Saturday, September 3, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 2

မိတ်ဆွေတို့ဟာ ကျွန်မတို့ရဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ဗမာတွေက အရွယ်ကောင်းလို့ ပြောကြမယ့် အမျိုးသမီးတွေနဲ့ အမျိုးသားတွေကိုလည်း တွေ့ကြရပါလိမ့်မယ်။
ဆိုလိုတာက သူတို့ဟာ အသက် ၄၀ ကျော် အရွယ်ပိုင်းတွေဖြစ်တယ်လို့ ဆိုလိုတာပါ။ သူတို့ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ဝင်ရောက်လာချိန်က သူတို့ဟာ အသက် ၂၀ ကျော်အရွယ်ပိုင်း ဒါမှမဟုတ် ဆယ်ကျော်သက် အနှောင်းပိုင်းအရွယ်မှာ ရှိနေဆဲတောင် ဖြစ်တဲ့သူတွေပါ။ နုပျိုလန်းဆန်းတဲ့ မျက်နှာ ကြည်လင်တောက်ပတဲ့ မျက်လုံးရှိကြပြီး ဒီမိုကရေစီအရေးကို စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ ဝင်ရောက် လုပ်ကိုင်နေသူတွေပါ။

အခု သူတို့ဟာ အရင်ကလောက် စကားအများကြီးမပြောဘဲ အရင်ကထက် ပိုပြီး ရင့်ကျက်လာပါတယ်။ ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာလာပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ပြင်းထန်မှုဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဘဝ ဒဏ်ရာဒဏ်ချက်တွေကြောင့် အရည်အသွေး မြင့်တက်လာပါတယ်။ သူတို့ကို ထောင်ကျဖူးသလားလို့ သွားမမေးပါနဲ့။ ဘယ်နှကြိမ် ထောင်ကျဖူးသလဲလို့ မေးကြည့်ပါ။


နောက်ပြီးတခါ လူငယ်တွေ ရှိပါသေးတယ်။ ဒါပေမယ့် အစစ်အဆေး အမေးအမြန်းတို့၊ အဖမ်းအဆီး အချုပ်အနှောင်တို့ ဆိုတာတွေနဲ့ သူစိမ်းပြင်ပြင်ကြီး ဖြစ်လောက်အောင် ငယ်ရွယ်သူတွေတော့ မဟုတ်ပါဘူး။ သူတို့ရဲ့မျက်နှာတွေဟာ မျှော်လင့်ချက်ရောင်ခြည်နဲ့ ဝင်းပနေပါတယ်။ ဒါပေမယ့် လေးနက်တဲ့ မျက်နှာတွေပါ။ အယူအမြင်လွဲမှားမှု အရိပ်အယောင် ကင်းရှင်းတဲ့ မျက်နှာတွေပါ။ သူတို့ ဘယ်ကိုရောက်နိုင်တဲ့ခြေလှမ်း လှမ်းမိပြီလဲဆိုတာ သိပါတယ်။ သူတို့ဟာ အနာဂတ်ကာလကို အမြင်ရှင်းရှင်းနဲ့ စိန်ခေါ်ခဲ့ကြတာပါ။

သူတို့ရဲ့လက်နက်တွေက သူတို့ရဲ့ ယုံကြည်မှု၊ သူတို့ရဲ့ ဘေးရန်အကာအကွယ်က သူတို့ရဲ့စိတ်ဓာတ်ပြင်းထန်မှု၊ ကျွန်မတို့ရဲ့ စိတ်ဓာတ်ပြင်းထန်မှု။ ဒီစိတ်ဓာတ်ပြင်းထန်မှုဟာ ဘာအတွက်ပါလဲ။ ကျွန်မတို့ဟာ နေရိုးနေစဉ်နေထိုင်တဲ့ ဘဝရဲ့ သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်ပြီး စိတ်ဓာတ်ပြင်းပြင်းထန်ထန်နဲ့ ခွန်အားစိုက်ထုတ်လုပ်ကိုင်နေကြတာ ဘယ်လို နိုင်ငံအရေးအတွက် ဖြစ်ပါသလဲ။

အစိုးရဝါဒဝေဖန်သူရဲ့ အခြေခံလုပ်ငန်းနဲ့ ပတ်သတ်ပြီး ဗာကလက်ဟာဘယ် ရဲ့ ဖွင့်ဆိုချက်ကို ပြန်ပြောရမယ်ဆိုလို့ရှိရင် …
ကျွန်မတို့ဟာ လူပုဂ္ဂိုလ်အသီးသီးနဲ့ လွတ်လပ်ပြီး အမှန်တရားပြည့်ဝတဲ့ဘဝမှာ နေထိုင်ပိုင်ခွင့်ကို ကာကွယ်ရေးအတွက် ခွန်အားစိုက်ထုတ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရမယ်ဆိုလိုရှိရင် ကျွန်မတို့ရဲ့ စိတ်ဓာတ် ပြင်းထန်မှုဟာ လွတ်လပ်ခွင့်အတွက် ဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းထန်မှုကို ပင်ပန်းဆင်းရဲမှုဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြန်ဆိုချက် ရှိပါတယ်။ ဘာသာရေး အစပ်အဆက်နဲ့ပြောရမှာလိုပဲ နိုင်ငံရေး အစပ်အဆက်နဲ့ ပြောတဲ့အခါမှာလည်းပဲ ဒါဟာ ကိုယ့်ဖာသာကိုယ် ရွေးချယ်တဲ့ ပင်ပန်းဆင်းရဲမှုဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်မကတော့ ပြောချင်ပါတယ်။

ကျွန်မတို့ ရှောင်ချင်တဲ့ အခြေအနေတွေထဲ အတင်းဝင်ဖို့ တမင်တကာ ဆုံးဖြတ်တာမျိုး ဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ ပင်ပန်းဆင်းရဲမှုကို မနှစ်သက်ပါဘူး။ ကျွန်မတို့ဟာ ကိုယ်စိတ်ဆင်းရဲခံပြီး အပျော်ရှာတဲ့ အကျင့်ရှိသူတွေ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ တခါတလေမှာ ကျွန်မတို့ မလိုချင်ပါဘဲလျက် ပင်ပန်းဆင်းရဲမှုကို ကိုယ့်ဖာသာ ရွေးချယ်နိုင်ကြတာ အကြောင်းအရင်းက ကျွန်မတို့ စိတ်ဓာတ်ပြင်းပြင်း ထန်ထန်နဲ့ လိုချင်နေတဲ့အရာကို ကျွန်မတို့ တန်ဖိုးကြီးကြီးမားမား ထားကြလို့ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလတုန်းက မြန်မာနိုင်ငံမြောက်ပိုင်းက မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဒီပဲယင်းမြို့ကို စည်းရုံးရေးခရီးထွက်စဉ်မှာ ကျွန်မနဲ့အတူလိုက်ခဲ့ကြတဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေရဲ့ မော်တော်ကားတန်းကြီးဟာ စစ်အစိုးရအမိန့်နဲ့လုပ်တာလို့ ယူဆရတဲ့ အမည်မသိ တိုက်ခိုက်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်သူတွေ ဘာဖြစ်ကုန်ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့အထိ ဘာသတင်းမှ မကြားခဲ့ရပါဘူး။ ဒါပေမယ့် သူတို့တိုက်ခိုက်တာကို ခံခဲ့ရတဲ့ ကျွန်မတို့ကတော့ အဖမ်းအဆီးခံခဲ့ကြရပါတယ်။ ကျွန်မဆိုလို့ရှိရင် နာမည်ဆိုးကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်ကို ခေါ်သွားခံရပြီး တယောက်တည်းနေရတဲ့အခါမှာ အကျဉ်းချခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ ဝန်ခံရပါမယ်။ တခြားအကျဉ်းသားတွေနေတဲ့အဆောင်နဲ့ တသီးတခြားဆောက်ထားတဲ့ အိမ်ကလေးမှာ ကောင်းကောင်းမွန်မွန် ထားတာကို ကျွန်မခံခဲ့ရပါတယ်။ နံနက်ခင်းတခုမှာတော့ ကျွန်မဟာ နေ့စဉ်လုပ်နေကျ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လှုပ်နေပါတယ်။

ကျန်းမာနိုင်သမျှ ကျန်းမာအောင် နေထိုင်ခြင်းဟာ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ပထမဆုံးတာဝန်တခုဖြစ်တယ်လို့ ကျွန်မက ယူဆပါတယ်။ အဲဒီလို လေ့ကျင့်ခန်းလုပ်နေတုန်းမှာ ကျွန်မရဲ့အတွေးက ဒီပုံစံနဲ့နေတာဟာ ငါရဲ့စိတ်ဓာတ်၊ ငါ့ရဲ့ သဘာဝနဲ့ မကိုက်ပါလားဆိုတဲ့ အတွေးဖြစ်တာကို တွေ့ရပါတယ်။

ကျွန်မဟာ အခုလို စိတ်အေးလက်အေး ဆက်ပြီး နေထိုင်နိုင်စွမ်းရှိသူဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ကျွန်မနဲ့အတူ ဒီပဲယင်းမြို့ကို ထွက်ခဲ့ကြသူတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ခေါင်းကွဲမတက် ပူပင်သောကရောက်ရင်းနဲ့ ကျွန်မရဲ့အိပ်ရာထဲမှာ တုံးတုံးချိချိနဲ့ ခွေခွေကလေး လဲနေသူ ဖြစ်ခဲ့မှာပါ။ သူတို့အထဲက ဘယ်နှယောက်များ ကြမ်းကြမ်းတမ်းတမ်း အရိုက်အနှက်ကို ခံခဲ့ရပြီးပြီလဲ။ သူတို့အထဲက ဘယ်နှယောက်များ ဘယ်နေရာမှန်း ကျွန်မ မသိတဲ့နေရာကို ဆွဲခေါ်သွားတာ ခံခဲ့ရပြီးပြီလဲ။ သူတို့အထဲက ဘယ်နှယောက်များ သေဆုံးကုန်ကြပြီလဲ။ နောက်ပြီး ကျန်တဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေကော ဘာဖြစ်နေကြသလဲ။ ကျွန်မဟာ ပူပင်သောကစိတ်၊ အသေအချာ မသိနိုင်တဲ့စိတ်တွေကြောင့် မလှုပ်ချင် မရှားချင် ဖြစ်နေခဲ့မှာပါ။

အခုလို ကျန်းမာရေး လေ့ကျင့်ခန်း လိုက်စားသူတယောက်ရဲ့ အသိဉာဏ်မျိုးနဲ့ လေ့ကျင့်ခန်းလုပ်နေတာဟာ ကျွန်မရဲ့စိတ်ဓာတ်၊ ကျွန်မရဲ့သဘာဝနဲ့ မကိုက်ပါဘူး။ အဲဒီအချိန်မှာ အက်တမာကိုဘာ ရေးခဲ့တဲ့စာကြောင်းတွေဟာ ကျွန်မရဲ့ခေါင်းထဲမှာ မပေါ်ခဲ့ပါဘူး။
မဟုတ်၊ ဤ အချင်းအရာသည် ငါ၏ စိတ်နေသဘာဝ မဟုတ်၊ ယခု ပင်ပန်းဆင်းရဲခံစားသူသည် တခြားသူတယောက် ငါကား ထိုအဖြစ်အပျက်နှင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မည်သည့်အခါမှ လက်မခံနိုင်။ ဆိုတဲ့ စာကြောင်းတွေပါ။

အဲဒီနောက် အချိန်ကာလ အများကြီးကြာပြီးတဲ့အခါမှာမှ ကျွန်မရဲ့အိမ်ကိုပြန်ရောက်ပြီ။ ဒါပေမယ့် ထိန်းသိမ်းခံနေရဆဲအချိန် ရောက်တဲ့အခါမှာမှ ဒီဝတ်ပြုဆုတောင်းပွဲ စကားလုံးတွေဟာ ကျွန်မရဲ့ခေါင်းထဲပြန်ပေါ်ခဲ့ပါတယ်။ အဲဒီလို သတိရတဲ့အချိန်မှာ လူကို ကာယ ဗလ ခွန်အားကြီးတခုက လာပြီးထိခိုက်တာ ခံလိုက်သလောက်နီးပါး ကျွန်မ ခံစားလိုက်ရတဲ့ ခံစားချက်က ကျွန်မတို့ဟာ စိတ်ဓာတ်ခွန်အားနဲ့ ခံနိုင်ရည်စွမ်းပကားကို အလိုအပ်ဆုံး ဖြစ်နေတဲ့အချိန်မှာ အားကိုးအားထားပြုစရာဆိုလို့ မိမိတို့ရဲ့ အတွင်းစိတ်ဓာတ်အင်အားသာလျှင်ရှိကြတဲ့ ကျွန်မတို့တတွေကို ဆက်သွယ် ချည်နှောင်တဲ့ ခိုင်မာတဲ့ မေတ္တာဓာတ် ရိုက်ခတ်မှုဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


 

No comments: