အဲ့ဒီကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ ယာယီမဏ္ဍာပ်ကြီးထိုးပြီး နိုင်ငံရေး၊ လူမှုရေး အခမ်းအနားတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ အကျပ်အတည်းကာလထဲမှာ ရနိုင်သလောက် ထိုးဖောက်ကြရတာပါ။ အဲ့ဒီအချိန် ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ ကျောင်းသားလူငယ်အစုအဖွဲ့လေးတစ်ခု (DAYS) ကိုဦးဆောင်ပြီး လှုပ်ရှားနေသူ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲ ကျင်းပခဲ့သမျှ အခမ်းအနားတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့တယ်။ ဒီလိုကာလမျိုးမှာ မဖြစ်မနေ ဝန်းရံ ရပ်တည်ပေးဖို့လိုတယ်ဆိုတဲ့အသိနဲ့ တက်ရောက်ခဲ့တာပါ။ ၄၊ ၁၊ ၁၉၉၆ နေ့မှာကျင်းပတဲ့ ၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားဟာလည်း တစ်ခုအပါအဝင်ပါ။
အဲဒီအခမ်းအနားမှာပဲ ကမ္ဘာသိလူရွှင်တော်ကြီးဖြစ်လာမယ့် ဦးပါပါလေးကို စတင်တွေ့မြင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီလွတ်လပ်ရေးနေ့က ဖျော်ဖြေရေးအစီအစဉ်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက NLD ကိုယ်စားပြုအဖွဲ့တွေ ပါဝင်ခဲ့ကြပါတယ်။ အခြားသောတိုင်းနဲ့ ပြည်နယ်အဖွဲ့တွေက နိုင်ငံရေးသမားတွေ၊ ဝါသနာရှင်တွေသာ ပါဝင်ကြပေမယ့် မန္တလေးတိုင်း NLD ကတော့ ပရော်ဖက်ရှင်နယ်တွေဖြစ်တဲ့ လူရွှင်တော် ပါပါလေးတို့အဖွဲ့က ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေခဲ့တာပါ။ ဝါသနာရှင်တွေနဲ့ ပရော်ဖက်ရှင်နယ်တွေရဲ့ ကွာခြားမှုကတော့ သိသာလွန်းပါတယ်။
ဒါကြောင့် မန္တလေးတိုင်း NLD ရဲ့ ဖျော်ဖြေတင်ဆက်မှုက ကျွန်တော်တို့ရဲ့ရင်ထဲကို အစူးနစ်ဆုံး ထိုးဖောက်ဆွဲငင်နိုင်ခဲ့ပါတယ်။ ပရိသတ်အများစုက လူရွှင်တော်ပါပါလေးနဲ့အဖွဲ့ကို ပရော်ဖက်ရှင်နယ်အဖြစ်သာသိကြပေမယ့်၊ အမှန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ (ခြောက်လုံးပတ်တီးသူက အစ) NLD ပါတီဝင်တွေပါပဲ။ ဒါကြောင့် ဘာအခကြေးငွေမှမယူဘဲ မန္တလေးတိုင်း NLD ကိုယ်စားပြုအနေနဲ့ လာရောက်ဖျော်ဖြေကြတာပါ။ အခြားတိုင်းနဲ့ပြည်နယ်တွေက ဝါသနာအရင်းခံလေးနဲ့ ဖျော်ဖြေကြရတာဆိုတော့ တင်ဆက်မှုတွေကထပ်။ စကားလုံးတွေကထပ်။ သူတို့မန္တလေးတိုင်းကတော့ ရသမြောက်တဲ့ တင်ဆက်မှုတွေနဲ့ ထူးထူးခြားခြား၊ ထိထိရှရှဖြစ်ခဲ့ပါတယ်။ ကိုယ့်အင်အားစုတွေ၊ ပရိသတ်တွေကြားထဲမှာလည်း လူရွှင်တော်ပါပါလေးရယ်လို့ အထင်အရှား ဖြစ်ခဲ့ပါတယ်။ လရိပ်လောက်သာ ထွန်းပနိုင်တဲ့အချိန်၊ ရောင်နီတောင်မသမ်းသေးတဲ့ကာလမို့ မန္တလေးပြန်ရောက်တော့ သူတို့တစ်ဖွဲ့လုံး အဖမ်းခံကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်နေတဲ့အချိန်၊ ဂရုတစိုက်နဲ့ လေ့လာအကဲခတ်နေကြချိန်မှာ၊ အနုပညာဖျော်ဖြေတင်ဆက်မှု တစ်ခုကြောင့် အဖမ်းဆီးခံရတယ်ဆိုတော့ လူရွှင်တော်ပါပါလေးတို့ အဖမ်းခံရမှုဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ မန္တလေးအငြိမ့်လောကက တတိယတန်းစားအငြိမ့်အဖွဲ့လေးသာဖြစ်တဲ့ လူရွှင်တော်ပါပါလေးတို့ ကမ္ဘာသိဖြစ်ခဲ့ရပါတယ်။ သူတို့အငြိမ့်တစ်ဖွဲ့လုံးကို မန္တလေးထောင်မှာချုပ်ထားပြီး တရားစွဲဆိုတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့က တရားခံပြသက်သေတွေအဖြစ်နဲ့ ပါဝင်လာပါတယ်။
ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ ဒီလိုပါဝင်လာကြတာကို လုံးဝ လက်ခံနိုင်ခြင်းမရှိတဲ့ နဝတ စစ်အစိုးရက အမျိုးမျိုးဟန့်တားနှောင့်ယှက်ပါတယ်။ ပထမဆုံး သက်သေထွက်ဆိုဖို့ မန္တလေးသွားမယ့်နေ့၊ ရန်ကုန်ဘူတာကြီးကနေ မန္တလေးရထားထွက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ စီးတဲ့ရထားတွဲကို ဖြုတ်ထားခဲ့ပါတယ်။ ရထားတွဲကြံ့ခိုင်မှုမရှိလိုပါတဲ့။ အခြားသောခရီးသည်တွေပါ အခက်အခဲ ဖြစ်ကြရတယ်။ ဒီတော့ ကားတွေအမြန်စီစဉ်ပြီး ကားနဲ့ပဲတက်ကြတယ်။ ကားနဲ့သွားပြန်တော့လည်း၊ တောင်ငူမြို့ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်တို့ကားတန်းထဲက ကားတစ်စီးနဲ့ ဆိုက္ကားတစ်စီးတို့ မတော်တဆ ပွတ်တိုက်မိတာကို အကြောင်းပြုပြီး ခရီးစဉ်ကို အနှောင့်အယှက်ပေးခဲ့ပြန်ပါတယ်။ ဆိုက္ကားလည်း ဘာမှမပျက်စီး၊ လူလည်းဘာမှမထိခိုက်လို့၊ ကာယကံရှင်ဆိုက္ကားဆရာက အမှုမဖွင့်ပါရစေနဲ့လို့ တောင်းပန်နေတဲ့ကြားထဲက အဓမ္မဖိအားပေးမှုတွေကြောင့် အမှုအခင်းဖြစ်ခဲ့ရပါတယ်။ ကားမောင်းတဲ့ ဦးစောလှိုင်အဖမ်းခံရပြီး ထောင်ကျပါတယ်။
နဝတ စစ်အစိုးရက ဒီလိုမျိုးမတရားဖိနှိပ်အကြပ်ကိုင်လေလေ၊ သူတို့အမှုဖြစ်စဉ်တွေက ထင်ရှားကျော်ကြားလာလေလေနဲ့ လူရွှင်တော်ပါပါလေးဆိုတာ ကမ္ဘာသိလူရွှင်တော်တစ်ယောက် ဖြစ်လာပါတော့တယ်။ နောက်တော့ ဆက်တိုက်ဆိုသလိုပါပဲ။ လူရွှင်တော်ပါပါလေးတို့ကို အကျဉ်းရုံးတရားစီရင်၊ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်စီချမှတ်။ ကချင်ပြည်နယ်က ရဲဘက်စခန်းတွေခွဲပို့ …။
အံ့သြစရာကတော့ ၅/ည ဆိုတဲ့ ပုဒ်မနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံးအကြိမ်အဖြစ် ရဲဘက်အလုပ်စခန်းတွေပို့တာပါပဲ။ ဒါဟာ နဝတ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားမှုနဲ့ သဘောထားသေးသိမ်ယုတ်ညံ့မှုကို အထင်ရှားဆုံးမြင်တွေ့ရတဲ့ ဥပမာတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်၊ မေလထဲမှာတော့ ကျွန်တော်တို့ကျောင်းသား ၄ ယောက် အဖမ်းခံရတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး လှုံ့ဆော်ကြေငြာချက်တွေ ဖြန့်ဝေလို့ဆိုပြီး ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာတင် အဖမ်းခံကြရတာပါ။
ကျွန်တော်တို့ကိုလည်း အထူးတရားရုံး ထုတ်၊ အကျဉ်းရုံးတရားစီရင်ပြီး အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဧပြီလမှာတော့ ထောင်တွေဖြန့်ခွဲပြီးအပို့ခံခဲ့ရတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်က မန္တလေးထောင်ကနေတဆင့် မြစ်ကြီးနားထောင်ကို အပို့ခံရပါတယ်။ မန္တလေးကနေ မြစ်ကြီးနားကို ပို့တော့ အချုပ်တွဲစီးရပါတယ်။ အပြောင်းရွှေ့ခံရသူက ၁၂ ယောက်။ မြစ်ကြီးနားဘူတာကို ရထားဆိုက်တော့ ည ၈ နာရီလောက်ရှိပါပြီ။ တစ်မြို့လုံးမှောင်နဲ့မည်းမည်း။ ရွာကြီးတစ်ရွာကို ရောက်လာသလိုလို၊ မြို့ပျက်ကြီးတစ်ခုကို ရောက်လာသလိုလို။ ဘူတာကနေ ပစ်ကပ်ကားတစ်စီးနဲ့ ထောင်ကိုပို့ပါတယ်။ မြစ်ကြီးနားထောင်က သေးသေးလေးပါ။
ထူးခြားတာက အလွန်ကြီးမားမြင့်ထယ်တဲ့ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ တိုက်ဟောင်းနဲ့ တိုက်သစ်နှစ်လုံးရှိတယ်။ တိုက်တစ်တိုက်စီမှာ ၅ ခန်းစီ မျက်နှာချင်းဆိုင် နဲ့ ၁၀ ခန်းစီရှိတယ်။ Dr. ဇော်မြင့်မောင်နဲ့ Dr. ခင်ဇော်ဝင်းတို့ကို တိုက်ဟောင်းထဲခေါ်သွားပြီး ကျွန်တော်တို့ ၁၀ ယောက်ကိုတော့ တိုက်သစ်ထဲမှာ တစ်ခန်းစီထားလိုက်တယ်။ ပုံမှန်တိုက်ခန်းထက်ကို ပိုကျဉ်းတဲ့ အခန်းလေးတွေပါ။ ဆောက်ထားတာကလည်း ထူထူထဲထဲခိုင်ခိုင်ခန့်ခန့်မဟုတ်။ အခန်းထဲမှာတော့ ဝါးကြောဖျာ အညံ့စားတစ်ချပ်ခင်း ပေးထားတယ်။ အခန်းထောင့်မှာ ပလတ်စတစ်မိလ္လာခွက်နှစ်ခုရှိတယ်။ သံတခါးအပြင်မှာ နှစ်လီတာဝင်ရေဗူးတစ်ဗူးနဲ့ ရေခွက် ၁ ခွက်ထားတယ်။
တိုက်ဟောင်း အဝင်ဝက သစ်သားအခန်း ကျယ်ထဲမှာတော့ ရိုးရိုးအကျဉ်းသား ဘာယာတွေရှိတယ်။ နောက်တစ်နေ့မနက် ထောင်ဖွင့်တော့ ကျွန်တော်တို့ကို မိလ္လာသွန်ဖို့၊ မျက်နှာသစ်ဖို့ တံခါးဖွင့်ပေးတယ်။ ဒါပေမဲ့ ပြိုင်တူထွက်ခွင့်မရဘူး။ တစ်ယောက်ကို ၁၅ မိနစ်စီပဲ အလှည့်ကျထွက် ရတယ်။ တိုက်နှစ်လုံးရဲ့ အနောက်ဖျားမှာ အုတ်ရေကန်နဲ့ မိလ္လာအိုးရှိတယ်။
ဒါပေမယ့် အနောက်ဘက်သွားတဲ့အခါ တိုက်နှစ်လုံးကြားကနေ သွားခွင့်မပေးဘူး။ တိုက်သစ်ကို အပြင်ဘက်ကနေ ပတ်ပြီးသွားရတယ်။ တိုက်ဟောင်းက တိုက်ခန်းတွေမှာက ပြတင်းပေါက်တွေရှိနေတာကိုး။ ဒါပေမယ့် ကျွန်တော့်အလှည့်မရောက်ခင် အခြားသူတွေအပြင် ထွက်ကြတာတော့ ဘာစကားမှ ပြောသံမကြားရဘူး။ တိတ်ဆိတ်နေတယ်။ ကျွန်တော်ထွက်ရတဲ့အလှည့်မှာတော့ ရေကန်နဲ့ အနီးဆုံးအခန်းက သံတိုင်တွေနဲ့ ကာရံထားတဲ့ ပြတင်းပေါက်မှာ လူရွှင်တော်ကြီးဦးပါပါလေး ဘွားခနဲပေါ်လာတယ်။ အခုမှ အိပ်ယာကနိုးထလာတဲ့ပုံမျိုး။ ကျွန်တော်တို့တတွေ ညက ထောင်ပြောင်းလာတာကို သူ သိပုံမရဘူး။ ကျွန်တော်ကပဲ မိတ်ဆက်ရင်း နှုတ်ဆက်လိုက်တော့ သူရဲ့မျက်နှာကြီး ဝင်းပသွားအောင်ကို ဝမ်းသာသွားတယ်။ ကျွန်တော်တို့ စကားပြောနေကြတဲ့အသံကို ကြားတော့ ဦးပါပါလေးရဲ့ ဘေးအခန်းက ပြတင်းပေါက်မှာ လူထွားကြီးတစ်ယောက် ထပ်ပေါ်လာပါတယ်။ မန္တလေးတိုင်း NLD က ဈေးချို ဦးအောင်စိုးတဲ့။ ဦးပါပါလေးတို့ အငြိမ့်အဖွဲ့ကို ရန်ကုန်အထိ တာဝန်ယူပို့ဆောင်ပေးခဲ့သူပါ။ု
ခဏကြာတော့ ဦးအောင်စိုးရဲ့ ဘေးအခန်းက ပြတင်းပေါက်မှာလည်း နောက်တစ်ယောက်ထပ်ပေါ်လာပါတယ်။ သူကတော့ ဈေးချိုဦးအောင်စိုးနဲ့ ဆန့်ကျင်ဘက်။ လူကောင်သေးသေးလေးရယ်။ မန္တလေး NLD ကပဲ ဦးထွေးတဲ့။ သူလည်း အငြိမ့်အဖွဲ့ဖျော်ဖြေနိုင်ဖို့ တာဝန်ယူခဲ့ရသူ တစ်ယောက်ပါ။ လူရွှင်တော်ပါပါလေးရဲ့ တွဲဘက်လူရွှင်တော်ကို လူဇော်ကတော့ ဗန်းမော်ထောင်မှာလို့ သိရတယ်။ အငြိမ့်မင်းသမီး နှင်းပပကတော့ မန္တလေးထောင်မှာပဲတဲ့။ ကျွန်တော်တို့တတွေ စကားလက်ဆုံကျနေတာကို တာဝန်ကျ ဝါဒါကမလိုလားဘူး။ အကြိမ်ကြိမ်လာတားပါတယ်။ ဝါဒါလေးကို ဝိုင်းပြီးမေတ္တာရပ်ခံလိုက်၊ ကိုယ့်ဘာသာစကားတွေ ဆက်ပြောလိုက်နဲ့ပဲ ကျွန်တော့်အတွက် ၁၅ မိနစ်ပြည့်သွားလို့ ကပျာကယာမျက်နှာသစ်ပြီး အခန်းထဲပြန်ဝင်လိုက်ရပါတယ်။
ကျွန်တော်တို့မြစ်ကြီးနားထောင်ကို ရောက်ရှိတဲ့ကာလက ထောင်တွင်းဥပဒေစည်းကမ်းတွေ အလွန်ကျပ်တည်းနေသေးတဲ့ကာလပါ။ အပြင်နိုင်ငံရေးအခြေအနေကလည်း ဆိုးရွားနေဆဲလို့ ပြောလို့ ရပါတယ်။ ထောင်ထဲမှာ စာဖတ်ခွင့်မရ၊ စာရေးခွင့်မရ၊ တစ်ရက်ကို နာရီဝက်၊ လေးဆယ့်ငါးမိနစ်ထက် ပိုမထွက်ရ။ စာဖတ်ဝါသနာပါသူ စာသမားတွေအဖို့တော့ စာဖတ်ခွင့်မရတာက တကယ့်ကို လောကငရဲပါပဲ။ တိုက်ခန်းကျဉ်းလေးထဲမှာ တစ်နေကုန်နီးပါး နေနေရတော့။ လှောင်အိမ်ထဲက ခြင်္သေ့တွေလို လမ်းလျှောက်လိုက်၊ ညောင်းလာတော့ ထိုင်လိုက်၊ လှဲလိုက်၊ ညောင်းလာပြန်တော့ ထလမ်းလျှောက်လိုက်။ ရေချိုးဆင်းချိန် ၄၅ မိနစ်လောက်အချိန်လေးကို အကျိုးရှိရှိအသုံးချနိုင်သူကတော့ လူရွှင်တော်ကြီးဦးပါပါလေးပါပဲ။
မြစ်ကြီးနားအကျဉ်းထောင်တိုက်ဝင်းထဲ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်၊ ၁၆ ယောက်ရှိတာမှာ ရေချိုးဆင်းချိန်၊ မျက်နှာသစ်ချိန်ကို တစ်ယောက်စီပဲအလှည့်ကျ ထုတ်ပါတယ်။ အလှည့်ကျထွက်ရတဲ့ သူတစ်ယောက်ကို တာဝန်ကျဝါဒါတစ်ယောက် (တစ်ခါတလေမှာ နှစ်ယောက်) က တကောက်ကောက်လိုက်ကြည့်နေလေ့ရှိပါတယ်။ ကျနော်ဆို အလွန်ဒေါကန်ပါတယ်။ ဦးပါပါလေးကတော့ အဲဒီ့လို လိုက်ကြည့်နေတဲ့ဝါဒါကို အတင်းလက်ဆွဲပြီး တွဲက။ ပြက်လုံးတွေထုတ်။ သီချင်းတွေဆိုပြ။ သူ့တစ်ယောက်တည်းရယ်လိုက်၊ ငိုလိုက်နဲ့ ဇာတ်ထုတ်တွေခင်း။ ပြီးတော့မှ ရယ်သလိုမော်သလိုနဲ့ အိပ်ဆောင်ခြံစည်းရိုးနားကို လှစ်ခနဲပြေးကပ်။ ဖျတ်ခနဲဆို ဂျာနယ်တစ်စောင်ပါလာ။ နီးစပ်ရာအခန်းတစ်ခုခုထဲ ဖျတ်ခနဲပစ်ထည့်ပေး။ ဒီလိုနဲ့ ကျွန်တော်တို့တတွေ မျက်ကန်းဖြစ်မယ့်ဘဝက လွတ်မြောက်ခဲ့ကြရပါတယ်။
ဒါပေမယ့် ဦးပါပါလေးက ပါရမီရှင် လူရွှင်တော်တစ်ယောက်တော့ မဟုတ်ရှာပါဘူး။ သူတို့ရဲ့ အငြိမ့်အဖွဲ့ကလည်း လက်မလည်အောင်ငှားရမ်းနေရတဲ့ ထိပ်တန်းစားထဲကပါမဟုတ်ပါဘူး။ "လေးပါတို့အငြိမ့်က မန္တလေးအငြိမ့်လောကမှာဆို တတိယတန်းစားထဲကပါကွာ"လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ လူရွှင်တော်ပါပါလေးမှာ ထူးခြားတာကတော့ စွဲမြဲတဲ့ဇွဲရှိတာပါပဲ။ အလေ့အကျင့်တစ်ခုခုကို သူနှစ်နှစ်ကာကာ ယုံကြည်ပြီဆိုရင် စွဲစွဲမြဲမြဲအားထုတ်လေ့ရှိပါတယ်။ ဥပမာ- အားကစားလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းဆိုရင် ကျွန်တော်တို့ လူငယ်တွေကသာ အကြောင်းတစ်ခုခုနဲ့ ပျက်ကွက်တဲ့ ရက်တွေရှချင်ရှိမယ်။ ဦးပါပါလေးကတော့ ဘာအကြောင်းကြောင့်မှ မပျက်ကွက်ခဲ့။
နယ်ဝေးထောင်တစ်ခုမှာ ရောက်နေကြတာဆိုတော့ မိသားစုတွေ မကြာခဏ မလာနိုင်ကြပါဘူး။ နှစ်လ သုံးလနေမှ တစ်ခေါက်၊ များသောအားဖြင့်တော့ တစ်နှစ်လုံးနေမှ သုံးခေါက်လောက် သာလာနိုင်ကြတာပါ။ ဒီလို မေ့သလောက်ရှိမှ ရောက်လာတဲ့ ထောင်ဝင်စာနေ့မျိုးမှာ အခြားသူတွေကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်လေ့ရှိပါတယ်။ ကိုယ့်ရဲ့မိသားစုနဲ့ ဆုံတွေ့ရတဲ့နေ့မို့ ပျော်ရွှင်တာကြောင့်ရော၊ အဲဒီ့ပျော်ရွှင်တာကို အကြောင်းပြုပြီး၊ တွေးစရာတွေ၊ ငေးစရာတွေ ပေါ်လာတာကြောင့်ရော ပြီးတော့ ထောင်ဝင်စာမှာ ပါလာတဲ့ စားစရာ သောက်စရာတွေကို ဝေခြမ်း သိမ်းဆည်းစသည်ဖြင့် စီစဉ်နေရတာကြောင့်ရော၊ နေ့စဉ်ပုံမှန်အလုပ်တွေ ပျက်ကွက်ရပါတယ်။
ဒါပေမယ့် လူရွှင်တော် ဦးပါပါလေးကတော့ သူလုပ်ဆောင်နေကျ နေ့စဉ်လုပ်ငန်းတွေကို ဘယ်တော့မှ အပျက်မခံ၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်နေရင်းတန်းလန်းကနေပဲ သူ့မိသားစုအကြောင်း၊ သူ့အိမ်အကြောင်း၊ ထောင်ဝင်စာတွေ့ခဲ့ရတဲ့အကြောင်းတွေကို တတွတ်တွတ်ပြောနေတော့တာ။ အုန်းမှုတ်ခွက်နင်းတာကိုလည်း ဘယ်သူက တိုက်တွန်းလိုက်တယ် မသိ။ ညနေတိုင်ရင် တခွပ်ခွပ်နဲ့ နင်းနေတော့တာဟာ သူ ထောင်ကနေလွတ်သွားတဲ့နေ့အထိပါပဲ။
အဲဒါကြောင့်ပဲ ထင်ပါရဲ့။ လူရွှင်တော်ဦးပါပါလေးဟာ အသက်အရွယ်နဲ့မမျှအောင်ကို ကျန်းမာရေးကောင်းပြီး သွက်လက်ဖျတ်လတ်ပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း မာကျောကျစ်လစ်ပြီး ခိုင်မာတောင့်တင်းပါတယ်။ အမြဲတမ်းလည်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါး နေတတ်တော့ စိတ်ပျိုကိုယ်နုပါ။
လူရွှင်တော်ပါပါလေးတို့ကို ထောင်ချခါစတုန်းကဆိုရင် ကချင်ပြည်နယ်ရဲ့ အစွန်အဖျားရဲဘက် အလုပ်စခန်းတွေအထိ လူခွဲပြီး ပို့ပစ်ခဲ့တာပါ။ ဦးပါပါလေးဆိုရင် မြစ်ကြီးနားမြို့ကနေ ၂၇ မိုင်ဝေးတဲ့ ကျိန်ခရမ်ခ ကျောက်ထုတ်လုပ်ရေးစခန်းကို အပို့ခံရပါတယ်။ ကျိန်ခရမ်ခ ရေအားလျှပ်စစ်စီမံကိန်းအတွက် လိုအပ်တဲ့ကျောက်တွေ ထုတ်လုပ်ပေးရတာပါ။ ဘာစက်ယန္တရားမှမရှိဘဲ ထုံးစံအတိုင်း မိုင်းခွဲပြီး ရလာတဲ့ ကျောက်တုံးကြီးတွေကို လူအားနဲ့ပဲ သယ်ပို့ပြီး ထုခွဲရတာပါ။ နဝတ စစ်အစိုးရရဲ့ အငြိုးကြီးမှုကြောင့် တကယ်လုပ်ခဲ့ရတာပါ။
အဲဒီလို ကြမ်းတမ်းခက်ထရော်တဲ့ အခြေအနေဆိုးထဲမှာလည်း လူရွှင်တော် ပါပါလေးက ဆိုဟယ်၊ ကဟယ်နဲ့ ရယ်ရယ်မောမောပဲ ဖြတ်သန်းနိုင်ခဲ့သူပါ။ “မောင်ရင့်နှယ် အတော်တော့ လန့်စရာကောင်းခဲ့တာကွ။ တစ်နေ့မှာ လေးပါတို့ ဆရာဝန်ပြမယ်ဆိုပြီး တန်းစီနေတုန်း တောင်ပေါ်ကမိုင်းခွဲလိုက်တဲ့ ကျောက်တုံးကြီးက လွင့်လာပြီး ဆရာဝန်ပြဖို့တန်းစီနေတဲ့ လူတန်းထဲကို ကျတာ။ ခေါင်းကို ဒက်ထိမှန်တာဟေ့၊ ဦးပါရဲ့ရှေ့မှာတင် ဗိုင်းခနဲလဲတာ ပွဲချင်းပြီးပဲ”
လူရွှင်တော်ဦးပါပါလေးဟာ သီချင်းကလည်း အဆိုကောင်းဆိုတော့၊ ညည ဆိုရင် ဦးပါပါလေးရဲ့ အခန်းရှေ့မှာ ညတာဝန်ကျဝန်ထမ်းတွေ၊ ရိုးရိုးအကျဉ်းသားတွေ ဝိုင်းဝိုင်းလည်နေပါတယ်။ အဲဒီ့အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်မြှင့်နေသလို၊ နဝတ စစ်အစိုးရက ဖိနှိပ်နှောင့်ယှက်မှုနဲ့ နိုင်ငံရေး လှည့်ကွက်တွေ အမျိုးမျိုးဖန်တီးနေချိန်ပါ။ နိုင်ငံတကာကလည်း လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ လူရွှင်တော်ပါပါလေး ကိုပြန်လွှတ်ပေးဖို့ Campaign တွေအမျိုးမျိုးနဲ့ တောင်းဆိုလှုပ်ရှားနေကြပါတယ်။
ဒီလိုနဲ့ ၂၀၀၁ ခုနှစ် နှောင်းပိုင်းတစ်ရက်မှာတော့ လူရွှင်တော်ပါပါလေးတို့ အမှုတွဲတွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နေ့လည်ပိုင်းကတည်းက လွှတ်ပေးတော့မယ်ဆိုတာ လာအသိပေးတော့ ပစ္စည်းတွေ သိမ်းကြ၊ ဆည်းကြပေါ့။ သူ့ရှိသမျှပစ္စည်းတွေကိုတော့ အကုန်ပြန် မသွားတာပါ။ လွတ်တာကိုပဲ ဆာလာအိတ် ၃ လုံးနဲ့ ပြန်တာ။ ညနေကျတော့ လာခေါ်သွားရော။ သူတို့လွတ်ကြပြီပေါ့။ ညကျတော့ ကျွန်တော်တို့မှာ သူတို့အတွက်ကို ကိုယ်စားစိတ်ကူးတွေယဉ်ပြီး မုဒိတာပွားကြ။ ပျော်ကြပေါ့။ ဒီအချိန်လောက်ဆိုရင် ဘယ်ကိုတော့ ရောက်နေလောက်ပြီပေါ့။ ဘီယာပဲဂွတ်နေမလား။ ဝီစကီပဲဂွတ်နေမလားပေါ့။ စိတ်ကူးယဉ်ပြီး ကိုယ်တွေတောင် မူးချင်ချင်။
ဒါပေမယ့် မနက်လည်း ကျရော Dr. ဇော်မြင့်မောင်နဲ့ ကျွန်တော့်ကို ခေါင်းတပ်ပြီး စာတိုလေးတစ်စောင်ရောက်လာတယ်။ “ဦးဇော်နဲ့ ကျောင်းသားအင် …. လေးပါတို့ ထောင်ထဲကကြက်ခြံထဲမှာပဲ ရှိသေးတယ်။ မနေ့ကပြန်လွှတ်မယ့်ဟာ ဗီဒီယိုသမားတွေ ရောက်မလာလို့တဲ့ မလွတ်ဘူး။ လက်ဖက်ရည်နဲ့ မုန့်ပို့ပေးပါဦး” ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်။ အဲ့ဒီနေ့ နေ့ခင်းဘက်မှာတော့ သူတို့တကယ်ပဲ လွတ်သွားကြပါတယ်။ သူလွတ်သွားပြီးတော့ သူ့ရဲ့ အင်တာဗျူးတွေကို ရေဒီယိုအစုတ်လေးကနေတဆင့် ကျနော်တို့ မကြာမကြာ ကြားခဲ့ရပါတယ်။
၂၀၀၅ ခုနှစ် နှစ်လည်ပိုင်းရောက်တော့ ကျွန်တော်တို့ ၅ ယောက် (ဦးစိန်လှဦး၊ Dr. ခင်ဇော်ဝင်း၊ ဦးကျော်ငြိမ်း၊ ကိုအောင်နိုင်ဦး)လည်း လွတ်မြောက်ကြပါတယ်။ မန္တလေးဘူတာကို ရထားဆိုက်တော့ လူရွှင်တော် ဦးပါပါလေးလည်း ဝမ်းသာအားရနဲ့ လာကြိုပါတယ်။ မန္တလေးမှာ တစ်ညအိပ်ဖြစ်တော့ နောက်တစ်နေ့မှာ ကျွန်တော်တို့ကို အတင်းလာခေါ်ပြီး သူ့အိမ်မှာ ဧည့်ခံပါသေးတယ်။ မန္တလေး NLD နဲ့ လူရွှင်တော် ဦးပါပါလေးနဲ့ သိပ်တော့ အဆင်ပြေပုံမရပါဘူး။ သူ့အပေါ်မှာလည်း မနှစ်သက်တဲ့သူတွေက ဝေဖန်ကြတာတွေကို ကြားရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူပေါ့။ ကျွန်တော်ကတော့ မန္တလေးမြို့ကို ရောက်ဖြစ်တဲ့ အခါတိုင်း ဦးပါပါလေးဆီကို ဝင်ဖြစ်ခဲ့ပါတယ်။ သူ့အိမ်မှာက ညတိုင်ကျရင် နိုင်ငံခြားသားတွေကို ကပြဖျော်ဖြေတဲ့ လုပ်ငန်းရှိပါတယ်။ အဲ့ဒီကပွဲကိုလည်း ကြည့်ခဲ့ရဖူးပါတယ်။ အော် … နောက်ဆုံးတော့လည်း လူရွှင်တော်ပါပါလေးက လူရွှင်တော်ပါပါလေးပါပဲ။ ။
ကိုမာကီ (၈၈ မျိုးဆက်)
(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ)
No comments:
Post a Comment