“အခြေခံအကျဆုံး စိုက်ထူပေးရမယ့် အတွေးအခေါ်ဟာ နအဖ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ တိုက်ဖျက်မှသာ အောင်ပွဲခံနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။
တခြားနိုင်ငံတခုက ဖယ်ရှားပေးနိုးနိုး၊ ကုလသမဂ္ဂမှာ အဖြေထွက်နိုးနိုး၊
သိုက်စာတွေ ဖတ်ပြတာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ညီညွတ်တဲ့ အတွေးအခေါ်တခု ရှိဖို့လိုကြောင်း သဘောပေါက်အောင် လုပ်ရပါမယ်။ တိုက်ပွဲပေါ်မှာအခြေခံတဲ့ ညီညွတ်မှုမျိုးကို ဘယ်လို တည်ဆောက်မယ်ဆိုတာကိုလည်း ဆက်တိုက်တွေးတော ပြင်ဆင်ရပါမယ်။ အဲဒီ တူညီတဲ့ အတွေးအခေါ်ရှိတော့မှ တူညီတဲ့ လုပ်ငန်းစဉ် ချမှတ်နိုင်ပါလိမ့်မယ်”
မတ်လ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖရဲ့ လိမ်ဆင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တော့ ၀ိုင်းချီးကျူးကြ၊ ထောက်ခံကြတဲ့အသံတွေ ပဲ့တင်ထပ်မျှ ကြားကြရပါတယ်။ ဒါပေမယ့် ကာလလေးတခုပဲ ကြာလိုက်တယ်၊ တိုက်ရိုက် အပြစ်ဖို့သံတွေ၊ သွယ်ဝိုက် အပြစ်ဖို့သံတွေပါ တခါပြီး တခါ ကြားလာနေရပါတယ်။
ဒါတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည်နေဆဲ ရှိပါသေးတယ်။ ရပ်တည်ခွင့်မရတော့ဘူးဆိုရင် ဘယ်လောက်များ ပြောကြမှာပါလိမ့်။ ဘက်မလိုက်တဲ့ မီဒီယာများက ဘယ်လောက်များ ဖော်ပြကြမှာပါလိမ့်။
လောကမှာ “အစက ငါမပြောလား” ဆိုတဲ့ လုပ်ဟန်ရှိတဲ့လူတွေ နည်းတာမှ မဟုတ်တာ။ တချို့လူတွေကျတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်တိုင် အပြစ်တင်လို့မကောင်းလို့ သူတပါး ပါးစပ်ကိုငှားပြီး ဝေဖန်နေတာလားလို့လည်း စဉ်းစားမိပါရဲ့။ ဒါကိုပဲ နိုင်ငံရေးရဲ့ လောကဓံရှစ်ပါးလို့များ ပြောကြမှာလား။
ဘာပဲပြောပြော အခုအခါမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြစ်တင်တာ၊ ကိုယ်ဘာကြောင့် ရွေးကောက်ပွဲဝင်တယ်ဆိုတာကို ရှင်းပြတာတွေ အမြောက်အမြား ဖတ်နေ၊ ကြားနေရတာ အမှန်ပါပဲ။ ဒီလို ပြောကြ၊ ရေးကြတာတွေမှာ နောက်ကြောင်းတွေ ပြန်သူက ပြန်၊ သမိုင်းကို လှန်သူက လှန်တာတွေလည်း အတော်များများ တွေ့နေရပါတယ်။
တချို့ ‘သိမီသူကြီးများ’ကတော့လည်း တခြားလူတွေ သေကုန်ပြီဆိုပြီး သမိုင်းကို နအဖ အကြိုက် ရေးပေးနေကြပါတယ်။ အဲဒီလိုရေးရင်း ပြောရင်းနဲ့ တချို့က စစ်တပ်က အာဏာသိမ်းတာဟာ တရားတယ် ဆိုတာမျိုးအထိတောင် ဖြစ်လာပါတယ်။
သူတို့ပြောတာ၊ ရေးတာတွေအရဆိုရင် ၁၉၅၈-၁၉၆၂-၁၉၈၈ တို့မှာ အာဏာသိမ်းခဲ့တာတွေဟာတောင်မှ အကျိုးနဲ့ အကြောင်းနဲ့ချည်းပဲ ဖြစ်နေပါတယ်။ အာဏာသိမ်းသူတွေကို အဆိုးမဆိုသာဆိုတဲ့ သဘောမျိုးတွေ တွေ့ရ၊ ကြားရပါတယ်။
တကယ်ကျတော့ ဒီနေ့အခါမှာ နအဖ ကိုယ်တိုင်ကတောင်မှ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာတွေဟာ တရားတယ်၊ မှန်တယ်လို့ သိပ်ပြောရဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ‘မယ်ဘော်’တွေကတော့ အဲဒီဗမာပြည်ရဲ့ သမိုင်းအမည်းကွက်တွေ အတွက် ကျန်နိုင်ငံရေးအင်အားစုတွေမှာသာ တာဝန်ရှိတယ်လို့ ဆိုနေ၊ ရေးနေကြပါတယ်။ မြက်ခင်းသစ် ဆောင်းပါးတွေလား၊ ဒါမှမဟုတ် မြန်မာ့အလင်း ပင်တိုင်ဆောင်းပါးတွေလား အောက်မေ့ရပါတယ်။
ရွေးကောက်ပွဲဝင်မယ်၊ ဒီချုပ်ကို ဝေဖန်တယ်ဆိုတော့ အရင်က ရှေ့တန်းထွက်ဖို့ နေနေသာသာ လမ်းပေါ်က ကြွေးကြော်သံကြားတယ်ဆိုရင်ပဲ အခန်းစည်းဆွဲချ၊ ပြတင်းပေါက်ပိတ် လုပ်နေတဲ့လူတွေတောင် မီဒီယာတွေမှာ နေရာတွေရနေကြတာ တွေ့ရပါတယ်။ လျှပ်တပြက်က ဦးမြတ်ခိုင်တို့များ အလုပ်တွေ များလှသပေါ့။
နအဖရဲ့ ရွေးကောက်ပွဲနဲ့ နီးလာတာနဲ့အမျှ နဂိုက အတိုက်အခံဆိုသူ၊ ဒါမှမဟုတ် အတိုက်အခံကိုယ်စားပြုတဲ့ မီဒီယာသမားဆိုတာလိုလိုတွေအကြားမှာ အယူအဆတွေနဲ့ ပြောပုံဆိုနည်းတွေ ကွဲပြားလာတာတွေ တွေ့လာရပါတယ်။ ပြည်တွင်းအတိုက်အခံနဲ့ ပြည်ပအတိုက်အခံတွေ (မနည်းလှတဲ့) အကြားမှာ ကွဲပြားတာတွေ တွေ့လာနေရပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်ဟာ တချို့လူတွေအဖို့တော့ ‘ချိတ်မာ’ ဖြစ်သွားလေပြီလား မသိပါ။ ဗမာပြည်နိုင်ငံရေးရဲ့ အဓိက ပဋိပက္ခဟာ စစ်အုပ်စုနဲ့ ပြည်သူလူထုအကြားက ပဋိပက္ခဖြစ်နေသေးသရွေ့ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်ကို ကိုင်စွဲနေရ၊ ပြောနေရဦးမှာဖြစ်ပါတယ်။
တကယ်ကျတော့ ဇာတ်လမ်းက အခုမှရှိပါသေးတယ်။ မကြာခင်မှာ အများအပြား ပွင့်ကျလာကြဦးမှာပါ။ အကွဲတွေ၊ စုစည်းမှုတွေ။ ခြေလှမ်းတလှမ်းဟာ ဇာတ်လမ်းတလမ်း ဖြစ်သွားပါတော့မယ်။ သတိပြုသင့်တဲ့ အချက်တခုက အခုတွေ့နေရတဲ့ ရပ်တည်ချက်ပြောင်းတယ်ဆိုရာမှာ သာမန်ပြောင်းသွားတာ မဟုတ်ဘဲ မူလက နအဖရဲ့ လူဆိုးစာရင်းဝင်အဖြစ်ကနေ နအဖ အကြိုက်အဖြစ် ပြောင်းသွားတာ ဖြစ်တယ်ဆိုတာပါ။ နဂို အတိုက်အခံကနေ ကြားနေသမား ဖြစ်သွားတယ်ဆိုတာမျိုး မဟုတ်ပါဘူး။
ဒီအပြောင်းအလဲတွေ၊ ခြေလှမ်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို အဖျက်သိမ်းခံဖို့ ဆုံးဖြတ်လိုက်ရာကနေ ပေါ်လာတဲ့ နောက်ဆက်တွဲတွေလားလို့ စဉ်းစားသူများ ရှိကောင်းရှိပါမယ်။ မဟုတ်ဘူးထင်ပါတယ်။ တော်တော်များများဟာ နအဖက ရွေးကောက်ပွဲလုပ်ဖို့ ကြေညာလိုက်ကတည်းက ပြင်ထားတဲ့ခြေလှမ်းတွေ လို့ ယူဆရပါတယ်။ အနှစ် နှစ်ဆယ်ကျော် ရပ်တည်နေတဲ့ စစ်အစိုးရကို တိုက်မရတော့ဘူးဆိုတဲ့ အယူအဆဟာ ပြည်ပအစိုးရတွေ၊ အဖွဲ့အစည်းတွေထဲမှာတောင် ပေါ်နေတာပါ။
ပြောရရင် စစ်အစိုးရကို အထင်ကြီးလာတာကနေ ဖြစ်ပေါ်လာတဲ့ စဉ်းစား တွေးခေါ်နည်းပါ။ တကယ်ကျတော့ အနှစ် နှစ်ဆယ်ကျော်ကာလမှာ အဲဒီ ပြည်ပအစိုးရတွေရော၊ အခု ရွေးကောက်ပွဲဝင်ရေးကို ပြောနေတဲ့ လူတွေရော စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဘာများ ထိထိရောက်ရောက် လုပ်ခဲ့ကြလို့လဲ။ ဗမာပြည် ပြည်သူလူထုကို ပစ်ထားပြီး လက်သင့်သလို လုပ်နေကြတာက များပါတယ်။
တဆက်ထဲမှာ ဖြစ်လာတာက အဲဒီလို လျှောက်လုပ်ရင်း၊ လျှောက်လုပ်ရင်းနဲ့ ပြည်သူလူထုကို အထင်သေးလာတာပါ။ တချို့ကဆိုရင် ပြည်သူလူထုကို “နအဖလက်မှာ ခွေးသေဝက်သေ သေရစ်တော့” လို့ မပြောရုံတမယ်ပါ။ အဲဒါက ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ယူဆသူတွေရဲ့ စဉ်းစားနည်းဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံခြားသားရော၊ ဗမာပြည်သားရော ပါပါတယ်။
သူတို့ဟာ တရားခံရရှာ အပြစ်ဖို့တာလည်း ဝါသနာပါတတ်ပါတယ်။ အခုဆိုရင် မအောင်မြင်ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်စု ခေါင်းမာလို့ ... လို့ ပြောနေကြပါတယ်။ အမှန်ပြောရရင် ဗမာပြည်ရဲ့ကံကြမ္မာကို တကယ် အဆုံးအဖြတ်ပေး၊ ဖန်တီးမယ့် အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ်ဆိုတဲ့ အယူအဆကို လက်ခံပြောဆိုလာကြတာဟာတောင်မှ သိပ်မကြာလှသေးဘူး မဟုတ်လား။
မှန်ကန်တဲ့ အတွေးအခေါ်တရပ်ကို လက်ခံလာအောင်၊ ကျအောင် လုပ်တယ်ဆိုတာ အချိန်ယူရပါတယ်။ နှစ်နဲ့တောင် ချီတတ်ပါတယ်။ ဒီလိုနဲ့ပဲ ပြည်သူလူထုဟာ မလှုပ်ဝံ့ဘူး၊ သနားစရာကောင်းတယ်၊ စီးပွားရေး အကြပ်အတည်းတွေနဲ့ လုံးချာလိုက်နေတယ် ဆိုတာတွေကို ကယ်တင်ရှင်များက တဖွဖွပြောပေးနေကြတဲ့ အကြားက စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီး ပေါ်လာခဲ့ပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စတာတွေမှာ ဇန်န်ဝါရီလကနေ မတ်လလယ်အထိ ၂ လတာကာလမှာ ထောင်ချီ အလုပ်သမသပိတ်တွေ ၁၄ ကြိမ်တောင် ပေါ်ပေါက်ခဲ့ပါကရောလား။ ဒါဟာ သတ္တိကြောင်ကြောင်း ဖော်ပြနေတာလား။
အဲဒီလိုအခြေအနေတွေ ရှိပါလျက်ကနဲ့ နအဖလို စစ်အာဏာရှင်တွေကို အလျှော့ပေးပြီး ရေလိုက်ငါးလိုက်လုပ်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆ ပေါ်လာတာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုအယူအဆတွေ ပေါ်တယ်ဆိုတာ လူတယောက်နဲ့တယောက် အကြောင်းရင်းတွေက တူချင်မှတူကြမှာပါ။ ဒါပေမယ့် ဆုံစည်းရာအရပ်ကိုတော့ တခုတည်းလို ဖြစ်နေတာ တွေ့နေရပါတယ်။ တိုက်ဆိုင်တယ်လို့ပဲ ထားလိုက်ကြပါဦးစို့။
တခုပဲသတိပေးဖို့လိုမယ် ထင်ပါတယ်။ အဲဒါက အဲဒီ ကတွတ်ပေါက်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ လက်ရုံးတပ်များက ထိုင်စောင့်နေတယ်ဆိုတာပါ။ ဗိုလ်သိန်းစိုးကော်မရှင် ‘ကြောင်ကြီး’က ‘ယက်သဲ့ကြား တင်တဲ့ငါး ကြောင်စား’ ဖို့ အစစ ပြင်ထားပြီးပါပြီ။ မကြာခင် ပေါက်ကောင်ပေါ်တော့မှာပါ။ ပြည်ပရောက်နေသူတွေကတော့ အစားမခံရဘူးပေါ့။ ပြည်တွင်းမှာနေတဲ့ လူများထဲကတော့ ကံအကောင်းဆုံးလူဟာ လွှတ်တော်ထဲက လူပြက် ဖြစ်ပါလိမ့်မယ်။
တကယ့်ပြဿနာက ပြည်တွင်းကလူတွေကို ဘယ်လို ရဲရင့်လာအောင် လုပ်မလဲဆိုတာဖြစ်ပါတယ်။ တူညီတဲ့ အတွေးအခေါ်တခုချပေးဖို့ လိုပါတယ်။ နအဖဟာ မကောင်းဘူး၊ ချပစ်ရမယ် ဆိုတာလောက်က အတွေးအခေါ် မမည်ပါဘူး။ သာမန် အသိသက်သက်သာ ဖြစ်ပါသေးတယ်။
ဒီ့ထက်နက်ရှိုင်းတဲ့ စဉ်းစားတွေးခေါ်နည်းတွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှသာ အလိမ်အညာတွေ၊ အတုအယောင်တွေကို ခွဲခြားသိရှိနိုင်ပါလိမ့်မယ်။ နိုင်ငံရေးလုပ်သူတွေ၊ မီဒီယာတွေဟာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် မျှော်လင့်ချက်မှားတွေ ပေးနေလို့မဖြစ်ပါဘူး။ အဲဒီ ထင်ယောင်ထင်မှားဖြစ်မှုတွေ ပျောက်သွားမှ လူထုဟာ ရဲရင့်လာမှာပဲ။ ဒါပေမယ့် ခက်တာက အဲဒီ ထင်ယောင်ထင်မှားဖြစ်မှုတွေကိုလည်း အတိုက်အခံဆိုတာတွေက ဖြန့်ဖြူးတာချည်း ဖြစ်နေတာပါပဲ။
အခြေခံအကျဆုံး စိုက်ထူပေးရမယ့် အတွေးအခေါ်ဟာ နအဖ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ တိုက်ဖျက်မှသာ အောင်ပွဲခံနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။ တခြားနိုင်ငံတခုက ဖယ်ရှားပေးနိုးနိုး၊ ကုလသမဂ္ဂမှာ အဖြေထွက်နိုးနိုး၊ သိုက်စာတွေ ဖတ်ပြတာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ညီညွတ်တဲ့ အတွေးအခေါ်တခု ရှိဖို့လိုကြောင်း သဘောပေါက်အောင် လုပ်ရပါမယ်။ တိုက်ပွဲပေါ်မှာအခြေခံတဲ့ ညီညွတ်မှုမျိုးကို ဘယ်လိုတည်ဆောက်မယ် ဆိုတာကိုလည်း ဆက်တိုက်တွေးတော ပြင်ဆင်ရပါမယ်။ အဲဒီ တူညီတဲ့ အတွေးအခေါ်ရှိတော့မှ တူညီတဲ့ လုပ်ငန်းစဉ် ချမှတ်နိုင်ပါလိမ့်မယ်။
၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၄၆ ခုနှစ် အထွေထွေသပိတ် စတာတွေဟာ တူညီတဲ့ အတွေးအခေါ်နဲ့ တူညီတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေကို ရှည်ရှည်ဝေးဝေး လှမ်းမျှော်ကြည့်နေဖို့ မလိုပါဘူး။ သမိုင်းဝင် အောင်ပွဲခံ အတွေ့အကြုံတွေဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။
ရဲဘော်ဖိုးသံချောင်း