အထဲရောက်တော့ အတွင်းဘက်ရှိတဲ့ အခန်းတခန်းထဲကို တွန်းပို့လိုက်တယ်။ အဲ့ဒီမှာ စားပွဲတလုံး ချထားတယ်။ စားပွဲက လေးထောင့်ရှည်ရှည်ပေါ့။ စားပွဲထိပ်မှာက ထောက်လှမ်းရေးက ဗိုလ်မှူးတယောက် ထိုင်နေတယ်။ (သူ့နာမည်က ဗိုလ်မှူးစိုးမြင့်လို့ နောက်မှ သူ့ကိုယ်သူပြောပြလို့ သိရတယ်။)
တံခါးပေါက်နဲ့ မျက်နှာချင်းဆိုင် အတွင်းဘက်မှာက ‘သခင်သန်းထွန်း နောက်ဆုံးနေ့များ’ စတဲ့ ထောက်လှမ်းရေးရဲ့ ဝါဒဖြန့် စာအုပ်တွေကို နာမည်ခံရေးထုတ်နေတဲ့ မြရာပင်စာပေဆိုတာက (သူတို့ခေါ်တဲ့) ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော် တင်ရှိန်ဆိုတဲ့ လူ ၃ ယောက် ထိုင်နေကြတယ်။ ကျွန်းကတည်းက ကျနော်တို့က အင်မတန် မုန်းတဲ့သူတွေပေါ့။ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တယောက်တည်း ကုလားထိုင်တလုံးမှာ ထိုင်ရတယ်။
ထောက်လှမ်းရေးဗိုလ်မှူးက သူ့ကိုယ်သူ ဘယ်သူဆိုတာ ပြောပြတယ်။ ပြီးတဲ့အခါကျတော့ မျက်နှာချင်းဆိုင်က ရှိတဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ သူတို့ ကျနော်ကို စီးကရက် တည်တယ်။ ကျနော်က (နဂိုကတည်းက ဆေးလိပ်မသောက်တဲ့ သူဆိုတော့) ငြင်းလိုက်တယ်။
အဲ့တော့ သူက အင်မတန်အေးဆေးတဲ့ လေသံနဲ့ ...
“ခင်ဗျားတို့က ထောင်ထဲမှာနေတာ ကြာသွားတော့ကာ အပြင်မှာကိစ္စတွေ ဘာမှမသိဘူး။ အထူးသဖြင့် ဗကပ ဗဟိုမှာ ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားက မသိဘူး။ ဟောဒီ ခင်ဗျားရှေ့က ထိုင်နေတဲ့ လူ ၃ ယောက်ကတော့ အဲ့ဒီက လာတဲ့လူတွေပဲ၊ သူတို့က အသိဆုံးပဲ၊ သူတို့ထက် ပိုသိတဲ့သူ မရှိဘူး။ အဲတော့ သူတို့ပြောပြတဲ့ဟာတွေကို ခင်ဗျား နားထောင်ကြည့်စမ်းပါဗျာ၊ ခင်ဗျား ရေးထားတဲ့ဟာတွေကိုလည်း ကျနော်တို့ ဖတ်ရပါတယ်။ အဲ့တော့ ထင်ထားတဲ့ဟာတွေနဲ့ တူလား မတူလားဆိုတာ သူတို့ပြောတာကို ခင်ဗျား နားထောင်ကြည့်စမ်းပါ”
အဲ့ဒီလို ပြောတယ်။ (သူညွှန်းတာ ကျနော်တို့ကို စာမေးပွဲစစ်တုန်းက ကျနော်ရေးခဲ့တဲ့ဟာတွေကို ညွှန်းတာ။)
သူက အဲလိုပြောလိုက်တော့ ကျနော်က ...
“ဗိုလ်မှူးနဲ့ကတော့ ထောင်အာဏာပိုင်နဲ့ဆိုတော့ ကျနော်က ပြောစရာရှိတာ ပြောရမှာပေါ့၊ ဒါပေမယ့် ဒီလူ ၃ ယောက်ကတော့ သစ္စာဖောက်တွေပဲ၊ လက်နက်ချတွေပဲ။ ကျနော့်မှာ သူတို့နဲ့ ပြောစရာ ဘာစကားမှ မရှိဘူး”
လို့ ကျနော် ပြောလိုက်တယ်။ ဒါဟာ ဦးတင်ညွန့်ပြောပြတာကို ကျနော်ကြားပြီးကတည်းက စဉ်းစားထားတဲ့ စကားတွေ။
အိုး … အဲဒီအချိန်မှာ ဗိုလ်မှူးစိုးမြင့်ဆိုတဲ့သူက အကြီးအကျယ် ဒေါပွသွားတယ်ဗျို့၊ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ အိနြေ္ဒကို မဆယ်နိုင်ဘူး။ စကားပြောတော့လည်း အစကတော့ ‘ခင်ဗျားနဲ့ ကျနော်’ကနေ ချက်ချင်း ‘မင်းနဲ့ ငါ’ ဖြစ်သွားတယ်။ ဟို ၃ ကတော့ သိပ်မပျက်ဘူး။ သူတို့ ၃ ယောက်က ဒီဘက်မှာ ဗိုလ်မှူးစိုးမြင့်ထက် ဝါရင့်တာ သိပ်ပြီး သေချာတယ်။
ဒါပေမယ့် ဘယ်လိုပဲပြောပြော သူတို့နဂိုက စဉ်းစားထားတဲ့ ကျနော့်ကို ကျနော့်အကို ကိစ္စပြောပြပြီးတော့ မိချောင်းမျက် ရည်ကျပြမယ်ဆိုတဲ့ အစီအစဉ် ပျက်သွားတယ်။ နောက်ဆုံး သူတို့အချင်းချင်းပဲ စကားပြောကြတယ်၊ တိုးတိုး တိုးတိုးနဲ့။ “အင်း … ရုပ်ကတော့ သူ့အကိုနဲ့ ဆင်သားပဲ” ဒီလောက်ပဲ ပြောတယ်။ အခြားတော့ သူတို့ ဘာမှမပြောကြတော့ဘူး။ တခါတည်း နှုတ်ပိတ် သွားတယ်။ ကျနော် ထိပ်ကနေ ပိတ်ပြောလိုက်လို့။
ဗိုလ်မှူးစိုးမြင့်ဆိုတဲ့လူကတော့ ပြောရင်းပြောရင်း ဒေါသထွက်ထွက်လာတယ်။ ထိန်းလို့ မရဘူး။ သူကပြောလည်း ကျနော်ကတော့ ဘာမှမပြောဘူး။ နားထောင်နေတာပဲ။ ပြောရင်းပြောရင်းနဲ့ နောက်ကျတော့ စိန်ခေါ်တဲ့သဘောတွေ၊ ပြိုင်တဲ့သဘောတွေ ပါလာတယ်။ တခါကျတော့သူက
“မင်းက ဘာမှမသိဘဲ ပြောနေတာ၊ မင်းတို့ ဗဟိုရှိတဲ့ ရိုးမကိုသွားရင် မင်းလည်းသေမှာ၊ မင်းသွားရဲသလား။ သွားမယ်ဆို ငါ အခုထုတ်သွားပြီး မင်းကို ငါတို့ကိုယ်တိုင် လိုက်ပို့ပေးမယ်”
လို့ ပြောတယ်။ ဟာ … ဒီအထိပြောလာတာတော့ လွန်လာပြီလို့ ကျနော် စဉ်းစားမိတယ်။ (ဒါပေမယ့် သူတို့ ပြောတဲ့အတိုင်း လိုက်သွားလို့ရှိရင်လည်း လမ်းမှာ သတ်ပစ်လိုက်မှာ သေချာတယ်။) အဲ့တော့ ကျနော်က ခပ်အေးအေးပဲ ...
“ဒါဖြင့်လည်း ခင်ဗျားတို့ လွှတ်ကြည့်ပါလား၊ လိုက်ပို့ဖို့ မလိုပါဘူး”
လို့ တခွန်းပဲ ပြန်ပြောလိုက်တယ်။
အဲ့တော့ သူဘာမှ ဆက်မပြောတော့ဘူး။ နှုတ်ပိတ်သွားတယ်။ အဲ့လို လွှတ်ပေးမယ်လို့လည်း သူ အာမခံလို့ မရဘူးလေ။ ဒါပေမယ့် အကြီးအကျယ်ကို မျက်နှာပျက်သွားတယ်။ နောက်ဆုံးကျတော့ ပြောစရာကို မရှိလောက်အောင် နှစ်ဖက်ဖြစ် သွားကြတယ်။
နောင် … ကျနော် ထောင်က လွတ်လာတဲ့အခါကျတော့ ထောက်လှမ်းရေးကရော၊ ခုနက မြရာပင်အဖွဲ့က လူတွေကပါ ကျနော့်ဆွေမျိုးတွေ၊ ကျနော်တို့နဲ့ သိတဲ့သူတွေကို ကြုံတိုင်းကြုံတိုင်း ကျနော်က ‘သိပ်ခေါင်းမာတာပဲ’ လို့ လျှောက်လျှောက်ပြောကြတယ်။ အဓိပ္ပာယ်က မလွတ်တာလည်း မဆန်းဘူးလို့ ဆိုချင်သလား မသိပါဘူး။
ဒီလိုနဲ့ပဲ ကျနော်တို့စကားဝိုင်းဟာ အရည်ရရ အဖတ်ရရ ဘာမှမရှိဘဲနဲ့ ကျနော်ကို တိုက်ခန်းထဲ ပြန်ပို့လိုက်တယ်။ တိုက်ခန်းထဲ ပြန်ရောက်တော့ အင်မတန် စိုးရိမ်တကြီးနဲ့စောင့်နေတဲ့ ဦးတင်ညွန့်ကို တွေ့ရတယ်။ တပ်ထားတဲ့ မျက်မှန်ကြားထဲက မျက်လုံးလေးတွေ ဝိုင်းလို့ ကျနော့်ကိုမျှော်နေတာ။ ပြီးတော့ ကျနော်တို့ ၂ ယောက်သား အဲဒီအကြောင်းတွေ ပြန်ပြီး ပြောကြ၊ စားမြုံ့ကြတာပေါ့။
နောက် ဘာမှမကြာဘူး။ ရက်ပိုင်းအတွင်းပဲဖြစ်မယ်။ ကျနော်တို့ ၂ ယောက်ကို အင်းစိန်တွဲဖက်ထောင်ကို ပို့လိုက်တယ်။ တွဲဖက်ထောင် အဆောင် ၁ မှာ ကျနော်တို့ နေရတယ်။ (ကျနော်တို့ ကျွန်းမသွားခင်တုန်းကတော့ အဆောင် ၂ မှာ) အဲဒီတုန်းက အင်းစိန်တွဲဖက်ထောင်ကြီးထဲမှာ လူက နည်းနည်းလေးပဲရှိတယ်။ လွှတ်ကုန်ပြီကိုး။ အခုက လက်ကျန်လေးပဲ ကျန်တော့တာ။ အဲ့တော့ ထောင်ကြီးတခုလုံး ထားတဲ့သူတွေက ချောင်နေတယ်။ အဆောင် အားလုံးပေါင်း ၆ ခုလား၊ ၇ ခု လား ရှိတာ။
အဲ … လူက ၁ဝ ယောက်လောက်ပဲ ရှိတယ်ထင်တယ်။ နောက် အားလုံးကလည်း ကျွန်းက ပြန်လာကြတဲ့ သူတွေချည်းပဲ။ ကျနော်မှတ်မိသလောက် ကျနော်နဲ့ အတူနေရတာက ခုနက ဦးတင်ညွန့်၊ လူထုကိုစိန်ဝင်း၊ (မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီဖြစ်လာတဲ့) ပြည်သူ့ရဲဘော်က ခေါင်းဆောင် ဗိုလ်မျိုးထွဋ်၊ နောက်ပြီးကတော့ ဗိုလ်ဟိန္ဒက၊ ဗမာပြည်ကွန်မြူနစ်ပါတီကို အကူအညီပေးလို့ အဖမ်းခံရတဲ့ ဦးချစ်ဆွေ၊ အဲ့ဒီလူတွေလောက်ပဲရှိတယ်။ ဒါ ကျနော်နဲ့ အတူ နေရတဲ့အဆောင်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment