ခွာပြီးသားပျဉ်ဟောင်းတွေကို ချုံထဲမှာ ထမ်းပြီး ဝှက်ထားလိုက်ပါသည်။ ပျဉ်တွေက အများကြီးခွာပြီး ပုံထားလို့ မဖြစ်ပါ။ တနိုင်သာသာခွာပြီး ညမိုးချုပ်ရင် နေရာရွှေ့ရမှာ။ ဒီနေ့အဖို့ ဒီလောက်ဆို တော်ပြီ။ ရေမိုးချိုးပြီး စခန်းတွင်းသို့ ပြန်ဝင်ခဲ့သည်။ နေ့လည် တရေးတမောအိပ်ပြီး ညနေစောင်း ထမင်းစားပြီး ပြန်ထွက်ခဲ့သည်။
အနောက်ဘက်ကမ်းခြေ တောင်ကြောလေး၏ တောင်ခြေချုံအစပ်တွင် ကွမ်းသီးပင်လောက် အရွယ်ရှိသည့် ဗန်ဒါ(ဗာဒံ) ပင်ပျိုလေး ၂ ပင်ရှိသည့်အနက် တပင်ပေါ်သို့ ကျနော် တက်နေလိုက်ပါသည်။ အနောက်ဘက် ကမ်းခြေ သဲသောင်စပ်တွင် လူသွားလူလာကို အပေါ်စီးမြင်ကွင်းမှ စောင့်ကြည့်သည်။
တချို့လူကြီးပိုင်းတွေလည်း အညောင်းပြေ လမ်းလျှောက်ကြရာမှ နေဝင်တော့မည်ဖြစ်၍ စခန်းတွင်းသို့ ပြန်ဝင်ကြပါသည်။ လူငယ်ပိုင်းကလည်း ငါးရှာ၊ ဖားရှာ၊ ခရုကောက်သမားတွေ ပြန်ဝင်သွားကြလေပြီ။ ကမ်းခြေတွင် လူရိပ်လူခြေ လုံးဝမရှိတော့ပါ။ အားလုံးစခန်းတွင်းသို့ ပြန်ဝင်ကုန်ကြပါပြီ။ မှောင်ရီလည်း ပျိုးလေပြီ။ ဗာဒံပင်ပေါ်မှ ကျနော် ဆင်းခဲ့သည်။ ခဏအကြာ ဖထီး မန်းအောင်ကြည် ရောက်လာသည်။
ကျနော်တို့ ၂ ယောက် နေ့ခင်းက ခွာပြီးချုံထဲတွင် ဝှက်ထားခဲ့သော ပျဉ်ပြားများကို တယောက်တနိုင် ထမ်း၍ ထွက်လာပါသည်။ ချုံစပ်တောရိပ်ကိုခိုပြီး ကျွန်း၏ တောင်ဘက်ဖျားသို့ သွားသည်။ တောင်စွယ် တောရိပ် ဆုံးတော့ သောင်ခုံကြီးကို ဖြတ်ရသည်။ ဤသောင်ခုံကြီးမှာ ကို ၃၀၀ နီးပါးရှိမည် ထင်သည်။
အကာအကွယ်မရှိသည့်အတွက် သောင်ပြင် ဟာလာဟင်းလင်းမှာ ၂ ယောက်သား ပျဉ်တွေ အထမ်းကိုယ်စီနှင့် ခပ်သွက်သွက် ဖြတ်ရပါသည်။ ညနေက လူသွားလူလာ စောင့်ကြည့်ထားပေးမယ့် သောင်ပြင်မှာ မြင်ကွင်းက ရှင်းလွန်းလှသည်။ ပုန်းကွယ်ခိုနားစရာ မရှိပါ။
သောင်ခုံကို ဖြတ်လာလို့ဆုံးတော့ ကိုက် ၅၀ နီးပါးရှိသည့် ရေလက်ကြားကို အထမ်းနှင့်ဖြတ်ကူးသည်။ ပင်လယ်ဒီရေ တက်ကာစမို့ ဒူးဆစ်လောက်ပဲ ရှိသေးသည်။ ရေလက်ကြားဆုံးတော့ သောင်စပ်နှင့် သန္တာ ထုံးကျောက်များကို ဖြတ်တက်လိုက်သည်။ စိတ်အေးသွားရပါပြီ။ လုံခြုံသွားပါပြီ။
ဂျယ်ရီကျွန်းပေါ် ရောက်လာပါပြီ။ ဂျယ်ရီကျွန်းမှာ သန္တာကျောက်ခက်များနှင့် ပြည့်နှက်နေသည်။ ဉာဥ့်ကာလအချိန် တိတ်ဆိတ်နေသော ကျွန်းကလေးပေါ်သို့ ကျနော်တို့ ၂ ယောက်တက်လာသည်။ ဝင်ကစွပ်ကောင်လေးများ “ဂလောက် ဂလောက်” “ ဂလက် ဂလက်” လျှောက်သွားနေရာမှ ခရုခွံထဲ ပြန်ဝင်သွားပြီး တိတ်နေကြသည်။
ကိုက် ၁၀၀ နီးပါးခန့် ထမ်းလာပြီး ဆပ်သွားဖူးချုံကြီးတခု၏ ဘေးတွင် ပျဉ်တွေကို ချထားလိုက်ပါသည်။ ဤ ဆပ်သွားဖူးချုံကြီးမှာ ၁၀ ကိုက်နီးပါး ရှိပါသည်။ ဆပ်သွားဖူးပင်ကြီးမျိုးဖြစ်ပြီး ဆပ်သွားဖူးပင်ကြားတွင် တစောင်းပင်နှင့် ခပ်ဆင်ဆင်တူသော အကိုင်းဆတ်ပြီး ကျိုးလွယ်သည့် အပင်လေးများ ညှပ်ရောပြီး ပေါက်နေသည်။
ဖထီးမန်းက ၎င်းအပင်ကလေးများ၏ အကိုင်းကို အသာလေး မပြီး လေးဘက်ထောက်၍ ကုန်းဝင်သွားသည်။ ပြီးတော့မှ ဆပ်သွားဖူး ခြေသလုံးအရွယ် အကိုင်းတခုကို ကျော်တက်လိုက်သည်။ ပြီးတော့မှ ကျနော့်ဆီကို ပျဉ်တွေသွင်းဖို့ လှမ်းတောင်းသည်။ ပျဉ်တချပ်ကိုယူပြီး ဖြည်းဖြည်လေး ထိုးသွင်းရသည်။ ဖထီးမန်းက လှမ်းယူပြီး ဖြည်းဖြည်း ဆွဲယူသည်။ ပြီးတော့မှ နေရာချထားသည်။
တစောင်းပင်အကိုင်းလေး ကျိုးမသွားအောင် အရွက်လေးတရွက် ကြွေမသွားအောင် အလွန်ဂရုစိုက်ရပါသည်။ ဒီချုံကြီးကို အပြင်ကနေကြည့်ရင် သာမန်ချုံကြီးတချုံအဖြစ်ပဲ မြင်နေရမည်။ မူလသဘာဝအနေအထား မပျက်အောင် ဂရုစိုက်ရခြင်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးအနက်ထားပြီး လုပ်ခဲ့သူတွေထဲမှာ ကျနော်တို့က ရှေးဦးမဆွ လူတွေပေါ့။
ဒီဆပ်သွားဖူးချုံကြီးရဲ့အလယ်မှာတော့ ရှင်းထားတာ လှေတစီးတည်ဆောက်ဖို့ပါပဲ။ အပြင်ကနေ ကြည့်လေ၊ ကြည့်ချင်သလိုကြည့် သာမန်ဆပ်သွားဖူးရုံကြီး တရုံပဲပေါ့။ သူ့ပတ်ဝန်းကျင်မှာလည်း အဲဒီလို ဆပ်သွားဖူး ချုံတွေကလည်း ရှိနေတာကိုး။ သဘာဝတရားရဲ့ ဖန်တီးထားတဲ့ အရှိတရားကို ကျနော်တို့ ရည်မှန်းချက်အတွက် ကောင်းကောင်း အသုံးချသွားတာပါ။ ဒီ အစီအစဉ်၊ ဒီ စိတ်ကူးတွေက ဖထီးမန်းအောင်ကြည်ရဲ့ စိတ်ကူးစိတ်သန်းတွေက ပေါက်ဖွားလာတာပါ။
ပျဉ်တချပ်ချင်း သစ်တချောင်းချင်းကို စိတ်ရှည်လက်ရှည်နဲ့ သွင်းရတာဆိုတော့ ဘယ်လောက်ကြာသလဲဆို တနာရီကျော်လောက် ကြာမယ်ထင်တယ်။ လက်စသိမ်းပြီး ၂ ယောက်သား ပြန်ထွက်လာခဲ့ကြတယ်။ ကူးလာခဲ့တဲ့ ကျွန်းကလေးထိပ် ပြန်ရောက်တော့ ရေလက်ကြားမှာ ရေတက်လာတာ ရင်ခေါင်းလောက် ရောက်ပါသည်။ ကျွန်းမကြီးဘက်ကို ပြန်ကူးလို့ မဖြစ်တော့ပါ။ ညဘက်ဆို ငါးမန်းကြီးတွေကမြူးပြီး ဒီ ရေလက်ကြားကို ရောက်လာတတ်ပါသည်။
ဂျယ်ရီကျွန်းကလေးရဲ့အဆုံး မြောက်ဘက်ထိပ်က ကျောက်ဆောင် ကျောက်တုံးကြီးတွေနဲ့ ပြီးတော့ ကမ်းစောက်ပြီး ရေနက်တယ်။ ကျောက်ဆောင်ကြီးတွေပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင် တခြားပင်လယ်ပြင် မြင်ကွင်းနဲ့မတူပါ။ နက်ပြာပြီး မှောင်နေတယ်။ မြင်ကွင်းကိုက ကြောက်စရာကြီး။
တယောက်တည်းသွားကြည့်ရင် ကျောချမ်းမိတယ်။ ဒီကျောက်ဆောင်ကြီးတွေရဲ့အောက်မှာ ငါးမန်းကြီးတွေက ကျက်စားတယ်လို့ သိရတယ်။ ဒီငါးမန်းကြီးတွေဟာ ညဘက်ဆိုရင် ဒီရေလက်ကြားကို ကူးလာတတ်တယ်။ နောက်တခုက ရင်ခေါင်းလောက်ဆိုရင် ရေလက်ကြားက ရေစီးသိပ်ပြင်းတယ်။
ကျွန်းကလေးထိပ်ရဲ့ ချုံတွေကြားက သန္တာကျောက်တွေပေါ်မှာ အိပ်စက်ဖို့ ချုံကြားမှာတိုးပြီး ခေါင်းချ အနားယူလိုက်တယ်။ အိပ်မလို့လုပ်တာနဲ့ ဝင်ကစွပ်ကောင်ကလေးတွေက သန္တာထုံးကျောက်တွေပေါ်မှာ လျှောက်သွားနေတဲ့အသံဟာ အတော်နဲ့ အိပ်လို့မရပါ။ ချုံတွေကြားကနေ ကောင်းကင်ကို ကြည့်လိုက်တယ်။ ကောင်းကင်ပြင်မှာတော့ ကြယ်တွေက လင်းလက်လို့ နေပါတယ်။ မနက်ဝေလီဝေလင်းမှာ နိုးလာကြတယ်။
ဖထီးမန်းက “ကျနော် ဝင်းထဲကို ပြန်သွားမယ်၊ စားစရာတခုခု ယူလာမယ်။ ခင်ဗျား ဒီမှာပဲနေခဲ့၊ ပြီးတော့ ဒီကျွန်းကလေးပေါ်ကို ဘယ်သူတွေကူးလာသလဲ၊ ဘာလုပ်သလဲဆိုတာ ကင်းစောင့်ပြီး ကြည့်ပေါ့” ဖထီးမန်း ကျွန်းမကြီးဘက် ပြန်ကူးသွားပါသည်။ ဂျယ်ရီကျွန်းကလေးပေါ်တွင် ကျနော် တယောက်တည်း ရှိသည်။
ကျွန်းမကြီးဘက်က ကူးလာမည့် ဘယ်သူဘယ်ဝါ၊ ဘာလုပ်မလဲ စောင့်ကြည့်ဖို့ နေရာရှာသည်။ မြင်ကွင်းက မကောင်းပါ။ ကျွန်းထိပ်တွင် ၁၅ ပေနီးပါးမြင့်သည့် အရွယ်တူ အုန်းပင်ပျိုလေး ၃ ပင်က ဖိုခနောက်ဆိုင် ပေါက်နေသည်။ တပင်ပေါ်ကို ကျနော် တက်လိုက်သည်။ အုန်းဇက်ကိုခွ၊ အုန်းလက်ပေါ်မှာ ထိုင်လိုက်သည်။ အပေါ်စီးမြင်ကွင်းမို့ ကျွန်းမကြီးဘက်သို့ လှမ်းကြည့်လိုက်ရာ ရှင်းလှပါသည်။
အတော်ကြာတွင် ကျွန်းမကြီးဘက်မှ လူလုံး မကွဲသော လူ ၃ ယောက် ကိုကိုးကျွန်း၏ အနောက်ဘက် ကမ်းခြေ အတိုင်း ဖြည်းဖြည်းမှန်မှန် လျှောက်လာကြပါသည်။ လူလုံးသဲကွဲစွာ မြင်ရတော့မှာ ပြည်သူ့တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ သခင် ခင်အောင်၊ ဦးညွန့်တင် (ဂျိုးဖြူစာပေ)၊ ဆရာ ဗန်းမော်တင်အောင်။ သူတို့လူကြီး ၃ ဦးသည် နံနက်ခင်း လေကောင်းလေသန့်ရှူရင်း ကျန်မာရေးအရ အညောင်းပြေ လမ်းလျှောက်ကြပါသည်။
သူတို့စကား တပြောပြောနှင့် လမ်းလျှောက်ကြရင်း သဲသောင်ကမ်းစပ်တွင် ခရုလှလှလေးများ တွေ့ရင်လည်း ကောက်၊ ကမ်းခြေသို့ လှိုင်းရိုက်၍လာဆိုက်သော ပုလင်းလှလှမျိုးစုံကို တွေ့ရင်လည်း ကောက်ကြပါသည်။ တခါတလေလည်း လေထီး ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ ဒလ ဦးထွန်းစိန်တို့ လေညင်းခံ အညောင်းပြေ လမ်းလျှောက် ထွက်တတ်ပါသည်။
ဤလူကြီးများအတွက်တော့ ပူစရာမရှိပါ။ ဒီဘက်ကမ်းခြေသို့ ကူးလာကြမည့်လူများ မဟုတ်ပါ။ သူတို့ အညောင်းပြေ ကျန်းမာရေးအတွက် လမ်းလျှောက်သူများသာ ဖြစ်ပါသည်။ ကျွန်းကလေးပေါ်တွင် လှေကို ခိုးပြီး တည်ဆောက်သည့် ကာလတလျှောက်လုံး ဤကျွန်းကလေးထိပ်တွင် ကျနော်ကင်းစောင့်ခဲ့ရာ ဆရာ ဗန်းမော် တင်အောင်တို့ ၃ ယောက်သည် မနက် ညနေ လမ်းအမြဲတမ်း လျှောက်လေ့ရှိကြပါသည်။ တခါတလေ ၃ ယောက်တွဲ ပါမလာတတ်ပါ။ ၂ ယောက် (သို့) ဆရာ ဗန်းမော်တင်အောင် တယောက်ကတော့ အမြဲတမ်း လျှောက်လေ့ရှိပါသည်။
ဆက်လက်ဖော်ပြပါမည်