Sunday, April 18, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၄)

၁၉၇၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊
၁၃၃၃ ခုနှစ်၊ တော်သလင်းလပြည့်။

ဒီနေ့ည မြန်မာ့အသံက ည ၈ နာရီသတင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လွတ်တဲ့သတင်း ကြေညာသွားပါတယ်။ မန်းဒါဝိတ်လွတ်သွားတဲ့သတင်းကိုပါ ကြေညာသွားတာ ကြားလိုက်ရပါတယ်။

တက်သုတ်ရိုက်၍ ပြင်ဆင်မှုတွေ ပြီးခဲ့ပါပြီ။ နဂိုစီစဉ်ထားတာက ပြင်ဆင်မှုတွေပြီးရင် ရက်သတ္တပတ် ၃ ပတ်လောက် အနားယူမယ်၊ ပြန်ပြီးအားမွေးမယ် စဉ်းစားထားတယ်။ ဒါပေမယ့် အခြေအနေတွေက မပေးအပ်တော့ပါ။ ၁၅ ရက်နေ့မနက်က ဖထီးမန်း စီစဉ်ညွှန်ကြားပြီးပြီ။ မနက်ဖြန် ၁၆ ရက်နေ့ ထွက်မယ်၊ ခင်ဗျား အရင်သွားနှင့်။ ကျနော် လေထီးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်ကိုသွားတွေ့ပြီး ဆွေးနွေးစရာ၊ အကူအညီတောင်းစရာတွေ ရှိတယ်။ ခင်ဗျား အရင် စောစောသွားနှင့်ပါ။

မနက်မိုးလင်တော့ ဖိုကြီးကိုသွားတယ်၊ လွန်ခဲ့တဲ့ တရက်က ကိုချစ်ဆွေတို့ရဲဘော်တသိုက် လိပ်သောင်ကိုသွားတာ လိပ် ၂ ကောင်ရတယ်။ ဒီမနက် ဖိုကြီးကိုသွားတော့ လက်ဖက်ရည်နဲ့ မုန့်တလုံးပါ ဝေပေးတယ်။ ဒီမနက် လက်ဖက်ရည်ဝေတာ ကိုထွန်းကြည် (မင်းလှ)။ သူ လက်ဖက်ရည် ဝေတဲ့နေရာ။ ကျနော် စောစောစီးစီးသွားရပ်တော့ သူက မုန့်နဲပ လက်ဖက်ရည်ကိုထည့်ပေးရင်း သူက ပြောလိုက်သေးတယ်။

“အောင်မြင်ပါစေ” လို့ မင်္ဂလာနမိတ်နဲ့ အတိတ်ဆီးကြိုပြီး ပေးလိုက်တာပါ။ ကျနော် နားလည်ခံစားလိုက်တာက ကျနော်တို့တိုက်ပွဲကို အောင်မြင်ပါစေလို့ရည်ညွှန်းပြီး ဆုတောင်းပေးလိုက်တာပဲလို့ ခံစားလိုက်ရတယ်။

မုန့်တလုံး အပိုထည့်ပေးဗျာ။ ကိုထွန်းကြည်က လက်ဖက်ရည်တခွက်ပါ ထပ်ထည့်ပေးတယ်။ ကျနော် သူ့ကိုကြည့်ပြီး ပြုံးပြနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ဖိုကြီးထဲက ထွက်လာတယ်။ ကျနော့် တာဇံဓားမြှောင်ကို ခါးမှာချိတ်ပြီး အရှေ့ဘက်ကမ်းခြေအတိုင်း တောင်ဘက် ဂျယ်ရီကျွန်းကလေးဘက်ကို ထွက်လာခဲ့တယ်။

ရာသီဥတုက သာယာနေတယ်။ လှိုင်းအိကလေးတွေက ကမ်းခြေသောင်ပြန့်ကို ပြေးဆော့ ရိုက်ပုတ် ကစားနေကြတယ်။ ကမ်းခြေကို ‘ဝု’ ဆိုတဲ့အသံနဲ့ အသာကလေးရိုက်ပြီးတော့ ‘ရှဲ’ ဆိုတဲ့အသံက သဲနှင့် ကျောက်စရစ်ခဲလေးတွေကို ပြန်ဆွဲချသွားတဲ့အသံ။

အရှေ့ဘက် ပင်လယ်ကြီးကို လှမ်းမျှော်ကြည့်လိုက်တော့ တက်သစ်စ နေမင်းကြီးဟာ အနီရောင်အဆင်းနဲ့ အရှေ့လောကဓာတ်ခွင်လုံးကို ပတ္တမြားနဲ့ပက်ဖြန်းပြီး ဆေးထားသလိုပါပဲလား။ ကျနော့်ခြေလှမ်းတွေ သွက်လာသည်။ ကျနော်စိတ်သည် တက်ကြွ၊ အရှေ့ဘက်ကမ်းခြေတခွင်လုံး ကျနော်တယောက်တည်း။ နံနက်ခင်း၏ လန်းဆန်းတက်ကြွမှုနှင့်အတူ ကျနော် သီချင်းတပုဒ်ကို လွတ်လွတ်လပ်လပ် အသံမြှင့်၍ ဆိုလိုက်သည်။

“အောင်ပွဲ အမြင်သန်ရမည် x x x ရဲရင့်တဲ့ သံဓိဋ္ဌာန်ကိုချီ x x x ဓားတောင်ကို ကျော်နင်းမည် x x x မီးပင်လယ်ကို ဖြတ်သန်းမည် x x x ဗမာပြည် အနာဂတ်ကို x x x ဒို့လူငယ်တွေ ပိုင်ဆိုင်သည် x x x စစ်အာဏာကိုတည် x x x ဖြိုဖျက်ပါလို့ x x x အောင်ပွဲ ဒို့ခံမည် x x x ချီလာပြီ x x x ချီလာပြီ x x x မုန်တိုင်းနီကြီး ချီလာပြီ x x x အဟောင်းအဆွေး ချေမွဖျက်ဆီးမည် x x x မိစ္ဆာကောင်များ ကျဆုံးမည် x x x အနီရောင် ရဲရဲအောက်မှာ x x x အမှောင်ထုကို ခွဲဖြိုပစ်တော့မည်”

ဤ ‘မုန်တိုင်းနီကြီး ချီလာပြီ’ သီချင်းကို စပ်ဆိုသူများမှာ ကိုလတ် (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဖိုးသံချောင်း (လူထု ဦးလှ+ဒေါ်အမာ သား) နှင့် ကျနော်တို့ ဖြစ်ပါသည်။

ကျနော့်အသံသည် ကမ်းခြေကို ပဲ့တင်ရိုက်၍ တောင်ကြောပေါ်အထိ ဟိန်းတက်သွားသည်။ ကိုကိုးကျွန်း၏ ကျွန်းစွယ်နှင့် တောင်စွယ်လေးအဆုံး သောင်ပြင်သို့ ရောက်လာသည်။ သောင်ပြင်ကိုဖြတ်ပြီး ပတ်ဝန်းကျင်ကို တချက်ဝေ့ကြည့်လိုက်သည်။ သောင်ခုံစပ်အဆုံး ရေလက်ကြားသို့ ဆင်းခါနီးတွင် နောက်ပြန်လှည့်၍ ကိုကိုးကျွန်း၏ အရှေ့ဘက်ကမ်းခြေ၊ အနောက်ဘက်ကမ်းခြေကို တဝကြည့်ခဲ့သည်။ ဤကျွန်းကလေးပေါ်တွင် ရဲဘော်ရဲဘက်များ၊ ခေါင်းဆောင်များ၊ ဘဝတူများနှင့်အတူ … လက်တွဲ၍ ရန်သူကို ခုခံတိုက်ပွဲဝင်ခဲ့ကြသည်။

ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ တက်ကြွခြင်း၊ ဆုတ်နစ်ခြင်း၊ ဒေါသများ၊ မျက်ရည်များ၊ လူ့ဘဝ၏ ကြုံတွေ့ရမြဲ လောကဓံတရားတို့နှင့်အတူ ဤကျွန်းကြီးပေါ်တွင် ထားရစ်ခဲ့တော့မည်။ ကျနော် ချာခနဲလှည့်၍ သောင်ခုံပေါ်မှ ဆင်းခဲ့သည်။ ပြီးတော့ ရေလက်ကြားကို ဖြတ်ကူးခဲ့သည်။

ဒီကနေ့ ဂျယ်ရီကျွန်းပေါ်သို့တက်လာခဲ့သည်မှာ လွန်ခဲ့သော ရက်များကကဲ့သို့ လှည့်စားမှု မပြုလုပ်တော့ပါ။ အတက်ခြေရာပဲ ပြလိုက်ပါသည်။ ဖိုခနောက်ဆိုင် အုန်ပင်ပျိုလေးပေါ်သို့ ပြုနေကျ ကင်းစောင့်ခြင်း အမှုကိုလည်း မပြုတော့ပါ။ ကျွန်းကလေးထိပ်၏ တခုသော ဆပ်သွားဖူးချုံအရိပ်ကိုခိုလျှက် ကျွန်းမကြီး သောင်ခုံဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ စိတ်ထဲကလည်း တွေးလိုက်သေးသည်။ အခုလောက်ဆို ဖထီး မန်းအောင်ကြည်တယောက် လေထီးဗိုလ်အုန်းမောင်တို့နှင့်တွေ့ပြီး ဆွေးနွေးကြပြီပေါ့။

ဂျယ်ရီကျွန်းကလေးသို့ ရောက်ပြီး နာရီဝက်ကျော်ကျော်တွင် အရပ်ပုပုနှင့် လူငယ်လေးတယောက် ကျွန်းမကြီး၏ သောင်ပြင်ပေါ်မှာပေါ်လာပြီး ရေလက်ကြားလေးသို့ ကူးဖြတ်လာသည်။ ပြီးတော့ ဂျယ်ရီကျွန်းကလေးပေါ်သို့ တက်လာသည်။ ကျွန်းကလေးပေါ်သို့ ရောက်လာပြီးနောက် တောင်ကြည့် မြောက်ကြည့် လျှောက်ကြည့်သည်။ ကျနော်က အသာလေးရပ်ပြီး ငြိမ်နေသည်။ ပြီးတော့မှ ကျနော် အသံပြုလိုက်သည်။

“ဂျစ်”

ကျနော်အသံပေးလိုက်မှုကြောင့် ကျနော့်ကိုတွေ့သွားပြီး သူ ပြုံးသွားသည်။ ကျနော့်အချစ်ဆုံးများထဲမှ တယောက်။ သူ့နာမည်က ‘ဂျင်းနား’။ လမ်းမတော် အလယ်ပိုင်း ရကသ မှ ဖြစ်သည်။ ကျနော် ခိုနားသည့်နေရာသို့ သူလျှောက်လာသည်။ ကျနော်က …

“ခင်ဗျားအတွက်တောင် မုန့်တတုံးအပို ကိုထွန်းကြည်ဆီက တောင်းခဲ့သေးတယ်”

“ဟာ … ကျနော်လည်း သောက်ပြီးပြီ”

“ထပ်စားဦးပေါ့”

နှစ်ယောက်သား လိပ်ဥနှင့်လုပ်ထားသောမုန့်ကို စားကြ၊ လက်ဖက်ရည် အတူသောက်ကြသည်။

“ကဲ … လာ၊ ကျနော်တို့နေရာကို သွားကြစို့”

ဆက်လက်ဖော်ပြပါမည်။

No comments: