Sunday, September 11, 2011

ဘဝဆိုတာ ခဲတံပါ (ထိန်လင်း)

I am a Pencil အမည်ရှိ စာအုပ်ရဲ့ အစမှာ ဂျက်စီကာ ဆိုတဲ့ ၄ တန်း ကျောင်းသူလေးတစ်ယောက်ရဲ့ ကဗျာကို ဖော်ပြထားပါတယ်။ ကဗျာလေးက ၃ ကြောင်းတည်းပါ။

“ငါဟာ ခဲတံတစ်ချောင်းပါ၊
ရေးဖို့လည်း အသင့်ပ
ငါ့ဘဝ အတွက်ပါ” တဲ့။

ဒီကဗျာလေးကို ဖတ်ပြီးတော့ ကျနော်က ကျနော်တို့ဘဝတွေအကြောင်း တွေးလိုက်မိပါတယ်။ အထူးသဖြင့် ကျနော်တို့ဘဝတွေက သူပြောသလို ခဲတံတစ်ချောင်းနဲ့ တူနေသလား ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဘဝတစ်ခုကို ခဲတံတစ်ချောင်းနဲ့ ပုံခိုင်းပြီး တွေးလိုက်မယ်ဆိုပါစို့၊ ကျနော်တို့ ဘဝ အသက်တာက ခဲတံတစ်ချောင်းရဲ့ အလျားဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာ ဖန်တီးလုပ်ဆောင်နိုင်တဲ့ လူ့အဖြစ်နဲ့ တပါးသူ ရေးမှ ထင်ရမယ့် ခဲတံရဲ့ အခြေခံသဘာဝတို့ကိုဖယ်ပြီး စဉ်းစားမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ ဥပမာဖြစ်သွားပါလိမ့်မယ်။


ဒီလိုဆိုရင် ကျနော်တို့ဘဝတွေက ရေးဖို့အသင့်ဖြစ်နေတဲ့ ခဲတံတစ်ချောင်း ဖြစ်ရဲ့လား၊ အဲဒီလို အနေအထားကို ကျနော်တို့က ဘယ်အချိန်မှာ ရခဲ့တာလဲ၊ ရေးဖို့အသင့်ဖြစ်တယ်ဆိုရင်လည်း ကျနော်တို့က ဘယ်အချိန်မှာ ဘာတွေကို ဘယ်လိုရေးခဲ့ကြသလဲ စတာတွေကို တွေးကြည့်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတရံမှာ ကျနော်တို့က ဘာမှ မယ်မယ်ရရ မရေးသား၊ ပုံမဖော်ဖြစ်ဘဲ ဘဝတွေကို အချည်းနှီး အဆုံးသတ်စေလို့ဖြစ်ပါတယ်။

ခဲတံတစ်ချောင်းနဲ့ စပြီးရေးလိုက်တဲ့ စာလုံးကို ကျနော်တို့ဘဝနဲ့ ယှဉ်တွဲကြည့်မယ်ဆိုရင် အဲဒါက ဘဝရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်သွားမှာပါ။ အများသိကြတဲ့အတိုင်း ကျနော်တို့အားလုံးရဲ့ ပထမဆုံးလုပ်ရပ်တွေဟာ ပထမဆုံးရေးလိုက်တဲ့ စာလုံးတွေလိုပဲ သပ်သပ်ရပ်ရပ် မရှိကြပါဘူး။ ဒါပေမယ့်လည်း လုပ်ရင်းကိုင်ရင်းနဲ့ ကိုယ့်ရဲ့အရည်အသွေးတွေက တိုးတက်မြင့်မားလာတာဖြစ်ပါတယ်။ ဒီနေရာမှာ လုပ်ရင်းကိုင်ရင်း မှားတတ်တဲ့ အမှားတွေကိုလည်း ကြုံရတတ်ပါတယ်။ အဲဒီအမှားတွေကို ခဲတံမှာ ပါတဲ့ ခဲဖျက်နဲ့ ပြန်ဖျက်လို့ ရသလိုပဲ ပြုပြင်လို့ရနိုင်တဲ့ အနေအထားတွေက ကျနော်တို့ကို ပြင်ဆင်ခွင့် ပေးကြပါတယ်။

တခါတလေဆိုရင် ခဲတံမှာပါတဲ့ ခဲဖျက်သာမက တခြားခဲဖျက်တွေကပါ ဝိုင်းပြီး ဖျက်ပေးကြသလို ကျနော်တို့ရဲ့ အမှားတွေနဲ့ပတ်သက်လို့ ဝိုင်းဝန်းပြင်ဆင်ပေးကြတာတွေ၊ ဖျောက်ဖျက်ပေးကြတာတွေတောင် ရှိတတ်ပါတယ်။

ဒါပေမယ့်လည်း တခါတရံမှာ ကိုယ်ရေးလိုက်တဲ့ စာသားတွေ၊ ကိုယ်ဆွဲလိုက်တဲ့ ပုံတွေက အတင်းကြီး ဖိပြီး ရေးလိုက်ဆွဲလိုက်တဲ့အတွက် ခဲဖျက်နဲ့ ပြန်ဖျက်လို့မရတာတွေ ရှိတတ်ပါတယ်။ ဒါက ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အမှားတွေကို ကျူးလွန်လိုက်တဲ့သဘောပါပဲ။ အဲဒီအခါကျရင် ကျနော်တို့ ဘာလုပ်ကြမလဲ။ နောက်ထပ် စာရွက်အသစ်တစ်ရွက်နဲ့ ကောင်းမွန်သပ်ရပ်တဲ့စာသားတွေ ပုံတွေ ရေးဆွဲသလိုမျိုး ပိုမိုကောင်းမွန်တဲ့လုပ်ရပ်တွေ လုပ်ကိုင်ပြီး ကိုယ့်ရဲ့ အမှားအယွင်းအတွက် ဖာထေးဖို့ပဲဖြစ်ပါတယ်။ ပထမ အမှားကတော့ မှားပြီးသွားပြီ၊ မှတ်တမ်းဝင်သွားပြီ။

အဲဒီအမှားမျိုး နောက်ထပ်မမှားဖို့၊ ကောင်းမွန်တဲ့လုပ်ရပ်တွေနဲ့ အစားထိုးဖို့က ကိုယ့်ရဲ့တာဝန်ပါ။ ဒီတာဝန်က ဘယ်သူကမှ ဥပဒေပြဋ္ဌာန်းထားတာမျိုး မရှိပေမယ့် လူ့ကျင့်ဝတ်တွေ၊ အသိတရားတွေကတော့ အပြည့်အဝ လမ်းညွှန်ထားပါတယ်။

ဒီနေရာမှာ စဉ်းစားကြည့်ဖို့က အမှားတွေ ကျူးလွန်မိတဲ့အခါမျိုးတွေမှာ ကျနော်တို့ ဘယ်လို ပြုမူကြသလဲ၊ ဒါမှမဟုတ် တပါးသူတွေ အမှားကျူးလွန်တဲ့အခါ ကိုယ်က ဘယ်လိုလုပ်ရပ်မျိုးတွေ လုပ်စေချင်သလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့က ကျနော်တို့ဘဝတွေကို အတ္တများနဲ့ ဖွဲ့တည်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့် တပါးသူတွေရဲ့ အမှားတွေ၊ လုပ်ရပ်တွေကိုသာ အပြစ်မြင်တဲ့ မျက်လုံးများနဲ့ ကြည့်တတ်ကြပေမယ့် ကိုယ့်လုပ်ရပ်တွေအပေါ်မှာကျတော့ အမြဲတမ်း အကောင်းမြင်နေတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်ကိုအမှန်အတိုင်း ဆင်ခြင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ တပါးသူရဲ့ လုပ်ရပ်တွေကိုရော၊ ကိုယ့်လုပ်ရပ်တွေကိုပါ အမြဲတမ်း မျှမျှတတ စဉ်းစားနိုင်ကြမှာဖြစ်ပါတယ်။
ခဲတံတစ်ချောင်းဟာ ကိုယ်လိုရာကို ပုံဖော်လို့၊ ရေးသားလို့ရအောင် တစုံတရာ ချွန်မြနေဖို့ လိုပါတယ်။

အဲဒီလိုပဲ ကျနော်တို့မှာလည်း အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ၊ အသိတရားတွေ ရှိကြရမှာဖြစ်ပါတယ်။ ဒါတွေပြည့်စုံဖို့အတွက် ခဲတံကို ချွန်ရသလိုမျိုး ကိုယ့်ဘဝရဲ့ အချိန်တွေကို အရင်းတည်ပြီး ဖြည့်ဆည်းကြရတာဖြစ်ပါတယ်။ ကျနော်တို့ ဘဝတွေမှာ ဒီအချက်တွေ ပြည့်စုံမှ ကိုယ်လုပ်ချင်တဲ့အရာတွေကို တိတိကျကျ သေသေသပ်သပ် လုပ်နိုင်မှာဖြစ်ပါတယ်။

ခဲတံတစ်ချောင်းဟာ စာရေးသားဖို့ပဲဖြစ်ဖြစ်၊ ပုံဆွဲဖို့ပဲဖြစ်ဖြစ် အဆင်သင့်အနေအထားနဲ့ ချွန်မြနေပေမယ့် ဘာမှမလုပ်လိုက်ရဘဲ ခဲသားကျိုးသွားတဲ့အဖြစ်တွေ၊ ရေးရင်းနဲ့ကျိုးသွားတဲ့အဖြစ်တွေလည်း ရှိတတ်ပါတယ်။ ကျနော်တို့ လူအဖြစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အချည်းနှီးဖြစ်တဲ့လုပ်ရပ်တွေ၊ အလဟဿ အချိန်ကုန်သွားတဲ့အဖြစ်တွေပေါ့။ တချိန်တည်းမှာပဲ ကိုယ့်အရည်အချင်းတွေ လုပ်ရပ်တွေကို ဖျက်ဆီးခံရတာ၊ အနိုင်အထက် အပြုခံရတာတွေလည်း ရှိပါသေးတယ်။ ဒီလိုပဲ ကိုယ်က တပါးသူကို ခဲတံအချွန်နဲ့ ထိုးလိုက်သလို အနိုင်ကျင့်တာတွေလည်း ရှိနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခဲတံတစ်ချောင်းရဲ့ အလျားလိုပဲ ကျနော်တို့ ဘဝတွေက တဖြည်းဖြည်းတို၊ တဖြည်းဖြည်း ကုန်ပြီး နိဂုံးချုပ်ကြရမှာဖြစ်ပါတယ်။

ဘဝဆိုတာ ခဲတံတစ်ချောင်းဖြစ်မယ်ဆိုရင် ကျနော်တို့က ဘယ်လို ခဲတံမျိုး ဖြစ်အောင် ကြိုးစားကြမှာလဲ၊ ဘယ်လိုလုပ်ရပ်တွေနဲ့ ဘဝကို ဖြတ်သန်းမလဲ၊ လက်ရှိအနေအထားမှာရော ဘယ်လိုလဲ စတဲ့အချက်တွေကို စဉ်းစားဆင်ခြင်ရင်း နေထိုင်သွားကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ။


၅၊ ၃၊ ၂ဝဝ၆

No comments: