Wednesday, April 14, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၂)

“တပ် ပေါင်း … သေ နတ် … အောက် ချ၊ တပ် ပေါင်း … သက် သာ”

“ ဒီမိုကရေစီကျင့်စဉ်ဆိုတာဟာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက်ဆန်သွားတတ်တယ်၊
ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ လိုတယ်”

ပြီးခဲ့တဲ့ တပ်မတော်နေ့တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်းပြောကြားရာမှာ ဒီမို
ကရေစီကျင့်စဉ်ဆိုတာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက်ဆန်သွားတတ်တယ်လို့ ပြောသွားတာကို သောတရှင်တို့ အခု ကြားခဲ့ကြရပါပြီ။ ဒီ သဘောထား၊ ဒီ ခံယူချက်တွေဟာ အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအပေါ်မှာလည်း ထင်ဟပ်နေတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အခုထုတ်ပြန်တဲ့ ဥပဒေတွေဟာ အရင် ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဆိုင်ရာဥပဒေတွေနဲ့နှိုင်းစာရင် ပါတီတွေအပေါ်မှာ ထိန်းချုပ်ထားတာ ကန့်သတ်ထားတာတွေ ပိုများလာတာကို တွေ့လာရလို့ပါ။ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ရက် ၉၀ အတွင်းမှာ ပါတီဝင် တထောင် ရရမယ်၊ ၅၀၀ ရရမယ် မရရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး၊ ကိုယ်စားလှယ်လောင်းတယောက်ဟာ ကျပ်ငွေ ၅ သိန်း ဘဏ်ကိုသွင်းရမယ်ဆိုတာမျိုးတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြည်ထောင်စုဒီမိုကရေစီပါတီ နာမည်နဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးဋ္ဌေးကို ကျနော် ဆက်သွယ်ထားပါတယ်။ ပါတီသစ်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ဘာတွေများ အခက်အခဲတွေရှိပါသလဲခင်ဗျ။

“ကျနော်တို့က ပါတီဝင်စာရင်း တထောင် စာရင်းပြရမယ်ဆိုတော့ အဲဒီအတွက်တွေက ရက်ပေါင်း ၉၀ အတွင်းမှာ အဆင်ပြေအောင်လုပ်ရမှာဆိုတော့ အချိန်ကတော့ ကျနော်တို့အတွက် အခက်အခဲရှိတာပေါ့၊ ဘာပဲဖြစ်ဖြစ် တည်ဆဲဥပဒေအရ အကြံပေးပိုင်ခွင့်တို့၊ တင်ပြပိုင်ခွင့်တို့၊ ပြင်ဆင်ပိုင်ခွင့်တို့မရှိတော့ သူ့ဥပဒေဘောင်အတွင်းမှာ အလုပ်လုပ်လို့ရအောင် လုပ်တဲ့အခါကျတော့ ပါတီသစ်တရပ်အတွက်ကတော့ အချိန်မလုံလောက်ဘူး၊ လူအင်အား အဆင်သင့်မရှိဘူး၊ ငွေရေးကြေးရေး အဆင်သင့်မရှိဘူးပေါ့ဗျာ”

ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကလည်း သူတို့ပါတီမှာလည်း အလားတူ အခက်အခဲမျိုးရှိတဲ့အကြောင်းကို ပြောပါတယ်။

ဒေါ်သန်းသန်းနု (ဓာတ်ပုံ-လျှပ်တပြက်)

“အဓိက ကျမတို့အတွက် စည်းရုံးရေးကာလက သိပ်နည်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခုချိန်အထိ ကျမတို့ကို လက်ခံတယ်၊ မခံဘူးဆိုတာ ဘာမှအဖြေမရသေးဘူးလေ၊ နောက်တခါက အချိန်တိုအတွင်းမှာ ပါတီဖွဲ့စည်းမှု ကျစ်လစ် ခိုင်မာအောင်လည်း လုပ်ရမယ်၊ နောက်တခါ စည်းရုံးရေးကလည်း အပြေးအလွှား လုပ်ရဦးမယ်၊ အချိန်နည်းတော့ ရန်ပုံငွေရှာဖို့ကလည်း လွယ်ကူလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး”

ရက် ၉၀ အတွင်းမှာ ပါတီဝင်အယောက် တထောင်ပြည့်အောင် စုဆောင်းရမှာဖြစ်သလို ပါတီဝင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ခံဝန်ချက်ထိုးရမယ်ဆိုတဲ့အချက် အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (ဂ) နဲ့ ကိုက်ညီသူတွေဖြစ်အောင် စိစစ်ရွေးချယ်ရတဲ့အတွက် ခက်သထက် ပိုခက်စေတယ်လို့ ဦးဋ္ဌေးက ဆိုပါတယ်။ အဲဒီလို ရွေးချယ်ထားတဲ့အထဲကနေ ကိုယ်စားလှယ်လောင်းကို ထပ်ပြီး ရွေးချယ်ရတာလည်းဖြစ်တော့ အကန့်အသတ်တွေက များနေတယ်လို့ ဆိုပါတယ်။

“ပါတီဝင်စာရင်းမှာလည်း အခက်အခဲရှိသလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ညီတာရှာရတဲ့အတွက် နည်းနည်းဘောင်က ကျဉ်းသွားတဲ့အတွက် အခက်အခဲ ရှိတာပေါ့ဗျာ”

ဒီလိုအခြေအနေကြောင့် ပါတီဖွဲ့စည်းပုံကိုပါ ပြန်ပြင်နေရတာတွေရှိတယ်လို့ ဦးဋ္ဌေးက ဆိုပါတယ်။ လူတယောက်ချင်းကို ရှင်းပြစည်းရုံးနေမယ့်အစား ပါတီစည်းမျဉ်းထဲမှာ အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေရဲ့ ပုဒ်မ ၆ ကိုပါ ထည့်သွင်းရေးဆွဲရ တာမျိုးကို လုပ်ခဲ့ရတာပါ။ ဒီလိုကန့်သတ်ထားမြစ်ချက်တွေကိုပဲ ကောင်းပါတယ်လို့ မြင်သူ ပြောသူလည်း ရှိပါတယ်။ သူကတော့ ခေတ်သစ် ပြည်သူ့ပါတီ ဆိုတဲ့နာမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးထွန်းအောင်ကျော်ဖြစ်ပါတယ်။

ဦးထွန်းအောင်ကျော် (ဓာတ်ပုံ-လျှပ်တပြက်)

“စနစ်တကျ ပါတီတွေဖြစ်ပေါ်လာဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးတာကတော့ အများကြီး ကောင်းပါတယ်”

ဟုတ်ကဲ့၊ စနစ်တကျဖြစ်ဖို့သတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေဆိုတာက ဘယ်လိုစည်းကမ်းချက်မျိုးကို ပြောချင်တာပါသလဲခင်ဗျ။

“များသောအားဖြင့်ပေါ့လေ၊ ဥပမာ အနည်းဆုံး ပါတီတခုဟာ မှတ်ပုံတင်ပြီးရင် ရက်ပေါင်း ဘယ်လောက်မှာ အဖွဲ့ဝင် ဘယ်လောက်ရှိရမယ်၊ ဒီလိုဟာမျိုးတွေပေါ့နော်၊ နောက် ရွေးကောက်ပွဲဝင်လို့ရှိရင် အနည်းဆုံး ဘယ်နှနေရာ ဝင်ရမယ်၊ ပါတီတွေ အရည်အချင်းပြည့်မီအောင်လုပ်ပေးတယ်လို့ ကျနော်တို့မြင်ပါတယ်။ ကိုယ်စားလှယ် တယောက်ကို ၅ သိန်းတို့ဘာတို့တောင်းတာကတော့ ဘာပဲပြောပြောလေ ကိုယ်စားလှယ်တွေမှာက အခက်အခဲတွေ အများကြီးရှိမှာပါ”

အဲဒီလိုအခက်အခဲတွေရှိလာအောင် လုပ်ထားပေမယ့်လည်း ဦးထွန်းအောင်ကျော်က အဲဒီအပေါ်မှာ အကောင်းအမြင်နဲ့ သုံးသပ်ပါတယ်။

“ရှိတဲ့အခါကျတော့ ဒီလိုအခက်အခဲတွေ ရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုတဲ့အခါ ကိုယ်စားလှယ် နည်းသွားအောင်လုပ်တဲ့သဘောမျိုး တဖက်ကပါသလို၊ တဖက်ကလည်း ကိုယ်စားလှယ်တွေဟာ ဘာပဲပြောပြော အလေးအနက်ထားပြီးတော့ ရွေးကောက်ပွဲကိုဝင်လာနိုင်အောင် နော်၊ ကိုယ်စားလှယ်တယောက်ဖြစ်ဖို့အတွက်ဟာ ပေါ့ပေါ့တန်တန် ဖြစ်လို့မရဘူး၊ ဒီလိုမှတ်ပုံတင်နိုင်မှဖြစ်မယ် ဆိုတဲ့ဟာကို တန်ဖိုးထားလာအောင် ဖန်တီးပေးတဲ့သဘောလည်း ပါပါတယ်”

ဦးထွန်းအောင်ကျော် အခုပြောတဲ့ကိုယ်စားလှယ်တယောက် ၅ သိန်းတင်ရမယ် ဆိုတာက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၈ (ဂ) မှာပါတဲ့ အချက်ကိုပြောတာပါ။ အခြားလွှတ်တော်တွေရဲ့ နည်းဥပဒေတွေမှာလည်း အလားတူ ပြဋ္ဌာန်းထားတာကိုတွေ့ရတဲ့အတွက် ဘယ်လွှတ်တော်မဆို လွှတ်တော်တခုမှာ ဝင်ပြိုင်ချင်တဲ့ကိုယ်စားလှယ်တိုင်းဟာ ငွေ ၅ သိန်းတင်ရမယ်ဆိုတဲ့အချက်လို့ ဆိုနိုင်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းတော့ ကိုယ်စားလှယ်တယောက်ကို ငွေ တသောင်း အာမခံခိုင်းပြီးတော့ မဲအရေအတွက် ဘယ်လောက်ရလို့ရှိရင် အဲဒီငွေကို ပြန်ပေးမယ်ဆိုတဲ့ စည်းကမ်းချက် မျိုးထည့်သွင်းပြီးတော့ ရေးသားထားပါတယ်။ အခု ဥပဒေတွေထဲမှာတော့ ပြန်ပေးမယ်ဆိုတဲ့အချက်ကို ဘယ်နေရာမှာမှ ထည့်သွင်း ရေးသားထားတာမျိုး မတွေ့ရပါဘူး။ ဦးထွန်းအောင်ကျော်က ၅ သိန်းတောင်းတာကို အကောင်းမြင်ပေမယ့် ဦးဋ္ဌေးကတော့ ဒီအချက်ကြောင့် အခက်တွေ့စေတယ်လို့ ဆိုပါတယ်။

“ငွေရေးကြေးရေးကတော့ ပါတီမှတ်ပုံတင်ကြေးကတော့ ၃ သိန်းပေါ့ဗျာ၊ ကိုယ်စားလှယ်လောင်းဆိုရင် ၅ သိန်း ဆိုတော့ သတ်မှတ်ထားတဲ့ ထောင်ကျော်လောက်ရှိတဲ့ဟာကို ရွေးဖို့ဆိုရင် ကျနော်တို့မှာ ငွေတွေကို သိန်းကို ထောင်နဲ့ချီ လိုတာ။ ငွေရေးကြေးရေးကလည်း တကယ်တော့ အခုမှ ပါတီဖွဲ့တဲ့သူ ဘယ်သူမှ ပိုက်ဆံမရှိကြဘူး၊ ပါတီမှတ်ပုံတင်ဖို့လောက်နဲ့ ရုံးခန်းငှားဖို့တောင် အနိုင်နိုင် ရပ်တည်နေကြရတာကိုး”

ဆက်လက်ဖော်ပြပါမယ်။

No comments: