ဂျစ်သည် ကျနော်တို့လှေကိုကြည့်ပြီး တအံတသြဖြစ်နေသည်။ လှေကြီးကို ပတ်ပတ်လည် လျှောက်ကြည့်လိုက်၊ ကိုင်ကြည့်လိုက် လုပ်နေသည်။ ဂျင်းနားကို ခေါ်တွေ့ချင်းမှာ ကျနော်တို့ ၂ ယောက် အတူနေ တွေ့သွားလိုခြင်းကြောင့် ဖြစ်သည်။ ကိုဉာဏ်ဝင်း ရကသ အတွင်းရေးမှူးကို ကျနော် သိပ်တွေ့သွားချင်ပါသေးသည်။
အလားတူ ကျွန်းတွင် အတွဲအများဆုံးဖြစ်သည့် ရဲဘော်ချစ်ဆွေ၊ ရဲဘော်အုန်းမော်၊ ရဲဘော်ကိုလတ်တို့ကို တွေ့သွားချင်ပါသေးသည်။ ဖထီးမန်းအောင်ကြည်က သိပ်များများမတွေ့ပါနဲ့၊ မကောင်းဘူးဆိုတာနဲ့ မတွေ့ရတော့ပါ။ ကိုဉာဏ်ဝင်းမှာ ရွှေမျက်မှန်လေး တဝင်းဝင်းနှင့် ကျနော့်ကို အလွန်ချစ်ရှာသည်။ ဝေဖန်ရေးလည်း အများဆုံးပေးပြီး နိုင်ငံရေးအရ အတော်ရင်းနှီးကြသည်။
“ဂျစ်ရေ … ခင်ဗျားနဲ့ ဒီမှာ နောက်ဆုံးတွေ့ကြတာပဲ။ ကျနော်တို့တိုက်ပွဲကတော့ အတော့်ကိုပြင်းပြီး အတော်စွန့်စားရဦးမယ်။ ကျနော်နဲ့ပတ်သက်ပြီး နောက်ဆုံး ဝေဖန်ရေးပေးစရာရှိတာ ပေးဗျာ”
“ မရှိပါဘူးဗျာ”
ဒါပဲ သူ ပြောသည်။
သူ ဘာမှ ရှေ့ဆက်မပြောပါ။ သူလည်း သူ့ရင်ထဲမှာ တခုခုတော့ခံစားနေရမှာ သေချာပါတယ်။ ကြာမြင့်စွာ တွဲခဲ့ရသော ရဲဘော်တယောက် တကယ်ပဲ ခွဲခွာသွားရမှာဆိုတော့။
“ကဲ … ခင်ဗျားလည်း ကြာကြာပျောက်နေရင် တမျိုးဖြစ်လိမ့်မယ်၊ ပြန်ရင်ကောင်းမလားပဲ”
“ဟုတ်တယ်၊ ပြန်တော့မယ်”
ဆိုပြီး တယောက်ကိုတယောက် အားပါးတရ နှုတ်ဆက်ကြပါသည်။
သူက …
“ခင်ဗျားတို့ တိုက်ပွဲ အောင်မြင်ပါစေဗျာ”
ချုံအပြင်သို့ ပြန်ထွက်ခဲ့သည်။ သူ့ကို ကျွန်းကလေးအစပ်အထိ လိုက်ပို့သည်။ ရေလက်ကြားလေးကို သူ ဖြတ်သွားသည်။ ပြီးတော့ သောင်ခုံပြင်ကြီးပေါ် တက်သွားသည်။ သူ့နောက်ကျောကို တဝလှမ်းပြီး ရပ်ကြည့်နေသည်။ တဖြည်းဖြည်းနဲ့ ဂျစ် ဝေးသွားခဲ့လေပြီ။ ကျနော် ပြန်လှည့်လာခဲ့သည်။
ဖထီးမန်းမှာထားသည့်လုပ်ငန်းကို ကျနော် စတင်လုပ်ပါတော့သည်။ ဒူးဆစ်အရွယ်လောက်ရှိသည့် ဆပ်သွားဖူးကိုင်းများကို ကျနော် ခုတ်ဖြတ်သည်။ ဆူးတွေကို သပ်ပစ်လိုက်သည်။ ဆပ်သွားဖူး ကိုင်း ၁၀ ကိုင်းလောက် ခုတ်ဖြတ်ထားလိုက်သည်။ လှေကို တွန်းချသည့်နေရာတွင် အောက်ခံ တလိမ့်တုံးအဖြစ်သုံးဖို့ ဖြစ်သည်။ ဆပ်သွားဖူးဆူးတွေကို ဓားနဲ့သပ်ရင်း ကျနော့် ဘယ်ဘက်ခြေသလုံးကို ဓားအရှိန်လွန်ပြီး နည်းနည်းထိသွားသဖြင့် အသင့်စုဆောင်းထားသော ပလာစတာနှင့်ကပ်ထားလိုက်သည်။
တနေ့က ကျနော်စိုက်ထားသည့် ကန်စွန်း ၅ မြောင်းက ၃ မြောင်းကိုဖော်လိုက်ရာ ဂုန်နီအိတ်နှင့် တအိတ်နီးပါး ရသည်။ နောက် ကန်စွန်းဘောင်ပေါ်မှ ဘီးစပ်ပင်တွေကို မြောင်းဘောင်ပေါ်တင်ပြီး သစ်ဆွေးမြေဆွေးများနှင့် ပြန်ဖုံးသည့်အတွက် ဘီးစပ်ရွက်တွေမှာဆွေးပြီး ဘီးစပ်ကိုင်းကလေးများက မဆွေးသေးပါ။
မြောင်းဘောင်အတွင်း ဟာလာဟင်းလင်းဖြစ်ပြီး ကန်စွန်းဥတွေက မြေတွင်းထဲမှာ ဥသလို ဖြစ်နေသည်။ ကျန်တဲ့ ကန်စွန်းမြောင်း ၂ မြောင်း ကျန်သေးသည်။ ဒါကတော့ ဘယ်သူစားစား၊ စားချင်တဲ့သူ ဖော်စားကြပေါ့။ သခွားသီးလည်း ကျနော် လျှောက်ခူးလိုက်တာ အခုထက်ထိ မှတ်မိသေးသည်။ ၂၇ လုံးတိတိ ဖြစ်သည်။ ကန်စွန်းဥရော၊ သခွားသီးပါ ချုံကလေးထဲသို့ မနေ့က အားလုံး ပို့ထားခဲ့ပြီးဖြစ်သည်။
ပြင်ဆင်စရာကိစ္စတွေကတော့ အားလုံး ပြီးသွားပါပြီ။ ဖထီးမန်းအလာကိုပဲ စောင့်နေသည်။ ပေါ်မလာနိုင်ပါ။ နေမွန်းတည့်လည်း ပေါ်မလာ။ ဘာဖြစ်လို့များ ဒီလောက်တောင် ကြာနေတာလဲ။ ဘာပြဿနာတွေ တက်နေသလဲ။ စိတ်က နည်းနည်းပူလာပါသည်။ တကယ်ပဲ ပေါ်မလာနိုင်ပါ။ မျှော်လိုက်ရတာ။ ပေါ်ပဲပေါ်လာတော့ ၃ နာရီခွဲလောက်မှာ ပေါ်လာသည်။ သူရောက်လာတော့ ကျနော်က …
“ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ”
“ဘာမှ မဖြစ်ပါဘူး။ အားလုံး အေးအေးဆေးဆေးပဲ၊ လေထီး ဗိုလ်အုန်းမောင်နဲ့ ဆရာ ရာဂျန်ကို ကျနော် သွားတွေ့တယ်။ မဒညတ တပ်ပေါင်းစုအနေနဲ့ သွားဆွေးနွေး အကူအညီ တောင်းတာပေါ့ဗျာ။ ဒီည ကျနော်တို့ ကျွန်းကနေ ထွက်သွားတော့မယ်၊ သတင်းလုံခြုံမှုကို ၂ ပတ်လောက် ထိန်းပေးပါ။ ပြီးတော့ လှေကို ကူတွန်းချပေးဖို့ လူ ၆ ယောက်လောက် အကူအညီပေးပါ” လို့ ပြောတယ်။
လေထီးဗိုလ်အုန်းမောင်က “ဒီတိုက်ပွဲဟာ မှန်တယ်။ ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့လည်း အခြေအနေပေးရင် ဆက်တိုက်မယ်”။ ဆရာ ရာဂျန်ကတော့ “မန်းအောင်ကြည်တို့တိုက်ပွဲက သိပ်ပြီး စွန့်စားရမယ်” ရန်သူ မထင်မှတ်တဲ့အချိန်၊ မမျှော်လင့်တဲ့အချိန်မှာ အသေအချာ ရွေးချယ်ပြီးတော့မှတိုက်တာ ဖြစ်တယ်။ လူ ၆ ယောက် ၄ နာရီလောက် လာလိမ့်မယ်။
“ဗိုလ်အုန်းမောင်တို့က နို့ဆီ ၃ ဗူးရယ်၊ သကြားတထုတ်ရယ်၊ ခေါက်ဆွဲတထုတ်ရယ်၊ အမဲသားဗူး ၃ ဗူး၊ မီးအိမ်တလုံးနဲ့ ရေနံဆီတွေ ပေးလိုက်တယ်။ ပါတီရဲ့လက်ဆောင်လို့ ဗိုလ်အုန်းမောင်က ပြောပြီးပေးတယ်။ ဗိုလ်သန်းမြင့်ကိုလည်း ဆွေးနွေးခဲ့တယ်။ သတင်းလုံခြုံရေးကို ထိန်းပေးဖို့ သူတို့ကလည်း ထိန်းပေးမယ်လို့ ကတိပေးတယ်”
ဖထီးမန်းက ကျနော်ခုတ်ထားသည့် ဆပ်သွားဖူး တလိမ့်တုံးများကိုကြည့်ပြီး ...
“ကောင်းတယ်၊ ကောင်းတယ်”
ပြောလိုက်သေးသည်။ လာကူမည့် ရဲဘော်များကို ကျွန်းကလေးထိပ်တွင် သွားစောင့်ခိုင်းသည်။ မကြာပါချေ။ ၅ နာရီ နေခြည်ဆည်းဆာတွင် အရှေ့ဘက်ကမ်းခြေမှ ရဲဘော် ၆ ယောက်ကို လှမ်းမြင်ရသည်။ သူတို့ ခပ်ကျဲကျဲ လူစုခွဲ၍ သောင်ပြင်ကိုဖြတ်လာနေကြသည်။ ရေလက်ကြားကိုဖြတ်ပြီး ဂျယ်ရီကျွန်းကလေးသို့ အားလုံးကူးပြီးသောအခါ ကျနော် ရှေ့ကနေသွားပြီး ကြိုလာလိုက်သည်။
ဆပ်သွားဖူးချုံထဲသို့ အားလုံး ခေါ်သွင်းလိုက်သည်။ ရဲဘော် ၆ ယောက်သည် ကျနော်တို့လှေကိုကြည့်ပြီး တအံ့တသြ ဖြစ်နေကြသည်။ လှေကို ဝိုင်းကူတွန်းချပေးမည့်သူများတွင် ကိုလတ်(ကျွန်းဖျက်သိမ်းရေး ၅၂ ရက် အစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုသိန်းရှင် (အလုပ်သမား ဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုသန်းကြည် (အမှုထမ်း ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဆရာဦးလှဖေ၊ ကထိက(RFA သတင်းထောက် ဦးတင့်ဇော်)၊ ကိုလှရွှေ (တကသ)၊ ဗဖူးညွန့် (ပဲခူး) တို့ ၆ ယောက်ဖြစ်ပါသည်။
ဆရာဦးလှဖေ အမူအယာနှင့်အပြောကို ကျနော် ယခုထက်ထိ မြင်ယောင် ကြားယောင် မှတ်မိနေသေးသည်။ ဆရာက လှေကြီးကို လျှောက်ပတ်ကြည့်ပြီး သူ့လက်နှင့် လှေကို တိုင်းထွာကြည့်နေပါသည်။
ကျနော်က “၁၀ တောင်၊ ပေနဲ့ဆိုရင် ၁၅ ပေ ရှိတယ်”
သူက ဆက်ပြောသည်။
“လှေက ခိုင်ခန့်တယ်၊ ကောင်းတယ်။ ခင်ဗျားတို့ အောင်မြင်မှာပါ၊ ဘယ်နှရက်လောက် ဖြတ်ရမယ်လို့ မှန်းသလဲ”
“၁၀ ရက်လောက် ခန့်မှန်းတယ်ဆရာ”
“ဒီရက်အတွင်း ရောက်နိုင်ပါတယ်”
ပြောကြဆိုကြရင်း မှောင်ရီပျိုးလာပါပြီ။ ဖထီးမန်းက လမ်းစဖောက်ဖို့ ပြောပါသည်။ ကျနော်တို့ လျှို့ဝှက်လုံခြုံရေးကို ကာလကြာမြင့်စွာ ထိန်းသိမ်းခဲ့သော ဆပ်သွားဖူးချုံကြီး၏ အရှေ့ဘက်ခြမ်းကိုစ၍ ခုတ်ထွင် ရှင်းလင်းပါတော့သည်။
လှေတွန်းချမည့် လမ်းတလျှောက်တွင် ကြိုကြား ကြိုကြားခံနေသော ဆပ်သွားဖူးချုံကလေးများနှင့် အခြားချုံများကို ခုတ်ထွင်ရှင်းလင်းလိုက်သည်။ တနာရီလောက်ကြာမည် ထင်ပါသည်။ လှေတွန်းချမည့်လမ်းကြောင်း ရှင်းသွားလေသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment