ရေစစ်ချိန်ရောက်ပြီဆိုရင် ရေထဲကိုပစ်ချထားတဲ့ အမျိုးအမည်စုံလင်တဲ့ ပစ္စည်းတွေ ပြန်ငုပ်၊ ကမ်းပေါ်တင်၊ ကမ်းစပ်နဲ့ကပ်လျက် မီးဖိုချောင်ဘေးသဲခုံကို ပစ်သွင်းပေါ့။ ပြီးတော့မှ ရလာတဲ့ပစ္စည်းတွေကို ကုန်ချောအဖြစ် ထုတ်လုပ်ဖန်တီးတော့တာပါပဲ။
ဗမာ့တပ်မတော် လေတပ်က ကိုတေဇတို့၊ ကိုလှိုင်တင်တို့၊ ကိုထွန်းဝင်းတို့က အနုပညာသမားတွေ၊ မော်တာပျက်အိုးထဲက ကြေးနန်းကြိုးပျက်တွေကို တယော၊ မယ်ဒလင်၊ ဒုံမင်းကြိုးတွေ ပြန်ပြီးဖန်တီး၊ တယောတို့ မယ်ဒလင်တို့ကတော့ အညံ့စား မထင်လိုက်ပါနဲ့။ တကယ့်ထွင်းအိုးတွေနဲ့ လုပ်ထားတာ။
နေ့ကြီးရက်ကြီး ပွဲလမ်းသဘင်ဆိုရင် ကိုလှိုင်တင်တို့၊ ကိုတေဇတို့ တီးဝိုင်းက တယော ၃ လက်၊ မယ်ဒလင်၊ ဒုံမင်း၊ ပတ္တလား၊ ခြောက်လုံးပတ် အလွန့်အလွန်ကိုပင် ငြိမ့်ညောင်းသာယာတဲ့ ဆင်ဖိုနီ တီးဝိုင်းကြီးပါ။ ကျနော်တို့ကျွန်းမှာ အတူမနေခဲ့ရသူတွေအဖို့ ရေးပြ၊ ပြောပြရတာ ပိုကားကြွားတယ်လို့ ထင်ကြမှာပါ။
သီချင်းတွေဆိုတာလည်း ဗမာပြည်လူ့အဖွဲ့အစည်းဟောင်းထဲက သီချင်းတပုဒ်မှ မပါဘူး။ မဆိုဘူး။ ကျနော်တို့ကျွန်းမှာ ကိုယ်တိုင်ရေးတဲ့၊ သီဆိုတဲ့ ထွန်းလင်းတဲ့ ကမ္ဘာလောကသစ်ကြီးကို ဖော်ညွှန်းတဲ့ တော်လှန်တဲ့ သီချင်းတွေကြီးပါပဲ။
အခုတော့ ကျွန်းတုန်းက သီချင်းတွေကို ၈၈ မျိုးဆက်သစ် ညီငယ် ညီမငယ်၊ ရဲဘော် ရဲဘော်မေများက လက်ဆင့်ကမ်း ပြန်လည်ဖော်ထုတ်ပြီး သမိုင်းတင်ခဲ့ကြပါတယ်။ ဦးသန့်အရေးအခင်းနဲ့ မှိုင်းရာပြည့် အရေးအခင်းမှာ အင်းစိန် ဖိနှိပ်ရေးအကျဉ်းစခန်းကြီးကို ရောက်ခဲ့ကြတဲ့ တော်လှန်တဲ့ ရဲဘော်များကလည်း ဦးသန့်နဲ့ မှိုင်းရာပြည့် ဂုဏ်ပြုသီချင်းတွေကို မော်ကွန်းထိုးခဲ့ပါတယ်။ ဒါလည်း ၈၈ မျိုးဆက်သစ် ညီငယ် ညီမငယ်များကပဲ ပြန်လည်ဖော်ထုတ်ပြီး သမိုင်းမှတ်တမ်း တင်ခဲ့ကြပါတယ်။
သံတိုသံစ သံပြားတွေကိုတော့ အလွန့် လွန်မရှိတဲ့ပစ္စည်းတွေကို လေတပ်က ကိုအုန်းမောင်ကြီးက ပန်းပဲဆရာကြီးအဖြစ်နဲ့ ဦးဆောင် ထုတ်လုပ်ပါတယ်။ လုပ်သားတွေက ကိုအုန်းမော်၊ ကိုအောင်ထီ (သူ့ကို ကျနော်တို့က ချစ်စနိုးနဲ့ ကျောက်ပိုးလို့ ခေါ်သည်)၊ ကိုချစ်ဆွေ၊ ဘဖူးညွန့်၊ ကိုလတ်၊ ရမ်းဗြီး ပြီးတော့ မပါမဖြစ်တဲ့ ဗန်းမော့် ဇာတ်လိုက်။
မီးဖိုဆိုက်တဲ့မီးက သစ်နီသားပေါက်ခြမ်းတွေ၊ မီးခဲကလည်း အင်မတန်ကောင်းတာ၊ မီးဖိုဘေးက စတိုနားမှာ ပေတုံးလုပ်လို့ကောင်းတဲ့ သံတုံးကြီးကိုချ၊ သစ်နီသား ပေါက်ခြမ်းမီးခဲတွေကို လာပုံ၊ ပင်လယ်ကမ်းနားစပ်နဲ့ ကို ၃၀ ကျော်လောက်ပဲ မီးဖိုနဲ့ဝေးတာဆိုတော့ ပင်လယ်လေကလည်း တဟူးဟူးနဲ့ တကယ့်သဘာဝ ပန်းပဲဖိုကြီးပေါ့။
အဲဒီ ပန်းပဲဖိုကြီးထဲကို သံပြားတွေ ထည့်ဖုတ်၊ သံပြားကရဲလာပြီဆိုရင် ပန်းပဲဆရာကြီး ဦးအုန်းမောင် ပြောဆိုညွှန်ပြတဲ့အတိုင်း ကျနော်တို့ငယ်သားတွေကလည်း တယောက်တလဲ ထုကြ၊ လုပ်အားခ ပူစရာမလိုတော့ ဓားတလက်ဆိုရင် ထုမှထုပေါ့။ ဓားကောင်းတလက်လိုချင်ရင် နာနာတေရတယ်လို့ ရှေးအဆိုအမိန့်ကလည်းရှိတယ် မဟုတ်လား။
စိတ်ကြိုက်ရပြီဆိုတော့မှ ကိုအုန်းမောင်ကြီး သင်္ဘောပေါ်ကရတဲ့ သံဖြတ်စို့နှင့် ကြိုက်တဲ့ဓားပုံစံကို ဖြတ်ထုတ်ပြီးတော့ ပြန်ထု၊ ဆေးသားတင်၊ ဆေးသားတင်ပြီးသား ဓားကို နို့ဆီခွက်ကို ထောင်၊ ခုတ်ကြည့်၊ အသွားလိပ်သွားတယ်ဆိုရင် မကြိုက်သေးဘူး၊ ပြန်ထု၊ ပြန်ဆေးသားတင်၊ နို့ဆီခွက်ကို ပြန်ခုတ်၊ တိခနဲပြတ်မှ အိုကေ။
ဒီလိုနည်းနဲ့ ကိုအုန်းမောင်ကြီး ပန်းပဲဖိုက ဓားမြှောင်တွေ၊ ဓားရှည်တွေ၊ ဓားမတွေ၊ လှံတွေ၊ မှိန်းတွေ လူငယ်တိုင်းမှာ ကိုယ်စီကိုယ်ငှ ဓားရှည်တွေ၊ ဓားမြှောင်တွေနဲ့ ဖြစ်လာကြတာပါပဲ။
ကျနော်တို့ကို ထုတ်ပေးတဲ့ အတွင်းခံ၊ အောက်ခံဘောင်းဘီက ဘေးဘက်က တခြမ်းကွဲ ကြိုးနှင့် သုံးချက် ပြန်ချည်ရတယ်။ အဲဒီ ဘောင်းဘီတိုနံ့နံ့နှင့် (ကျနော်တို့လူငယ်တွေက တာဇံဘောင်းဘီလို့ နာမည်ပေးထားတယ်) မနက်လင်းပြီဆိုရင် ကျနော်တို့လူငယ်တသိုက်ဟာ ခါးမှာလည်း ဓားမြှောင်ကြီး ချိတ်သူက ချိတ်၊ တချို့ကလည်း ဓားရှည်၊ တချို့ကလည်း မှိန်းတွေနဲ့၊ တာဇံတသိုက်ကတော့ ခြေဦးတည့်ရာ စိတ်ကူးပေါက်ရာ ကျွန်းပေါ်ကို လျှောက်သွား ရှာဖွေတော့တာပဲ။
မောရင် အုန်းပင်လှဲ၊ အုန်းရည်သောက် အုန်းသားစား၊ တခါတလေ အကျဉ်းသားဘဝကိုတောင် မေ့မေ့သွားသဗျာ။ ဒါပေမယ့် နေဝင် မိုးချုပ်လို့ အိပ်တန်းပြန်တက်ကြမှပဲ တို့ဟာ မလွတ်လပ်ပါလားဆိုတဲ့အသိက ဝင်လာတယ်။
တော်လှန်တဲ့ ဗမာ့တပ်မတော်သားများ
ကျွန်းပေါ်ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဗမာ့တပ်မတော် လေတပ်က ရဲဘော်များဟာ မနည်းပါဘူး။ ကိုထွန်းဝင်း (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုတေဇ၊ ကိုလှိုင်ဝင်း၊ ကိုအုန်းမောင်၊ ကိုသိန်းလွင်၊ ကျွန်းမရောက်ဘဲ အင်းစိန်ထောင်တွင် ကျန်ရစ်ခဲ့တာက စောမောင်တင်၊ စောရွှေဘ၊ ဝင်းရွှေချစ် အခြားမမှတ်မိတော့။ ဗမာ့တပ်မတော် လေတပ်မှ အဲဒီလို အစဉ်အလာကြီးခဲ့တာပါ။၁၉၈၈ ခုနှစ် ဒီမိုကရေစီအုံကြွတိုက်ပွဲဝင်မှုကြီးမှာ ကျောင်းသား၊ ရဟန်းရှင်လူ၊ မိဘပြည်သူများနှင့်အတူ ရှေ့ဆုံးတန်းက လက်တွဲ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ မိဘပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပဲ မဟုတ်လား။
သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရဲဘော်တွေဖြစ်ပါတယ်။ ဒီရဲဘော်တွေဟာ ပြည်သူတွေဘက်က၊ အမှန်တရားဘက်က ရပ်တည်ပြီး ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့်နဲ့ သူတို့ကို ခွပိုးထားတဲ့ စစ်အာဏာရှင်တွေကို ပုခုံးပေါ်ကခါချပြီး တိုက်ပွဲဝင်သွားဦးမယ်ဆိုတာ ကျနော် အလေးအနက် ယုံကြည်ပါတယ်။
ဗမာ့တပ်မတော် (ကြည်း)ကလည်း သမိုင်းတင်ခဲ့သူတွေပါ။ ကိုအုန်းမော်(ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအောင်ထီ (ရခိုင်စစ်မျက်နှာတွင် ကျဆုံး)၊ ကိုဇော်လွင်၊ ကိုတင်ဝင်း၊ အခြားသူများကို မမှတ်မိတော့ပါ။
ကျနော်တို့လူငယ်တွေ အပြင်ထွက်ပြီး ရှာလို့ဖွေလို့ရလာတဲ့ ငါးတို့ ဘာတို့ဆိုရင် မစားရက်ပါဘူး၊ ဖိုကြီးကို သွားပေးတာပါပဲ။ ဖိုကြီးကနေ လူမမာတွေ၊ နလံထတွေ၊ လူကြီးပိုင်းတွေကို စီစဉ်ချက်ပြုတ်ကျွေးပါတယ်။
ကိုကိုးကျွန်းကြီးရဲ့ အနောက်ဘက်ကမ်း ကျနော်တို့အကျဉ်းစခန်းကနေ ၃ မိုင်လောက်အကွာမှာ လခြမ်းကွေးသဏ္ဍာန် လိပ်သောင်ဆိုတာရှိပါတယ်။ အဲဒီ လိပ်သောင်ကို ရေတပ်ကနေ စစ်ဧရိယာ သတ်မှတ်ထားပါတယ်။ ကန့်သတ်နယ်မြေပေါ့။ မသွားရ မလာရ အမိန့်ထုတ်ထားတယ်။
တညနေတော့ ကျနော်နှင့် ရမ်းဗြီး၊ ကျနော်တို့ကျွန်းပေါ်တက်လာခဲ့တဲ့ ကမ်းနားသောင်ခုံကို လမ်းလျှောက်ကြရင်း လိပ်တက်ဥထားသလို သံခုံကိုဖွသွားတဲ့ စွပ်ကြောင်းကြီး ဖုံအောင် တွေ့ရတယ်။ ကျနော်က တုတ်ရှည်ရှည်တချောင်းနဲ့ လျှောက်ထိုးကြည့်တော့ ဇတ်ခနဲ တုတ်က သဲထဲကို ကျွံကျသွားတယ်။ တုတ်ကို ဆွဲထုတ်လိုက်တော့ တုတ်အဖျားမှာ ချွဲကျိကျိအရာတွေ ကပ်ပါလာတယ်။ ကျနော်တို့ ၂ ယောက်ထိုင်ပြီးတော့ သဲကို ယက်ထုတ်ကြတယ်။ လက်တနှိုက်လောက်ရောက်တော့ လိပ်ဥတွေ အဖွေးသားကို တွေ့ရတယ်။
ကျနော်တို့ ၂ ယောက် ပျော်သွားတာပဲ။ ပင်လယ်လိပ်ဥက ပျော့စိစိပါ။ လိပ်ဥက အားလုံး ၇၀ ကျော်တယ်။ တုတ်နဲ့ထိုးမိတာ ၂ လုံးလောက် ကွဲသွားတယ်။ ကျနော်တို့အပြုံးကိုယ်စီနဲ့ စခန်းထဲပြန်ပြီး ဖိုကြီးကို အပ်လိုက်တာပဲ။ ကျွန်းမှာဆို ပထမဆုံး လိပ်ဥရသူတွေကတော့ ကျနော်နဲ့ ရမ်းဗြီး ၂ ယောက်ပါပဲ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment