သွားမဲ့ည
မှောင်တာ တူတာပဲလား
ဖနောင့်မှာ
မနုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား
ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား
ညကို လမ်းလျှောက်
တောင်မြောက်ကို ကြည့်ခွင့်မရတာ
အပြစ်လား
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက် …..
တိုက်လိုက်ပါ
ဒါပြီးရင်လေ
သူတို့က
ပါရီက နံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို ကောင်းကောင်းပြောပြလိမ့်မယ်
ဆေးရေးနုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့
ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့
မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့
ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်
ပြီးတော့ စစ်တွေနဲ့ညှပ်ထားတဲ့
ပေါင်မုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ်
ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီး ထွက်ခွာသွားမြဲ … ...။
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့
အိုကိုးရဲ့ဘဝထဲမှာ ….
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော် … …။
ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment