Monday, February 14, 2011

ကျောက်သင်ပုန်း၊ ဗလာစာအုပ်နှင့် ကွန်ပျူတာ (ထိန်လင်း)

စာပေဟောပြောပွဲတခုမှာ ဟောပြောသူ စာရေးဆရာကြီးတယောက်ကို “မြန်မာပြည် ဘာကြောင့် ကျွန်ဖြစ်ခဲ့ရသလဲ” ဆိုတဲ့ မေးခွန်းမေးတဲ့အခါ အဆိုပါ စာရေးဆရာကြီးက ခပ်တိုတိုပဲ ဖြေဆိုခဲ့ပါတယ်။

“ပညာမတတ်လို့” … တဲ့။

ပညာဆိုတဲ့အရာဟာ လူတိုင်းသိတဲ့အရာဖြစ်ပေမယ့် လူတိုင်းနဲ့ကင်းဝေးတဲ့အရာ ဖြစ်နေမယ်ဆိုရင် ပညာရဲ့ သဘောသဘာဝ ပျောက်ကွယ်နေပါလိမ့်မယ်။ ပညာမတတ်လို့ ဆိုးကျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကို သေသေချာချာ ပြန်လည်မသုံးသပ်နိုင်တာလည်း ပညာမတတ်လို့ပါပဲ။

ကျနော်တို့ တိုင်းပြည်ဟာ ဒီလိုဆိုးကျိုးတွေကို ရင်မှာပိုက်ပြီး ဖြတ်သန်းလာခဲ့ရတာဟာ ရာစုနှစ်နဲ့ချီအောင် ကြာမြင့်ခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။


ယနေ့ကမ္ဘာဟာ အတွေးအခေါ်ပညာရပ်တွေ၊ နည်းပညာရပ်တွေက ရှေ့ဆောင်ပြီး ကမ္ဘာတဝှမ်းလုံးကို နေရာအနှံ့ဆီ လက်လှမ်းမီလောက်တဲ့ ကွန်ပျူတာကွန်ယက်တွေ ဖြန့်ကြက်နိုင်တဲ့အခါမှာ ဒီရေစီးကြောင်းကြီးနဲ့အတူ အမီလိုက်စီးဆင်းမျောပါနိုင်ဖို့ အရေးကြီးပါတယ်။

ကျောက်ခေတ်က လူတယောက်ဟာ သူနေထိုင်ရာ ဂူအတွင်းကနေ အပြင်လောကကို ထွက်မကြည့်ဘူးဆိုရင် သူ့အတွက် ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်ပြီးထူးခြားမှာမဟုတ်ပေမယ့် ယခုခေတ်အခါမှာတော့ ဒီလိုနေလို့မရတော့ပါဘူး။

အနာဂတ်ဟာ ကျနော်တို့ရဲ့အဝေးကြီးဆီမှာမရှိတော့ဘဲ ပစ္စုပ္ပန်ဆီကို လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပြေးလာဝင်ဆောင့်နေပါပြီ။ ဒါကြောင့် အသစ်သစ်ဆိုတဲ့ အရာတွေက မကြာခင် အချိန်လေးမှာဘဲ အဟောင်းတွေ ဖြစ်ကုန်ပါတော့တယ်။ ဖြစ်ပျက်ပြောင်းလဲတိုးတက်မှုတွေက မြန်ဆန်လွန်းတာမို့ ဂရုမထားမိလိုက်တဲ့ အချိန်အခိုက်အတန့်ကလေးမှာပဲ ကမ္ဘာကြီးရဲ့ဖြစ်စဉ်တွေကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။

စူးအက်တူးမြောင်းဖောက်လိုက်တဲ့အခါ အာဖရိကတိုက်ကြီးတခုလုံးကို ပတ်ပြီးသွားရတဲ့ဒုက္ခမရှိတော့ဘဲ အရှေ့နဲ့ အနောက် ခရီးကွာဟမှုဟာ ရုပ်ခြည်းတိုတောင်းသွားခဲ့ပါတယ်။ ပနားမားတူးမြောင်း ဖောက်ခဲ့တော့လည်း ဒီလိုပါပဲ။ လက်နှစ်ဖက်မှာ အတောင်ပံတပ်ပြီး ကုန်းမြင့်ပေါ်ကခုန်ချဖို့ ကြိုးပမ်းခဲ့မှုရဲ့ နောက်ဆက်တွဲရလဒ်တွေအဖြစ် လေယာဉ်ပျံ ပေါ်ပေါက်လာပြန်တော့လည်း ဒီလိုပဲ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ရတာပါပဲ။

ဒါပေမယ့် ဒီကနေ့ ပြောင်းလဲမှုတွေက အရင်ကာလတွေ မှာပြောင်းလဲခဲ့တဲ့ လျှင်မြန်မှုထက် အဆပေါင်းများစွာ မြန်ဆန်နေတယ်။ အရင်တုန်းကလို လတွေ၊ နှစ်တွေ မစောင့်ရတော့ဘဲ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းတွေမှာပဲ အစားထိုး ပြောင်းလဲပြစ်နေပါပြီ။ အဲ့ဒီအထဲမှာ နည်းပညာရဲ့ပြောင်းလဲမှုက အဓိကဇာတ်ကောင် ဖြစ်နေပါတယ်။ ခေတ်ကိုက “ပညာခေတ်” တဲ့။

ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်ကို အသုံးပြုပြီး ကကြီး၊ ခခွေး တတ်လာတဲ့ ကလေးတယောက်ဟာ ကျောက်သင်ပုန်း၊ ကျောက်တံခေတ်နဲ့ မကြုံလိုက်တာကိုဘဲ ခေတ်မီတဲ့ ပညာရေးစနစ်နဲ့ ကြုံလိုက်ရတယ်လို့ ဂုဏ်ယူနေတာထက် ကျယ်ပြန့်တဲ့ ပညာရေးစနစ်ကြီးထဲ ဘယ်လိုခရီး ဆက်ရမယ်ဆိုတာသိဖို့က ပိုပြီးအရေးကြီးပါတယ်။

တကယ်ကျတော့ မျိုးဆက်သစ် လူငယ်ပေါင်းများစွာဟာ စမ်းသပ်ပညာရေးစနစ်ကြီးထဲမှာပဲ အစမ်းသပ်ခံတွေအဖြစ် ကြီးပြင်းလာခဲ့ကြရပြီး ဇီဝဗေဒ လက်တွေ့စာသင်ခန်းထဲက ဖားတွေလိုဘဲ သူတို့ရဲ့ဘဝတွေကို စတေးခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ အခြေခံအုပ်မြစ်ကောင်းတခုကို ဖန်တီးချင်တယ်ဆိုရင် ပညာရေးစနစ်ကောင်းတခုကို ရွေးချယ်ရပါမယ်။ အဲဒီလို ပညာရေး စနစ်ကောင်းတခုကို ဖန်တီးမယ်ဆိုရင်လည်း မိမိတို့သွားချင်တဲ့ပန်းတိုင်ကို ဦးစွာ စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ပြီးတော့ သွားချင်တဲ့ ပညာရေးစနစ်ဟာ ဘယ်သူ့ကို အခြေခံမလဲဆိုတာကို ဆုံးဖြတ်ရပါလိမ့်မယ်။ အထူးသဖြင့် ပညာရေး စနစ်ကောင်းတွေဟာ ကျောင်းသားတွေကို ချည်းကပ်တဲ့ ပညာရေးစနစ်သာ ဖြစ်ရမှာပါ။ ဆိုလိုရင်းကတော့ ကျောင်းသားတွေကို အဓိကထားတဲ့ ပညာရေးပါပဲ။

မြန်မာနိုင်ငံရဲ့ အတိတ်က ပညာရေးစနစ်တွေဟာ ကျောင်းသားတွေအတွက် ဘယ်လောက်ထိရောက်မှုရှိ လဲဆိုတာ ဒီနေ့အထိ ကောက်နုတ်ချက် ခိုင်ခိုင်မာမာ မချနိုင်သေးပါဘူး။ ဒါကြောင့်ပဲ သင်ရိုးညွှန်းတမ်း ပြောင်းလဲမှုတွေ၊ သင်ကြားပုံနည်းစနစ် ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ကြတာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ အထူးသဖြင့် အထက်တန်း ပညာရေးစနစ်ဟာ ပြောင်းလဲမှုအများဆုံးဖြစ်ခဲ့သလို လက်ရှိလည်း ပြောင်းလဲနေဆဲပါ။

(ဝိဇ္ဇာ သိပ္ပံ) ဘာသာတွဲများ ခွဲထုတ်ခြင်း၊ ပြန်လည်ပေါင်းစပ်ခြင်း၊ တဖန် ပြန်လည်ခွဲထုတ်ခြင်း စတဲ့ စနစ်ပြောင်းလဲမှုတွေနဲ့အတူ မြန်မာလို သင်ကြားရေး၊ အင်္ဂလိပ်လို သင်ကြားရေး စတဲ့ ပြဌာန်းစာအုပ် ရေးဆွဲသတ်မှတ်ခြင်းတွေကလည်း စာသင်သားများအတွက် သက်ရောက်မှုမျိုးစုံနဲ့ ရင်ဆိုင်ရစေပါတယ်။

အင်္ဂလိပ်စာကို ငယ်ငယ်ကတည်းက ထိတွေ့ခွင့်ရနိုင်ဖို့ ကြိုးပမ်းချက်အရ မဆလ အစိုးရဟာ ပဉ္စမတန်းရောက်မှ အင်္ဂလိပ်စာ စတင်သင်ကြားရတဲ့ အနေအထားကနေ သူငယ်တန်းမှ စတင်သင်ကြားရတဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

သူ့ရဲ့နောက်ဆက်တွဲကတော့ အထက်တန်းပညာမှာ သိပ္ပံတွဲတွေကို အင်္ဂလိပ်လို ပြဌာန်းလိုက်ခြင်းပါပဲ။ တိုင်းပြည်ရဲ့ ပညာရေးအဆင့်မြင့်ကြောင်း ဂုဏ်ယူချင်တဲ့အတွက် အဲဒီပြဌာန်းစာအုပ်တွေမှာ နိုင်ငံတကာက အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ်ထုပ်ဝေထားတဲ့ မူရင်းစာအုပ်တွေထဲကအတိုင်း တိုက်ရိုက် ရွေးချယ် ပြဌာန်းထားတယ်လို့ ဆိုပါတယ်။ ဒီမှာတင် ဘာသာစကားဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပါတော့တယ်။

အင်္ဂလိပ်လို ပြဌာန်းထားတဲ့ ဘာသာရပ်တွေကို သင်ကြားသူ ဆရာ၊ ဆရာမတွေဟာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ပတ်သက်ပြီး သေချာရေလည်စွာ မရှင်းပြ၊ မသင်ကြားနိုင်တာကြောင့် စာသင်သားတွေကလည်း မူရင်း အင်္ဂလိပ်စာကို နုတ်တက် အာဂုံရအောင် ကျက်မှတ်ရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး။

သင်ခန်းစာကို နားလည်ထားခြင်းမျိုး မဟုတ်တော့ မေးခွန်းရဲ့သဘောကို နားမလည်၊ ဘာသာရပ်ကို နားမလည်ဘဲ အတန်းစဉ် အောင်ဖို့သာ အာရုံထဲမှာ ရှိပါတော့တယ်။ ဒါဟာ ပညာရေးစနစ် နိမ့်ပါးခြင်းရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။

ဥပမာတခု ပြောပါရစေ …။

နယ်မြို့တမြို့က တွဲဖက် အ-ထ-က ကျောင်းတကျောင်းမှာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေကို ဇီဝဗေဒပညာ သင်ကြားတဲ့ ကျောင်းဆရာတဦးဟာ သူသင်ရမယ့် ဘာသာရပ်နဲ့ပတ်သက်ပြီး အမြဲတမ်း ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပါတယ်။

ဒီအခါ သူ့အတွက်အခက်အခဲက သင်ခန်းစာထဲမှာပါတဲ့ အကြောင်းအရာကို ကြေညက်အောင် ကြည့်ထားဖို့မဟုတ်ဘဲ အင်္ဂလိပ်စာလုံးတွေကို ကြိုတင်ဘာသာပြန်ဆိုခြင်းသာ ဖြစ်နေပါတယ်။ ဒီတော့ အင်္ဂလိပ်-မြန်မာ အဘိဓာန် နှစ်အုပ်လောက်ကို ဘေးမှာချပြီး သင်ခန်းစာထဲက စာလုံးတွေကို မြန်မာလို အဓိပ္ပာယ်ပြန်ဖို့ ကြိုးစားရတာပေါ့။

ဒါပေမယ့် တချို့သော ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေက အဘိဓာန်တွေမှာ မပါတာမို့ သူကိုယ်တိုင် မသိတဲ့ အဖြစ်မျိုး ကြုံတွေ့ရတယ်။ ဖြစ်ချင်တော့ စာသင်ခန်းထဲမှာ သူ မသိထားတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျောင်းသားတွေက မေးပါလေရော။ ဒီအခါ ဆရာလုပ်သူက “ဆရာလည်း မသိဘူးကွ၊ အင်္ဂလိပ်စာလုံးအတိုင်းသာ မှတ်ထားလိုက်ကြပေါ့ကွာ” လို့ ပြောပြီး ဖြေရှင်းလိုက်ရပါသတဲ့။

ဒီဖြစ်ရပ်က မကြာသေးခင်က အဖြစ်အပျက်မို့ လက်ရှိအနေအထားကို ထင်ဟပ်စေနိုင်ပါတယ်။ ဒီ သာဓကကို ကြည့်ရင် ကျောင်းသားတွေကို နားလည်အောင် သင်ကြားပေးရမယ့် ဆရာကိုယ်တိုင်က နားမလည်တဲ့အဖြစ်ကို တွေ့ရပါတယ်။ ဒါဟာ ရင်လေးစရာကောင်းလှတဲ့ အနေအထားပါ။

ကျောင်းသားတယောက်အတွက် ကျယ်ဝန်းတဲ့ ပညာရေးနယ်ပယ်မှာ ဆက်လက်ကြိုးစားသင်ယူဖို့ မဆိုထားနဲ့၊ ကျဉ်းမြောင်းသေးငယ်လှတဲ့ သင်ရိုးညွှန်းတမ်းတွေကိုတောင် တတ်ကျွမ်းနားလည်ခြင်းမရှိတာမို့ သူ့ရဲ့ကျောင်းစာသင်ယူချိန်တွေဟာ အကျိုးမဲ့ ကုန်လွန်ခဲ့လေသလား ဆိုတဲ့ သံသယဝင်လာနိုင်ပါတယ်။
“ငါးနှစ်ကစပြီး ကျောင်းထားတယ်ကွာ၊ ဆယ်တန်းအောင်တဲ့အထိ ၁၁ နှစ်ကြာတယ်။

ဆယ်တန်းအောင်တော့ ဘာ အာမခံချက်ရှိလဲ၊ ဘာမှမရှိဘူး။ အဲဒီ ဆယ့်တနှစ်မှာ အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခုကို သင်ပေးလိုက်ရင် သူများဘွဲ့ရပြီး ယောင်လည်လည်ဖြစ်နေချိန်မှာ ကိုယ်က စီးပွားရေးနယ်ပယ်ထဲ လုပ်ငန်းတခုခုကိုတောင် ဦးစီးပြီး လုပ်နိုင်လောက်ပြီပေါ့”

စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ အဲဒီပြောစကားကို ကျနော်က ပညာအပေါ် စော်ကားရကောင်းလားလို့ မခံမရပ်နိုင်ဖြစ်ပြီး ပြောချင်ပေမယ့် ကျနော့်မှာ သူ့လို လက်တွေ့ကျတဲ့ အထောက်အထား လောလောဆယ် မရှိပါ။ လတ်တလော အနေအထားကလည်း အရာရာငွေက လွှမ်းမိုးထားတဲ့ အနေအထားမဟုတ်လား။

ကမ္ဘာပေါ်မှာ ပညာသာ အဓိက လို့ ကြွေးကြော်နေကြတဲ့အချိန် ကျနော်တို့မှာက “ငွေသာ အဓိက” ဆိုတဲ့ အသံတိတ် လူသတ်သမားနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီ အသံတိတ် လူသတ်သမားက အချိန်အခါမရွေး ရောက်လာပြီး ဘယ်သူမှ မသိလိုက်ခင်မှာ အနိုင်ယူရင်း ပညာရေးဆိုတဲ့အရာကို ကျောင်းသားတွေဆီက မောင်းထုတ်ပြစ်လိုက်ပါတော့တယ်။

ဒါကြောင့်ပဲ အတန်းပညာတပိုင်းတစနဲ့ လူငယ်တွေဟာ ဘဝတ္ကသိုလ်ဆိုတဲ့ ကျောင်းကြီးထဲမှာ ရရာအလုပ်တွေကို လုပ်ကိုင်ရင်း ရှင်သန်ကြီးပြင်းနေကြရပါလေရော။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးကို ပကတိအတိုင်း သုံးသပ်ကြည့်ရမယ်ဆိုရင် မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့ ပညာရေးစနစ် ဖြစ်တယ်လို့ တွက်ဆနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေဟာ သင်တန်းတွေ ပြီးဆုံးသွားတဲ့အခါ ကတ်ပြားလေးတခုလောက် ရတာကလွဲလို့ လက်တွေ့နယ်ပယ်မှာ အသုံးမကျ ဖြစ်နေလို့ပါ။

တက္ကသိုလ်က ဘွဲ့တခုခုရရင် ဘယ်အလုပ်ရနိုင်တယ်။ ဘယ်လောက်အဆင့် ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးမရှိဘဲ ဌာနဆိုင်ရာတခုခုရဲ့ အခြေခံဝန်ထမ်းအဆင့်လောက်သာ မှန်းဆနိုင်တာမို့ ဒီသင်တန်းတွေပြီးဆုံး အောင်သင်ယူခဲ့ရတဲ့ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေဟာ ဘယ်သူမှ အကျိုးမရှိဘဲ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေ ဖြစ်ပါတယ်။ ဒီအခါ ပညာရေးကို ယုံကြည်စိတ်နည်းလာခြင်း၊ ငွေကြေး အဆင်မပြေခြင်းများကြောင့် တဝက်တပျက်နဲ့ ကျောင်းထွက်လိုက်ရသူ အရေအတွက် တဖြည်းဖြည်း များလာပါတယ်။

လွပ်လပ်တဲ့ ပညာရေးစနစ်တခု တည်ဆောက်မယ်ဆိုရင် ကျောင်းသားတွေကို စာသင်ခန်းနဲ့မသက်ဆိုင်တဲ့ ချုပ်ကိုင်မှုမျိုး မရှိစေရပါဘူး။ ဥပမာအားဖြင့် မဆလ ခေတ်မှာ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဆိုပြီး လူငယ်တွေကို အသုံးချခဲ့သလို ယနေ့ခေတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှာ ကျောင်းသားလူငယ်တွေ မဝင်မနေရ ဝင်စေခြင်းမျိုး ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ မိဘကို ကြောက်ရ၊ ဆရာသမားကို ကြောက်ရ၊ အုပ်ချုပ်သူကို ကြောက်ရနဲ့မို့ လွတ်လပ်တဲ့စိတ်နဲ့ ပညာသင်ကြားရခြင်းမရှိဘဲ စာသင်ကျောင်းဆိုတဲ့ အဝန်းအဝိုင်းဟာလည်း အကျဉ်းထောင်တမျှသာ ဖြစ်နေပါလိမ့်မယ်။

“ပန်းလိုချင်ရင် အပင်ပျိုးတတ်မှ” ဆိုတဲ့ အဆိုတရပ် ရှိပါတယ်။ ကိုယ့်တိုင်းပြည်ကို ပညာတတ်တွေ ပေါများတဲ့ တိုင်းပြည်ဖြစ်စေချင်ရင် ပညာတတ်တွေ တကယ်ပဲပေါများဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ပညာတတ်ဆိုရာမှာလည်း အောင်လက်မှတ်တွေ တပွေ့တပိုက်ကြီး ရှိရမယ်မဆိုလိုဘဲ ဘာသာရပ်တခုခုကို ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေ့ အသုံးချနိုင်တဲ့သူတွေကို ဆိုလိုပါတယ်။ ဒီလူတွေအတွက် လုပ်ပိုင်ခွင့် အနေအထားကောင်းတွေကိုလည်း ဖန်တီးပေးနိုင်ရပါလိမ့်မယ်။

ကျောင်းသားတိုင်း သင်ထောက်ကူပစ္စည်းတွေ ပြည့်စုံစွာရရှိနိုင်တဲ့၊ မိမိသင်ကြားနေရတဲ့ ပညာရေးစနစ်အပေါ် ပြန်လည်ဝေဖန်ခွင့်ရှိတဲ့၊ မိမိ ဝါသနာအလျောက် ဆက်လက်သင်ကြားနိုင်တဲ့ ပညာရေးစနစ်ကို ဖန်တီးနိုင်မှသာ မျက်မှောက်ခေတ် ပညာရေးစနစ်ရဲ့ ယိုယွင်း အားနည်းချက်တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ပညာရေးစနစ်ကောင်းတခုကို ဖန်ဆင်းတော့မယ်ဆိုရင် အရင်အရေးကြီးဆုံးအချက်က အဲဒီပညာရေးစနစ်ကို တကယ် ဖန်ဆင်းရမယ့်သူတွေဟာ ပညာရှင်တွေသာ ဖြစ်ရပါမယ်။ အုပ်ချုပ်သူရဲ့ လွှမ်းမိုးချယ်လှယ်မှုအောက်မှာ ပညာရှင်တွေက လုပ်ဆောင်ရတဲ့ အနေအထားမျိုးကို ရှောင်ရှားရပါမယ်။

ဒါ့အပြင် ပညာရေးဝန်ထမ်းတွေအတွက်လည်း ဆောင်ပုဒ်ထဲကလို “တပည့် မရှား၊ တပြား မရှိ” ဆိုတဲ့ ပုံစံမျိုးကနေ သေချာတဲ့ အာမခံချက်တွေ ပေးထားပြီး တကယ် တတ်ကျွမ်းသူတွေဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မယ်။ ဒီလိုပြုပြင်ပြောင်းလဲရမယ့် အနေအထားမှာ အခက်ခဲဆုံးက စိတ်ဓာတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး အာရုံစိုက်မှု နည်းပါးလာတဲ့ လူ့ပတ်ဝန်းကျင်ကြီးတခုလုံးကို ပညာဟာ တန်ဖိုးရှိတယ်လို့ ယုံကြည်လာဖို့ ကြိုးပမ်းတော့မယ်ဆိုရင် သူတို့အတွက် ကမ္ဘာကို အလွယ်တကူ အချိန်မရွေးကြည့်ရှုနိုင်တဲ့ ပြူတင်းပေါက်တွေကို အတားအဆီးမဲ့ ဖွင့်ပေးမှသာ ဖြစ်ပါလိမ့်မယ်။ နည်းပညာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီးကို မြင်တွေ့ကြရမှသာ အဲဒီကမ္ဘာကြီးထဲ ဝင်ရောက်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျသိပြီး ကြိုးပမ်းအားထုတ်မှုတွေကို သေချာပေါက် ထွက်လာမှာဖြစ်ပါတယ်။

ခေတ်ကို အမီမလိုက်နိုင်ခြင်းဟာ ခေတ်နောက်ကျခြင်းဖြစ်ပေမယ့် ခေတ်ကိုမသိခြင်းလောက် နောက်ကျတာ မရှိပါဘူး။ “လူသားမျိုးနွယ်အစ မြန်မာက”လို့ ကြွေးကြော်နေပြီး ဂုဏ်ယူလောက်စရာလို့ ထင်မြင်ယူဆနေတာထက်စာရင် ဒီလူသားတွေက လောကဓာတ်ပညာရပ်တွေ ဘယ်လောက် ထူးချွန်ခဲ့တယ်၊ လောကအတွက် ကောင်းကျိုးတွေ ဘယ်လောက် လုပ်ဆောင်ခဲ့တယ်၊ ဘယ်လောက် အတုယူဖို့ကောင်းတယ်ဆိုတာတွေကို ပိုပြီးအလေးထားဖို့ သင့်ပါတယ်။

ကမ္ဘာ့လူသားမျိုးနွယ်ကိုစတင်ခဲ့တဲ့ အရပ်ဒေသကလူတွေဟာ ကမ္ဘာပေါ်မှာ ပညာအမဲ့ဆုံးလူတွေဖြစ်တယ်လို့ သမိုင်းမှာ မော်ကွန်းအထိုးမခံရဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ။

လူ့ဘောင်သစ် ဂျာနယ် (အတွဲ ၆၊ အမှတ် ၁) အောက်တိုဘာလ၊ ၂၀၀၁ ခုနှစ် မှ ...

No comments: