Tuesday, December 22, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၉)

ကြုံလို့ပြောလိုက်ချင်သေးသည်။ အင်းစိန်ထောင်ကြိုးတိုက်ထဲမှ အခန်းချင်း အုတ်နံရံခြား ကပ်လျက်နေခဲ့ရသည့် ကျနော့် ဆရာ ဦးဝင်းခက်နှင့် မာနယ်ပလောမှာ ပြန်တွေ့ကြတော့ ဆရာဦးဝင်းခက်က သူအမြဲတမ်း ပြောလေ့ရှိသည့် စကားတခွန်း ရှိပါသည်။

“မောင်ရင် ကိုယ့်မှာတော့ လိပ်ကြီး ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်နဲ့ ဘာမှလုပ်လို့ မရဘူး”

ကျနော့်ဆရာ ဒီစကားပြောတိုင်းပြောတိုင်း ကိုကိုးကျွန်း လိပ်သောင်မှာ ၁၀ ဂဏန်းကျော်ထက်မနည်း ကျနော် ပက်လက်လှန်ထားခဲ့သော လိပ်ကြီးများကို မျက်စေ့ထဲမှာ တဖြည်းဖြည်း မြင်ယောက်မိပါသည်။

လိပ်ကြီးတကောင်ကိုဖျက်ရင် ယောင်္ကျားကြီး ၂ ထမ်းစာ ထမ်းရပါသည်။ လိပ် ၂ ကောင်ဆိုတော့ ၄ ထမ်းပေါ့။ ကျနော်တို့ တာဇံတသိုက် ခပ်သွက်သွက်နဲ့ လိပ်သောင်က ဆုတ်လာလိုက်ပါသည်။ ထောင်ဝါဒါတွေ ဂိတ်ဝရှေ့က ဖြတ်လာတော့ လိပ်သားနံ့က တညှီညှီ၊ ခွေးတွေက တစီစီဖြစ်နေပါသည်။

ထောင်မှူးထောင်ပိုင်တွေက သိသော်လည်း ကျနော်တို့ကို မပြောပါ။ ပြောရင်လည်း ရမှာမဟုတ်သည့်အတွက် မသိချင်ယောင်ဆောင်နေခြင်းလည်း ဖြစ်မည်ထင်ပါသည်။ အမှန်က ပင်လယ်လိပ်ကြီးတွေကို မသတ်ရလို့ ပင်လယ်ဥပဒေရှိသည်ဟု ကြားရပါသည်။ ဟုတ်သော် ဟုတ်ကောင်းရာ၏။ လိပ်တကောင် အရွယ်ရောက်ဖို့ အနှစ် ၂၀ ခန့်ကြာသည်ဟု သိရသည်။

ဖိုကြီးထဲကို ထမ်းလာတဲ့ လိပ်သားတွေရောက်လာပြီဆိုတော့ ရဲဘော်တွေအားလုံးကို စားရေး သောက်ရေးအတွက် အဆင်ပြေအောင် စီစဉ်ပေးရတယ်။ ဆရာဦးလှဖေတို့၊ လူထုစိန်ဝင်းတို့ လူကြီးတွေ အလုပ်ပိုများလာပါသည်။ အေးအေးလူလူနေတတ်တဲ့ ကိုထင်ရှိန်တို့၊ ကိုရဲမြင့်တို့၊ ဗိုလ်ကလေး ကိုလှကြည်၊ ဗိုလ်ကလေး လှတင်အောင်၊ ဗိုလ်ကလေး သိန်းဆွေ အစရှိတဲ့ အကိုကြီးတွေနဲ့ တခြား ရဲဘော်တွေလည်း ဖိုကြီးကို ဝိုင်းကူကြရပါတယ်။

လိပ်တကောင်၏ ဥသိမ်က ကျောက်ဒိုးအရွယ်လောက်၊ ဥက ၅၀၀ ကျော် ၆၀၀ လောက်ရှိမည်။ အဲဒီလိပ်ဥတွေကို မုန့်လုပ်ရပါသည်။ ကုလားပဲခြမ်းကို လှော်၊ အမှုန့် ထောင်း။ ဆန် လှော်၊ အမှုန့် ထောင်း။ အုန်းသီးအလုံး သုံးလေးဆယ် အုန်းနို့ညှစ် ထည့်၊ နို့ဆီ ထည့်၊ သကြား ထည့်၊ ကျိုခဲအောင် မွှေ။

ပြီးတော့မှ လက်လုပ် အိုးခင်းနှင့် အထက်မီး အောက်မီး ဖုတ်၊ နောက်တနေ့ မနက်ကျတော့ လက် ၃ သစ်လောက်ထူပြီး လက်ဝါးလောက်ကြီးတဲ့ အတုံးကြီးတတုံး။ အနံ့ကလည်း သင်း၊ အရသာကလည်း ပြောပြလို့မတတ်အောင် အင်မတန်ကောင်းမွန်သည့် မဏိတဘောဇဉ်မှာ လက်ဘက်ရည်ကျကျတခွက်၊ အဲဒီမနက်ကတော့ ရဲဘော်တိုင်းအတွက် အလုပ်အကျွေး ဆက်ပါသည်။

လိပ်တကောင်ရပြီဆိုလျှင် အူမကြီး၊ အူနု၊ အသဲ စသည့်ကလီစာက တနပ် စားရတယ်။ အသားက တနပ်။ အရိုး၊ အခွံ၊ အခေါက်တွေက စွပ်ပြုတ်တအိုး။ အခေါက်တွေကို နူးအောင်ပြုတ်ပြီး သုတ်စား။ လိပ်တကောင်ဆိုရင် ၃ နပ် စားရပါသည်။ ကျနော်တို့ မြောက်ဘက်ခြမ်းဖိုကြီးက စားအား ၁၀၀ ကျော်ရှိတာတောင် ၃ နပ်စားရပါသည်။ လိပ် ၂ ကောင်ဆိုတော့ ရဲဘော်တွေ ဝဝလင်လင် စားရပါသည်။

ဖော်မြူလာနည်းကျကျနဲ့ ချက်ပြုတ်တာ

စားခြင်း၊ သောက်ခြင်းအမှုနဲ့ပတ်သက်ပြီး မှတ်သားဖွယ်တခုကို မှတ်တမ်းပြုချင်ပါသေးသည်။ ကျနော်တို့ ရဲဘော်တွေထဲမှာ မြင့်ဦးသစ်ဆိုတဲ့ ရဲဘော်တယောက်ရှိသည်။ အရပ်က မြင့်မြင့်၊ လူကောင်က ထွားထွား ပြီးတော့လည်း စတိုင်က ခပ်ကြွားကြွား၊ အပြောအဆို အနေအထိုင်ကလည်း သူများနဲ့ နည်းနည်းခြားပါသည်။

သူ့နာမည်ကို ‘ဆန်းချောချစ်’ လို့ ကျနော် နာမည်ပေးထားပါသည်။ ဆန်းလည်း ဆန်း၊ ချောလည်း ချော၊ ချစ်စရာလည်း ကောင်းလို့ ဆန်းချောချစ် လို့ နာမည်ပေးထားတယ်။ သူက ဂျာမန်ဘာသာကို ခြောက်တီးခြောက်ချက် သင်လာခဲ့ရတော့ စကားစကြုံတိုင်း “အာဘေဆေဒေအေ အက်(စ)ကေ” ဆိုတဲ့ ဂျာမန်စာ ကကြီး၊ ခခွေးကို ရွတ်ပြီး ကျနော်တို့ကို ကြွားလေ့ရှိပါသည်။ စားဖိုဆောင်မှာ သူလည်း စီမံကြီးကြပ်သူ တယောက်ပါ။

တနေ့တော့ ရမ်းဗြီးနဲ့ ကိုအောင်ထီ ငါးလိပ်ကျောက်ကြီးတကောင် ရပါသည်။ စကောဝိုင်းလောက် ကြီးပါသည်။ ငါးလိပ်ကျောက်ဟာ ဖမ်းရတာ အန္တရာယ်ရှိပါသည်။ သူ့အမြီးက တလံလောက်ရှည်သည်။ အမြီးဖျားအချွန်က အဆိပ်ရှိပါသည်။ ငါးလိပ်ကျောက်ထိုးသည့် မှိန်းက ၂ လံကျော် ရှည်သည်။ ငါးလိပ်ကျောက်ကလည်း လူကိုတွေ့ရင် တော်ရုံမပြေး။ ရမ်းဗြီးက သူ့မှိန်းရှည်ကြီးနဲ့ လှမ်းထိုးပြီး ထောက်ထားလိုက်သည်။

ငါးလိပ်ကျောက်ကလည်း အမြီးနဲ့ တရွှမ်းရွှမ်းရိုက်ပြီး ထိုးတော့သည်။ မှိန်းရိုးက ရှည်တော့ လူကိုမထိပါ။ ငါးလိပ်ကျောက် မောပြီး ငြိမ်နေတော့မှာ ကိုအောင်ထီက ဓားရှည်နှင့် အမြီးကို ဇက်ခနဲ ခုတ်ဖြတ်လိုက်သည်။ သူတို့ ၂ ယောက် ငါးလိပ်ကျောက်ကြီး ဖမ်းလာပြီးနောက် ဖိုကြီးကို အပ်တာပေါ့။ ဆန်းချောချစ်ကြီး စားဖိုမှာ ကြီးကြပ်နေတဲ့ အလှည့်နဲ့ကြုံပါသည်။ ဒီမှာတင် ဆန်းချောချစ်ကြီးက ကြွေးကြော်ပါတော့သည်။

“ဒီ ငါးလိပ်ကျောက်ကြီးကို ဖော်မြူလာနည်းကျကျ ရဲဘော်တွေကို ချက်ကျွေးပြမယ်ကွ”

ဆန်းချောချစ်ကြီးက ဖော်မြူလာနည်းကျကျ လက်စွမ်းပြပါတော့သည်။

ဆားကို ၂ ဗူးထည့်၊ ငရုတ်သီးမှုန့် တဗူး၊ ဆနွင်းက ဗူးဝက်၊ ဆီက ၃ ဗူး၊ ကျန်တာ အမွှေးအကြိုင်နဲ့ပေါ့။ ဆန်းချောချစ်ကြီး သူ့စိတ်ကူးရတဲ့ ဖော်မြူလာနဲ့ ပညာပြပြီး ချက်ပါတော့သည်။

ဟင်းကျက်ချိန်ရောက်လို့ မြည်းကြည့်လိုက်တော့ “လား ... လား” ငန်တူးပြီး စပ်ကလည်း စပ်၊ ဆနွင်းနံ့ကလည်း စူးစူးဝါးဝါးနဲ့။ ဒီမှာတင် ဆန်းချောချစ်ကြီး မျက်လုံးပြူးပါတော့သည်။ ကြားဖူး နားဝရှိတဲ့သူတွေက အငံကို စုပ်တာ မီးသွေးခဲပဲဆိုပြီးတော့ မီးသွေးခဲကို အဝတ်နဲ့ထုတ်၊ ဟင်းအိုးထဲထည့်။ ဒါလည်းမရ။

နောက် မန်ကျည်းသီးနိုင်နိုင်နဲ့ဖြေ၊ ဒါလည်းမရ။ နောက်ထပ် သကြား နို့ဆီဗူးတဗူးထည့် ဖောက်ပြန်တဲ့အရသာ လုံးဝဖြေလို့ မရဘဲဖြစ်နေတယ်။ ကျနော်တို့ ထင်းဖြတ်ပြီးလို့ မောမောနဲ့ ပြန်လာကြ။ ၁၀ နာရီကျော်ပြီ စားရိပ်သာကိုသွားတော့ ရိပ်သာကလည်း တံခါးတွေပိတ်ထား။ မေးကြည့်တော့ ဟင်းမကျက်သေးလို့တဲ့။

မသင်္ကာလို့ နောက်ဘက်မီးဖိုဘက် လှည့်သွား ကြည့်တော့ ဖော်မြူလာနည်းကျကျ ချက်ပြုတ်ထားတဲ့ကိစ္စကို ကျိတ်ပြီးရှင်းနေကြတာကိုး။ ဘယ်လိုမှမပြေလည်တဲ့အဆုံး ရဲဘော်တွေကို ချကျွေးလိုက်ရတာပေါ့။ ဒီမှာတင် ဖော်မြူလာရဲ့အရသာကို လွေးကြရပါတော့တယ်ဗျာ။

ဖော်မြူလာ ငါးလိပ်ကျောက်ဟင်းက ငန်ကလည်း ငန်၊ စပ်ကလည်း စပ်၊ ချဉ်ကလည်း ချဉ်၊ ချိုကလည်း ချို၊ ဆနွင်းနံ့ကလည်း ပိုလိုက်သေး။ ဒီမှာတင် ဆန်းချောချစ် ကိုမြင့်ဦးသစ်ကြီးကို ရဲဘော်တွေ ဝိုင်းပြီး ချီးကျူးလိုက်ကြတာ အဲဒီနေ့ကစပြီး ကျွန်းပေါ်မှာနေခဲ့ရ သမျှကာလပတ်လုံး ကိုမြတ်ဦးသစ်ကြီးတယောက် ဖိုကြီးတာဝန်ကို ဘယ်တော့မှ ခြေဦးမလှည့်ဘဲ ဖြစ်သွားပါသဗျာ။

တိုက်ပွဲတပွဲ တိုက်နိုင်ဖို့ဆိုတာ

တိုက်ပွဲတပွဲတိုက်ဖို့ ပြင်ဆင်ရာမှာ ဘက်စုံ ထောင့်စုံ၊ အခြေအနေစုံ လိုအပ်ပါတယ်။ ကျွန်းပေါ်ကနေ တကယ်ပဲ ထွက်ပြေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ တွဲဖော်တွဲဖက်၊ ရဲဘော်ရဲဘက်တွေ အဓိကထဲက ကိုချစ်ဆွေ၊ ကိုအုန်းမော်တို့နဲ့ နေအတူ၊ စားအတူ၊ သွားအတူ၊ အလုပ်အတူ သိပ်မရှိနိုင်တော့ပါ။ တခါတလေလည်း ညဘက် ပျောက်ပျောက်နေတော့ တချို့ရဲဘော်တွေက ခြေမမှန်တော့သော ကျနော့်ကို အမြင်လွဲကြပါသည်။

ကျနော်ကလည်း ဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ ကျနော် ကျွန်းကထွက်ပြေးဖို့ နေ့မအား ညမအား လုပ်နေရတာပါဗျာ။ ရဲဘော်တို့ ကျနော့်ကို အထင်မလွဲကြပါနဲ့ဆိုပြီး လူတကာကို လိုက်ပြီးဖြေရှင်းလို့ ရကောင်းတဲ့ကိစ္စမဟုတ်တဲ့အတွက် ဘယ်လိုလုပ်မလဲ။ အထင်လွဲ အထင်သေးလည်း မတတ်နိုင်ပါ။ တနေ့တော့ ရဲဘော်တို့အားလုံး ကျနော့်လုပ်ရပ်တွေက ဖြေရှင်းပေးသွားမှာပါ။ ဒီလိုပဲ စိတ်ထဲက မှတ်ယူပြီး ခေါင်းငုံ့ခံခဲ့ရပါသည်။

ကျနော့်ဘဝခရီးကြမ်းတလျှောက်တွင် အကြိမ်တော်တော်များများ ဤကဲ့သို့ အထင်အမြင်လွဲမှားခြင်း ကြုံခဲ့ရသည်။ သည်းခံပြီး ခေါင်းငုံ့ခံခဲ့ရသည်။ အချိန်နှင့်ကာလတခုရောက်မှပဲ လက်တွေ့ဖြစ်ရပ်တွေက အလိုလို ဖြေရှင်းလိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါမည်

No comments: