၂ဝဝ၅ ခုနှစ်၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး စတင်လှုပ်ရှားခဲ့ချိန်မှာ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့နှုတ်ဖျားမှာ တဖွဖွပြောဖူးတဲ့ အမည်နာမမို့ မခင်ထားရီဆိုတဲ့နာမည်ကို ကျနော် စတင်သတိထားခဲ့မိတယ်။ "မနက်က မခင်ထားရီနဲ့ တွေ့ခဲ့တယ်" "ဒီနေ့ မခင်ထားရီလည်း လိုက်မှာတဲ့နော်" "မခင်ထားရီက လာဖြစ်အောင်လာခဲ့ဖို့ မှာလိုက်တယ်" "ဒီနေ့တောင် မခင်ထားရီတို့အိမ်ကို ရောက်ခဲ့သေးတယ်"
အဲဒီ့အချိန်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျနော်တို့အင်အားစုတွေကြားထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေမို့ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ခေါ်ချင်ပြောချင်၊ ရင်းနှီးခင်မင်ကြောင်း ပြသချင်တဲ့သူတွေက များတယ်လေ။ အဲဒီ့အထဲမှာမှ မခင်ထားရီဆိုတဲ့နာမည်ကို သူတို့ဆီကနေ မကြာခဏ ကြားနေရတော့ ကျနော် နည်းနည်းတော့ နားကြားပြင်းကပ်မိခဲ့တယ်။ မခင်ထားရီတဲ့ … တောနာမည်နဲ့ ဒီအမျိုးသမီးက ဘာလဲ။ သူတို့က ဒီလောက်တောင် ဘာလို့ တဖွဖွနဲ့ပြောနေကြရတာလဲ။ သူတို့နဲ့က ဘယ်လောက်တောင် ရင်းနှီးခဲ့ကြလို့လဲ။
အဲဒီ့အချိန်ထိ မခင်ထားရီဆိုတာ ဘယ်သူမှန်း ကျနော် မသိသေးပါဘူး။ မခင်ထားရီကို ကျနော် စတင်မြင်ဖူးခဲ့တာကတော့ ၂ဝဝ၅ ခုနှစ်၊ နှစ်ရှည်အကျဉ်းသားဘဝကနေ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ မင်းကိုနိုင်ရဲ့ ၄၃ နှစ်မြောက်မွေးနေ့မှာပါ။ မွေးနေ့ကို မင်းကိုနိုင်ရဲ့မိသားစုနေအိမ်ဖြစ်တဲ့ ဝေဇယန္တာလမ်းကအိမ်မှာပဲ ကျင်းပခဲ့ကြတာ။ ဘာအဆောင်ယောင် အခမ်းနားမှမပါဘဲနဲ့ကို အတော်စည်ကားသိုက်မြိုက်တဲ့ မွေးနေ့ပွဲလေးဖြစ်ခဲ့ပါတယ်။ အိမ်လေးကကျဉ်းကျဉ်း ဧည့်ပရိသတ်ကများများနဲ့ ရှုပ်ရှက်ကိုလည်းခပ်လို့ပေါ့။ အဲဒီ့မှာ အမျိုးသမီးတစ်ယောက်ကိုစပြီး သတိထားမိတာ။ လူက ပိန်ပိန်သေးသေးလေး။ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်မျိုး။ ဝတ်စားပြင်ဆင်ထားပုံကလည်း မြန်မာဆန်ဆန်။ မျက်နှာကလည်း ကြည်လင်အေးချမ်းလို့။
သတိထားမိတာကတော့ သူ့ရဲ့ဝတ်စားပုံကြောင့်၊ သူ့အလှကြောင့် မဟုတ်ရပါဘူး။ ဒီလောက် ယဉ်ယဉ်ကျေးကျေး လှလှပပဝတ်စားထားပြီးတော့ တချို့တချို့တွေလို ဧည့်သည်တွေအရှေ့မှာပဲ လူလုံးပြမနေဘဲ မီးဖိုချောင်ထဲမှာ မိသားစုနဲ့အတူ အောက်ခြေသိမ်း ကူညီလုပ်ကိုင်ပေးနေလို့ပါ။ ကျနော်က ဓာတ်ပုံမှတ်တမ်းယူနေရတော့ ရိုက်ကွင်းထဲပေါ်လာသမျှလူတွေအားလုံးကို သတိထားမိနေတယ်လေ။ မျက်နှာအမူအယာတွေကအစ ဖတ်မိနေတယ်။ ဘယ်သူက ဘယ်သူ့ကိုမြင်တော့ ဘယ်လိုမျက်နှာမျိုး ဖြစ်သွားတယ်။ ဘယ်လိုစကားမျိုးပြောလိုက်ရင် ဘယ်လိုမျက်နှာထားပြောင်းသွားတယ် ဆိုတာကအစ ဖတ်မိနေတယ်။
အဲဒီ့မှာလည်း မခင်ထားရီကို ပိုပြီးသတိထားမိစေတာပါ။ မခင်ထားရီရဲ့မျက်နှာက (စက်ရုပ်မျက်နှာလို့ပဲ အကြမ်းဖျင်းဆိုဆို)၊ ဘယ်သူနဲ့ဆုံဆုံ၊ ဘယ်သူနဲ့ပြောပြော သူ့ရဲ့ပင်ကို ချိုသာကြည်လင်တဲ့ မျက်နှာ၊ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာနဲ့ တစ်ဖက်သားအပေါ် တလေးတစားရှိမှုက ဘယ်တော့မှ ပြောင်းလဲသွားလေ့ မရှိဘူး။ အတော်ကိုထူးခြားတဲ့ အမျိုးသမီးရယ်လို့သာ စိတ်ထဲမှာ အမှတ်ထားမိလိုက်တာပါ။ သူဟာ ကျနော်နားကြားပြင်းကပ်လောက်အောင်ကြားခဲ့ဖူးတဲ့ နာမည်ပိုင်ရှင်ဆိုတာတော့ မသိသေးဘူး။ အဲဒီ့မွေးနေ့မှာ ဧည့်သည်တွေ ပြန်သွားကြပြီး မိသားစုနဲ့ ရင်းနှီးတဲ့သူတွေလောက်သာကျန်နေတော့မှ သူများတွေ ခေါ်တာပြောတာကြားပြီး သူဟာ မခင်ထားရီမှန်း သိလိုက်ရတာပါ။ ကိုယ့်ဘာသာ စိတ်ထဲမှာပဲ နားကြားပြင်းကပ်ခဲ့ဖူးတာကိုတောင် ကျနော့်မှာ မျက်နှာပူနေမိပါသေးတယ်။
မခင်ထားရီနဲ့ ကျနော့်ကို ဘယ်သူမှ မိတ်ဆက်မပေးခဲ့ကြပါဘူး။ ကြားခံလူတစ်ဦးတစ်ယောက်က မိတ်ဆက်ပေးတာမျိုးမရှိဘဲနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ဆုံကြ၊ တွေ့ကြရင်းနဲ့သာ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးခဲ့ရတာပါ။ အဲဒီ့အချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာကလည်း သာရေး၊ နာရေးနဲ့ လူမှုရေးကိုအခြေခံတဲ့ ပွဲလမ်းတွေပဲများပါတယ်။ ဘယ်လိုပွဲမျိုးမှာပဲဖြစ်ဖြစ် မခင်ထားရီကိုရှာချင်ရင် အလွယ်ကူဆုံးနေရာကတော့ ပန်းကန်ဆေးတဲ့နေရာနဲ့ အောက်ခြေသိမ်းလုပ်ကိုင်ရတဲ့နေရာတွေပါပဲ။ လှလှပပလေးဝတ်စားထားပြီး ချိုသာကြည်လင်တဲ့မျက်နှာလေးကို အပြုံးမပျက်ဘဲ တွေ့ရနိုင်ပါတယ်။ သူ့ရဲ့တည်ကြည်ချိုမြတဲ့ မျက်နှာနဲ့ ယဉ်ကျေးဖော်ရွေမှုကြောင့် နိုင်ငံရေးအင်အားစုဝင်တွေအားလုံးက မခင်ထားရီကို မချစ်ခင် မလေးစားဘဲ မနေနိုင်ကြပါဘူး။
နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေနဲ့အတူ ကျနော်လည်း မခင်ထားရီရဲ့ နေအိမ်ကို ရောက်ခဲ့ရဖူးပါတယ်။ မခင်ထားရီတို့ရဲ့အိမ်က သင်္ဃန်းကျွန်း၊ ကျိုက္ကဆံဘုရားအလွန်လေးမှာ ရှိပါတယ်။ အပြန့်ကျယ်လာတဲ့ မြို့ပြယဉ်ကျေးမှုကြားထဲက ခြံနဲ့ ဝင်းနဲ့ ဆိတ်ငြိမ်တဲ့နေရာလေးပါ။ အဲဒီ့ထက် ဆိတ်ငြိမ်တာကတော့ မခင်ထားရီတို့ရဲ့ မိသားစုလေးပါပဲ။ မြန်မာဆန်ဆန် ရိုးရိုးအေးအေးနဲ့ စည်းစနစ်တော့ ကြီးမားပုံရပါတယ်။ သူတို့အိမ်မှာ ခမ်းနားတဲ့အဆောင်အယောင်တွေ ဘာမှမရှိပါဘူး။ ရောက်လာမယ့်ဧည့်သည်တွေ အထင်ကြီးသွားစေရမယ့် ဘယ်လိုဟန်ဆောင်ပလွှားမှုမျိုးမှ ရှိမနေပါဘူး။ ဧည့်ခန်းလို့ဆိုရမယ့်နေရာမှာ ရိုးရိုးရှင်းရှင်း ဆက်တီထိုင်ခုံတွေရယ်၊ ခပ်လှမ်းလှမ်းမှာ DVB ဖွင့်ကြည့်လို့ရတဲ့ TV ရယ်။ ဒါပဲ ရှိပါတယ်။
သူ့မှာ ဖခင်ရယ်၊ အစ်မအပျိုကြီးတစ်ယောက်နဲ့ မောင်နှစ်ယောက်ရယ် ရှိတယ်ဆိုပေမယ့် ကျနော်တို့သူငယ်ချင်းတွေအားလုံးက "မကြီး" လို့ခေါ်တဲ့ အစ်မအပျိုကြီးကိုသာ တွေ့ခဲ့ရတာ များပါတယ်။ ညီအစ်မနှစ်ယောက်စလုံးက ပွင့်လင်းဖော်ရွေကြပါတယ်။ ရိုးလိုက် အလိုက်ကြတာကလည်း တစ်ကြိမ်တည်း စကားထိုင်ပြောကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သူတို့တတွေရဲ့စကားအရကိုပဲ မိဘတွေက စည်းစနစ်ကြီးတာ၊ မိဘတွေကို ကြောက်ရွံ့ ရိုသေရတာလည်း ပေါ်လွင်နေပါတယ်။ ဒီလိုမိသားစုထဲကနေ ဘယ်လိုကြောင့်များ နိုင်ငံရေးလှုပ်ရှားမှုထဲ ရောက်လာရတာပါလိမ့်။
၁၉၈၈ ခုနှစ်။ မခင်ထားရီက ရန်ကုန်တက္ကသိုလ်မှာ တတိယနှစ်ကျောင်းသူ တစ်ယောက်။ မင်းကိုနိုင်နဲ့က အခန်းဖော်၊ သူငယ်ချင်း။ တစ်တန်းတည်းသားတွေ။ အတန်းထဲမှ ရိုးရိုးယဉ်ယဉ်နဲ့ အနေအေးဆေးတဲ့ မခင်ထားရီကို အားလုံးကပဲ တလေးတစားနဲ့ ခင်မင်ကြတယ်။ ကျောင်းတက်နေစဉ်မှာလည်း သူငယ်ချင်းတွေရယ်လို့ များများစားစားရှိခဲ့တာ မဟုတ်ဘူး။ ရှေ့သုံးခုံနဲ့ နောက်သုံးခုံလောက်ကိုပဲ အခေါ်အပြောရှိခဲ့တာ။ RIT ကျောင်းသား ကိုဖုန်းမော်ကျဆုံးတာနဲ့ပတ်သက်ပြီး ကျောင်းသားလှုပ်ရှားမှုတွေ စတင်လာတော့ မခင်ထားရီတစ်ယောက် စိတ်ဝင်တစားရှိနေလိမ့်မယ်ဆိုတာကို ဘယ်သူမှ သတိမထားမိခဲ့ကြဘူး။ ဒီလိုလှုပ်ရှားမှုတွေကို ဟောဟောဒိုင်းဒိုင်း ရှုးရှုးရှဲရှဲသမားတွေကပဲ စိတ်ဝင်တစားနဲ့ ပါဝင်ပတ်သက်ကြလိမ့်မယ်လို့ တွေးထင်ထားကြတာကိုး။
ဒါပေမယ့် မခင်ထားရီက ဒီနေရာမှာတော့ အများအထင်နဲ့လွဲပါတယ်။ အလွန်ကို စိတ်ဝင်စားခဲ့တယ်။ RC ထဲမှာ စာကပ်ထားပြီဟေ့လို့ ကြားတာနဲ့၊ လုပ်လက်စအလုပ်တွေ အကုန်ပစ်ပြီး မရောက်ရောက်အောင် သွားဖတ်လေ့ရှိတယ်။ အချိန်ရရင်လည်းရသလို ကပ်ထားသမျှစာတွေ အကုန်လျှောက်ဖတ်တယ်။ ဆန္ဒပြပွဲတွေဖြစ်လာတော့လည်း တကောက်ကောက်နဲ့ ပါဝင်ခဲ့တာပဲ။ ကိုယ့်အိမ်ကိုယ့်ဝင်းထဲမှာတောင် ဟိုနေရာမသွားနဲ့၊ ဒီနေရာမသွားနဲ့၊ ဟိုလိုနေ၊ ဒီလိုနေဆိုပြီး စည်းစနစ်ကြီးမားလှတဲ့ မိဘတွေက မခင်ထားရီတစ်ယောက် နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်တာကိုတော့ သဘောတူကြည်ဖြူကြတာကလည်း ထူးခြားမှုပါပဲ။ "ကျမက ဘယ်သူ့ဘယ်သူကိုမှ ဒုက္ခရောက်စေချင်လို့ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ မတရားတဲ့ ခေတ်စနစ်တစ်ခုကို ပြောင်းလဲစေချင်လို့ပါ။ ဒါကို ဖေဖေတို့ကလည်း နားလည်လို့နေမှာပေါ့" တဲ့။ မခင်ထားရီရဲ့ နိုင်ငံရေးအပေါ်ခံယူချက်နဲ့ သူ့မိသားစုအပေါ် သဘောထားပါ။
အံ့သြစရာကောင်းတာက မခင်ထားရီဆီမှာ ထောင်ကျမယ့်ဇာတာတော့ ပါလာပုံမရဘူး။ နိုင်ငံရေးခံယူချက်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ခိုင်မာပြတ်သားလှသလို၊ နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို ဘယ်တုန်းကမှ မရှောင်လွှဲခဲ့ဖူးပေမယ့် မခင်ထားရီ ထောင်မကျခဲ့ဖူးဘူး။ ဒါပေမယ့် စစ်အစိုးရက သူ့ကို ဘယ်တုန်းကမှတော့ အလွတ်မပေးခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်၊ NLD ပါတီစတင်တည်ထောင်စကတည်းက ရပ်ကွက်အဆင့်ကနေ လူငယ်ခေါင်းဆောင် တာဝန်ယူခဲ့ရဖူးတယ်။
အဲဒီ့အချိန်ကတည်းက အိမ်ကိုလာဝိုင်းလို့ ပြေးခဲ့ရဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် အထိမ်းသိမ်းခံရတော့လည်း ပြေးရတာပဲ။ ၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတော့ NLD ဌာနချုပ်မှာ ရန်ကုန်တိုင်း လူငယ်တစ်ယောက်အနေနဲ့ အခိုင်မာရပ်တည် အားဖြည့်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီးအထိန်းသိမ်းခံရတော့၊ တစ်ခါထပ်ပြီး ပြေးလွှားရှောင်တိမ်းခဲ့ရပြန်တယ်။
ဒီလိုနဲ့ပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တော့၊ မခင်ထားရီတစ်ယောက် တက်တက်ကကြွကြွနဲ့ ပူးပေါင်းပါဝင်လာတယ်။ ၂ဝဝ၆ ခုနှစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၅ ယောက် အဖမ်းခံရချိန်။ ကျနော်တို့တတွေ အားကိုးခဲ့ရသူတွေထဲမှာ မခင်ထားရီလည်း ပါပါတယ်။ ကျန်ရစ်ခဲ့ကြတဲ့ ကျနော်တို့တတွေ ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုတွေပဲလုပ်လုပ် မခင်ထားရီက အမြဲတမ်းကူညီအားဖြည့်ပေးတယ်။ ဘာနိုင်ငံရေးအတွက်အချက်မှမပါဘဲ ကျရာအခန်းကဏ္ဍမှာ ပါဝင်အားဖြည့်ပေးခဲ့တယ်။ ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ၊ ကျနော်တို့တတွေ အဖမ်းခံရတော့ …။
ကျနော်တို့တတွေ အဖမ်းခံရပြီးတဲ့နောက် ပထမဆုံးအမွှေနှောက်ခံရတဲ့အိမ်က မခင်ထားရီရဲ့နေအိမ်ပါ။ ဖမ်းဆီးခံရမယ့်စာရင်းမှာ မပါဝင်ဘဲ ပထမဆုံးရှောင်တိမ်းရတဲ့သူကလည်း မခင်ထားရီပါ။ ကျနော်တို့အဖမ်းခံရပြီး နောက်တစ်နေ့ည မခင်ထားရီရဲ့နေအိမ်ကို အသေးစိပ်ရှာဖွေမွှေနှောက်ပါတယ်။ ထောင်ဇာတာမပါတဲ့ (အပြေးသွက်တဲ့) မခင်ထားရီကတော့ ရှောင်တိမ်းနှင့်ပါပြီ။ ရှောင်နေတိမ်းနေရင်းနဲ့ပဲ မခင်ထားရီတစ်ယောက် ရွှေဝါရောင်တော်လှန်ရေးအတွက် အလုပ်တွေအများကြီး လုပ်နိုင်ခဲ့ပါတယ်။
မခင်ထားရီကို အပြည့်အဝ ကူညီပေးခဲ့သူကတော့ ကိုသိမ်းဆွေပါ။ "ကိုသိမ်းဆွေက တကယ်တော်ပါတယ်။ ကျမ အဖမ်းမခံရအောင် အများကြီးကူညီပေးခဲ့တယ်။ လိုလေသေးမရှိ ကူညီပေးခဲ့တယ်။ နောက်ဆုံး သူကိုယ်တိုင် အဖမ်းမခံရခင်အထိပါပဲ"။ မခင်ထားရီ တစ်နှစ်နီးပါးလောက် ရှောင်တိမ်းခဲ့ရပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ရှောင်တိမ်းရတယ်ဆိုတာ သိပ်လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လုံခြုံရေး၊ စားဝတ်နေရေးအပြင် ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ။ အစစအရာရာ ထိပါးပွန်းပဲ့ခြင်းမရှိရအောင် စောင့်ထိန်းခဲ့ရတာပါ။
အဲဒီ့လိုရှောင်တိမ်းနေတဲ့ကာလအတွင်းမှာပဲ မခင်ထားရီရဲ့ဖခင် ကွယ်လွန်သွားပါတယ်။ ချစ်ခင်မြတ်နိုးရတဲ့ ဖခင်ရဲ့ဈာပနအတွက် "ထောင်"ဆိုတာကို မှုမနေတော့ဘဲ မခင်ထားရီ အိမ်ကိုပြန်လာခဲ့ပါတယ်။ အနီးကပ်ပြုစုခွင့်မရလိုက်တဲ့ သမီးတစ်ယောက်အနေနဲ့ ဖခင်ရဲ့နောက်ဆုံးခရီးမှာတော့"ထောင်"ဆိုတာကို ပေးဆပ်မှုအပေါင်ထားပြီး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ထောင်ဇာတာမပါတဲ့ မခင်ဌေးရီတစ်ယောက် အဖမ်းမခံရပါဘူး။ နေ့ရက်များစွာကို စိုးတထိတ်ထိတ်ကုန်လွန်ရင်းနဲ့ပဲ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွေကို ဖြတ်သန်းခဲ့ရပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာရှိနေသ၍ ရွေးကောက်ပွဲ မဝင်သင့်" ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ အယူအဆကြောင့် အတော်များများနဲ့ သဘောထားကွဲလွဲခဲ့ပါတယ်။ ဘယ်ပါတီဝင်မှလည်း မဟုတ်တော့ပါဘူး။ "ကျမတို့ပါဝင်ဖို့ သိပ်လည်းမလိုအပ်တော့ဘူး မဟုတ်လား။ အပြောင်းအလဲတစ်ခုအတွက် မတတ်သာလွန်းလို့ လုပ်ခဲ့ရတာလေ။ အခုဆိုရင် လုပ်ချင်တဲ့သူတွေလည်း အများကြီးရှိနေကြပြီပဲ"။
အခုတော့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကလေးငယ်တွေကို စာလိုက်သင်ပေးတဲ့ဘဝမှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားပါတော့တယ်။ "ဒီနိုင်ငံရေးအခြေအနေက ဒီအတိုင်းနဲ့ပဲ ပြီးဆုံးသွားတော့မယ်လို့ ကိုမာကီ ထင်သလား။ ဒါဆိုရင်တော့လည်း ကျမတို့ပါဝင်ဖို့ မလိုတော့ပါဘူးလေ။ မပြီးဆုံးနိုင်သေးဘူးဆိုရင်တော့ ကျမဘက်က အချိန်မရွေးပါဝင်ဖို့ အဆင်သင့်ပါပဲ" တဲ့။ ကျနော်ကတော့ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ မခင်ထားရီလို အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ခွင့်မရတော့တာ အလွန်ပဲ နှမြောနေမိပါတယ်။ ။
ကိုမာကီ (၈၈ မျိုးဆက်)
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် "အာရှအလင်းဂျာနယ်" မှ)
No comments:
Post a Comment