SNLD ရဲ့ခေါင်းဆောင် ဦးစိုင်းလိတ်ဖြစ်ပါတယ်။
တကယ်တော့ ထောင်ကျနေသူ နိုင်ငံရေးသမားတွေဟာ အစိုးရရဲ့မူဝါဒ၊ အစိုးရရဲ့ချုပ်ချယ်ကန့်သတ်မှုတွေကို ဆန့်ကျင်ကြသူတွေပါ။ လက်ရှိစစ်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေပါ။ ဒီတော့ ဒီအချက်ကို ကြည့်လိုက်လို့ရှိရင် အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေဟာ လက်ရှိစစ်အစိုးရနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေ ရွေးကောက်ပွဲမှာ ပါဝင်လို့မရအောင် ကန့်သတ်ပြဌာန်းထားတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါဟာ သဘောထားမတူသူတွေ၊ ကွဲလွဲသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့တော့ မကိုက်ညီဘဲ ဖြစ်နေပါတယ်။ ရှေ့နေကြီးဦးအောင်သိန်းကတော့ ထောင်ဒဏ်ကျခံနေရသူတွေနဲ့ပတ်သက်တဲ့ ဒီပြဌာန်းချက်တွေဟာ နိုင်ငံရေးပါတီအပေါ်မှာ ဝင်ရောက်စွက်ဖက်မှုလို့ မြင်ပါတယ်။
“ပါတီတရပ်ရဲ့ ခေါင်းဆောင်တယောက်ပဲဖြစ်ဖြစ်၊ ပါတီမှာ အရေးပါအရာရောက်တဲ့ လူပုဂ္ဂိုလ်တယောက်က ထောင်ထဲမှာရှိရုံနဲ့ သူ့ကိုပါတီကနေပြီးတော့ ထုတ်ပစ်မှသာလျှင် ရွေးကောက်ပွဲကိုဝင်ခွင့်ရှိမယ်ဆိုတဲ့ အခွင့်အလမ်းကို မပေးဘဲထားတာဟာဖြင့်ရင် မျှတမှန်ကန်မှု မရှိဘူးပေါ့နော်၊ ဒီဟာကာ ပါတီတရပ်ရဲ့ လုပ်ပိုင်ခွင့် အပေါ်မှာ မလိုလားအပ်ဘဲနဲ့ ဝင်ရောက်စွက်ဖက်တဲ့ကိစ္စလို့ ကျနော်က မြင်ပါတယ်”
ရှေ့နေကြီး ဦးအောင်သိန်းဖြစ်ပါတယ်။
အရေးကြီးတဲ့ နောက်ထပ်ပြဌာန်းချက်တခုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွေထဲမှာ ပုဒ်မတချက်ပြဌာန်းပြီးတော့ ပယ်ဖျက်လိုက်တဲ့ အချက်ပါ။
ဒီတော့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်အနိုင်ရအောင် ကြိုးစားခဲ့သမျှဟာ ဒီ ပုဒ်မတချက်တည်းနဲ့ပဲ အားလုံး ပျက်ပြယ်သွားပါပြီလား။ ၁၉၉၀ ခုနှစ်တုန်းက ပြည်သူတွေပေးထားခဲ့တဲ့ ဆန္ဒသဘောထားအားလုံးဟာလည်း ဒီပုဒ်မတချက်နဲ့ပဲ အားလုံး အဟောတိကံဖြစ်ရပါပြီလား။ လွှတ်တော်ခေါ်ယူပေးဖို့ပြဌာန်းထားတဲ့ ဥပဒေကို အခုလို လွှတ်တော်မခေါ်ဘဲ ဥပဒေရဲ့ရလဒ်ကိုပါ တခါတည်း ဖျက်သိမ်းပစ်လိုက်တာဟာ ဥပဒေကြောင်းအရကော ဆီလျှော်မှုရှိပါရဲ့လား။
“အဲဒီ တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေအရလည်း ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲကြီး ရှိလာခဲ့တယ်။ ပြည်သူတွေကိုယ်တိုင်လည်းပဲ လက်ခံကျေနပ်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့ပြီးသွားပြီ။ ဒီလိုအခြေအနေရဲ့ရလဒ်ကို ဥပဒေအရ သက်ရောက်ရမယ့်ရလဒ်ကို အကောင်အထည်ဖော်ခြင်းမရှိဘဲနဲ့ နောက်ထပ် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပြီးတော့ ရှေ့ဥပဒေကို ဖျက်သိမ်းလိုက်တာဟာ ဥပဒေပြဌာန်းခြင်းဆိုင်ရာ ဥပဒေပြုခြင်း နည်းပညာဆိုင်ရာအရ ရှေ့နောက် ညီညွတ်ခြင်းမရှိဘူးလို့ ကျနော် ဥပဒေရှုထောင့်အရ ဒီလိုမြင်ပါတယ်”
လူငယ်ရှေ့နေကိုဖိုးဖြူ ဖြစ်ပါတယ်။
သောတရှင်များခင်ဗျား၊ ဒီလိုဥပဒေတွေနဲ့ ပြဌာန်းပြီးကျင်းပလိုက်တဲ့ ရွေးကောက်ပွဲကနေ အနာဂတ်မှာ လွှတ်တော်တရပ် ပေါ်ထွက်လာလို့ရှိရင်ရော အဲဒီလွှတ်တော်ဟာ ဘယ်လိုလွှတ်တော် ဖြစ်လာနိုင်ပါလဲ။ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကတော့ အခုလို သုံးသပ်ပါတယ်။
“အဲဒီလို ပြဌာန်းလိုက်တဲ့အခါကျတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ တက်လာတဲ့လူတွေဟာ မိမိသဘောထားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ဆိုတာ အလွန်အားနည်းသွားပြီ၊ ဒီအပြင်ကို အဲဒီပါတီ တရပ်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာရမယ်လို့ ဆိုထားတဲ့အတွက် ဒါကိုဆန့်ကျင်ပြီးတော့ ပုံနှိပ်ထုတ်ဝေတာတို့၊ ဟောပြောစည်းရုံးတာတို့၊ လှုပ်ရှားတာတို့ ဒါတွေပါ တခုမှလုပ်လို့မရတော့ဘူး။ ဆိုတဲ့အခါကျတော့ ပေါ်ပေါက်လာတဲ့ ဒီလွှတ်တော်ဆိုတာဟာလည်း ဘယ်မှာ လွတ်လပ်တဲ့လွှတ်တော် ဖြစ်လာနိုင်မလဲခင်ဗျ။ ရာဘာစတန့်မ် ပါလီမန်ပဲ ဖြစ်လာမှာပေါ့”
ဒေါက်တာအေးချမ်းဖြစ်ပါတယ်။
သောတရှင်များခင်ဗျား၊ နိုင်ငံရေးသမားတွေသာမက မြန်မာနိုင်ငံအနှံ့အပြားနဲ့ နိုင်ငံတကာကပါ ငြင်းခုံဝေဖန်လို့ မဆုံးကြတဲ့ ဒီဥပဒေတွေဟာ ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံသူတွေ မပါဝင်အောင် ပြဌာန်းထားသလို စစ်အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ထောင်ချခံနေရသူတွေကိုလည်း ပါဝင်ခွင့်မရအောင် ပြဌာန်းထားပါတယ်။
ဒါ့အပြင် ၁၉၉၀ ရလဒ်ကိုပယ်ဖျက်ထားပြီးတော့ ၁၉၉၀ တုန်းက အဓိက အနိုင်ရထားတဲ့ပါတီတွေအနေနဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲကြုံတွေ့စေတဲ့ ဥပဒေတွေဖြစ်နေပါတယ်။ အခုကိုပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရော၊ SNLD ပါတီကပါ ပါတီမှတ်ပုံ မတင်၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆိုနေကြတဲ့အတွက် ဒီဥပဒေတွေရဲ့အကျိုးဆက်တွေကို တွေ့နေမြင်နေကြရပြီလို့ ဆိုရမှာပါ။
နောက်တပတ် ဒုတိယပိုင်း အစီအစဉ်မှာတော့ ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှာဖြစ်သလို အခုရွေးကောက်ပွဲဟာ ပါတီကြီးတွေနဲ့ ငွေရှင်၊ ကြေးရှင်၊ ဓနရှင်တွေကို အထူးအခွင့်အရေးပေးထားသလားဆိုတာကို ဆက်လက်ပြီး လေ့လာသုံးသပ်သွားမှာမို့ စောင့်မျှော်နားဆင်ကြပါခင်ဗျာ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment