မေး - ညီမလေး အခု ကျောင်းပြီးသွားပြီလား။ တခြား ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ - ကျောင်းကတော့ မပြီးသေးပါဘူး။ လက်ရှိမှာတော့ M.E (IT) ဘွဲ့အတွက် ကျောင်းတက်နေပါတယ်။ ပထမနှစ် second semester တက်နေပါတယ်။ ကျောင်းအပြင် IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ အင်္ဂလိပ် စာသင်တန်းတွေ တက်နေပါတယ်။
မေး - ကျောင်းပြီးသွားရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။
ဖြေ - ကိုယ်သင်ထားတဲ့ ပညာနဲ့ပဲ အလုပ်တွေ ဆက်လုပ်သွားချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံတွင်းမှာပဲ လုပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့လို လူမျိုးတွေကို အလုပ်ရှင်တွေက အလုပ်ခန့်ပါ့မလား။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ အလုပ်အကိုင် အခွင့်အလမ်းက အရမ်းနည်းပါတယ်။ မသန်စွမ်းတယောက်အနေနဲ့ မသန်စွမ်းမဟုတ်တဲ့သူတွေနဲ့ တန်းတူလုပ်နိုင်ဖို့ ခဲယဉ်းပေမယ့် လူထဲက လူတွေဖြစ်တဲ့အတွက် သူတို့ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရရှိဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မသန်စွမ်းတဲ့သူတွေလည်း အလုပ်လုပ်ခွင့် ရကြတယ်။ ကုမ္ပဏီတခုမှာ လူတစ်ရာရှိရင် မသန်စွမ်းတဲ့သူက အယောက် ၂၀ လောက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံတွေမှာ မသန်စွမ်းသူတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကို အခွန်သက်သာခွင့်တွေအပြင် တခြားခံစားခွင့်တွေရကြတဲ့အတွက် မသန်စွမ်းသူတွေကို နေရာပေးတယ်။ မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေးလည်း မသန်စွမ်းမဟုတ်တဲ့ သူတွေလိုပဲ ပြေလည်ကြတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။
မေး - လူမှုရေးလုပ်ငန်းတွေမှာရော ပါဝင်ဖြစ်သေးလား။
ဖြေ - ကျောင်းတဖက်နဲ့ဆိုတော့ သိပ်အများကြီးတော့ မလုပ်ဖြစ်ပါဘူး။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှာ အလုပ်အမှုဆောင်တဦးအနေနဲ့ပဲ လုပ်ဖြစ်နေပါတယ်။ နောက်ပြီး အရှင်ဇဝန(မေတ္တာရှင်)နဲ့အတူ နာဂစ်ကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ နေနေရတဲ့ မိဘမဲ့ကလေးတွေဆီကို သွားပြီး စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲတွေ လုပ်ဖြစ်တယ်။ မိဘမဲ့ဖြစ်နေပေမယ့် စိတ်ဓာတ်မကျဖို့၊ ကြိုးစားကြဖို့အတွက် အဓိက ပြောဖြစ်ပါတယ်။
မေး - အခုနောက်ပိုင်း မသန်စွမ်းသူတွေကို နေရာပေးလာတာမျိုးတွေ နားလည်ပေးလာတာမျိုးတွေ အရင်ကထက်စာရင် လက်တွဲခေါ်တာမျိုးတွေ ရှိလာလား။
ဖြေ - အရင်တုန်းက မသန်စွမ်းသူတွေကို မှီခိုတဲ့သူတွေလို့ မြင်ကြတယ်။ အခုနောက်ပိုင်းမှာ မသန်စွမ်းသူတွေကို မြင်တဲ့အမြင် ပြောင်းလာပါပြီ။ မသန်စွမ်းသူတွေက ဘာမှမလုပ်နိုင်တဲ့သူတွေ မဟုတ်ဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေလို့ မြင်လာတယ်။
မေး - မြန်မာနိုင်ငံက မသန်စွမ်းသူတွေလည်း တခြားသူတွေလို အလုပ်အကိုင် အခွင့်အလမ်းတွေရှိလာဖို့ ဘာတွေ လိုအပ်မယ်လို့ ထင်လဲ။
ဖြေ - အဓိက ကတော့ မသန်စွမ်းသူတွေနဲ့ပတ်သက်တဲ့ ဥပဒေတရပ် အသက်ဝင်လာအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေမှာ မသန်စွမ်းသူတွေနဲ့ပတ်သက်လို့ ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်း လိုက်နာကြရတယ်။ ဥပဒေသာ တကယ် အသက်ဝင်လာမယ်ဆိုရင် မသန်စွမ်းသူတွေအတွက် အကျိုးအများကြီး ဖြစ်နိုင်ပါတယ်။
မေး - အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ ကလေးတွေ၊ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။
ဖြေ - သူတို့လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေကြရတာပါ။ တချို့က တကယ်လိုအပ်လို့ လုပ်နေရတဲ့သူတွေရှိသလို တစုံတဦးရဲ့စေခိုင်းချက်ကြောင့် မလုပ်ချင်ဘဲ လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။ အားလုံးက သူတို့စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရတာပါ။ တချို့ကလည်း သာယာသွားကြတယ်။ ဒီလို တောင်းရမ်းတာမျိုးက ငွေလွယ်လွယ်ရတော့ အလုပ်လုပ်ပြီးရတဲ့ငွေကို တန်ဖိုးမထားချင်ကြတော့ဘူး။ ပြောရမယ်ဆိုရင် အနာဂတ် မရှိကြတော့တာပေါ့။ ဒီလိုလူတွေက အသက်နည်းနည်းကြီးလာလို့ တောင်းလို့မရတော့တဲ့အခါမှာ ခိုးဝှက်မှုတွေ လုပ်လာတတ်ကြတယ်။ ကလေးငယ်တွေ ဒီလိုလမ်းပေါ်ရောက်နေတာ အဲဒီ ကလေးတွေအတွက်ရော နိုင်ငံရဲ့ အနာဂတ်အတွက်ရော မကောင်းပါဘူး။ ဒါကြောင့် သူတို့ လုပ်နိုင်လောက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမယ်၊ များများဖန်တီးပေးနိုင်မယ်ဆိုရင် အထိုက်အလျောက် လျော့နည်းသွားမယ်လို့ ထင်တယ်။
ကိုယ်ရေးအကျဉ်း
မွေးသက္ကရာဇ် - ၅- ၉- ၁၉၈၉
မိဘအမည် - ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်)၊ ဒေါ်ခင်ဆွေလဲ့
ဆယ်တန်းအောင်သည့် ခုနှစ် - ၂၀၀၅ / သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ
အမှတ်ပေါင်း - ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ
ရရှိခဲ့သည့် ဘွဲ့များ - B.Tech (IT), B.E (IT)
ရရှိခဲ့သည့် ဆုများ - စိတ်ဓာတ်ကြံ့ခိုင်ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား)၊ အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင် ပြပွဲ)၊ ဆယ်စုနှစ်ထူးချွန်ဆု ကျောင်းသူ (၂၀၀၄ ခုနှစ်)၊ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)၊ ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment