Wednesday, December 16, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၇)

ညနေ နေရီဆည်းဆာတွင် ပင်လယ်လေကလည်း တသုန်သုန်မြူး၊ လှိုင်းကလေးများကလည်း မြူးနေချိန်မှာ မိသားစုကို လွမ်းရှာကြပါသည်။ အောက်ခြေထုအချို့ဝါဒါများခမျာမှာ ဖြေမဆည်နိုင်၊ လွမ်းမျက်ရည် ဖြိုင်ပါတော့ သည်။ ကျနော်တို့တတွေကတော့ ဒီလိုအချိန်မျိုးကို ဘယ်အချိုးနှင့်ဝင်ရမလဲဆိုတာ နောကြေကြပါသည်။

တကယ်ကလည်း ကျနော်တို့က ဟန်ဆောင်ပန်ဆောင် စည်းရုံးတာမဟုတ်ပါ။ လူမှုရေးအရ တကယ် စာနာပါသည်။ ကျနော်တို့ကတော့ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ကျွန်းရောက်လာလည်း ဘာမှ မှုကြသူများမဟုတ်ပါ။ သူတို့အမှုထမ်းတွေ ခမျာမှာတော့ တာဝန်အရ လာကြရတာ၊ သွားရောက်ရမယ့်နေရာကို စခန်းတနေရာဆိုပြီး အမှန်အတိုင်းလည်း မပြော။ အထူးအခွင့်အရေးများလည်း တစိုးတစိမှ မခံစားရ။ ရောက်မယ့်ရောက်လာတော့ ကျနော်တို့နှင့် ကျွန်းမှာအတူတူ။ သူတို့ရဲ့ အပူတွေက ထုထည် မသေးလှ။ အလွန်အမင်း သနားဖွယ်ကောင်းလှသည့်ဘဝ ဖြစ်ပါသည်။

အောက်ခြေထု ဝါဒါရဲဘော်များနှင့် ဆက်ဆံရေး အင်မတန် ကောင်းလာပါသည်။ လသာသောရက်များတွင် အိုနာဆစ် သင်္ဘောပျက်ကြီးဘေးနားက သောင်ခံမှာထွက်ပြီး အနားယူကြ၊ လူကြီးပိုင်း လေထီးဗိုလ်အုန်းမောင် တို့၊ ဆရာ ရာဂျန်တို့၊ ဆရာ ဗန်းမော်တို့၊ ဆရာ ဦးမြသန်းတင့်တို့ကလည်း လေညင်းခံ၊ လမ်းလျှောက်ကြ၊ ကိုတေဇတို့ အနုပညာသမားတွေ ကလည်း တယောသံ ညှင်းညှင်းသွဲ့သွဲ့နဲ့ လွမ်းချင်းတွေနဲ့ နွဲ့နေကြပါသည်။

ကမ်းစပ် ဝါဒါကင်းတဲလေးထဲတွင် တာဝန်ကျ ဝါဒါလေးကလည်း တိတ်တိတ် ဆိတ်ဆိတ်ပင် ရှိပါသည်။ ကျနော်တို့ကို ဘာမှပြောဆိုဟန့်တားမှု မပြုပါ။ ကျွန်းပေါ်ရောက်စက မနက် ၆ နာရီ ထောင်ဖွင့်၊ ညနေ ၆ နာရီ ထောင်ပိတ်၊ အခုလည်း ညနေ ၆ နာရီ တရားဝင် ပိတ်ပါသည်။ မလွယ်ပေါက်ကနေ ကမ်းခြေသောင်ခုံကို အလျှိုလျှိုရောက်လာပြီး လွတ်လပ်မှု၏ အရသာကို ကိုယ်စီကိုယ်ငှ ခံယူနေကြခြင်းဖြစ်ပါသည်။ ည ၉ နာရီ၊ ၁၀ နာရီကျမှ မလွယ်ပေါက်ကပဲ အဆောင်ထဲ ပြန်ဝင်အိပ်ကြပါသည်။

ကျွန်းပေါ်ရောက်ပြီး ၆၉ မိုးကုန်ခါနီး အောက်တိုဘာလတွင် အရှေ့ဘက်မှ မုန်တိုင်းကျလာပါသည်။ မုန်တိုင်းမှာ အတော်ပြင်းပါသည်။ အိုနာဆစ်သင်္ဘောကြီးအား လှိုင်းလုံးကြီးများ ဝင်ပြီး ပြေးရိုက်လိုက်သည်မှာ သင်္ဘော လင်းယဉ်တိုင်နှင့် ကရိန်းတိုင်ကိုပင် လှိုင်းညွန့်က ကျော်ကျော်သွားပါသည်။ မုန်တိုင်းမှာ ၁၀ ရက်လောက် ကြာမည် ထင်ပါသည်။ အိုနာဆစ်သင်္ဘောကြီး၏ ဘေးသံပြားကြီးတခြမ်းမှာ လှိုင်းရိုက်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားပါသည်။ အစအန အရိပ်အယောင်ပင် မတွေ့တော့ပါ။

တော်လှန်တဲ့ဘဝဆိုတာ

မုန်တိုင်းစဲပြီး နောက်တနေ့မနက်တွင် ဖထီး မန်းအောင်ကြည်က ကျနော့်အားအဖော်ခေါ်၍ အပြင်ကို ထွက်လာခဲ့ပါသည်။ အနောက်ဘက်ကမ်းခြေ ဘောလုံးကွင်းဘေးရှိ ၁၀ ပေပတ်လည်ခန့်ရှိမည့် ကွန်ကရစ် အဆောက်အဦပျက်ကလေးတခု ရှိပါသည်။ အပေါ်သို့ ဖထီး မန်းအောင်ကြည် ဦးဆောင်တက်သွားပါသည်။ ပတ်ဝန်းကျင်အား လှမ်းမျှော်အကဲခတ်ပြီး နောက် လူသူအရိပ်အယောင် ကင်းရှင်းမှ ပြန်ထိုင်လိုက်ပြီး ထူးဆန်းသောစကားကို ပြောလာပါသည်။

“ကျနော်တို့ဟာ ရန်သူ့လက်ထဲမှာ ဒီလိုနေသွားလို့ မဖြစ်ဘူး။ လွတ်မြောက်နိုင်မယ့်နည်းလမ်းတွေကို ရှာကြံရမယ်။ ရန်သူ မမျှော်လင့်တဲ့အချိန်၊ မမျှော်လင်တဲ့နေရာ၊ မမျှော်လင့်တဲ့တိုက်ပွဲကို တိုက်ရမယ်။ အခု ထောင်ဝါဒါတွေဟာ အတော်လေး သတိပေါ့လျော့နေတယ်။ အခုနေ လှေတစင်းကို လျှို့လျှို့ဝှက်ဝှက်နဲ့ တည်ဆောက်နိုင်မယ်ဆိုရင် ကျနော်တို့ ဒီကျွန်းက ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်။ အခုလာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေဟာ ပင်လယ်မှာ လှိုင်း၊ လေ အင်မတန်ငြိမ်သက်တယ်။ အရှေ့မြောက်လေခိုပြီး ကန့်လန်ဖြတ် ရွက်တိုက်နိုင်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ကမ်းခြေကို ရောက်သွားမှာ ဖြစ်တယ်။ ကမ်းခြေရောက်ရင် ဟိုမှာ ကျနော်တို့ရဲဘော်တွေချည်းပဲ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ဆက်ပြီးဆင်နွှဲသွားနိုင်မယ်။ ရန်သူ့လက်ထဲမှာ ဒီလိုငုံ့ခံပြီး နေသွားလို့ မဖြစ်ဘူး”

ကျနော် ဖထီး မန်းအောင်ကြည်မျက်နှာကို သေသေချာချာ စူးစိုက်အကဲခတ် လေ့လာနေပါသည်။ ဖထီးမန်းအောင်ကြည် မျက်နှာမှာ အတော့်ကို ထက်သန်တက်ကြွနေပါသည်။ ကျနော် သူ့ကို မေးခွန်းတခု ထုတ်လိုက်ပါသည်။

“ဖထီးမှာ ဒီရည်မှန်းချက်အတွက် အသေအချာ စဉ်းစားစိတ်ကူးထားတာ ရှိသလား”

“ရှိတာပေါ့၊ လှေက ဒီပုံစံပဲ” ပါးစပ်ကပြောပြီး မြေနီခဲတခုနှင့် သံမံတလင်းပေါ်တွင် လှေပုံသဏ္ဍာန် ဆွဲပြပါသည်။

“ဦးချွန် ဖင်ပိတ် လျှပ်စစ်မီးပူပုံပေါ့ဗျာ၊ ကျနော်တို့ဟာ လှေတော့ မဆောက်ဖူးဘူးပေါ့၊ ဒါပေမယ့် ကျနော်တို့က မြစ်ဝကျွန်းပေါ်သားတွေပဲ၊ လှေဆောက်တာ မြင်ဖူးတယ်၊ ကျနော်လည်း လှေဆောက်ရင် တတ်ရမှာပေါ့၊ လှေရွက်လွှင့်တာလည်း တွေ့ဖူးတယ်၊ ကျနော်တို့လည်း ရွက်လွှင့်ရင် တတ်ရမှာပေါ့၊ တက်မ ကိုင်တာလည်း တွေ့ဖူးတာပဲ၊ ကျနော်တို့လည်း တက်မ ကိုင်ရင် တတ်ရမှာပေါ့”

ဖထီးမန်းအောင်ကြည် ပြောနေပုံမှာ လုပ်ရင် တခုမှမဖြစ်တာမရှိ၊ အကုန်ဖြစ်၊ တခုမှ မတတ်တာမရှိ၊ အကုန်တတ်၊ အတော် အားရှိစရာကောင်းပါသည်။ သူက ဆက်ပြောပြန်သည်။

“ကျနော်တယောက်တည်း မဖြစ်နိုင်ဘူး၊ ဆုံးဖြတ်ချက်ကျပြီး ရဲရဲရင့်ရင့် စွန့်စွန့်စားစားလုပ်မယ့် ရဲဘော်လိုတယ်။ ခင်ဗျားကို လေ့လာအကဲခတ်နေတာ အတော်ကြာပြီ၊ ခင်ဗျားဟာ အတော်တက်ကြွတယ်၊ ဖြတ်လည်း ဖြတ်လတ်တယ်၊ လုပ်ရဲကိုင်ရဲလည်း ရှိတယ်၊ ဒီတိုက်ပွဲမှာ ကျနော်နှင့်အတူ ပူးပေါင်းပြီးတိုက်ဖို့ ကျနော် အတော် မျှော်လင့်အားကိုးတယ်”

ဖထီးမန်းက စကားကိုဖြတ်လိုက်ပြီး ကျနော်မျက်နှာကို စေ့စေ့ကြည့်ပါသည်။ ကျနော့် မျက်လုံးတွေကိုလည်း ကြည့်ပြီး စူးစမ်း အကဲခတ်နေပါသည်။ ကျနော်ကလည်း သူ့မျက်လုံးကို စေ့စေ့ကြည့်ပါသည်။ မျက်လုံးချင်းဆုံပြီး တယောက်ကိုတယောက် မမှိတ်မသုံ ကြည့်နေပါသည်။ မျက်နှာတခုလုံးနှင့် သူ့မျက်လုံးတွေက ကျနော့်ကို တကယ်ပဲမျှော်လင့်အားထားပုံမှာ ပေါ်လွင်လှပါသည်။ သူ့မျက်လုံးသည် အရောင်လက်လျှက် စူးစူးစိုက်စိုက် ကျနော့်ကို ကြည့်နေပါသည်။

“ကျနော်ကတော့ ရန်သူကိုတိုက်ရမယ်၊ စွန့်စားရမယ်ဆိုရင် အချိန်မရွေး အဆင်သင့်ပဲ”

ဖထီးမန်း၏မျက်နှာသည် ဝင်းလက်ရွှင်ပြုံးသွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ပါသည်။ သူက “ကျနော် လုပ်လက်စတွေ ရှိတယ်။ ကျနော်လိုက်ပြမယ်၊ လာသွားကြစို့”

တိုက်ပျက်လေးပေါ်မှ ကျနော်တို့ ၂ ယောက်ဆင်းလာကြသည်။ တိုက်ပျက်ကလေးမှ တောင်ဘက်သို့ ဆက်လာရာ ၅၈ ခုနှစ်၊ နေဝင်း အိမ်စောင့်အစိုးရလက်ထက် ကျွန်းသို့ ပထမအကြိမ် ပို့ခဲ့စဉ်က လူမနေတော့သည့် အိမ်ဟောင်း၊ အဆောက်အဦဟောင်းများရှိရာသို့ ရောက်လာပါသည်။

ကိုကိုးကျွန်းသည် တောင်ဘက်သို့ သွယ်တန်းရှူးသွားရာ တောင်ကြောကလေးတခုသည်လည်း ကျွန်း၏ တောင်ဘက်သို့ ဆင်းသွားပါသည်။ ၎င်းတောင်ခြေ၏ အနောက်ဘက်တောစပ် ချုံကောင်းကောင်းအောက်တွင် ၆x၁ ပျဉ်ပြားများ၊ ၃x၁ခွဲ ပျဉ်ချောင်းများကို ပုံထားသည်ကို တွေ့ရပါသည်။ ယခုနေရာမှာ တောင်ကြော၏ အနောက်ဘက် တောင်ခြေဖြစ်ပါသည်။

ဖထီးမန်းက ပြောသည်။ “ပျဉ်တွေ၊ သစ်သားချောင်းတွေက မလောက်သေးဘူးပေါ့ဗျာ၊ ကျနော်တို့ အိမ်ဟောင်းတွေဆီက ဆက်ခွာရဦးမှာပေါ့”

ကျနော်တို့ တောင်ကြောလေးပေါ် တက်လာကြပါသည်။ တောင်ကြောကလေး၏တနေရာသို့အရောက်တွင် အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ ပင်လယ်ဘက်သို့ ဖထီးမန်းအောင်ကြည်က မျက်နှာမူ၍ လက်ညှိုးဖြင့်ထိုးကာ …

“ခင်ဗျားကြည့်စမ်းပါဦး ပင်လယ်ကြီးက ငြိမ်သက်နေတာပဲ၊ ဒီလိုလှိုင်းလေငြိမ်သက်ပြီး ရာသီဥတုသာယာရင် မြစ်ဝကျွန်းပေါ်သို့ အသေအချာ ရောက်တာပေါ့”

ဆက်လက်ဖော်ပြပါမည်

No comments: