ရာသီကြိုတဲ့လပေမို့
ခဏတာပျက်ကြွေတဲ့သစ်ပင်
အမြစ်ရှင်သရွေ့ပွင့်ကုန်၏။
သင်္ကြန်မိုးတဖြောက်မှာ
အစို့အညှောက်ထွက်
မပျောက်မပျက်ရှိအပ်တဲ့
သတ္တိကိုပြ
ပကတိ စိမ်းစိမ်းစိုစို
နှစ်သစ်ကိုကြိုဘိ။
မြေဝါရောင်လိမ်းကျံတဲ့
ကန္တာရဝတီပါ
မြန်ပြည်သားတို့သင်္ကြန်
သူအသံ သူ့သံချပ်နဲ့
သူ့အရပ်ကိုဆင်
သည်သဘင်လွမ်းစရာ့။
နှစ်အကူးမှာ
ဗျစ်မူးအောင်သောက်
တောရောက်တောင်ရောက်
ပျောက်ဆုံးသွားတဲ့ သိင်္ဂါရအလင်္ကာ
ပြန်မရှာလေအား
နွေတံခါးကိုလှစ်
ရွက်သစ်တွေ ပွင့်သစ်ဝေလို့
စစ်ကြေငြာနေပါလ။
မလွမ်းစကောင်း
နှောင်းခဲ့ပြီးမှ
အဟောင်းတဲ့ကို သတိမရနဲ့တော့
အမိအဖကိုသော် ပစ်ဖယ်လို့
အနှစ်နှစ်ဆယ်ကျော်ပြီကော
သည်တောမှာ အညံ့မခံရာ။
အသစ်အဖူးတဲ့
နှစ်ဦးရဲ့သင်္ကေတပါ
ဘဝမှာရှုံးနိမ့်ခဲ့သမျှ
နာကြင်ခဲ့သမျှ
ခွဲခွာခဲ့သမျှ
အစကို ပြန်ပြန်ကောက်လို့တော့
ပိတောက်ဆိုတာ
တခါပွင့်ပြီးနောက်မှာ
ပျောက်ကွယ်ပျက်သုဉ်းသွားသည် မရှိပါ။
တောမီးအလောင်ခံရ
တောကြောင်အကိုက်ခံရ
နှင်းရိုက်ဒဏ်ခံရ
ခံရချက်အထွေထွေနဲ့
ပျက်ကြွေမသွားပါ
အနှစ်အသားမာမာမို့
အတာရေကိုအသောက်
တောက်ပ ဝါဝါဝင်း
သူ့အဆင်းသူ့ဟန်
နန္ဒမူ ဖန်ဂူထိပ်မှာ
လိပ်ပြာတသင်းသင်း
လူ့ပြည်ကိုဆင်း၏။
ဆောင်းအောင်းသစ်ပင်
လွင်ပြင်ကန္တာမှာ
အခါခါခမ်းခြောက်လည်း
ပိတောက်နှလုံးနဲ့
အပြုံးကိုလှစ်
နှစ်သစ်မှာ ပွင့်ပြန်ဘိ။ ။
စောငို
(အယ်မာရီလို)
ဧပြီ ၂၆၊ ၂ဝ၁ဝ
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment