Friday, April 16, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၃)

ဒေါ်သန်းသန်းနုတို့ရဲ့ပါတီဆိုလို့ရှိရင် ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အရေအတွက်ကိုတောင်မှ ဒီ ၅ သိန်း ဆိုတဲ့ငွေပမာဏကြောင့် ပြင်ဆင်သတ်မှတ်ရတာမျိုးကိုတောင် လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

“အစတုန်းကတော့ ကျမတို့က စဉ်းစားထားတာပေါ့လေ၊ ဥပဒေ မထွက်ခင်ကပေါ့။ ဖြစ်နိုင်လို့ရှိရင် တနိုင်ငံလုံး ဝင်ချင်တာပေါ့၊ ဒါပေမယ့် အခု ဥပဒေထွက်လာတဲ့အခါကျတော့ အမတ်တယောက်အတွက် အာမခံကြေးက ၅ သိန်း ဆိုတော့ အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ရတဲ့သဘောမျိုးရှိနေပါတယ်။ အခုအချိန်အထိပေါ့လေ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပါတီက အတည်မဖြစ်သေးတော့၊ တရားဝင်လက်ခံမှု မရှိသေးတော့ ရန်ပုံငွေရှာဖို့ကလည်း အခုလောလောဆယ်ကတော့ ခက်တာပေါ့လေ။ ရန်ပုံငွေပေးမယ့်သူတွေကလည်း ကျမတို့ကို စောင့်ကြည့်အုံးမှာပေါ့။ အဲတော့ ကျမတို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ မရဘူး၊ ကျမတို့ဥက္ကဋ္ဌကတော့ ၁၀၀ လောက်ပဲ ဝင်နိုင်လိမ့်မယ်ထင်တယ် ဆိုပြီးတော့ အဲလိုပြောပါတယ်”

ဒီတော့ အရင်တုန်းက ကိုယ်စားလှယ် တထောင် အရွေးခံမယ်ဆိုတဲ့နေရာမှာ တရာပဲ အရွေးခံနိုင်တော့တယ် ဆိုတော့ သူတို့ပါတီအနေနဲ့ လွှတ်တော်ထဲရောက်မယ့် အမတ်ဦးရေဟာ နည်းသွားတော့မယ့်သဘော ဖြစ်နေပါပြီ။ ဒီတော့ ကိုယ်စားလှယ်နေရာ တထောင်ကျော်ကို အားလုံးပါဝင်ယှဉ်ပြိုင်နိုင်မယ့်ပါတီဟာ ဘယ်နှပါတီများ ကျန်ပါသေးသလဲ။ အစိုးရက ဦးဆောင်ဖွဲ့စည်းမယ်လို့ သတင်းထွက်နေတဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလွဲပြီးတော့ တခြားပါတီများ ရှိနိုင်ပါဦးမလား။

ဒါ့အပြင် ပါတီတွေအနေနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက လှူဒါန်းငွေကို လက်ခံနိုင်တယ်လို့ ဥပဒေတွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ တချို့နိုင်ငံတွေမှာ ငွေရှင်ကြေးရှင်တွေက ပါတီကို ငွေနဲ့ပေါက်ဝယ်တာမျိုး မဖြစ်ရလေအောင်၊ နိုင်ငံရေးကို ငွေနဲ့မကစားနိုင်အောင် လှူဒါန်းငွေကို ဘယ်လောက်ထက်ပိုပြီးတော့ လက်မခံရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုး ထားတတ်ကြပါတယ်။ အခုရွေးကောက်ပွဲဥပဒေတွေမှာတော့ ဒါမျိုးသတ်မှတ်ချက် မပါပါဘူး။

အဲဒီလိုမပါရုံသာမက ကိုယ်စားလှယ်တယောက်ကို ရွေးကောက်ပွဲအသုံးစားရိတ် ကျပ် သိန်းတရာအထိ သုံးစွဲခွင့်ပြုထားတဲ့ ဥပဒေသတ်မှတ်ချက်လည်း ပါပါသေးတယ်။ ၅ သိန်းတောင်မှ မသုံးနိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ သိန်းတရာသုံးမယ့် ကိုယ်စားလှယ်ဟာ အင်အားအရာမှာ ဆင်နဲ့ဆိတ်လို ကွာခြားနေမှာပါ။ ဒီတော့ အခုအသစ်ဖွဲ့မယ့် ပါတီတွေအနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် တန်းတူအခွင့်အရေးရတယ်လို့ကော ဆိုနိုင်ပါသေးရဲ့လား။

“ရှိပြီးသားပါတီကတော့ သူက အဖွဲ့အစည်းလည်း ရှိနေတယ်၊ ပါတီဝင်တွေလည်း ရှိနေတယ်၊ ရန်ပုံငွေလည်း ရှိတယ်၊ ပါတီရုံးခန်းတွေလည်းရှိတော့ သူတို့ကတော့ အထူးအခွင့်အရေး ရနေတာပေါ့ဗျာ။ ဘာနဲ့တူလဲဆိုတော့ အပြေးပြိုင်ပွဲလိုပေါ့၊ သူတို့က အရင်တာထွက်လို့ရတယ်။ ကျနော်တို့က တာထွက်လို့မရသေးဘူး။ ဖိနပ်ရှာရ၊ အင်္ကျီရှာရနဲ့ အဲဒါနဲ့ကိုက အချိန်ကုန်နေတာ။ စည်းရုံးတဲ့သူက စည်းရုံးတောင် စည်းရုံးနေကြပြီလေ။ တနှစ်လောက်ရှိပြီ၊ ကျနော်တို့က အခုမှ စည်းရုံးခွင့်ရဖို့ကို လျှောက်လွှာ နေပြည်တော်ကိုသွားတင်ဖို့ပဲ ကြိုးစားနေရတုန်း”

ပမာဏကြီးမားလှတဲ့ ငွေကြေးဆိုင်ရာပြဋ္ဌာန်းချက်တွေဟာ ချမ်းသာကြွယ်ဝသူ စီးပွားရေးသမားကြီးတွေနဲ့ သူတို့နဲ့နီးစပ်သူ ပါတီတွေအတွက် အသာစီးရမယ့်အချက်လို ဖြစ်နေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ အလေးအနက် ပါဝင်ယှဉ်ပြိုင်လိုသူဖြစ်ပါရက်နဲ့ ငွေ ၅ သိန်းမတတ်နိုင်လို့၊ ငွေ ၅ သိန်းစိုက်ထုတ်မယ့်သူမရှိလို့ ရွေးကောက်ပွဲ မဝင်နိုင်ဘူးဆိုလို့ရှိရင်ကော ဒါဟာ တရားမျှတတယ်လို့ ဆိုနိုင်ပါ့မလား။ ရွေးကောက်ပွဲဟာ ဆင်းရဲသားတွေနဲ့ လားလားမှ မထိုက်၊ အနားတောင် မသီလေနဲ့လို့ မဆိုသော်လည်း ဆိုဘိသကဲ့သို့ ဖြစ်နေပါပြီလား။ လူလူချင်း အဲဒီလိုများ အခွင့်အရေးခြားနားထားပြီ ဆိုလို့ရှိရင်တော့ ဒါကို ဥပဒေအမြင်နဲ့ သုံးသပ်ရင် ဘယ်လိုများဆိုနိုင်ပါမလဲ။

“၅ သိန်း အာမခံငွေတင်ရမယ်ဆိုတဲ့ဟာက ဆင်းရဲသားတွေ၊ ပိုက်ဆံမရှိတဲ့သူတွေ အမတ်မဖြစ်နိုင်အောင်၊ နိုင်ငံရေးပါတီ ဖွဲ့လို့မရအောင် တမင်သက်သက်ကို ဦးတည်ပြဋ္ဌာန်းထားတဲ့ဟာ ဖြစ်တယ်၊ အဲဒါကြောင့် ဒီပြဋ္ဌာန်းချက်တွေအားလုံးဟာ ဥပဒေလို့ ပြောလို့မရဘူး။ အာဏာလက်ဝယ်ရှိတဲ့သူတယောက်က စိတ်တိုင်းကျ ဟိုဘက်လူ ကာချင်၊ ဒီဘက်လူ ကာချင် ပြဋ္ဌာန်းလိုက်တဲ့အမိန့်တွေပဲလို့ ကျနော်ပြောတာဖြစ်ပါတယ်”

အခုပြောသွားတဲ့သူကတော့ ဥပဒေ ပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျန် ဖြစ်ပါတယ်။

ဒေါက်တာ ဆလိုင်းငုံကျုံးလျန်ဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနား တက္ကသိုလ်က စင်တာဖော် ကွန်စတီကျူးရှင်းနယ် ဒီမိုကရေစီဋ္ဌာနရဲ့ ဒုတိယ ညွန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ သူကတော့ အခု နအဖ အစိုးရထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဆိုတာဟာ တကယ်တော့ ဥပဒေကိုမဟုတ်ပါဘူးလို့ ဆိုပါတယ်။ အာဏာပိုင်အဖွဲ့အစည်းကနေ ဥပဒေလို့ နာမည်တပ်ပြီးတော့ထုတ်ပြန်တိုင်း ဥပဒေ မမည်ဘူးလို့ သူက ဆိုပါတယ်။ ဘယ်အချက်အလက်တွေကို ထောက်ထားပြီးတော့ ဒါတွေဟာ ဥပဒေမဖြစ်ဘူးလို့ သူ့အနေနဲ့ ပြောတာပါလဲ။

“အာဏာလက်ဝယ်ရှိနေသူတွေနဲ့ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ လုပ်ဆောင်နေသူအားလုံးနဲ့လည်း အကျုံးဝင်ရမယ့် ဥပဒေဖြစ်ရမယ်၊ တစ်အချက်။ ဒုတိယအချက်က ဥပဒေတိုင်းဟာ အလယ်အလတ်ကျရမယ်။ သက်ဆိုင်သူ လူသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို သမာသမတ် အကာအကွယ်ပေးရမယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်သူ့ကို မျက်နှာသာပေးတယ်၊ ဘယ်သူ့ကို ဖယ်ထုတ်ထားတယ်ဆိုတာ အားလုံးက သိတယ်။ တတိယအချက်က ဥပဒေတိုင်းဟာ ရှေ့ကိုဦးတည်ပြီးတော့ ပြဋ္ဌာန်းတဲ့ဟာ ဖြစ်ရမယ်။

နောက်ကြောင်းပြန်ပြီးတော့ အကျိုးသက်ရောက်မှုရှိစေမယ့် ပြဋ္ဌာန်းချက်မျိုး မဖြစ်စေရဘူး။ နောက်ပြီးတော့ စတုတ္ထအချက်က ဥပဒေတိုင်းဟာ တရားမျှတမှုရှိရမယ်၊ လူတဦးတယောက်၊ အဖွဲ့အစည်းတခု၊ ပါတီအဖွဲ့တခု စတဲ့ဟာတွေကို ဦးစားပေးခြင်း၊ ချုပ်ချယ်ခြင်း မရှိရဘူး။ နောက်ဆုံး အချက်က ဘက်လိုက်မှု လုံးဝ ကင်းစင်တဲ့ တရားစီရင်ရေးစနစ်တခု ရှိရမယ်။ ဆိုတော့ ဒီအချက် ၅ ချက်အနေနဲ့ ခြုံငုံပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်တွေအားလုံးကို ကြည့်လို့ရှိရင် ဥပဒေတွေမဟုတ်ဘူး။ ဒါဟာ အာဏာလက်ဝယ်ရှိသူတွေက သူတို့ရဲ့အာဏာကိုအသုံးပြုပြီးတော့ ကြိုက်သလိုပြဋ္ဌာန်းလိုက်တဲ့ အမိန့်တွေပဲဖြစ်တယ်လို့ ကျနော်တော့ မြင်ပါတယ်”

အခု သူပြောသွားတဲ့အထဲမှာ အရေးအကြီးဆုံးအချက်တခုက နောက်ကြောင်းပြန် သက်ရောက်မှုမရှိစေရဆိုတဲ့ အချက်ပါ။ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကတော့ ဥပဒေ မထုတ်ပြန်ခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ အဲဒီဥပဒေကြောင့် အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါပေမယ့် အခုထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ အရင်က တရားစွဲပြီးတော့ ပြစ်ဒဏ်ကျခံထားပြီးသားဖြစ်တဲ့ အကျဉ်းသားတွေအပေါ်မှာ နောက်ထပ် ထပ်မံပြီးတော့ အကျိုးသက်ရောက်စေတဲ့၊ နစ်နာစေတဲ့အချက်တွေ ပါဝင်နေတဲ့အတွက်ကြောင့် အခု ဥပဒေတွေဟာ နောက်ကြောင်းပြန် သက်ရောက်နေတယ်လို့ ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ထောက်ပြပါတယ်။

ကဲ … ဒီတော့ နောက်ကြောင်းပြန်သက်ရောက်မှုနဲ့ပတ်သက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေမှာရော ဘယ်လိုများ ပြောထားပါသလဲ။

“ဒီ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃ မှာကိုက ဒီလိုမျိုးနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေ မပြဋ္ဌာန်းရဘူး၊ ဒါမျိုး ပြဋ္ဌာန်းရင်လည်း အခြေခံဥပဒေနဲ့ဆန့်ကျင်တဲ့အတွက် အဲဒီဥပဒေဟာ အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားတယ်”

နောက်ကြောင်းပြန်သက်ရောက်နေတဲ့အတွက်ကြောင့် အခုထုတ်ပြန်တဲ့ ဥပဒေတွေဟာ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီးတော့ အလိုအလျောက် ပျက်ပျယ်တယ်လို့ ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ဆိုလိုတာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား …

ဒီအချက်တွေက ဘာကိုဖော်ပြနေသလဲဆိုတော့ အခုထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ရှေ့နောက်မညီဘဲ လိုသလိုရေးဆွဲထားတဲ့ ဥပဒေတွေဖြစ်နေတဲ့အပြင် လူ လူချင်း၊ ပါတီ ပါတီချင်း တန်းတူအခွင့်အရေး ပေးမထားဘဲ တချို့ကိုတော့ သာစေ၊ တချို့ကိုတော့ နာစေဆိုတဲ့ ဆန္ဒစွဲနဲ့ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။

ဆက်လက်ဖော်ပြပါမယ်။

No comments: