မာမီက မော်လမြိုင်ဇာတိပါ။ မာမီ့ရဲ့အဖွားက မွန်အစစ်။ မာမီ့ရဲ့အဖိုးက ပြည်ကြီးပေါက်ဖော်အစစ်။ မာမီ့ရဲ့အဖေကတော့ သြစတေးလျလူမျိုး။ ငယ်စဉ်ကတည်းက St.John ကွန်ဗင့် (ယခု လသာ အထက-၂) ကျောင်းမှာ နေခဲ့တယ်။ ကျောင်းရဲ့ ပြေးခုန်ပစ်နဲ့ ဟော်ကီ ချန်ပီယံ။ မာမီဆယ်တန်းအရောက် ပြည်သူပိုင်သိမ်းတာတွေနဲ့ကြုံတော့ သူ့ကျောင်းအတွက် စာရင်းဇယားတွေကို လုပ်အားပေးကူညီခဲ့ရပါတယ်။ အဲဒီ့မှတင် လုံခြုံရေးတာဝန်ကျတဲ့ တပ်မတော်သား ကျနော့်အဖေနဲ့ အကြောင်းပါခဲ့ရတာပါပဲ။ မာမီက ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်နေတော့ ကျနော်တို့ညီအစ်ကို ၃ ယောက်စလုံးလည်း မွေးခါစကတည်းက ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ စာဖတ်ဝါသနာနဲ့ အမှန်တရားဘက်က ရပ်တည်ချင်တဲ့ဓလေ့ကို မိဘတွေဆီက အမွေရခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ မာမီ့ဆီကပါ။
မိဘနှစ်ပါးစလုံးက စာဖတ်ခြင်းနဲ့ အားကစားကို ဝါသနာပါကြတယ်။ အားပေးကြတယ်။ ဒါပေမယ့် ကျနော့်ကို အနီးကပ် တိုက်တွန်းအားပေးတာကတော့ မာမီပါပဲ။ ကျနော် စာမဖတ်တတ်ခင်အရွယ်ကတည်းက ရွှေသွေး၊ တေဇ၊ ရွှင်ပြုံး စတဲ့ ကလေးစာစောင်လေးတွေဝယ်ပေးပြီး လက်ညှိုးနဲ့ထောက်ဖတ်ပြခဲ့သူပါ။ ဒါပေမယ့် မာမီကိုယ်တိုင်ကတော့ မြန်မာစာနဲ့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်၊ ပြောတတ်သူတော့ မဟုတ်ပါဘူး။ မာမီက အင်္ဂလိပ်စာပေတွေကိုပဲ ဖတ်လေ့ရှိသလို၊ အင်္ဂလိပ်စကားကိုပဲ အပြောများသူပါ။ မြန်မာစကားကို ရှည်ရှည်ဝေးဝေး၊ ရှုပ်ရှုပ်ထွေးထွေး ပြောရင်လည်း နားမလည်တော့ပါဘူး။
ဒါပေမယ့် မာမီမြန်မာလို ကြိုးစားပြီးပြောပြခဲ့ဖူးတဲ့ အိုလီဗာရဲ့ခရီးစဉ်၊ စင်ဒရဲလား၊ စနိုးဝှိုက် …. စတဲ့ အင်္ဂလိပ် ပုံပြင်လေးတွေကိုတော့ ကျနော်တို့ညီအစ်ကိုတွေ အသည်းစွဲနှစ်ခြိုက်ခဲ့ကြရပါတယ်။ အားကစားဆိုရင်လည်း၊ မြို့နယ်အားကစားကွင်းမှာ လွတ်လပ်ရေးလိုနေ့မျိုး အားကစားပြိုင်ပွဲတွေရှိတဲ့အခါ မာမီကိုယ်တိုင် ကျနော်တို့ အကြီးနှစ်ယောက်ကို လက်မှာစွဲ၊ အငယ်ဆုံးလေးကိုချီပိုးလို့ အားကစားကွင်းအရောက်လိုက်ပို့ရင်း ပြိုင်ပွဲတွေဝင်စေပါတယ်။ အဲဒီ့အားကစားပြိုင်ပွဲတွေမှာ ဘာဆုတွေမှမရခဲ့လည်း မာမီက သူ့သားတွေကိုသူ အိမ်ရောက်ရင် အထူးဆုတွေချပါတယ်။ ကျနော်တို့ လိုချင်နေတဲ့ ပလတ်စတစ်ဘော်လုံး၊ ကလေးကစားစရာ လေသေနတ် စတာတွေပေါ့။
မာမီနဲ့ပတ်သက်လို့ ကျနော် မှတ်မှတ်ရရအဖြစ်ဆုံးကတော့ စိတ်သဘောထားမြင့်မြတ်ဖို့ သူနားလည်သလို လက်တွေ့ ဆုံးမခဲ့တာတွေပါပဲ။ ငယ်စဉ်က ကျနော်တို့အိမ်ဝိုင်းထဲမှာ လမ်းထဲကသူငယ်ချင်းတွေ အတူလာရောက်ဆော့ကစားကြရင်း၊ ကလေးသဘာဝ ကျနော်တို့ ရန်ဖြစ်ကြပါတယ်။ အဲဒီ့အခါ မာမီက ကျနော်တို့ ညီအစ်ကိုတွေကိုပဲ ရိုက်ပါတယ်။ "ကိုယ့်ကို ခင်လို့၊ ကိုယ့်အိမ်မှာ လာကစားတဲ့ သူငယ်ချင်းတွေကို ကိုယ်က သည်းခံရမယ်။ တည့်အောင်ပေါင်းရမယ်တဲ့"။ (သူငယ်ချင်းရဲ့အိမ်မှာ ကျနော်သွားကစားရင်း ရန်ဖြစ်မိတဲ့အခါ၊ သူငယ်ချင်းရဲ့အစ်မတွေက ဝိုင်းဆော်ခဲ့တာ၊ သူငယ်ချင်းရဲ့အမေကပါ ကျနော့်ဗိုက်ကို ကျိတ်ပြီးလိမ်ဆွဲခဲ့တာတော့ ကျနော့်မာမီကို ကျနော် ပြောမပြရက်ခဲ့ပါဘူး။)
နေ့ခင်းနေ့လည် မုန့်စားချိန်ရောက်လို့ သူငယ်ချင်းတွေပါရှိနေတဲ့အခါ၊ ကျနော်တို့စားရမယ့်ဝေစုထဲကနေ၊ သူငယ်ချင်းတွေကိုပါ ဝေငှကျွေးရပါတယ်။ အကြီးဆုံးဖြစ်တဲ့ကျနော်က အားလုံးရဲ့ရွေးကျန်ကိုပဲ စားရပါတယ်။ ကိုယ့်ဆီလာလည်တဲ့ ဧည့်သည်တွေကို ကိုယ်ကအကြီးဆုံးမို့ အနစ်နာခံရမယ်တဲ့။ (သူငယ်ချင်းတချို့အိမ်မှာတော့ သူ့တို့အစ်မတွေက လက်တို့ခေါ်သွားပြီး ကွယ်ရာမှာကျွေးခဲ့ကြတာတွေကိုတော့ ကျနော့်မာမီကို ကျနော် ပြောမပြရက်ခဲ့ပါဘူး။)
ကျနော့်မာမီရဲ့ အထူးခြားဆုံးအချက်ကတော့ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်လျက်နဲ့ ကျနော်အသက် ၁၈ နှစ်ပြည့်တဲ့အခါမှာ ကျနော့်ရဲ့ကိုးကွယ်ယုံကြည်မှုကို လွတ်လပ်ခွင့်ပေးခဲ့တာပါပဲ။ ကျနော်ကလည်း ဆယ်တန်းရောက်ကတည်းက လက်ဝဲစာပေတွေဖတ်ရင်း ကိုးကွယ်ယုံကြည်မှုတွေအပေါ် ဆင်ခြင်သုံးသပ်မှုတွေ လုပ်တတ်လာပါပြီ။ ကျနော့်ရဲ့အယူအဆတွေ၊ အတွေးအခေါ်တွေကို မာမီ ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ လက်ခံနိုင်လိမ့်မယ်လည်း မထင်ပါဘူး။ ဒါပေမယ့် ဘယ်တုန်းကမှတော့ မာမီ ကျနော့်ကို မတားဆီး၊ မကန့်ကွက်ခဲ့ဖူးပါဘူး။
၁၉၈၈ ခုနှစ်၊ နိုင်ငံရေးအုံကြွမှုတွေစတင်လာတော့ ဗေထိဆိုကတည်းက ကျနော် အဖမ်းခံရပါတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့။ ကိုဖုန်းမော်အရေးအခင်းနဲ့ ကျနော် ကျောင်းထဲမှာ အဖမ်းခံရတယ်။ အကျဉ်းထောင်တို့၊ ရဲစခန်းတို့မဆိုထားနဲ့ ရပ်ကွက်ကောင်စီရုံးတောင် မရောက်ခဲ့ရဖူးတဲ့ကျနော်။ ရောက်မယ့်ရောက်တော့ ထောင်ထဲ တန်းရောက်ခဲ့ရတယ်။ ရပ်ကွက်ထဲက ဆွေမျိုးလိုဖြစ်နေတဲ့ အဒေါ်ကြီးတွေက မာမီ့ကို လာရောက်အားပေးရင်း ငိုကြတယ်။ မာမီကတော့ မျက်ရည်တစ်စက်မှ မကျ။ သူတို့ကိုတောင်ပြန်ပြီး ဖျောင်းဖျခဲ့သေးတယ်။ "ယောင်္ကျားလေးပဲ။ မသေရင် ပြန်လာမှာပေါ့" တဲ့။
အဲဒီ့အချိန် မာမီက ဂျပန်ကုမ္ပဏီတစ်ခုမှာလုပ်နေတာမို့ ပြည်ပနဲ့ အဆက်အသွယ်ကောင်းတွေ ရှိနေပါတယ်။ ရက်ပိုင်းလောက် အညှဉ်းပမ်း အနှိပ်စက်ခံရပြီး ကျနော် ထောင်က ပြန်လွတ်လာတော့၊ ကျနော့်အတွက် မာမီယူလာပေးတဲ့ ထူးခြားတဲ့ လက်ဆောင်တစ်ခုက အဲဒီ့အချိန် ပြည်ပမှာရှိနေကြတဲ့ အင်အားစုတွေထုတ်ဝေတဲ့ "ဧရာဝတီ စာစောင်" ပါ။ ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင် ရပ်ကွက်တွေထဲမှာ လျှို့ဝှက်ဆန့်ကျင်စာတွေ ဖြန့်ဝေကြတဲ့အခါ မာမီ့ဆီက အကူအညီတွေ ကျနော်အများကြီး ယူခဲ့ရပါတယ်။ နေ့ခင်းဘက်တွေမှာ သူငယ်ချင်းတွေစု၊ အိမ်တံခါးပိတ်၊ ကင်းတွေချပြီး စာတွေရေး၊ ကာတွန်းတွေ ဆွဲ။ နောက်တစ်နေ့မှာ မာမီက သူ့ရုံးကိုယူသွားပြီး ကော်ပီတွေပွား။ ညဘက်မှာ ရပ်ကွက်အနှံ့ စာရွက်တွေလိုက်ကပ်။ ရှစ်လေးလုံးအရေးတော်ပုံနီးလာတော့ ရန်ကုန်မြို့အနှံ့ စစ်ဆေးရေး၊ ရှာဖွေရေးတွေ များနေတဲ့အခါမျိုးမှာတောင် မာမီ ကူညီနိုင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ကြိုပို့ကားကိုတော့ အစစ်အဆေး မလုပ်ခဲ့ကြလို့ပါပဲ။
ကွန်ပျူတာဆိုတာ ရှားရှားပါးပါးအချိန်ကတည်းက ကွန်ပျူတာ စာစီစာရိုက်တွေလည်း ကူညီပေးခဲ့ပါတယ်။ ကျနော်ဆို အဲဒီ့အချိန်က ကွန်ပျူတာဆိုတာကို မြင်တောင်မမြင်ဖူးသေးပါဘူး။ ကွန်ပျူတာဆိုတာ TV နဲ့ လက်နှိပ်စက် တွဲထားတာဆိုတဲ့အသိလောက်ပဲ ရှိတာပါ။ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းမှာလည်း ကျနော်နဲ့ပတ်သက်သမျှ သူငယ်ချင်းတွေ၊ ရဲဘော်တွေရဲ့ဒဏ်ကို အတော်ခံရပါတယ်။ မွေးထားတာကလည်း သားသုံးယောက်။ သားတွေကလည်း အပေါင်းအသင်းမင်ကြဆိုတော့၊ မာမီ့ အတွက် ဒုက္ခက မသေးလှပါဘူး။
ဒါပေမယ့် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပတ်သက်လို့ မာမီ ဘယ်တုန်းကမှ မညည်းညူခဲ့ဖူးပါဘူး။ ကုန်ကုန်ပြောရရင် ငယ်စဉ်ကတည်းက ဘယ်သူ့ကိုတော့မပေါင်းနဲ့၊ ဘယ်သူ့ကိုတော့ပေါင်း ဆိုတာမျိုးတောင် မပြောခဲ့ဖူးပါဘူး။ အခုအသက်အရွယ်ထိကိုပဲ၊ သူငယ်ချင်းတွေကိုမှမဟုတ်။ တစ်စုံတစ်ယောက်ရဲ့ မကောင်းကြောင်းကို မာမီပြောတာ တစ်ခါမှမကြားခဲ့ရဖူးပါဘူး။ ဘယ်သူမှလည်း ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူငယ်ချင်းတွေအားလုံးက မာမီ့ကို ချစ်ကြပါတယ်။ သူငယ်ချင်း ကောင်မလေးတွေတချို့ကဆိုရင် မာမီ့ကို ယောက္ခမတော်ချင်ကြပါတယ်။ ကိုယ့်မိခင်ကို ယောက္ခမတော်ချင်ကြတာဟာ၊ သားတွေအတွက်တော့ ဂုဏ်ယူစရာပေါ့ဗျာ။ "ဒါပေမယ့် နင်တို့ ညီအစ်ကိုတွေကိုတော့ တစ်ယောက်မှ မလိုချင်ဘူး" တဲ့။ အတော်တော့ ဆိုးပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံအပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မကြာခင်မှာပဲ ကျနော် အဖမ်းခံရပါတယ်။ ညသန်းခေါင်လောက်မှာ အိမ်ကို စစ်တပ်ကဝိုင်းထားပြီး မာမီ့အရှေ့မှာတင် ကျနော့်ကို လက်ပြန်ကြိုးတုပ် ဖမ်းခေါ်သွားတာပါ။ လှံစွပ်သေနတ်ကိုင်တွေကြားထဲမှာ စွပ်ကျယ်အင်္ကျီလေးနဲ့ ဆောင့်ကြောင့်ထိုင်နေရတဲ့ကျနော့်ကို အပေါ်ဝတ်အင်္ကျီလေး လှမ်းပေးတာကလွဲရင် မာမီ မျက်နှာတစ်ချက် မပျက်ခဲ့ပါဘူး။ အင်းစိန်အကျဉ်းထောင်ဝင်းထဲက အထူးတရားရုံးမှာ ကျနော့်ကို ရုံးထုတ်တော့လည်း အမိန့်ချမှတ်မယ့် တစ်ရက်ပဲ လာပါတယ်။ မျက်ရည်ဝဲကြ၊ ငိုယိုကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်တွေကြားထဲမှာ မာမီ အပြုံးမပျက်ခဲ့ပါဘူး။ အားပေးစကား တစ်ခွန်းပဲ ဆိုပါတယ်။ "ယောင်္ကျားပဲ၊ လုပ်ရဲရင် ခံရဲရမှာပေါ့" တဲ့။
၁၉၉၀ ခုနှစ်နှောင်းပိုင်း။ ကျနော် ထောင်ကနေပြန်လွတ်လာတော့ နိုင်ငံရေးပဲ ဆက်လုပ်ဖို့ ကြိုးစားပါတယ်။ မိဘဆီကနေ မုန့်ဖိုးလက်ဖြန့်တောင်းတဲ့ အသက်အရွယ်မဟုတ်တော့ပေမယ့်၊ တစ်စတစ်စနဲ့ နိုင်ငံရေးဖြိုခွင်းမှုတွေ ပြင်းထန်လာပေမယ့်၊ နဝတ စစ်အစိုးရရဲ့ ဖိနှပ်မှုတွေအားသာလာပြီး၊ နိုင်ငံရေးလှုပ်ရှားမှုတွေ မှေးမှိန်လာပေမယ့်၊ မာမီကျနော့်ကို နိုင်ငံရေး မလုပ်ပါနဲ့တော့လို့ မတားမြစ်ခဲ့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ တက္ကသိုလ်တက်ပြီး နိုင်ငံရေးကို လျှို့လျှို့ဝှက်ဝှက် လုပ်နေတော့လည်း ဂရုစိုက်ဖို့ သတိပေးတာကလွဲရင် မဟန့်တားခဲ့ပါဘူး။ ၁၉၉၆ ခုနှစ်၊ ကျောင်းထဲမှာ အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ်ကျ၊ နယ်ဝေးထောင်ကို အပြောင်းရွှေ့ခံရတော့လည်း ထောင်ထဲနေခဲ့ရတဲ့ကာလ တစ်လျောက်လုံး မညူမဆူ ထောက်ပံ့ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်၊ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လွတ်လာတော့ရော။ အဲဒီ့အချိန်မှာ ကျနော့်ရဲ့အသက်က ၄၀ နီးနေပါပြီ။ တစ်ခါမှ မိဘကို အလုပ်အကျွေး မပြုဖူးတဲ့ကောင်။ လိမ္မာချင်ရင်၊ လိမ္မာဖို့သင့်ပြီပေါ့။ ဒါပေမယ့် ကျနော်က မလိမ္မာနိုင်ခဲ့ပါဘူး။ မာမီ့ရဲ့အချစ်ဆုံး သားမိုက်ဟာ သားမိုက်ပါပဲ။ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ဆက်သွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအစုအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ မှတ်မှတ်ရရ၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာပြီး ရန်ကုန်ပြန်ရောက်တဲ့တစ်ရက်ပဲ ကျနော် မိသားစုနဲ့အချိန်ကုန်ခဲ့ရပါတယ်။ နောက်တစ်နေ့ကနေစပြီး ၈၈ မျိုးဆက် ကျောင်းသားများလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဟာ ၂၀၀၇ ခုနှစ်၊ နောက်တစ်ကြိမ် ပြန်အဖမ်းခံလိုက်ရတဲ့အထိပါပဲ။
ညက ဘယ်လောက်ပဲ နောက်ကျအိပ်အိပ်၊ မနက် ခြောက်နာရီခွဲဆိုရင် ကျနော် နိုးပြီ။ ကျနော့်ထက်အရင်နိုးနေတဲ့ မာမီဖျော်ပေးတဲ့ ကော်ဖီကိုသောက်၊ မုန့်စား။ ပြီးတာနဲ့ စုရပ်ဖြစ်တဲ့ ကိုကိုကြီးရဲ့အခန်းကို သွား။ အစောဆုံးပြန်တဲ့ညက ကိုးနာရီ။ ပုံမှန်ဆိုရင်တော့ ဆယ်နာရီခွဲ၊ ဆယ့်တစ်နာရီ။ တစ်ခါတလေ ညနာရီပြန် တစ်ချက်၊ တစ်ချက်ခွဲ။ တစ်ခါတလေလည်း အိမ်ပြန်ရောက်ပြီးမှ ပြန်လိုက်ခေါ်လို့ ညသန်းခေါင်ကျော် ပြန်ထွက်ရ။ တစ်ခါမှာတော့ မာမီက မမေးစဖူး မေးတယ်။ "နင်တို့ဟယ်၊ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ။ နင်တို့ကသာ အလုပ်တွေရှုပ်နေကြတာ ဘာမှလဲ မဖြစ်ဘူး" တဲ့။ ကျနော်လည်း ဘာပြန်ဖြေရမှန်း မသိ။ ဒီလိုပါပဲ မာမီရာ၊ လုပ်တော့ လုပ်နေရတာပေါ့ဆိုပြီး ဝေဝေဝါးဝါး ပြောခဲ့ရတယ်။
ဘယ်တုန်းကမှ မိသားစုဝင်ငွေ မရှာခဲ့ဖူးတဲ့ကျနော်က အဲဒီ့ကာလမှာလည်း မာမီ့ဆီကနေ လက်ဖြန့်ယူခဲ့တာပါပဲ။ ဒါပေမယ့် တစ်ချိန်တုန်းက မိသားစုဝင်ငွေ ရှာပေးချင်ယောက်တော့ ဆောင်ခဲ့ဖူးပါတယ်။ ၁၉၉၂ နဲ့ ၁၉၉၅ ခုနှစ်တွေအတွင်းမှာပါ။ မာမီက ကျနော့်ကို နိုင်ငံရေးမလုပ်နဲ့တော့လို့ မတားပေမယ့် စီးပွားရေးလုပ်ငန်းလုပ်ပါလားလို့တော့ တိုက်တွန်းခဲ့ပါတယ်။ ကျနော်ကလည်း လက်ခံခဲ့ပါတယ်။ မာမီ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ရင် နိုင်ငံရေးလုပ်တဲ့ဘက်မှာ လျော့သွားစေချင်တဲ့ စေတနာနဲ့ ဖြစ်မယ်ထင်ပါတယ်။ ကျနော့်ရည်ရွယ်ချက်ကတော့ လူစုလို့ လွယ်အောင်နဲ့ ပိုက်ဆံတောင်းလို့ လွယ်အောင်ပါ။ အတော်ကို အားကိုးရတဲ့ သားကြီးပေါ့ဗျာ။
အဲဒီ့အချိန်က ခေတ်စားနေတဲ့ ဖယောင်းတိုင်လုပ်ငန်း လုပ်ပါတယ်။ ဖယောင်းခုံတွေ ဝယ်ရပါတယ်။ ဖယောင်းကုန်ကြမ်းတွေ ဝယ်ရပါတယ်။ သူငယ်ချင်းတွေကို အလုပ်သမားခန့်ပါတယ်။ လခမပေးဘဲ လိုသလောက် ယူသုံးစေပါတယ်။ ကုန်ချောထွက်လာရင် ရောင်းပြီး၊ ရတဲ့ငွေအားလုံးကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သုံးပါတယ်။ စာကူးစက်တွေ၊ စာရွက်တွေ ဝယ်ပါတယ်။ ကုန်ကြမ်းဝယ်ဖို့အတွက်တော့ မာမီ့ဆီက ထပ်တောင်းပါတယ်။ အဲဒီ့လုပ်ငန်းက မာမီပိုက်ဆံ ထပ်မပေးနိုင်တော့တဲ့အခါမှာ ရပ်နားသွားပါတယ်။
၂၀၀၇ ခုနှစ်။ ကျနော်တို့ ရှစ်ဆယ့်ရှစ်တွေ အဖမ်းခံရတော့ စစ်ကြောရေးကာလအတွင်း၊ အပြင်မှာကောလဟာလတွေ ဖြစ်တယ်။ ရိုက်နှက်အစစ်ဆေးခံရလို့ ကျနော် သေပြီ ဆိုပြီးတော့ပေါ့။ အဲဒီ့မှာ ထူးထူးဆန်းဆန်ပဲ၊ မာမီ အကျဉ်းဦးစီးညွှန်ချုပ်ရုံးအထိ လာစုံစမ်းတယ်။ ထောင်ပိုင်နဲ့ ထောင်အရာရှိတွေကလည်း ကျနော့်ဆီကနေ ကျနော့်လက်ရေးနဲ့ မာမီ့ဆီ စာပြန်ရေးခိုင်းတယ်။ မောင်ရင့်ရဲ့အမေ သိပ်စိတ်ပူနေတယ်။ နေကောင်းကြောင်း၊ ကျန်းမာကြောင်း စာပြန်ရေးပေးပါတဲ့။ စစ်ကြောရေးမှာ မာမီနဲ့ပတ်သက်လို့ ကျနော့်ကို အတော်ပဲ အသးစိပ်စစ်ဆေးပါတယ်။ မာမီက ဒေါ်လာစားဝန်ထမ်းဆိုတော့ ကျနော့်ကို အထောက်အပံ့တွေ အရမ်းပေးနေလို့သာ ကျနော် အခုလို နိုင်ငံရေးကို ထောင်အကြိမ်ကြိမ်အကျခံပြီး လုပ်နေတာဖြစ်ရမယ်ပေါ့လေ။ အော် - ကျနော့်အမေက ဒေါ်လာနဲ့ လခရနေတာနဲ့ပဲ သူတော်ကောင်းတွေကို ကျနော်က ပြစ်မှားနေသလိုလို။ သူတို့တတွေ စဉ်းစားကြပုံများ ပြောပါတယ်။
အခုတစ်ကြိမ် (အခုလောလောဆယ် နောက်ဆုံးအကြိမ်) မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မြိတ်အကျဉ်းထောင်ကနေ ကျနော် ပြန်လွတ်ပါတယ်။ လွတ်တဲ့နေ့မနက်၊ မြိတ်ထောင်ကနေ လေဆိပ်ကိုအသွားမှာ မြိတ် NLD က လူငယ်တွေကူညီပေးလို့ မိသားစုနဲ့ အဆက်အသွယ်ရပါတယ်။ မနက် ဆယ်နာရီလောက် ရန်ကုန်လေဆိပ်ကိုရောက်တော့ မာမီနဲ့မိသားစုက လာကြိုကြပါတယ်။ အဲဒီ့နေ့ လွတ်မြောက်လာတဲ့သူတွေထဲမှာ ရန်ကုန်ကို ကျနော် အစောဆုံး ပြန်ရောက်ခဲ့တာပါ။ သတင်းသမားတွေတောင် တစ်ယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်။ မာမီ့ကိုတွေ့ရတော့ ကျနော် အရမ်းဝမ်းသာသွားတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ မာမီ အတော်ကို အိုစာသွားခဲ့ပြီပဲ။ အသက်လည်း ခုနစ်ဆယ်နား ကပ်နေပြီလေ။ ဒါပေမယ့် သွားတွေမစုံတော့တဲ့ မာမီ့အပြုံးက ကျနော့်အတွက်တော့ အရမ်းကို လှပအသက်ဝင်နေဆဲပါ။ ကျနော့်ကို လှမ်းမြင်လိုက်တော့ အားပါးတရ ပြုံးရယ်နေနတဲ့ မာမီ့မျက်နှာက နုပျိုနေဆဲပါ။
အခုအချိန်မှာ မာမီ ပင်စင်ယူလိုက်ပါပြီ။ မာမီ့တစ်ယောက်တည်းရဲ့ဝင်ငွေနဲ့ ရပ်တည်မှီခိုခဲ့တဲ့ ကျနော်တို့ညီအစ်ကိုတတွေဟာ မာမီ့ရဲ့တစ်လှည့်မှီခိုရမှုကိုတော့ မာမီ့အလိုကျ မဖြည့်ဆီးပေးနိုင်တာ သေချာပါတယ်။ ကျနော်က ထောင်ကလွတ်ပြီးမကြာခင်မှာပဲ အိမ်ထောင်ကျတယ်။ အိမ်ခွဲနေဖြစ်တယ်။ နိုင်ငံရေးကို ဝဋ်တစ်ခုလို ဆက်လုပ်နေဖြစ်တော့ ခုထက်ထိလည်း ဘာဝင်ငွေမှ မရှိပါဘူး။ များပြားရှုပ်ထွေး မပြီးဆုံးနိုင်တဲ့ နိုင်ငံရေးဝဲသြဃထဲမှာ နစ်မြောရင်း မာမီ့ဆီလည်း မရောက်တစ်လှည့်၊ ရောက်တစ်လှည့်။
ပြီးခဲ့တဲ့တစ်ပတ်က မာမီ့ဆီရောက်တော့ မာမီ မျက်နှာသိပ်မကောင်းတာ သတိထားမိတယ်။ နေလည်း သိပ်ကောင်းပုံ မရဘူး။ ဒါနဲ့ ပြန်ခါနီးမှာ၊ "မာမီ နေကောင်းရဲ့လား၊ ဘာလိုသလဲဟင်" လို့ ဝတ်ကျေတန်းကျေ မေးမိတော့ "ငါ့ကို ပိုက်ဆံနှစ်ထောင်လောက် ပေးပါဟယ်။ ငါ ရင်ကျပ်ပျောက်ဆေး ဝယ်သောက်ချင်လို့" တဲ့။ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကို "လူမိုက်နှင့် သူ၏မိခင်" လို့သာ ပေးလိုက်ကြပါဗျာ …။ ။
ကိုမာကီ (၈၈ မျိုးဆက်)
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် "အာရှအလင်းဂျာနယ်"မှ)
1 comment:
so sad
Post a Comment