Sunday, April 11, 2010

မြေဇာပင်နိုင်ငံများ (နိဂုံးပိုင်း)

အမှန်တော့ တောထဲထွက်ပြေးပြီး လက်နက်ကိုင်တိုက်ပွဲဆက်တိုက်နေသူတွေက တနေ့နေ့မှာတော့ အမေရိကန်တွေဟာ ကျိန်းသေပြန်ရောက်လာပြီး သူတို့ကိုကူညီလိမ့်မယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲသည်အချိန်တုန်းက မိသားစုများ အပါအဝင် လူပေါင်း ၇၈,ဝဝဝ လောက် (အဲသည်ထဲမှာ လူ ၁၅,ဝဝဝ လောက်က လက်နက်ကိုင်နိုင်တယ်) အမေရိကန်ကူညီလိမ့်ဦးမယ်လို့ ယူဆချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လုပ်ခဲ့ကြတယ်။

အခု နှစ်ပေါင်း ၃ဝ ကျော် ၄ဝ နီးပါးကြာတော့ အမေရိကန်တွေ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူးဆိုတာ သူတို့သိကြပါပြီ။ နောက်ဆုံးတော့ ကွန်မြူနစ်တွေကို သူတို့အရှုံးပေးလိုက်ရပြီဖြစ်တယ်။

ဒါပေမယ့် သူတို့မှာ အခြားရွေးစရာလမ်းမရှိပါ။ ထိုင်းနိုင်ငံဘက်ကိုလည်း ကူးလို့မရ။ ကွန်မြူနစ်တွေရဲ့ အကျဉ်းစခန်းတွေထဲမှာလည်း မနေနိုင်။ ဒါ့ကြောင့် ကမ္ဘာဦးလူသားဘဝကို ပြန်ရောက်ရင်း တောထဲ တောင်ထဲမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ရောဂါအမျိုးမျိုး ဒဏ်ခံပြီးနေနေရပါတယ်။

ယခုအချိန်ထိ (Hmong)မှုန်းလူမျိုး ၁ဝဝ,ဝဝဝ လောက် လာအိုကနေ ထိုင်းနိုင်ငံကို ထွက်ပြေးကြပြီလို့ ဆိုတယ်။ လူသောင်းပေါင်းများစွာကလည်း ၁၉၇၅ ကနေ ၁၉၈ဝ ခုနှစ်အတွင်းမှာ သေဆုံးကုန်ပြီလို့ တရားမဝင် စာရင်းဇယားများအရ သိရတယ်။ အခြား မှုန်းလူမျိုး ၂,ဝဝဝ လောက်ကတော့ ပသက် လာအို ထိမ်းသိမ်းရေး စခန်းတွေမှာ ရှိနေဆဲပဲ။

၁၉၈ဝ ကျော်ခုနှစ်များမှာတော့ ပြင်ပအကူအညီ အနည်းအပါးပဲရတာကြောင့် မှုန်းခုခံရေးစစ်ပွဲဟာရှိတယ်လို့ ဆိုရုံလေးပါပဲ။ အမေရိကားမှာတော့ (Hmong Community)ဟာ လူ ၁ဝဝ,ဝဝဝ လောက် ရှိနေပါပြီ။ လာအိုအစိုးရကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်တော့ပေမယ့် ထို မှုန်းခုခံရေးအုပ်စုတွေကတော့ တတ်နိုင်သ၍ တိုက်ပွဲဝင်နေဆဲပါ။

ဒါပေမယ့် စစ်အေးခေတ်အပြီး ယိုးဒယားလိုနိုင်ငံရဲ့အစိုးရတွေက အင်ဒိုနီးရှားကို စစ်ပွဲဒေသအဖြစ်ထက် အရောင်းအဝယ်ဒေသအဖြစ် ပြောင်းလဲကျင့်သုံးလာတာကြောင့် အကူအညီပေးမှုတွေက တဖြည်းဖြည်း လျော့ကျလာတာမို့ (Hmong)ခုခံစစ်ဟာ ရပ်တည်နိုင်ရေးအဆင့်ထက် မပိုတော့ပါဘူး။ ၂ဝဝ၄ ခုနှစ် ဧပြီလအထိ (Hmong)မှုန်းလူမျိုး ၁၇,၆၆၉ ဦး တောထဲတောင်ထဲမှာ ရှိနေကြပါသေးတယ်။ ၂ဝဝ၇ အကုန်လောက်မှာတော့ ၄,ဝဝဝ လောက်ပဲ ကျန်ပါတော့တယ်။ တချို့က လက်နက်ချပြီး တချို့က ထိုင်းနိုင်ငံကို ထွက်ပြေးကြတာပါ။

(Hmong)မှုန်းလူမျိုးစုတွေအဖို့ နောက်ဆုံး သစ္စာဖောက်ခံရတာတချက်ကတော့ ၂ဝဝ၇ ဇွန်လအတွင်းက ဖြစ်ပါတယ်။ Gen Vang Pao နဲ့ သူ့လက်ထောက် ၁ဝ ယောက်လောက်ဟာ ကယ်လီဖိုးနီးယားမှာ အဖမ်းခံရတယ်။ ဒေါ်လာ ၉.၈ သန်းဖိုးတန်တဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်တွေဝယ်ယူပြီး လာအိုအစိုးရကို ဖယ်ရှားဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိရရင် Gen Vang Pao ဟာ တသက်တကျွန်းကျခံရမှာ ဖြစ်ပါတယ်။ (Hmong) မှုန်းလူမျိုးစုတွေအဖို့ ဘယ်လောက် ခါးသီးနာကျည်းဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံပါလဲ။

၂ဝ၁ဝ ခု ဖေဖော်ဝါရီလ ၁ဝ ရက်ထုတ် Nation သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ (Hmong)မှုန်းဒုက္ခသည်တွေကို လာအိုနိုင်ငံကို ပြန်ပို့တဲ့ကိစ္စအပေါ် ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်။ ဟိုတုန်းက ဘယ်လောက်ပဲ ရန်ညှိုး ရန်စတွေရှိရှိ အခုချိန်မှာတော့ ဒါတွေကိုသင်ပုန်းချေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လာအိုကွန်မြူနစ်အစိုးရက လုပ်ပါ့မလားဆိုတဲ့အပေါ်လည်း မေးခွန်းထုတ်စရာပါ။

ဗီယက်နမ်စစ်အပြီးမှာ (Hmong)လူမျိုးစုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့သစ္စာဖောက်ခံ ဒါမှမဟုတ် မေ့ပစ်ခံရတဲ့ တခုတည်းသောလူမျိုးစုတော့ မဟုတ်တော့ပါဘူး။ ၁၉၆ဝ ခုနှစ်ကျော်နှစ်များက (Hmong) လူမျိုးစုတွေကို လာအိုစစ်ပွဲထဲဆွဲသွင်းခဲ့တဲ့အချိန်နဲ့ တချိန်တည်းမှာလိုပဲ CIA ဟာ တောင်ဗီယက်နမ်ရဲ့ ကုန်းမြင့်ဒေသတွေက တောင်ပေါ်ဒေသလူမျိုးများကို ဗီယက်နမ်ကွန်မြူနစ်တွေရဲ့ ထိမ်းချုပ်မှုကိုဟန့်တားဖို့ စစ်ပွဲအတွင်း ဆွဲသွင်းခဲ့ပါသေးတယ်။ (ဒါကို နောက်အပတ်မှာ အကျယ်ရေးပါမယ်)

စစ်အေးခေတ်ရဲ့အခြားဘက်တဖက်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း တင်ပြရပါမယ်။ သိကြတဲ့အတိုင်း စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲဆိုတာ ပြင်သစ်တွေဆုတ်သွားရပြီးနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ အင်ဒိုချိုင်းနား ၃ နိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကတဖက်၊ တရုတ်၊ ရုရှားက အကြီးအကျယ် ကူညီထောက်ပံ့ထားတဲ့ ကွန်မြူနစ်အင်အားစုတွေကတဖက် ဖြစ်ခဲ့တဲ့စစ်ပွဲပါ။

စစ်အေးခေတ်ရဲ့နိုင်ငံရေးအကြပ်အတည်းကို အမြင့်မားဆုံးစစ်ပွဲ အသွင်သဏ္ဍာန်နဲ့ ဖြေရှင်းမှုရဲ့ နမိတ်ပုံရိပ်ဆိုရင်လည်း မမှားပါ။

စာလေးသွားမှာစိုးလို့ အတိုချုပ်ပြောရအောင်။ ၁၉၇၅ ဧပြီလ ၁၇ ရက်နေ့မှာ ကွန်မြူနစ်ခမာနီတွေ ကမ်ပူးချားမှာ အာဏာရတယ်။ ၁၉၇၈ ခု ဧပြီလ ၃ဝ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲပြီးသွားလို့ ဗီယက်နမ် ကွန်မြူနစ်တွေ အောင်ပွဲရတယ်။ ၁၉၇၈ ဒီဇင်ဘာလ ၂၅ ရက်မှာတော့ ဗီယက်နမ်စစ်တပ်က နယ်စပ်ကို ဖြတ်ကျော်ပြီး ရက်ပေါင်း ၂ဝ အတွင်းမှာ ကမ်ပူးချားမြို့တော် ဖနွမ်းပင်ကို သိမ်းလိုက်တယ်။ သိပ်မကြာပါဘူး၊ ၁၉၇၉ ဖေဖော်ဝါရီလမှာတော့ တရုတ် ကွန်မြူနစ်တပ်တွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဗီယက်နမ်ကို ဝင်တိုက်တယ်။ ကွန်မြူနစ်တွေ အချင်းချင်းဖြစ်တဲ့ စစ်ပွဲဆိုလည်း မမှားပါ။

ဗီယက်နမ်တွေဝင်သိမ်းလို့ ထိုင်းနယ်စပ်ကိုဆုတ်ခွာသွားရတဲ့ ခမာနီတွေကို ထိုင်းအစိုးရက ခိုလှုံရာနေရာတွေ ပေးထားတယ်။ အမေရိကန်ကလည်း ထိုင်းကနေတဆင့် ကူညီတယ်။ တရုတ်ကတော့ ထိုင်းပင်လယ်ကွေ့ထဲက ထိုင်းဆိပ်ကမ်းမြို့တွေကတဆင့် သူ့လက်နက်တွေကို ခမာနီတွေရှိနေတဲ့ ထိုင်း-ကမ်ပူးချား နယ်စပ်ကို ပို့ပေးပါတယ်။

သည်လို တရုတ်လက်နက်တွေကို ထိုင်းနယ်မြေကိုဖြတ်ကျော်ပြီး ခမာနီတွေဆီပို့ပေးဖို့ ခွင့်ပြုပေးရလို့ ထိုင်းနိုင်ငံကရတဲ့ အကျိုးအမြတ်ကတော့ ထိုင်းကွန်မြူနစ်ပါတီကို တရုတ်ကဆက်ပြီး ရုပ်ဝတ္ထုပစ္စည်း အကူအညီ မပေးတော့ပါဘူးဆိုတဲ့ ကတိကဝတ်ပါပဲ။ ၁၉၈၉ ခုမှာ ဗီယက်နမ်တွေ ကမ်ပူးချားက ဆုတ်ခွာတော့ ဆယ်နှစ်တာ ကမ်ပူးချားစစ်ပွဲမှာ ပေးလိုက်ရတဲ့ဆုံးရှုံးမှုက ဗီယက်နမ်စစ်သား ၅၂,ဝဝဝ ကျဆုံးပြီး ၂ဝဝ,ဝဝဝ ကျော် ဒဏ်ရာရခဲ့တာပါပဲ။ ကမ်ပူးချားပြည်သူတွေ ဘယ်လောက် သေကြေမယ်ဆိုတာ စဉ်းစားကြည့်ပေတော့။

သည်အဖြစ်အပျက်တွေဟာ အနီးခေတ် အရှေ့တောင်အာရှမှာဖြစ်ပျက်ခဲ့တဲ့ စစ်အေးတိုက်ပွဲရဲ့မှေးမှေးမှိန်မှိန် ပုံရိပ်တချို့ပါ။ ဆိုးတာက ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ဖြစ်ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ရင်နာဖွယ်၊ ကြေကွဲဖွယ်၊ နာကျည်းဖွယ်အဖြစ်ပါ။ ကျွဲတွေကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ မြေဇာပင်ဆိုတာ ရှိတယ်တောင် မအောက်မေ့ကြပါဘူး။

သည်လိုပဲ မဟာအင်အားကြီးနိုင်ငံတွေကလည်း သူ့အကျိုးစီးပွားအတွက် သူ့ပေါ်လစီအတွက် နိုင်ငံငယ်လေးတွေကို အသုံးချနေတာပါ။ “မွှေးတုန်းတော့ဖြင့် ပန်ချင်ပြန်တယ်၊ နံရင် ပစ်ပယ်” ဆိုသလို သူတို့အကျိုးစီးပွားတည့်တုန်းတော့ ပွဲထုတ်ပါလိမ့်မယ်။ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတော့ဘူးဆိုရင်တော့ မိတ်ဆွေဟောင်းတွေကိုလည်း ပြောင်သစ္စာဖောက်ဖို့ ဝန်မလေးပါ။ မစားရဝခမန်း စကားအလှတန်ဆာဆင် ပြောနေပေမယ့် လက်တွေ့မှာ သူတို့အကျိုးစီးပွားပါပဲ။ ဒါကလည်း မဆန်းပါဘူး။ နိုင်ငံရေးမှာ ဆိုရိုးတခုရှိတယ် မဟုတ်လား။ “ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားပဲရှိတယ်” လို့။

တချို့က ဝေဖန်မယ်။ စစ်အေးခေတ်ကုန်သွားပြီ။ နိုင်ငံတကာအကျိုးစီးပွားတွေက တခုနဲ့တခု ဆက်စပ်နေကြပြီ။ စစ်အေးခေတ်ကလို အဖြစ်အပျက်တွေ မဖြစ်နိုင်တော့ပါဘူးလို့။ မှန်ပါတယ်။ ထပ်တူထပ်မျှ တူတာတွေတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘယ်နိုင်ငံမှ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ကိစ္စတွေကို စိတ်ခံစားမှု အခြေခံတွေပေါ် မူတည်ပြီး မလုပ်ဘူး။ ရှုံးမဲ့မြင်းကို မလောင်းဘူး။ အားမရှိတဲ့သူကို မလေးစားဘူး။ သနားတာလောက်တော့ ရှိမှာပေါ့။

ဒါ့ကြောင့် အဖြစ်အပျက်တွေဟာ ပုံသဏ္ဍာန်အရ ပြောင်းချင်ပြောင်းမယ်။ အနှစ်သာရအရကတော့ သည်လို အဖြစ်အပျက်တွေဟာ ပုံစံတမျိုးနဲ့ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေရှိနေဆဲပါ။ သူတို့နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာကစားကွက်ထဲ မရောက်ဖို့ လိုပါတယ်။ မြန်မာပြည်ဟာ မြေဇာပင်နိုင်ငံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါဖြင့် ဘာလုပ်ကြမလဲ၊။

အမှီအခိုကင်းရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ ပြည်သူလူထုနဲ့အတူရှိနေရေး၊ ခေတ်နဲ့အညီ ပြောင်းလဲနေမှုတွေအပေါ် မျက်ခြည်မပြတ်ရေး၊ တီထွင်ဆန်းသစ်ရေး၊ မျိုးဆက်သစ်လူငယ်တွေကို လေ့ကျင့် ပျိုးထောင်ရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ စကားအလှတန်ဆာတွေကို လက်တွေ့ လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ပါမှ ကျနော်တို့နိုင်ငံကြုံတွေ့ရမဲ့ ခြိမ်းခြောက်မှုတွေ၊ ထောင်ချောက်တွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

အဓိက ကတော့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ အမျိုးသားညီညွတ်ရေးအပေါ်အခြေခံပြီး လူထုအကျိုး သည်ပိုးနိုင်ကြဖို့ပါ။ သည်လို လုပ်နိုင်ဖို့ဆိုတာလည်း အနာဂတ်ခေါင်းဆောင်သစ်တွေရဲ့ အမြော်အမြင်ပေါ် မူတည်နေပါတယ်။ သူတို့လေးတွေရဲ့ အမြော်အမြင်ကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို သူတို့ ဘယ်လိုပုံစံနဲ့ အသုံးချမယ်။ ဘယ်နည်းဘယ်ပုံ ဆက်စပ်သွားမယ်ဆိုတဲ့ အသိညဏ်အပေါ်မှာ မှီတည်နေတယ်ထင်လို့ သည်စာကို ရေးပါတယ်။

မြင်းရည်တက်ဦးသာ

ကိုးကား
1. Conflict (Nelsen Rand)
2. From Ladle to Exile (Bui Tin)
3. Nation Feb 10, 2010.

ဓာတ်ပုံ- www.zicasso.com

No comments: