Tuesday, December 15, 2009

သင် သေသွားသော်

ကျနော့်ဆရာတယောက်ပြောဖူးတဲ့ စကားလေးတခွန်းကို အမှတ်ရမိပါတယ်။ အဲဒီစကားရပ်ကတော့ …

“ဘဝမှာက ဖြစ်ချင်တိုင်း ဖြစ်တာကွ။ ဖြစ်ချင်တိုင်းဆိုတာက ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်တာ မဟုတ်ဘူး။ သူဖြစ်ချင်တဲ့အတိုင်း သူဖြစ်တာ” တဲ့။


အလုံးစုံမှန်ကန်တယ်လို့ မဆိုနိုင်ပေမယ့် ကိုယ်ထင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ် တတ်တယ်ဆိုတဲ့သဘောကိုတော့ တွေ့ကြရမှာပါ။ အကယ်၍များ ကျနော်တို့ရဲ့ဘဝတွေက ကိုယ်ထင်တဲ့အတိုင်း မဖြစ်ခဲ့ဘူးဆိုရင် ဘယ်လို လုပ်ကြမလဲ။ တွေးကြည့်စရာပါ။

ကိုယ့်ဘဝရဲ့ အချိန်ကာလတွေကို ကိုယ်က ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း အစားပြန်မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ကျနော်တို့က ကိုယ်ရောက်နေတဲ့ အသက်အရွယ်အပိုင်းအခြားကို မူတည်ပြီး ဆက်စပ် တွေးတောကြည့်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်ကတော့ ကိုယ် ဘယ်လို ရှင်သန်နေထိုင်သွားမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီအခါ ဆရာဇော်ဂျီရဲ့‘သင် သေသွားသော်’ ဆိုတဲ့ ကဗျာလေးတပုဒ်ကို သတိရမိပါတယ်။ အထူးသဖြင့် အဲဒီကဗျာထဲက စာပိုဒ်ကလေးတခုက နှိုးဆော်လိုက်တာဖြစ်ပါတယ်။ ကဗျာစာသားကတော့ ရိုးရိုးကလေးပါ။

“သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏” … တဲ့။

ဆရာ ဇော်ဂျီဟာ သူအသက်ရှင်စဉ်ကာလအတွင်း တိုင်းပြည်အတွက်၊ လောကအတွက် ကောင်းမွန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့သူတယောက်ဖြစ်တာမို့ ဒီစာသားကလေးက သူကိုယ်တိုင် ကျင့်ဆောင်ခဲ့တဲ့ ဆင်ခြင်တွေးဆချက်တရပ် ဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒါ့အပြင် ကျနော်တို့ တဦးချင်းတွေးသင့်တဲ့ အတွေးကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဘယ်သူမဆို ဒေသတခု၊ နိုင်ငံတခုမှာ ကြီးပြင်းလာကြသူတွေချည်းပါ။ အဲဒီလို ကြီးပြင်းလာကြသူတွေအနေနဲ့ ဘဝတလျှောက်လုံး သက်ဆိုင်ရာ ရေမြေ၊ ပတ်ဝန်းကျင်များကို မှီတွယ်ရင်း ကြီးပြင်းခဲ့ကြရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လောကရဲ့ အဆီအနှစ်များကို စားသုံးရှင်သန်ခဲ့ကြသူများ၊ လောကကြီးထဲကို ဧည့်သည်အဖြစ် ရောက်လာခဲ့ကြသူများသာ ဖြစ်ပါတယ်။ အားလုံးလည်း သိကြပြီးဖြစ်မှာပါ၊ ဧည့်သည်ဆိုတာ ကိုယ်တည်းခိုခဲ့တဲ့၊ ကိုယ့်အပေါ် ဧည့်ဝတ်ပြုဖူးတဲ့နေရာဒေသ၊ ပုဂ္ဂိုလ်များအပေါ် ပြန်လည်ကျေးဇူးပြုဖို့ လိုအပ်သလို ကျနော်တို့အနေနဲ့လည်း လောကအပေါ် တစုံတရာ ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။

လောကအပေါ်ကျေးဇူးဆပ်ဖို့ စဉ်းစားကြတဲ့အခါ ကျနော်တို့ရဲ့ရှေ့ကနမူနာ ပြသသွားသူတွေအကြောင်းကို စူးစမ်းကြည့်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အထူးသဖြင့် စံနမူနာယူထိုက်သူများရဲ့လုပ်ရပ်များကို ရှာဖွေလေ့လာကြည့်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အနာကြီးရောဂါပိုးကို စတင်တွေ့ရှိသူဟာ အဲဒီရောဂါကို အနိုင်တိုက်ဖို့အတွက် သူ့ကိုယ်ထဲ ရောဂါပိုးတွေ ထိုးသွင်းရင်း စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရောဂါပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး ရှာဖွေနိုင်ခဲ့ခြင်းမရှိဘဲ အဲဒီရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ သူ့လိုပဲ အသက်တွေ၊ ဘဝတွေ ရင်းနှီးပြီး အများကောင်းကျိုး လုပ်ဆောင်ခဲ့သူတွေ တပုံတပင်ကြီးပါ။ တချို့ဆိုရင် မထင်မရှား ကွယ်လွန်ခဲ့ကြရပါတယ်။

အောင်မြင်ထင်ရှားသူများထဲက နောက်တဦးကတော့ သောမတ်အယ်ဒီဆင်ဆိုတဲ့ လျှပ်စစ်မီးကို ရှာဖွေနိုင်ခဲ့သူပါပဲ။ သူဟာ လူသားအားလုံးအသုံးပြုဖို့ လျှပ်စစ်ကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်ပေမယ့် ရောင်စုံအလှဆင်ထားတဲ့ မီးဆိုင်းကြီးတွေ၊ ဒီနေ့ခေတ် လျှပ်စစ်ရောင်စုံထွန်းညှိထားတဲ့ မြို့ပြတွေရဲ့ညချမ်းအလှအပတွေကို မြင်မသွားရသလို၊ သူကိုယ်တိုင်လည်း စိတ်တိုင်းကျ သုံးစွဲမသွားရရှာပါဘူး။ အဲဒီလိုလူမျိုးကျတော့ လောကကို ကျေးဇူးဆပ်တဲ့သူတွေလို့ သုံးနှုန်းတာထက် လောကကို ကျေးဇူးပြုသူများလို့တောင် ကင်ပွန်းတပ်လို့ရမယ် ထင်ပါတယ်။

ကိုယ့်ရပ်ကိုယ့်ဒေသကို မိမိတတ်မြောက်ထားတဲ့ပညာ၊ မိမိရဲ့အသိစိတ်တွေနဲ့ ကျေးဇူးပြုတယ်ဆိုတာဟာ ကိုယ့်နောက်က မျိုးဆက်တွေအပေါ် ကျေးဇူးပြုတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်က ငယ်စဉ်မှာ ချို့ချို့တဲ့တဲ့ ပညာသင်ခဲ့ရတယ်ဆိုရင် ကိုယ့်နောက်ကလူတွေကို မချို့မတဲ့ ပညာသင်ကြားနိုင်အောင် လုပ်ပေးဖို့လိုပါတယ်။

ကိုယ်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့နေရာမှာ ကြီးပြင်းလာခဲ့ရတယ် ဆိုရင် ကိုယ့်နောက်ကလူတွေကို လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတဲ့အရပ်မှာ ကြီးပြင်းနိုင်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကိုယ့်ဒေသ၊ ကိုယ့်မွေးရပ်မြေအပေါ် တစုံတရာ ကျေးဇူးပြုနိုင်သူ သာလျှင် ဖြစ်သင့်ပါတယ်။ ကိုယ်က ကိုယ့်ရပ်ကိုယ့်မြေကို ကျေးဇူးပြုတာလည်း မဟုတ်ဘဲနဲ့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ခဲ့သူ တယောက်ဆိုရင်တော့ ပြုသူမဟုတ်ဘဲ ဖျက်သူသာလျှင် ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကျနော်တို့ ဘာတွေလုပ်ဆောင်ကြမလဲ။

ကိုယ်ဟာ ဘယ်နေရာမှာရှိနေသည်ဖြစ်စေ၊ ဘယ်လိုလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေရသည်ဖြစ်စေ ဖြူစင်တဲ့စိတ်ထားနဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်းအပေါ် အကောင်းဆုံးတွေ၊ မိမိအစွမ်းဆောင်နိုင်ဆုံး လုပ်ရပ်တွေ လုပ်ဆောင်ပေးရင်း အသက်ရှင်နေထိုင်ကြရင် မကောင်းပေဘူးလား။ ။

ထိန်လင်း
၁၈၊ ၁၁၊ ၂ဝဝ၃

ရေစီးသံ ဂျာနယ်
အတွဲ ၇၊ အမှတ် ၁၀
ဒီဇင်ဘာ ၁ ရက်၊ ၂၀၀၃ ခုနှစ်

No comments: