လောကမှာ လူရယ်လို့ဖြစ်လာကြရင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး အစရှိတဲ့ အရေးတွေကို လူသားတိုင်း မလွှဲမရှောင်သာ ရင်ဆိုင်ကြရမှာပါ။ ဒီအရေးတွေအားလုံးထဲမှာ ဘာသာရေးကလွဲရင် ကျန်အရေးတွေအားလုံးဟာ နှစ်ဦးနှစ်ဖက်အများနဲ့ ဆက်ဆံလုပ်ကိုင်ကြရတဲ့ အရာတွေပါ။ ဘာသာရေး (ဗုဒ္ဓဘာသာ)ကတော့ ကိုယ့်ရဲ့စိတ်ကို ဖြူစင်သန့်ရှင်းတည်ငြိမ် အေးချမ်းပြီး ပရမတ်တို့ရဲ့ သဘောသဘာဝအမှန်ကို အမှန်အတိုင်းသိမြင်အောင် အဲဒီ ရုပ်၊ နာမ်၊ ခန္ဓာ၊ ပရမတ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ၃ ပါးမှတဆင့် သစ္စာ ၄ ပါးကို ထိုးထွင်းသိမြင်အောင် ကျင့်ကြံရတာဖြစ်လေတော့ ကိုယ့်စိတ်ကို ကိုယ့်ဘာသာကိုယ် တဦးတည်းကျင့်ကြံရတဲ့အလုပ်ပါ။
ဗုဒ္ဓမြတ်စွာဘုရား ၄၅ ဝါပတ်လုံး လောကသားတွေကို မနားမနေ ဟောကြားခဲ့တဲ့ တရားတော်တွေရဲ့ အနှစ်ချုပ်ကတော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုပြီး ၃ ချက်တည်းပါ။ မြတ်စွာဘုရားက ကျွန်မတို့ လူသားတွေ ရှောင်ကြဉ်ရမယ့် အကုသိုလ် ဒုစရိုက်တွေကို ကာယဒုစရိုက် ၃ ပါး၊ (သူတပါးအသက် သတ်ခြင်း၊ သူတပါးဥစ္စာကို မတရားရယူခြင်း၊ သူတပါးအိမ်ရာကို ပြစ်မှားခြင်း)၊ ဝစီဒုစရိုက် ၄ ပါး(လိမ်ညာပြောဆိုခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ကုန်းချောစကားပြောခြင်း၊ သိမ်ဖျင်းယုတ်ညံ့သော စကားကိုပြောခြင်း)၊ မနောဒုစရိုက် ၃ ပါး (သူတပါးပစ္စည်းကို မတရားလိုချင်ခြင်း(လောဘ)၊ သူတပါးကို ပျက်စီးစေလိုခြင်း(ဒေါသ)၊ အယူလွဲမှားခြင်း (မောဟ)ဆိုပြီး ၁၀ ပါး တိတိကျကျ ဟောကြားပေးခဲ့ပါတယ်။
ကမ္ဘာစောင့်သီလဖြစ်တဲ့ လူမျိုးနွယ်စောင့်သီလဖြစ်တဲ့ ၅ ပါးသီလဟာ ကိုယ့်ကြောင့်တပါးသူတွေ ဒုက္ခမရောက်အောင် စောင့်ထိန်းရတဲ့ လူကျင့်ဝတ်ပါ။ သူတပါးအသက်ကို သတ်ခွင့်ကြုံလာတိုင်း၊ သူတပါး ဥစ္စာကို မတရားရယူခွင့်ကြုံလာတိုင်း၊ သူတပါးသားမယားကို ပြစ်မှားခွင့်ကြုံလာတိုင်း၊ သူတပါးကို လိမ်ညာပြောဖို့ကြုံလာတိုင်း အဲဒီ ကာယ၊ ဝစီဒုစရိုက်တွေကို မကျူးလွန်ဖြစ်အောင် မိမိကိုယ်ကိုယ် သတိထားစောင့်ထိန်းခြင်းဟာ လူဆိုတဲ့သတ္တဝါကို အခြားသော တိရိစ္ဆာန်ဆိုတဲ့ သတ္တဝါထက် မြင့်မြတ်အောင် ပိုင်းခြားမြှင့်တင်ပေးထားတဲ့ လူကျင့်ဝတ်တွေပါ။
အရက်သောက်လိုက်လို့ သတိ၊ အသိဉာဏ်တွေ မေ့လျော့ချို့ယွင်းသွားခဲ့ရင် ပုထုဇဉ်တိုင်းမှာ အနုသယကိလေသာအဖြစ် ကိန်းနေတဲ့ မနောဒုစရိုက် ၃ ပါးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ကာယဒုစရိုက်၊ ဝစီဒုစရိုက်တွေအထိ ကျူးလွန်တတ်ကြလို့ အရက်သောက်ခြင်းဟာ အကုသိုလ်ဒုစရိုက်မှာ မပါဝင်ပေမယ့် ၅ ပါးသီလထဲမှာ ထည့်ထားတာပါ။
ကျွန်မတို့ဟာ မကောင်းမှု အကုသိုလ်ဒုစရိုက်တွေကို ရှောင်ကြဉ်တဲ့ ဝါရိတ္တသီလကို စောင့်ထိန်းရုံနဲ့ မလုံလောက်ပါဘူး။ ကောင်းမှုကုသိုလ် လောကကောင်းကျိုး ပရဟိတလုပ်ငန်းများကို ပြုလုပ်ခြင်းဆိုတဲ့ စာရိတ္တသီလကို ပါဖြည့်ကျင့်ပါမှ သီလကို တင်းပြည့်ကျပ်ပြည့် စောင့်ထိန်းရာရောက်ပါတယ်။
မြတ်စွာဘုရား အဆုံးအမအတိုင်း မကောင်းမှု အကုသိုလ်ဒုစရိုက်တွေကို ရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ် အများကောင်းကျိုး ပရဟိတအလုပ်တွေကိုလုပ်ကိုင်ကြလို့ အကြောင်းအကျိုး နိယာမအရ ကောင်းကျိုးတရားတွေ ရရှိလာချိန်မှာ (လောကရှိ အကျိုးတရားတိုင်းဟာ အကြောင်းတရားနဲ့ မကင်းဘူးဆိုတာကို နားလည်သဘောပေါက်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်) သာမရှိခဲ့ရင် စိတ်ကိုဖြူအောင်ထားနိုင်ဖို့က ခက်ပြန်ရော။
ပစ္စယပရိဂ္ဂဟဉာဏ်ဟာ ပုထုဇဉ်လူသားတိုင်းမက်မောတဲ့ လာဘ်လာဘ ပေါများခြင်း၊ လူအများက မြတ်နိုးကြည်ညို လေးစားခြင်း၊ လောကမှာ ထင်ပေါ်ကျော်ကြားခြင်း ဆိုတဲ့ကောင်းကျိုးနဲ့ တွေ့ကြုံရရင် ဒါတွေကို အကြောင်းကောင်းတွေ လုပ်လို့ဖြစ်ထွန်းလာတဲ့ အကျိုးကောင်း လောကဓံတွေအဖြစ် ဆင်ခြင်သိမြင်နိုင်လို့ ငါ၊ ငါ့ဥစ္စာဆိုပြီး လောဘ မတက်အောင် ဆင်ခြင်နိုင်စွမ်းရှိပါတယ်။
ဖြူစင်မြင့်မြတ်တဲ့၊ စွန့်လွှတ်အနစ်နာခံတဲ့ ကုသိုလ်စိတ်ကို အခြေပြုပြီးကုသိုလ် ကောင်းမှုလောကအကျိုးတွေပြုလုပ်ရင်းက ရရှိလာတဲ့ဒီလို လာဘ၊ သက္ကာယ၊ သိလောကတို့ကြောင့် ကိုယ့်ရဲ့စိတ်တွေဟာ ပြန်လည် ညစ်နွမ်းသွားရမယ်ဆိုရင် တကယ်နှမြောဖို့ ကောင်းပါတယ်။
(တကယ်တော့ လောကမှာ ရရှိလာကြတဲ့ ကောင်းကျိုးတရားတွေအားလုံး၊ တိုက်ခိုက်လာကြတဲ့ ဆိုးကျိုးတရားတွေအားလုံးကြောင့် ကိုယ့်ရဲ့စိတ်မှာ လောဘ၊ ဒေါသ စေတသိက်တွေ ခြယ်လှယ်ခွင့်မရအောင် သတိပဋ္ဌာန်တရားနဲ့ ဆင်ခြင်နေထိုင်ခြင်းဟာ စိတ်ကိုဖြူအောင်ထားနေခြင်းသာ ဖြစ်ပါတယ်။)
အကုသိုလ်ဒုစရိုက် ၁၀ ပါး မကောင်းမှုတရားများကို ရှောင်ကြဉ်ခြင်း၊ မင်္ဂလသုတ်ပါ ၃၈ ဖြာသော ကောင်းမှုတရားများ၊ မေတ္တာ သုတ်ပါ ၁၅ ပါးသော ကောင်းမှုကိုယ်ကျင့် တရားများ၊ လောကကောင်းကျိုး ပရဟိတလုပ်ငန်းများကို ကျင့်ကြံလုပ်ကိုင်ခြင်း၊ ကိုယ့်ဘဝမှာ တွေ့ကြုံလာရတဲ့ အကောင်းအဆိုး လောကဓံအားလုံးကို အကြောင်းအကျိုးများအဖြစ် သတိပညာနှင့်ဆင်ခြင်နေခြင်းသည် မြတ်စွာဘုရား၏ ဒေသနာနှင့်အညီ ကျင့်ကြံနေထိုင်ကြခြင်းသာ ဖြစ်ပါသည်။
နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ လူ့လောကကြီးမှာ ကျွန်မတို့ မဖြစ်မနေ လုပ်ကိုင်နေကြရတဲ့ အရေးတွေအားလုံးကို မြတ်စွာဘုရားရဲ့တရားဓမ္မ၊ ဘာသာရေးနဲ့ တွဲဖက်ပြီး လုပ်ကိုင်ကြရမယ်ဆိုတာကိုပါ။
သူရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment