပ်ချာချာ
(အားကစား ဘာညာပေါ့)
ထူးချွန်မယ့် အရိပ်အယောင်မပြ
စိတ်ဓာတ်ကလည်း ပျော့လွန်းတယ်
ကြယ်ကြွေတာကို ကြည့်ပြီးငိုတယ်
(နတ်သမီးလေးတွေ သေတာထင်လို့)
မိုးရေမချိုးရရင် စိတ်ညစ်တယ်
အက္ခရာသင်္ချာ တွက်မရတာကို
ဘဝပျက်တော့မလို ...
ဈေးဖိုးကျပျောက်ရင်
ခြေမကိုင်မိ လက်မကိုင်မိ
(အမေက ဈေးလွှတ်လေ့ရှိတယ်
ကျွန်တော်က နမော်မဲ့ နမဲ့)။
ကျွန်တော် မဖြေရှင်းနိုင်တဲ့
ပုစ္ဆာတွေက ...
ဘဝမှာအများကြီး
ငါးကျည်းနဲ့ ငါးခူကို
ဘယ်လိုခွဲခြားရမယ်ဆိုတာက အစ
အတန်းထဲက ခပ်လှလှကောင်မလေးကို
ဘယ်လိုချည်းကပ်ရမယ်ဆိုတာ အဆုံးပေါ့။
ဒီလိုနဲ့ ...
နည်းနည်းအရွယ်ရလာ
ဒီအရွယ်မှာပဲ
တော်လှန်ရေးကောင်စီ တက်လာ၊
ကျွန်တော် ဆေးလိပ်သောက်တတ်လာ၊
ဘုရားရှိခိုးတွေ မေ့လာ၊
လွယ်အိတ်ထဲမှာ ...
ပလေးဘွိုင်းစာအုပ်နဲ့ ချိန်းကြိုးနဲ့ ...
အဖေနဲ့ မတည့်တာကို
မျိုးဆက်ကွာဟမှုလို့ ပြောတတ်လာ၊
မိန်းမတွေကိုကြည့်ရင်
ရင်နဲ့တင်ကို ကြည့်တတ်လာ၊
ကျောင်းပြေးဖြစ်လိုက်
အိမ်ပြေးဖြစ်လိုက်နဲ့
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါ ကျခဲ့တယ်။
အဲဒီအရွယ်မှာပဲ ...
ကောင်မလေးတယောက်ကို ရူးရူးမူးမူးစွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာခဲ့, အဲဒါ
ကျွန်တော် ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလား
အခုအချိန်ထိ
ဝေခွဲလို့မရ။
( ၄ )
ခေတ်က
မာ့က်စ်ဝါဒီ မဖြစ်ရင်ဘဲ
နူတော့မလို ခေတ်
ကျွန်တော်လည်း လက်ဝဲစာပေလေး ဘာလေး
နာမည်ပျက်ရုံဖတ်
ကုတင်ခေါင်းရင်းမှာ
ချီဂွေဗားရားပုံကို
မာရီလင်မွန်ရိုးပုံ အောက်ကချိတ်
(ပြန်လမ်းမရှိတဲ့မြစ် ဇာတ်ကားထဲက
ပေါင်တချောင်းမြှောက် က နေတဲ့ပုံပေါ့ )
ဝမ်းနည်းဝမ်းသာရုပ်ရှင်ဟာ
ကိုယ့်အကြောင်းပဲ ရိုက်ထားသလိုလို
ဖာသည်မတောင်မရှိဘဲ
မြတ်လေးလိုဝတ်စားပြီး
ဂျိမ်းစ်ဒင်းလို နေထိုင်ခဲ့တယ်
(ငါးပြားတန်စီးကရက်ကို နူတ်ခမ်းမှာခဲလို့)။
အဲဒီအချိန်မှာ ...
လူတွေဟာ ခွဲတမ်းကိုမျှော်လို့
သွားတိုက်ဆေးဗူးမဲပေါက်တာ
ပျော်ကြတဲ့အခါပေါ့
ဆိုက္ကားသမားက တရားသူကြီးဖြစ်
(သူက ယူနစ်ကော်မတီဝင်လေ)
ဆီအစိပ်သားရဖို့ တန်းစီ
ကြက်သွန်နီ အစိပ်သားရဖို့ တန်းစီ
'ကျေးဇူးတင်ပါသည် လမ်းစဉ်ပါတီ'
ရေဒီယိုက သီချင်းဟာ
ပျင်းရင်နားထောင်ဖို့ ကောင်းတယ်။
ကျွန်တော်ကတော့
အမောက်က ထောင်ထောင်
ကော်လံက ထောင်ထောင်
စိတ်က ထောင်ထောင်
တကိုယ်ရည် အာသာဖြေရတာ သာယာတယ်
ကဗျာဆရာဖြစ်ရတာ သာယာတယ်
လက်ဖက်ရည်ဆိုင်ထိုင်ရတာ သာယာတယ်
ဒါလည်း ...
ထွက်ပြေးလွတ်မြောက်မှုတမျိုးထင်ပ။
ဒါပေမယ့် ...
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကိုတော့ ယုံကြည်ခဲ့တယ်
နေထွက်မဲ့ညကို ယုံကြည်ခဲ့တယ်
သမိုင်းရဲ့ဒဏ်ခတ်မှုကို ယုံကြည်ခဲ့တယ်။
( ၅ )
ကျွန်တော်ဟာ
မျက်မှန်နဲ့ အဝတ်အစားပါ
ပေါင်ကိုးဆယ်သာသာ လေးတယ်
မတ်တတ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ ငါးပေ ပိုနီးတယ်
ပိရမစ်ကို မဆောက်ခဲ့သူ
လေဒီဒိုင်ယာနာနဲ့ လက်မထပ်ခဲ့သူ
ဂျူးတွေကို မသတ်ဖြတ်ခဲ့သူ။
အဲဒီသူဟာ ...
အခုတော့ ...
ကဗျာရေးတာ
အနှစ်လေးဆယ်ကျော်လာ၊
ဆေးလိပ်ဖြတ်ခဲ့တာ
အနှစ်သုံးဆယ်ကျော်လာ၊
ကျန်စစ်သားလည်း ကြုံဖူး
ဘုရင့်နောင်လည်း ကြုံဖူး ,
ဓားထစ်ရာတွေနဲ့ မန်ကျည်းတပင်လို
ထိုက်ထိုက်တန်တန်ကို လူဖြစ်
ပုတီးစိပ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကား ပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ဝင်ပါလိုက်
တူမလေးတွေကို စူပါမားကတ်ပို့လိုက်
အားဆေးသောက်လိုက်၊ နှုတ်ခမ်းမွှေးရိတ်လိုက်
တခါတလေ
အကုသိုလ်ကို ပီကေလို ဝါးစားလိုက်
ကဗျာတပုဒ်ထဲမှာ ရေးခဲ့သလို
“ခင်ဗျား တို့ပါးစပ်တွေထဲက
ထွေးထုတ်ချင်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ ”
(သူများ မုန်းတာကိုလည်း ပျော်ပျော်ရွှင်ရွှင်
အရသာခံတတ်သေးတယ်။)
အနုပညာမှာ ပို့စ်မော်ဒန်နစ်
ဘာသာရေးမှာက ဗုဒ္ဓစ်
နိုင်ငံရေးမှာက လစ်ဘရယ်ဒီမိုကရက်တစ်
သူ့အတွက်
စာပေဆု မလို
ဒစ်ပလိုမေစီ မလို၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု မလို
အိမ်မွေးတိရိစ္ဆာန် မလို
ဒညင်းသီးဆားရည်စိမ် မလို
ရွှေဆွဲကြိုး မလို
နိုင်ငံကူးလက်မှတ် မလို
ကွန်ဒုံး မလို။
( ၆ )
သူဟာ ...
ယခုချိန်ထိ
ညံ့စရာရှိတာ ညံ့ဆဲပါ၊
စက်ဘီးမစီးတတ်
ရေမကူးတတ်၊
ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတောင်
ဘာသွေးမှန်းမသိသူ။
ကာရာအိုကေနဲ့ အနှိပ်ခန်း မရောက်ဖူး
ပင်လယ်ရေ မချိုးဖူး
လေယာဉ်လက်မှတ်နဲ့
ရေမွှေးပုလင်း မဝယ်ဖူး
တောမခိုဖူး
ဘိန်းမရှုဖူး
အလံဖြူ မပြဖူး
ရေကို ကြိုချက်မသောက်ဖူး
မလုပ်ဖူးတာတွေ ခပ်များများ။
ဒါပေမယ့် ...
အသက်အရွယ်နည်းနည်းရလာတော့
ဖြေသိမ့်တတ်လာပါပြီ
(တရားရသလို ဘာလိုလိုနဲ့)
စားစရာ ထမင်းနည်းနည်းနဲ့
ဖတ်စရာ စာအုပ်နည်းနည်းရှိရင်
ငါ့ကို လူနည်းနည်း သိသားပဲ၊
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှ ရည်းစားတွေ ဘာတွေရ
(သူနဲ့ ကျွန်တော့်အသက်က
မိုက်ကယ် ဒေါက်ကလပ်နဲ့
ကက်သရင်းဇီတာဂျုံးလောက် ကွာတယ်)
ဘဏ်မှာ ငွေစာရင်းမရှိ
နောက်လိုက်မရှိလည်း
နေလို့ရတာပါပဲ
စီးပွားပျက်တာ ကြုံရပေမယ့်
ကမ္ဘာပျက်တာမှ မကြုံရသေးဘဲ
တမလွန်မှာ ဗြဟ္မာဖြစ်ချင်တဲ့သူဟာ
ဒုက္ခတွေကို
ကြက်မွှေးနဲ့ သပ်ချလို့။ ။
(ဘာမှမဟုတ်ပါဘူး။ တကယ်ကို ဘာမှမဟုတ်ပါဘူး။ တဝက်တပျက် ဖုံးကွယ်ထားတဲ့ ကျွန်တော့်အကြောင်းကို တခြားရေးစရာ မရှိတုန်း၊ ကဗျာလိုလို ဘာလိုလို ပေါ့ပေါ့ပါးပါး (ပေါ့ရွှတ်ရွှတ်လို့တောင် ပြောရင်ရပါတယ်။) အဲသလို စာစီလွှတ်လိုက်တာပါပဲ။ ခင်ဗျား ဖတ်ပြီး အပျင်းပြေတယ်ဆိုရင် … ခင်ဗျားဖတ်ပြီး အပျင်းမပြေဘူးဆိုရင် ... ကျွန်တော့်ရည်ရွယ်ချက်ကလည်း ဒီထက်မပိုပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။)
No comments:
Post a Comment