Wednesday, August 14, 2013

ကျနော်နှင့် ကိုသိမ်းဆွေ - ကိုမာကီ (၈၈ မျိုးဆက်)

အခုမှ စတွေ့ဖူးတဲ့လူတစ်ယောက်ကို မြင်မြင်ချင်း ခင်မင်စရာကောင်းတဲ့လူလို့ သတ်မှတ်ရတာက လွယ်လိမ့်ဦးမယ်။ ယုံကြည်စိတ်ချလို့ရတဲ့သူလို့ သတ်မှတ်ဖို့ကျတော့ အတော်ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ကိုသိမ်းဆွေဆိုတာက အဲဒီ့သတ်မှတ်ချက် နှစ်ခုစလုံးနဲ့ညီတဲ့သူ။ 

ရုတ်တရက် မြင်လိုက်ရရင်တော့ လူချော၊ လူဖြောင့်တစ်ဦးပေါ့။ ဒါပေမယ့် ကိုသိမ်းဆွေက အဲဒီ့ထက် အများကြီးပိုပါတယ်။ ၁၉၉၅ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်တက်နေစဉ်ကာလမှာ ကိုသိမ်းဆွေနဲ့ ဆုံစည်းရဖို့ ကြုံပါသေးတယ်။ ဒဂုံဆောင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးဖို့ စီစဉ်တာပါ။ ဒါပေမယ့် ကျနော်တို့ လွဲခဲ့ကြတယ်။ အမှန်တကယ် ဆုံစည်းခွင့်ရတာကတော့ ၂၀၀၅ ခုနှစ်မှပါ။ အဲဒီ့အချိန်မှာ ကိုသိမ်းဆွေက NLD ပါတီမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ တွေ့ဆုံခင်မင်ရတာကလည်း ကိုကိုကြီးကတစ်ဆင့်ပါပဲ။ ကိုသိမ်းဆွေနဲ့ ကိုကိုကြီးတို့က ၁၉၈၈ခုနှစ် ကတည်းက သိကျွမ်းခဲ့ကြတာ။ အမှန်တကယ်ဆိုရရင် ကိုသိမ်းဆွေက တကယ့် ၈၈ မျိုးဆက်ကျောင်းသား အစစ်ပါ။ (အတုတွေရှိတယ်လို့တော့ ဆိုလိုချင်တာ မဟုတ်ပါ)။ 


၁၉၈၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား။ ရှစ်လေးလုံး အရေးတော်ပုံမှာ တက်တတ်ကြွကြွပါဝင်ခဲ့သူ။ ဖျာပုံမြို့နယ် ဗကသ ကျောင်းသားခေါင်းဆောင်။ ကိုကိုကြီးတို့ ဧရာဝတီတိုင်းကိုဆင်းတော့ အကူအညီတွေအများကြီး ပေးနိုင်ခဲ့သူ။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဗကသကျောင်းသားတွေရဲ့ ထီးရိပ်ပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖျာပုံမြို့မှာ ဦးဆောင်ဖွဲ့စည်းခဲ့တယ်။ ကိုသိမ်းဆွေရဲ့ဖခင် ဦးမင်းဆွေကတော့ NLD ပါတီက။ ၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်၊ အမတ်။ 

၁၉၉၁ ခုနှစ်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆက်တက်တယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ကျောင်းသားလှုပ်ရှားမှု (10D)မှာ ပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရတယ်။ ၁၉၉၂ ခုနှစ်ထဲမှာ ပြန်လည်လွတ်မြောက်လာတယ်။ ကျောင်းပြန်တက်တယ်။ ဘွဲ့ရတယ်။ ဖျာပုံမှာ ပြန်နေတယ်။ အဲဒီ့နောက် နိုင်ငံရေးဖိနှိပ်အဖြိုခွဲခံရခြင်းနဲ့အတူ နိုင်ငံရေးလောကဓံတွေကို ဖခင်နဲ့အတူ ခံစားခဲ့ရတယ်။ အကြိမ်ကြိမ် အဖမ်းဆီးခံခဲ့ရတယ်။ နယ်မြို့တွေအနေနဲ့ကျတော့ နိုင်ငံရေးအရ ရပ်တည်ရေးခက်ခဲတယ်။ အရောင်သွေးစုံ ပါတီ၊ အဖွဲ့အစည်းတွေ များများမရှိဘူး။ လူ့ဘောင်သစ်ပါတီ အဖျက်သိမ်းခံရပြီးတဲ့နောက် ဖခင်ကိုဝင်ကူရင်းနဲ့ NLD ပါတီဝင်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေ အတော်များများမှာ လိုက်ပါတာဝန်ထမ်းဆောင်ခဲ့တယ်။ 

ကိုသိမ်းဆွတို့သားအဖနှစ်ယောက်စလုံး ဖျာပုံမြို့မှာနေထိုင်ရပ်တည်လို့မရအောင် အဖိနှိပ်ခံရတယ်။ ဒါ့ကြောင့် တစ်မိသားစုလုံး ရန်ကုန်မှာ ပြောင်းရွှေ့နေကြတယ်။ တစ်ပိုင်တစ်နိုင် မိသားစု ဘော်ဒါဆောင်လေးဖွင့်ပြီး တစ်မိသားစုလုံး စာသင်ပြကြတယ်။ NLD မှာ ပါတီတာဝန်တွေ ပြန်လည်ထမ်းဆောင်တယ်။ သူနဲ့မရှေးမနှောင်း ပြန်လည်လွတ်မြောက်လာကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ရင်းနှီးယုံကြည်တဲ့ အနီးကပ်ဆက်ဆံရေးရှိခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားများရယ်လို့ ပေါ်ထွက်လာတော့ NLD နဲ့ ၈၈ ကျောင်းသားတွေအကြားမှာ နှစ်ဖက်စလုံးက အထူးယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေးပုဂ္ဂိုလ် ဖြစ်လာတယ်။ 

ကျနော် မြစ်ကြီးနားထောင်က ပြန်လည်လွတ်မြောက်လာချိန်မှာတော့ ကိုသိမ်းဆွေနဲ့ မကြာခဏ ဆုံဖြစ်ကြပါတယ်။ အထူးသဖြင့်တော့ မင်းကိုနိုင်ရဲ့အိမ်၊ ကိုကိုကြီးရဲ့အိမ်နဲ့ ကိုယ့်နိုင်ငံရေးအင်အားစုတွေရဲ့သာရေးနာရေး အခမ်းအနားတွေ၊ NLD ပါတီနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ နိုင်ငံရေးအခမ်းအနားတွေမှာ ဆုံဖြစ်ကြတာများပါတယ်။ ကြားခံလူ တစ်ဦးတစ်ယောက် မိတ်ဆက်ပေးလို့ ခင်မင်သိကျွမ်းရတာထက်၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့အမြင်များ၊ မျက်မှန်းတန်းမိပြီး ရင်းနှီးလာရတယ်လို့ ဆိုနိုင်ပါတယ်။ 

အမှန်တကယ် ကိုသိမ်းဆွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ရတာကတော့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၅ ယောက် အဖမ်းခံရပြီးနောက် ကိုမြအေးတို့ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့တတွေ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖော်ဆောင်ကြတဲ့ချိန်ပါ။ အဲဒီ့အချိန်မှာ ကိုသိမ်းဆွေဟာ ကျနော်တို့နဲ့ အနီးကပ်ဆုံး ပူးပေါင်းကူညီပြီး အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို တွန်းအားပေးမယ့် Driving Group လို့ ကျနော်တို့ အမည်ပေးထားတဲ့ အစုအဖွဲ့လေးမှာလည်း အဓိက ပါဝင်ခဲ့သူပါ။ အဲဒီ့အစုဖွဲ့လေးရဲ့ လျှို့ဝှက် အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်တွေမှာလည်း အမြဲတမ်းပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပန်ပန်(ကိုပဏ္ဍိတ်ထွန်း)ကတောင် ကိုသိမ်းဆွေကို 88 ရဲ့ဂုဏ်ထူးဆောင်နာယကကြီးလို့ ချစ်စနိုးနဲ့ အမည်နာမ တပ်ပါသေးတယ်။ 

ကိုသိမ်းဆွဟာ အလွန်လည်း အလုပ်လုပ်နိုင်သူပါ။ အလွန်လည်း အလုပ်များပါတယ်။ အဲဒီ့အချိန်ကဆိုရင် သူ့အိမ်က ဘော်ဒါဆောင်လေးမှာ ကလေးတွေကို စာသင်တဲ့အလုပ်၊ ရေထွက်ပစ္စည်း ဖြန့်ဖြူးတဲ့အလုပ်၊ NLD ပါတီရဲ့တာဝန်တွေ၊ တိုင်းရင်းသားခေါင်းဆောင်နဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံရတာတွေ။ ဒါပေမယ့် အဲဒီ့အချိန်မှာ သူအချိန်ပေးပြီး အများဆုံးလုပ်ပေးခဲ့ရတာက ကျနော်တို့ရဲ့အလုပ်တွေပါပဲ။ ကိုသိမ်းဆွေက ကတိတည်တယ်။ သူ့အပေါ်မှာလည်း ကတိတည်မှ ကြိုက်တယ်။ သူ တာဝန်မယူနိုင်တဲ့အလုပ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ သူတာဝန်ယူပြီဆိုရင်လည်း တိတိကျကျလုပ်တယ်။ ကျနော်နဲ့ဆို သိပ်အရင်းနှီးကြီး မဖြစ်သေးခင်မှာကိုပဲ အရေးကြီးတဲ့အလုပ်တွေကို တွဲလုပ်ဖြစ်ခဲ့ကြတယ်။ 

ကျနော်ကတော့ ကိုသိမ်းဆွေကို စတင်သိကျွမ်းခါစကတည်းက ယုံကြည်စိတ်ချရတဲ့သူမျိုးလို့ သတ်မှတ်ထားပြီးသားပါ။ ထင်တဲ့အတိုင်းလည်း ယုံကြည် အားကိုးခဲ့ရပါတယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုသိမ်းဆွေဟာ လူချစ်လူခင်များတဲ့ လူတစ်ယောက်ပါ။ အထူးသဖြင့် လူကြီးတွေက ပိုပြီးချစ်ကြ၊ အားကိုးကြပါတယ်။ လူကြီးတွေနဲ့လူငယ်တွေ ကြားမှာ ပေါင်းကူးဆက်သွယ်ပေးရတာမျိုး၊ လူကြီးတွေဆီက သဘောထားတစ်ခုခုကို တောင်းခံရတာမျိုး၊ အကူအညီ အကြံဉာဏ်တစ်ခုခု တောင်းခံရတာမျိုးဆိုရင် ကိုသိမ်းဆွေကိုပဲ အားကိုးကြရတာများပါတယ်။ 

၂၀၀၇ ခုနှစ်၊ မေလ၊ ၂၇ရက်နေ့။ အဲဒီ့နေ့ဟာ ၁၇ နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ဖြစ်သလို နေအိမ် အကျယ်ချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ့်နေ့၊ သို့မဟုတ် နောက်ထပ်သက်တမ်းတိုးမယ့်နေ့။ အဲဒီ့ နေ့ NLD မှာကျင်းပတဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့အခမ်းအနားကို ကျနော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေ တက်ရောက်ကြတယ်။ အခမ်းအနားအပြီးမှာ ရွှေတိဂုံစေတီတော်ပေါ်မှာ ဆုတောင်းပွဲပြုလုပ်ကြဖို့ စီစဉ်ထားတယ်။ ထုံးစံအတိုင်းပဲ အာဏာပိုင်တွေဘက်က လမ်းတွေကြိုပိတ်ထားလိုက်တယ်။ NLD ရုံးချုပ်ကနေ အာဇာနည်ကုန်းဘက်က တက်ရမယ့်လမ်း၊ ဗဟန်း ရေတာရှည်လမ်းဟောင်း၊ ရွှေဂုံတိုင်လမ်းဆုံ စတာတွေမှာ ရပ်ကွက်တွေ၊ ရပ်ကွက်တွေထဲကနေ တစ်ယောက်သုံးထောင်ကျပ်နဲ့ အငှားခေါ်လာတယ်ဆိုတဲ့သူတွေကို ဒိုင်နာကားတွေနဲ့ တင်လာပြီး လမ်းပိတ်ခိုင်းထားတယ်။ 

အခမ်းအနားပြီးလို့ ရွှေတိဂုံကိုသွားကြမယ်ဆိုတော့ ကျနော်တို့ ၈၈ တွေအပြင် NLD ပါတီဝင်တချို့ရော၊ အခမ်းအနားကို လာတက်ကြတဲ့ အခြားအင်အားစုတွေတချို့ရော ပါဝင်လာကြတယ်။ အပိတ်ခံထားရတယ်ဆိုတာ ကြိုတင်သိနှင့်ကြပေမယ့် ရအောင်ဖောက်ထွက်မယ်၊ တက်ဖြစ်အောင်တက်မယ်ဆိုပြီး ရုံးထဲကနေ စနစ်တကျ တန်းစီထွက်ခဲ့ကြတယ်။ စုစုပေါင်းအယောက် ၅၀၀ လောက်ရှိမယ်။ အရှေ့ဆုံးမှာ တစ်ယောက်လက်တစ်ယောက်ချိတ်လို့ တန်းစီပြီး လျှောက်လာကြတာက မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်နဲ့ ကိုမျိုးခင်။ ကျနော်က သူတို့ကို မျက်နှာချင်းဆိုင် လမ်းကိုနောက် ပြန်လျှောက်ပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်တယ်။ 

လမ်းလျှောက်ချီတက်လာတဲ့ လူအုပ်ကြီးရဲ့ဘေးနားကနေ အပြေးအလွှားနဲ့ လိုက်လံထိန်းသိမ်းပေးနေသူက ကိုသိမ်းဆွေ။ ရေတာရှည်လမ်းဟောင်း၊ ပိတ်ဆို့ထားတဲ့နေရာရောက်တော့ နောက်ပြန်လျှောက်လာတဲ့ ကျနော့်ကို အကြမ်းဖက်အုပ်စုထဲကနေ လှမ်းတွန်းထားတယ်။ ဒီတော့မှ ကျနော်လည်း မျက်နှာချင်းဆိုင်မိနေတဲ့ လူအုပ်စုကြီးနှစ်ခုကြားကနေ ဘေးကိုထွက်ပြီး ထိတ်တိုက်တွေ့နေကြတာကို မှတ်တမ်းယူတယ်။ အာဏာပိုင်တွေက ဒီလူတွေကို ဘယ်ကနေခေါ်လာတယ်မသိ။ ဒိုင်နာကားကတော့ ဒီနေရာမှာကိုပဲ ၇ စီးလောက်ရှိနေတယ်။ ကားပေါ်မှာတော့ ပေါက်တူးရိုးတွေ အများကြီး တင်ထားတယ်။ ဒီပဲယင်းလို ဖန်တီးမယ့်ပုံစံမျိုး။ ရမ်းကားတဲ့အကြမ်းဖက်အုပ်စုမှာက တချို့လည်း တာဝန်ကျေလိုက်လာကြတဲ့ပုံစံမျိုး၊ နောက်ဆုတ်ပြီး ခပ်ခွာခွာနေကြတယ်။ တချို့ကတော့ တကယ့်ကို တက်တက်ကြွကြွ။ ချီတက်လာတဲ့သူတွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တစ်ယောက် တစ်ပေါက်နဲ့ ရန်တွေ့ကြတယ်။

“ငါတို့ပြည်သူတွေ ဆင်းရဲနေရတာ မင်းတို့လို ပုဆိန်ရိုးတွေကြောင့်ကွ” 

“မင်းတို့ အခုလို ရုတ်ရုတ် ရုတ်ရုတ်တွေလုပ်နေလို့ ငါတို့တိုင်းပြည်ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတာ”

“မင်းတို့ကြောင့် ငါတို့ တိုင်းပြည် ဆင်းရဲတွင်းနက်နေရတာကွ” 

အရှေ့ဆုံးမှာ တစ်ယောက်တည်းထွက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေတာက ကိုကိုကြီး။ နိုင်ငံရေးမှာ အရေထူရမယ်ဆိုတာသိထားတဲ့ ကေကျုကတော့ ဘာမှမမှု။ လူရမ်းကားအုပ်စုကြီးရဲ့ အရှေ့ဆုံးမှာ သာမန်ပြည်သူအယောင်ဆောင်နေတဲ့ အာဏာပိုင်တစ်ယောက်ကို ဦးတည်ပြီး ဖြေရှင်းနေတယ်။ ကိုကိုကြီးကို ကူပြီးရံပေးနေတာက ကိုသိမ်းဆွေ။ 

ကိုယ့်လူတွေကို ဒေါသမထွက်ကြဖို့ ဖျောင်းဖျလိုက်၊ တစ်ဖက်လူတွေကို လမ်းဖွင့်ပေးဖို့ တောင်းဆိုလိုက်။ ကိုသိမ်းဆွေရဲ့မျက်နှာမှာလည်း ဘာအကြောက်တရားမှ မရှိ။ ပကတိကြည်ကြည်လင်လင်။ သူ့ပင်ကိုဟန် မျက်နှာချိုချိုက ပျောက်မသွား။ ကျဉ်းထဲကျပ်ထဲ အခက်ခဲကြားမှာ ကိုသိမ်းဆွေရဲ့တည်ငြိမ်ရင့်ကျက်မှုကို မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရတယ်။ ၂ဝဝ၇ ခုနှစ် သြဂုတ်လမှာ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ တစ်အုပ်စုလုံးကိုဖမ်းတော့ အပြင်မှာ ကျန်ရစ်ခဲ့တဲ့အင်အားစုတွေကို နောက်ကွယ်ကနေ အကူအညီတွေ အများကြီးပေးခဲ့တယ်။ မဖြူဖြူသင်း၊ မစုစုနွေး၊ မနီလာသိန်း၊ မမီးမီး … စသူတို့ကိုသာ သြဂုတ်၊ စက်တင်ဘာလှုပ်ရှားမှုမှာ လူသိများထင်ရှားခဲ့ပေမယ့်၊ သူတို့အားလုံးရဲ့နောက်ကွယ်မှာ ကိုသိမ်းဆွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ရေရှည်အကူအညီပေးနိုင်ဖို့အတွက်ဆိုရင် ရှေ့ထွက်လို့မဖြစ်ဘူးဆိုတာကိုလည်း ကိုသိမ်းဆွေက နားလည်ပါတယ်။

“ဒါပေမယ့် မလိုအပ်ဘဲ ဖော်ကောင်လုပ်တာကတော့ နာတယ်ဗျာ။ ကျနော်လုပ်ရမှာတွေ အများကြီးရှိသေးတယ်” 

စက်တင်ဘာလနှောင်းပိုင်းမှာတော့ ကိုသိမ်းဆွေလည်း အဖမ်းခံရပြီး ကျနော်တို့ရှိရာ အင်းစိန် သီးသန့်ထောင်ကို ရောက်လာပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဖော်ချက်ကြောင့် ရောက်လာရတာလို့လည်း စိတ်ထဲမှာ စွဲနေပါတယ်။ လုပ်ရမယ့်အလုပ်တွေ အများကြီးအနှောင့်အယှက်ဖြစ်သွားတာကြောင့် ထိုတစ်စုံတစ်ယောက်ကို မကျေမချမ်းဖြစ်နေတာပါ။ ကျနော်တို့အဖွဲ့နဲ့ ကိုသိမ်းဆွေက ရေစက်ပါတယ်ထင်ပါရဲ့။ 

တစ်ညမှာ ကျနော်တို့ထဲကတချို့ ထောင်မကြီး တိုက်ဝင်းထဲကို ပြောင်းရတော့လည်း ကိုသိမ်းဆွေ ပါလာပါတယ်။ တရားရုံးတွေ ထွက်ရတဲ့အခါမှာတော့ ကိုသိမ်းဆွေက ဇင်လင်းအောင်၊ ကိုမျိုးသန့်တို့နဲ့အမှုတွဲဖြစ်ပြီး အထူးရုံးမှာ ထွက်ရတယ်။ အခန်းတွေ မကြာခဏပြောင်းရွှေ့၊ လူချင်းလဲလဲပြီးနေရတဲ့အခါ၊ တစ်ကြိမ်မှာတော့ ကျနော်နဲ့ ကိုသိမ်းဆွေနဲ့ အတော်ကြာကြာလေးကို တစ်ခန်းထဲမှာ အတူနေခဲ့ရပါသေးတယ်။ တစ်ခန်းထဲအတူနေရတော့မှ ကိုသိမ်းဆွေ ဘာသာတရား ကိုင်းရှိုင်းတာကိုလည်း သိခဲ့ရပါတယ်။ မကြာခဏလည်း အဓိဋ္ဌာန်တွေဝင်တတ်ပါတယ်။ တစ်နေ့လုံး ဘုရားစာတွေ ရွတ်ဖတ်နေလေ့ရှိပါတယ်။ ထောင်တွေကျကြတော့ ကိုသိမ်းဆွေလည်း ၁၁ နှစ်လား၊ ၁၂ နှစ်လားမသိ ကျသွားပါတယ်။ ထောင်တွေအသီးသီး ပြောင်းရွှေ့ခံလိုက်ရတော့ ကိုသိမ်းဆွေနဲ့ မဆုံဖြစ်တော့ပါဘူး။ 

၂ဝ၁၁ ခုနှစ်ထဲမှာတော့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုနဲ့ ကိုသိမ်းဆွေ ပြန်လည်လွတ်မြောက်ကြောင်း ကြားသိခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုပုံရိပ်တွေ စတင်ပါလာတော့ ကျနော် ပထမဆုံး စိတ်ဝင်တစား စောင့်ကြည့်နေမိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားမှာ ဘယ်သူတွေရှိနေမလဲ ဆိုတာပါပဲ။ ဒေါ်စုရဲ့အနားမှာ လူတော် လူကောင်းတွေကို ရှိနေစေ့ချင်တာပါ။ ကိုသိမ်းဆွေတို့၊ ကိုကျော်ဆန်းတို့၊ ကိုကြီး ဆန်နီတို့ကို တွေ့မြင်မိတော့ ကျနော်အလွန်ပဲ ဝမ်းသာခဲ့ရပါတယ်။ ကိုသိမ်းဆွေတစ်ယောက် အမြင့်ဆုံးအထိ ခလုပ်မထိ ဆူးမငြိဘဲ ဆက်လက်ပျံသန်းနိုင်ပါစေ။ ။

ကိုမာကီ (၈၈ မျိုးဆက်) 

(၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၉ ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ) 


 

No comments: