နောက်တစ်နေ့မနက်ကို ချိန်းတယ်။ အဲဒါနဲ့ပဲ နောက်တစ်နေ့မနက်မှာ လှည်းတန်းက မမချိုတို့ဆိုင်ကို သွားတယ်။ စားသောက်ဆိုင်အပေါ်ထပ်ကိုတက်သွားတော့ အသားဖြူဖြူနဲ့ တရုတ်ကပြားလို့ထင်ရတဲ့ အသက် ၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရတယ်။ မမချိုက မိတ်ဆက်ပေးပါတယ်။ ကျောင်းသားလူငယ်သဘာဝ ရွှင်မြူးတက်ကြွတဲ့၊ နုပျိုလန်းဆန်းတဲ့ အမူအယာလေးတွေအပြင် နိုင်ငံတကာကျောင်းသားလေးတွေမို့ ပွင့်လင်းမှုနဲ့ ဖော်ရွေလှိုက်လှဲမှုကိုလည်း တွေ့ရတယ်။ သူတို့က NLD ရုံးချုပ်အထိသွားပြီး မမချိုတို့ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ဆီမှာလည်း ငွေလှူခဲ့သေးတယ်လို့ သိရတယ်။
ကောင်လေးကတော့ စကားနည်းတယ်။ ကောင်မလေးထက်လည်း နည်းနည်း ပိုငယ်ပုံရတယ်။ ကောင်မလေးကတော့ အတော်ကိုသွက်ပါတယ်။ ကျွန်တော့်ကိုလည်း နှစ်ပေါင်းများစွာက ခင်မင်ခဲ့ဖူးသူတစ်ယောက်လို ပြောဆိုဆက်ဆံတယ်။ နှုတ်နည်းပြီး ခပ်ရွံ့ရွံ့ဖြစ်နေတဲ့ ကျွန်တော်တောင် သူတို့နဲ့အလွယ်တကူပဲ ရင်းနှီးသလိုဖြစ်သွားပါတယ်။ အဲဒီ့အပေါ်ထပ် အခန်းကျဉ်းလေးထဲမှာပဲ ကျွန်တော်နဲ့တွဲပြီး ဓာတ်ပုံရိုက်ပါသေးတယ်။ ပြီးတော့ ငွေငါးသောင်းလှူတယ်။ မမချိုရဲ့ပြေစာစာရွက်ထဲမှာပဲ ကျွန်တော် လက်မှတ်ထိုးပေးလိုက်တယ်။ ကိုကိုကြီးနဲ့ ကိုမာကီတို့အတွက် လှူဒါန်းငွေ ငါးသောင်းကျပ် လက်ခံရရှိပါသည်ပေါ့။ ပြီးတော့ ကိုပေါ်နဲ့ ကိုကိုကြီးတို့ရဲ့နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေကိုလည်း သူတို့အတွက် အမှတ်တရ ပေးလိုက်ပါတယ်။
မမချိုကျွေးတဲ့မုန့်တွေစားရင်း ခဏလောက်ထိုင်စကားပြောပြီး ကျွန်တော်ပဲ အရင်ပြန်ခဲ့တယ်။ လူတွေကို မှတ်မိလွယ်သလောက်၊ နာမည်တွေကို မှတ်မိလေ့မရှိတဲ့ ကျွန်တော်ဟာ အဲဒီအခန်းလေးက ပြန်အထွက်မှာပဲ သူတို့နှစ်ယောက်စလုံးရဲ့နာမည်တွေကို မေ့သွားပါတယ်။ နာမည်တွေကတော့ ခေတ်ဆန်ဆန်လေးတွေပါပဲ။ ဒါကြောင့်လည်း ခဏနဲ့ပြန်မေ့သွားတာထင်ပါရဲ့။ သူတို့လေးတွေ ငွေလှူတဲ့အကြောင်းကို ကိုမြအေးကို ကျွန်တော်ပြောပြလိုက်တယ်။ ကျောင်းသား လူငယ်လေးတွေက လှူတာဆိုတော့ ကိုမြအေးလည်း ဝမ်းသာတာပေါ့။ အဲဒီ့တုန်းက ကျွန်တော့် ကင်မရာ ပါမသွားလို့သူတို့နဲ့ပတ်သက်ပြီး ဓာတ်ပုံမှတ်တမ်းတော့ မယူထားလိုက်နိုင်ဘူးပေါ့။
၁၀၊ ၁၀၊ ၀၆ နေ့မှာတော့ ကျွန်တော်တို့တတွေ မစုစုနွေးရဲ့အလှူကို သွားကြတယ်။ ထန်းမနိုင်ရွာ ဘုန်းတော်ကြီးကျောင်း တရားရိပ်သာက ယောဂီတွေကို ဆွမ်းကျွေးတဲ့အလှူပါ။ မနက်အစောကြီးမှာ ပန်းဆိုးတန်းဆိပ်ကနေ ဒလဘက်ကမ်းကိုကူး၊ လာကြိုကြတဲ့ကားနဲ့ ကော့မှူးကိုသွား။ ကော့မှူးကနေမှ စက်လှေနဲ့ ဆက်သွားကြရသေးတယ်။ ဆွမ်းကျွေးအလှူမှာ ကျွန်တော်က ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း ရိုက်ပေးတယ်။ အလှူပြီးတဲ့နေ့လည်ပိုင်းမှာပဲ အားလုံးပြန်လာကြတယ်။ ပန်းဆိုးတန်းဘက်ကို ပြန်အကူး၊ သင်္ဘောပေါ်မှပဲ ကျွန်တော့်တို့ဆီ ဖုန်းတွေဝင်လာကြတယ်။ ရန်ကင်းအခန်းမှာ ကျန်နေရစ်ကြတဲ့သူတွေဆီကရော၊ သတင်းဌာနတွေကရော ဆက်တိုက်ဝင်လာကြတာပါ။ တစ်မနက်လုံးမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေကြတာကိုး။
နောက်ထပ် ကျွန်တော့်ဆီဝင်လာတဲ့ဖုန်းတစ်ခုက 'မစု' တဲ့။ ကျွန်တော် ကြောင်သွားတယ်။ ဘယ်က မစုလဲပေါ့။ သူ့ပြောပုံဆိုပုံက ကျွန်တော်နဲ့ တရင်းတနှီးဆိုတော့ “ဘယ်သူလဲ” ဆိုပြီးပြန်မေးရမှာ အားနာနေမိတယ်။ ဒါနဲ့ခန့်မှန်းလို့ ရလိုရငြား “ဘယ်ကဆက်နေတာလဲ” မေးကြည့်တော့လည်း “ခပ်ဝေးဝေးတစ်နေရာကပါ” တဲ့။ “ကိုမာကီနဲ့တွေ့ချင်လို့” တဲ့။ ဒါနဲ့ပဲ “ဘယ်တော့တွေ့ချင်တာလဲ၊ ဘယ်မှာတွေ့မလဲ” မေးတော့ “ဒဂုံစင်တာ ကော်ဖီရှော့ပ်ကို ဒီည ခုနှစ်နာရီတိတိ လာခဲ့ပေးပါ” တဲ့။ ရန်ကုန်နေ တောသားကျွန်တော်က ဒဂုံစင်တာဆိုတာ ဘယ်နားမှာရှိမှန်းမသိလို့ မီးမီးကို မေးရပါသေးတယ်။ နေရာသိရပြီဆိုမှ ‘ဆက်ဆက် လာခဲ့ပါ့မယ်’ ဆိုပြီး ချိန်းလိုက်ပါတယ်။ မီးမီးက ‘ဘယ်သူဆက်တာလဲ’ တဲ့။ ‘မစုလို့ပြောတယ်ဟ ဘယ်သူဖြစ်မလဲ မသိဘူး။ ငါသိထားတဲ့ မစုဆိုတာက မိုးသီးဇွန်ရဲ့တူမ၊ ကိုပေါ်နဲ့ ကိုကိုကြီးတို့နဲ့လည်း ခင်တယ်။ ကိုပေါ့်အိမ်မှာလည်း ဆုံဖူးတယ်။ ကိုကိုကြီးဆီကိုလည်း လာဖူးတယ်။ စကားတွေဘာတွေလည်း ပြောဖူးတယ်။ ဒါပေမယ့် သိပ်မရင်းနှီးဘူး။ အခု မစုဆိုတာက အရမ်းရင်းနှီးဖူးနေသလိုပဲ။ ဘယ်သူဖြစ်မလဲ မသိဘူး။ အဲဒါ နင်လိုက်ခဲ့ပေးဦး”ဆိုပြီး မီးမီးကို အကူအညီတောင်းလိုက်ရတယ်။
တကယ်ဆိုရင် ထန်းမနိုင်အလှူကပြန်လာကြတော့ အားလုံးပင်ပန်းနေကြပြီ။ ကျွန်တော်ဆို မနက်ကတည်း ဖျားချင်ချင်ဖြစ်နေတယ်။ နေ့စဉ်ရက်ဆက်ဆိုသလို အိပ်ရေးတွေပျက်၊ ပင်ပန်းဆိုတော့ ကိုယ်နည်းနည်းနွေးပြီး လူကနုံးနေတယ်။ ဒါပေမယ့်၊ ရန်ကင်းအခန်းကိုပြန်ရောက်တော့လည်း မနားရပါဘူး။ မှတ်တမ်းရိုက်လာခဲ့တဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို ကွန်ပြူတာထဲထည့်၊ Edit လုပ်၊ စာတန်းထိုး၊ CD တွေမှာ Back Up လုပ်၊ ဝင်လာတဲ့ဖုန်းတွေလက်ခံပြော။ ဒါနဲ့ပဲ ညနေစောင်းသွားပါတယ်။
6:30 လောက်မှာ မီးမီးနဲ့အတူ မြေနီကုန်း ဒဂုံစင်တာကို သွားကြတယ်။ ကျွန်တော်သိတဲ့ မစုရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း မီးမီးကိုပြောပြထားတယ်။ ခုနှစ်နာရီထိုးဖို့ ဆယ်မိနစ်အလိုလောက်မှာပဲ ကျွန်တော်တို့ ဒဂုံစင်တာကို ရောက်တယ်။ စင်တာရှေ့မှာရော၊ အထဲမှာရော၊ ကော်ဖီဆိုင်ထဲမှာရော လူတွေအတော်စည်နေတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အလယ်ခုံတစ်ခု လွတ်နေသေးတာမို့ ကျွန်တော်တို့ ကော်ဖီတစ်ယောက်တစ်ခွက်ဝယ်၊ ဝင်ပေါက်ကိုမျက်နှာမူပြီး စောင့်နေလိုက်ကြတယ်။
ခုနှစ်နာရီအတိလောက်မှာ အပေါက်ဝမှာပေါ်လာတာက ဟိုကောင်လေးနဲ့ကောင်မလေး ကျွန်တော် မျက်လုံးပြူးသွားတယ်။ ထင်မထားဘူးလေ။ သူတို့ကလည်း ဝင်လာကတည်းက ပြုံးပြပြီး ကျွန်တော်တို့ဆီ တည့်တည့်လျှောက်လာကြတာမို့ မီးမီးက ကျွန်တော့်ကိုလှည့်ကြည့်တယ်။ ‘ဟိုနေ့က ပိုက်ဆံလှူတဲ့ကျောင်းသားလေးတွေဟ’။ ကျွန်တော်လည်းသူတို့ကို မီးမီးနဲ့မိတ်ဆက်ပေး၊ ထိုင်ဖို့နေရာပေးပေါ့။ သူတို့နှစ်ယောက်ပြောလိုက်ကြတာ ကျွန်တော်နဲ့ဟိုကောင်လေးက စကားနည်းကြတော့ ဘေးကနားထောင်ရုံပဲ။ ပြီးတော့ အဲဒီ့ကောင်လေးနဲ့ ကျွန်တော်နဲ့ Email Address ဖလှယ်ကြတယ်။ သူတို့မိန်းကလေး နှစ်ယောက်ကတော့ ကွဲကွာနေတဲ့သူငယ်ချင်းတွေ အခုမှပြန်တွေ့နေကြသလိုပဲ။
အဓိကချိန်းတာကတော့ ငွေတစ်သိန်း ထပ်လှူတာပါ။ ကော်ဖီဆိုင်ထဲမှာမို့ထင်ပါရဲ့ ဓာတ်ပုံတွေဘာတွေတော့ မရိုက်ဖြစ်ကြပါဘူး။ ၁၅ မိနစ်လောက် စကားပြောပြီးတော့ ပြန်လာကြပါတယ်။ ကောင်လေးနဲ့ကောင်မလေးကတော့ စင်တာထဲပြန်ဝင်သွားကြတယ်။ အပြန်ကျတော့ မီးမီးက ပွစိပွစိနဲ့ ကျွန်တော့်ကိုပြောပါလေရော။ ကိုယ့်ကိုငွေလှူတဲ့သူကို မေ့ရပါ့မလား၊ မနေ့တစ်နေ့ကတင် သိထားတဲ့နာမည်ကို မေ့ရပါ့မလားပေါ့။ ‘အေးဟ၊ အခုလည်းသူ့နာမည်ကို အရှည်မေ့သွားပြန်ပြီ။ မစုဆိုတာပဲ သတိရတော့တယ်။’ တော်သေးတာပေါ့ မစုဆိုပြီး ဖုန်းဆက်တုန်းကသာ ‘ဘယ်သူလဲ၊ ဘယ်တုန်းက သိတာလဲ၊ ဘယ်မှာတွေ့ဖူးတာလဲ’ ဆိုပြီးလျှောက် မေးမိရင် အားနာစရာ။
နောက်နေ့မနက်ကျတော့ အဲဒီ့မစုဆီကပဲ ဖုန်းဝင်လာတယ်။ သူ့ Hand Phone နံပါတ်ကို မှတ်ထားပြီးပြီမို့ ဒီတစ်ခါတော့ မလွဲပါဘူး။ “ကျွန်မတို့ ဒီညနေပဲပြန်ကြတော့မှာမို့ နှုတ်ဆက်တာပါ။ တစ်ခုကူညီပါဦး ကိုမာကီရယ် မစု မနေ့က ငွေတစ်သိန်းထပ်လှူတာ အစ်ကို့ဆီကနေ လက်ခံရရှိကြောင်း မတောင်းလိုက်မိလို့” တဲ့။ ဒါနဲ့ပဲ ထပ်ချိန်းကြပါတယ်။ ဒါပေမယ့် သူတို့လည်းပြန်ခါနီးဆိုတော့ အလုပ်ရှုပ်နေကြပုံရပါတယ်။ ဘယ်အချိန်ဆုံနိုင်မလဲဆိုတာကို ကြိုမပြောသာဘူး ဖြစ်နေတယ်။ ညနေ 4:00 Flight နဲ့ဆိုတော့ လေဆိပ်ကို 2:00 လောက်ဆင်းရမယ် ပြောတယ်။ ဒီတော့ နေ့လည် 2:00 မတိုင်မီအတွင်း အဆင်ပြေတဲ့အချိန်မှာ ကျွန်တော့်ကို လှမ်းဆက်ပြီးပြောမယ်။ ဘယ်အချိန်၊ ဘယ်နေရာခေါ်မယ်ဆိုတာ မသေချာလို့ အရေးကြီးတဲ့အလုပ်တွေ မြန်မြန်ဖြတ်။ တချို့အလုပ်တွေရွှေ့ပေးထားပြီး၊ ရန်ကင်းအခန်းမှာပဲ ကွန်ပြူတာနဲ့ အလုပ်တွေလုပ်ရင်း သူ့ဖုန်းကို စောင့်နေလိုက်ပါတယ်။
အလုပ်လုပ်ရင်း ကွန်ပြူတာထဲစိတ်ရောက်နေတော့ အချိန်ကုန်လို့ကုန်မှန်း မသိလိုက်ဘူး။ ညနေ 4:00 နာရီကျော်မှပဲ မစုတို့ ဖုန်းမဆက်တာကို သတိရတော့တယ်။ ကျွန်တော့်ဖုန်းကတော့ ဖွင့်ထားတာပါ။ သူတို့တတွေ အလုပ်ရှုပ်နေတာနဲ့ပဲ မချိန်းတော့တာလား။ ဒီနေ့ပဲ မပြန်ဖြစ်လို့လား။ ကိုယ်ကဆက်ကြည့်ရင်ရော။ အဲဒီ့ hp က သူ့ကိုယ်ပိုင်လား။ သူ့အိမ်ကလား။ သူ့သူငယ်ချင်းတစ်ယောက်ယောက် ဥစ္စာလား။ ဘယ်သူ့ဆီကပဲဖြစ်ဖြစ်၊ ဆက်ကြည့်ရင် အကျိုးအကြောင်းတော့သိရမှာပဲဆိုပြီး ကျွန်တော်ဆက်ကြည့်တော့ ဖုန်းက ပိတ်ထားတယ်။ ဒါနဲ့ နာရီဝက်တစ်ကြိမ်လောက်ခြားပြီး ဆက်ကြည့်တယ်။ ညရှစ်နာရီလောက်မှာတော့ ဖုန်းဖွင့်ထားလို့ လိုင်းဝင်သွားတဲ့အသံ ကြားရတယ်။ ဒါပေမယ့် အတော်ကြာကြာခေါ်နေတဲ့အထိ၊ အကြိမ်ကြိမ် ထပ်ခေါ်တဲ့အထိ ဖုန်းမကိုင်ဘူး။ ဒါဆိုရင် ဖုန်းက သူ့ဆီမှာမရှိတော့တာ သေချာပါတယ်လေဆိုပြီး ကျွန်တော်လည်း နောက်ထပ်မခေါ်တော့ဘူး။
နောက်တစ်နေ့ ၁၂၊ ၁၀၊ ၀၆ မနက် ၇း၀၀ လောက်မှာ ကိုသုတ ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ “ကိုမာကီ မစုဇင်ဇင်ကျော်ကို သိလား”တဲ့။ ကျွန်တော် စဉ်းစားတယ်။ မသိဘူး၊ မမှတ်မိဘူး။ “ကျွန်တော် မသိဘူး အစ်ကိုရ”ဆိုတော့ “ဟာ... ကိုမာကီကလည်း လုပ်ပြီဗျာ...။ ဟိုမှာ အဲဒီ့ကောင်မလေး ပြဿနာဖြစ်နေပြီ။ ကိုမာကီနဲ့လည်း ပတ်သက်နေတယ်ပြောတယ်။ လေဆိပ်မှာ ဖမ်းမိတာ”။ “ဟာ မှတ်မိပြီ အစ်ကို၊ မှတ်မိပြီ။ သူ့နာမည်အရင်းကို ကျွန်တော် တကယ်မေ့နေတာပါ။ ဘယ်လိုပြဿနာဖြစ်တာလဲ အစ်ကို”။ ကိုသုတကတော့ ကျွန်တော်က သူ့ကို တမင်ထိန်ချန်တယ်။ မသိစေချင်လို့ မဖြေတာလို့ ထင်နေမှာပါ။ ကျွန်တော်လည်း အတော်အားနာသွားပါတယ်။ “အသေအချာတော့ မသိသေးဘူးဗျ။ စအဖ က ဖမ်းထားတာ၊ အခုကျွန်တော့်ကို လှမ်းခေါ်လို့ အဲဒီ့ကိုသွားရမှာ။ ကျွန်တော် ပြန်လာရင် အပြည့်အစုံပြောပြမယ်။ ခင်ဗျားဖုန်း ဖွင့်ထား”။
ကျွန်တော်လည်း အတော်စိတ်ပူနေမိတယ်။ သူတို့အတွက် စိတ်ပူတာပါ။ ကိုယ့်အတွက်ကတော့ ဘာဖြစ်မှာလဲ။ ရှင်းနေတာပဲဥစ္စာ။ ငွေလှူတယ်၊ ယူတယ်။ လက်မှတ်ထိုးပေးလိုက်တယ်။ ဓာတ်ပုံတွဲရိုက်တယ်။ ကိုပေါ်နဲ့ ကိုကိုကြီးတို့ ဓာတ်ပုံလေးတွေ ပေးလိုက်တယ်။ ဒါပဲရှိတာလေ။ အဲဒီ တစ်မနက်လုံးမှာ ကိုသုတဆီက ဖုန်းကိုပဲ စိတ်စောနေမိတယ်။ ကိုသုတကလည်း နေ့လည်ကျမှပဲ ပြန်ဆက်တယ်။ လေဆိပ်မှာ ထုံးစံအတိုင်း ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးတဲ့အခါ ဒီကောင်မလေးရဲ့ အိတ်ထဲကနေ NLD ပါတီကထုတ်တဲ့ ကြေငြာချက်တွေ၊ နိုင်ငံရေးစာရွက်စာတမ်းတွေ၊ NLD ဌာနချုပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ကိုပေါ်နဲ့ ကိုကိုကြီးတို့ရဲ့ ဓာတ်ပုံတွေကိုတွေ့လို့ ဖမ်းထားလိုက်တာတဲ့။ သူ့အဖော်ကောင်လေးကိုတော့ လွှတ်ပေးလိုက်လို့ လေယာဉ်နဲ့ပါသွားပြီတဲ့။ မစုရဲ့ ရန်ကုန်ကအိမ် လိပ်စာကိုလည်းရလာလို့ ကျွန်တော့်ကို ပြောပြပါတယ်။ ကြည့်မြင်တိုင်ကမ်းနားလမ်းက အိမ်ရာတစ်ခုရဲ့ လိပ်စာပါ။ “ကိုမာကီ သူ့အိမ်ကို အကြောင်းကြားပြီး စုံစမ်းကြည့်ပေါ့။ ကိုမာကီ ကိုယ်တိုင်တော့မသွားနဲ့ တခြားလူကို လွှတ်။ သတိလည်းထားဦး။ သူ့အိမ်ကိုစောင့်ကြည့်ရင် စောင့်ကြည့်နေကြမှာ။ ဒီကိစ္စ ကျွန်တော်တို့ ကိုင်တာမဟုတ်ဘူး။ စအဖ က ကိုင်တာ။”
ဒီကောင်မလေး အဖမ်းခံနေရတာတော့ သေချာပြီ။ ဘယ်လိုလုပ်မလဲ။ ကျွန်တော်နဲ့လည်း ဆက်နွယ်ပတ်သက်နေပြီ။ ဘာလုပ်ရမလဲ။ မီဒီယာမှာတင်လိုက်ကာမှ အကြီးအကျယ်ဖြစ်သွားပြီး ဒီကောင်မလေး ပိုထိသွားမှာလည်း စိုးတယ်။ ကိုယ်နဲ့ပတ်သက်ပြီးခါမှ မြုပ်ကွယ်ထားလိုက်ပြန်ရင်လည်း မျက်ကွယ်ပြုရာကျပြီး နစ်နာသွားမှာစိုးတယ်။ ဒီနေ့ကျခါမှ ကိုမြအေးတို့နဲ့ကလည်း တစ်ယောက်နဲ့မှ မဆုံဘူး။ သူတို့တတွေလည်း ကိုယ့်တာဝန်နဲ့ကိုယ် အလုပ်များနေကြတယ်။ ဖုန်းထဲကနေလည်း ပြောဖို့က မကောင်းဘူး။ ရန်ကင်းအခန်းမှာ တိုင်ပင်စရာကလည်း အမျိုးသမီးတပ်ဖွဲ့ပဲ ရှိတယ်။ စုစုနွေး၊ တင်မိုးလွင်၊ မီးမီး၊ ဘုတ်လေး၊ လေးလေးမွန်။ သူတို့တွေကလည်း အဆုံးအဖြတ်ပေးရဲကြတဲ့သူတွေ မဟုတ်ဘူး။
ညနေစောင်းမှာ VOA က ဦးခင်မောင်စိုး ဖုန်းဆက်တယ်။ ဆက်နေကျပါပဲ။ ဘာထူးသေးလဲဆိုပြီး လှမ်းမေးနေကျ။ သူနဲ့က ရင်းလည်း ရင်းနှီးနေတော့ မကြာခဏ စကားလက်ဆုံကျလေ့ရှိတယ်။ သူက အပြင်ကကိစ္စတွေ အတင်းတုတ်၊ ကျွန်တော်ကလည်း အထဲကကိစ္စတွေ အတင်းတုတ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ကြတာပါ။ ဒီနေ့တော့ စုဇင်ဇင်ကျော်ကိစ္စကို ပြောဖြစ်လိုက်တယ်။
“ကိုမာကီရာ အရှုပ်ထုပ်ဖြစ်မှာမျိုးကို ဘာဖြစ်လို့ သွားလက်ခံရတာလဲ။ ဘာမှဖြစ်လောက်တဲ့ ပိုက်ဆံလည်း မဟုတ်ဘဲနဲ့ဗျာ။ အဲဒီ့လောက်ကတော့ ကျွန်တော့်ကို အချိန်မရွေး လှမ်းပြောပါဗျာ” ဆိုပြီး ကျွန်တော့်ကို ပွစိပွစိနဲ့ ဆူပါလေရော။
“ငွေမက်လို့မဟုတ်ပါဘူး အစ်ကိုရာ၊ ကိုယ့်ပြည်တွင်းက ကျောင်းသားလူငယ်တွေက လှူတယ်ဆိုတော့ ဝမ်းသာအားရ လက်ခံမိတာပဲ”
“အဲဒါပြဿနာဗျ။ ခင်ဗျားနဲ့ ဓာတ်ပုံတွဲရိုက်၊ ခင်ဗျားထိုးပေးတဲ့လက်မှတ်ကိုယူပြီး ဒီဘက်မှာလုပ်စားဖို့ဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့လေးတွေက လုပ်မစားပါဘူးဆိုရင်တောင် လုပ်စားတတ်တဲ့သူတွေက သူတို့ဆီကနေ တစ်ဆင့်တစ်ဆင့်နဲ့ လုပ်စားသွားကြမှာဗျ။ ဒီအပြင်ကအကြောင်းတွေ ခင်ဗျားတို့လည်း သိနေသားပဲဗျာ။”….“ကဲပြော ကိုမာကီ အခုဘယ်လိုဖြစ်စေချင်သလဲ။ မီဒီယာမှာ ထည့်ပေးရမလား။ ဒါကိုတော့ ကိုမာကီပဲစဉ်းစား။”
“အေးဗျာ အစဉ်းစားရတော့ ခက်နေတယ်။ မီဒီယာတွေကနေ ဖွလိုက်မှ ကောင်မလေးပိုနစ်နာသွားမှာလည်း စိုးတယ်။ ဖျောက်ထားလိုက်ရင်လည်း၊ ကိုယ်နဲ့ပတ်သက်နေလျက်နဲ့ ဖြစ်လာတော့မှ ပစ်ထားသလိုဖြစ်သွားမှာလည်း စိုးတယ်။”
“အဲဒီတော့ …."
"အစ်ကို့ဆီမှာပဲ သတင်းအကျဉ်းလောက်ထည့်ပေးဗျာ။ တခြားမီဒီယာတွေတော့ ကျွန်တော်မပြော တော့ဘူး။ အစ်ကို့ဖာသာပဲ ချင့်ချိန်ပြီးလွှင့်ပေးပါ။”
“OK” ။ အဲဒါနဲ့ပဲ ကောင်မလေးနဲ့ပတ်သက်ပြီး၊ ကိုခင်မောင်စိုးက သတင်းအကျဉ်းအဖြစ်ကြေငြာ၊ စုစုနွေးက အင်တာဗျူး နည်းနည်းဝင်ပြော။ အိုကေသွားပြီ။ ကျွန်တော်တို့ ဒီညပဲ စုဇင်ဇင်ကျော်ရဲ့အိမ်ကို သွားစုံစမ်းကြမယ်ဆိုတော့။ ကျွန်တော်ကိုယ်တိုင် မသွားဖို့၊ သတိထားဖို့၊ စိုးရိမ်ပြီးပြောတယ်။
အဲဒီ့ည 7: 00 လောက်မှာ ကျွန်တော်ရယ်၊ စုစုနွေးရယ်၊ ဘုတ်လေးရယ် Taxi ငှားပြီး ကြည့် မြင်တိုင်ကမ်းနားလမ်းက အိမ်ယာကိုသွားကြတယ်။ တိုက်ခန်းတွဲတွေနား မရောက်ခင်မှာ ကားရပ်ပြီး စုစုနွေးနဲ့ ဘုတ်လေးတို့ နှစ်ယောက်ပဲသွားကြပါတယ်။ ကျွန်တော်ကတော့ မလှမ်းမကမ်းမှာပဲ နေရစ်ခဲ့တယ်။ ခေတ်ဆန်ဆန်၊ ဟော့ရှော့စတိုင်နဲ့ ဘုတ်လေးက စုဇင်ဇင်ကျော်ရဲ့ သူငယ်ချင်း။ စုစုနွေးကတော့ ဘုတ်လေးရဲ့မိတ်ဆွေ ဥပဒေနားလည်သူအဖြစ်နဲ့ သွားကြတယ်။ သူတို့နှစ်ယောက်စလုံးက အသွက်တွေပါ။ စကားလည်းပြောတတ်ဆိုတတ်ကြတာမို့ စိတ်ချရပါတယ်။
တိုက်ခန်းတွဲမြေညီထပ်မှာ မေးမြန်းပြီး လှေခါးတစ်ခုကနေ သူတို့တက်သွားကြတယ်။ သူတို့နှစ်ယောက်သွားတာ နာရီဝက်ကျော်လောက် ကြာပါတယ်။ ကျွန်တော်လည်း ဟိုဘက်နားလမ်းလျှောက်လိုက်၊ ဒီဘက်နားလမ်းလျှောက်လိုက်၊ အနားက ကွမ်းယာဆိုင်လေးမှာ ဟိုဟာ ဝင်ဝယ်လိုက်၊ ဒီဟာ ဝင်ဝယ်လိုက်ပေါ့။ အနီးပတ်ဝန်းကျင်မှာတော့ ဘာမှမထူးခြားပါဘူး။ အရေးထဲမှာ အနားက လက်ဖက်ရည်ဆိုင်ထဲမှာ ဓားထိုးမှုဖြစ်လို့ ရုန်းရုန်း ရုန်းရုန်းဖြစ်သွားသေးတယ်။ ရဲကားတွေဘာတွေလည်း ရောက်လာတယ်။ အဲဒီ့အချိန်မှာပဲ စုစုနွေးတို့ပြန်ဆင်းလာကြတာ။ ဘုတ်လေးက “ဦးမာကီရယ်၊ တစ်မျိုးတော့ တစ်မျိုးကြီးပဲတော့်။ သူ့အစ်မနဲ့ တွေ့တယ်။ ကြောက်နေလိုက်ကြတာလည်း လွန်ရောပဲ။ ရန်ကင်းကျမှ သမီးအသေအချာ ပြောပြမယ်။” ဆိုပြီးTaxi ရတာနဲ့ စကားဖြတ်လိုက်တယ်။
ရန်ကင်းအခန်းကိုပြန်ရောက်တော့ VOA သတင်းလာချိန်နဲ့တိုးလို့ နားထောင်ကြတယ်။ ကောင်မလေးအဖမ်းခံရတဲ့သတင်းကို ဦးခင်မောင်စိုးကိုယ်တိုင်ပဲ ကြေငြာသွားပါတယ်။ အင်္ဂလန်မှာကျောင်းတက်နေတဲ့ မစုဇင်ဇင်ကျော်။ ကျောင်းပိတ်ရက် ရန်ကုန်ကို ခဏပြန်လာ။ ကျောင်းတက်ဖို့ အင်္ဂလန်အပြန်၊ ခရီးဆောင်အိတ်ထဲမှာ နိုင်ငံရေးစာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေပါလာလို့ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတဲ့အကြောင်း မကျဉ်းမကျယ်လေး ကြေငြာသွားတာပါ။ စုစုနွေးရဲ့အင်တာဗျူးကလည်း ခပ်တိုတိုပါပဲ။
ဒီသတင်းကို ကြားသိရတယ်ပေါ့။ NLD ကကြေငြာချက်တွေနဲ့ ဓာတ်ပုံတွေယူသွားလို့ အဖမ်းခံရတာပဲဖြစ်မယ် ထင်တယ်ပေါ့။ သတင်းနားထောင်ပြီးတော့ ဘုတ်လေးက စကားဆက်ပါတယ်။ “သူ့အစ်မ မိသားစုက စီးပွားရေးသမားတွေသက်သက်ပဲ။ အရမ်း ကြောက်နေကြတယ်။ သူ့ညီမအဖမ်းခံရတာကို အံ့သြတာ၊ သနားတာထက် သူတို့ကိုပါ လာနွယ်နေမှာကို ပိုကြောက်နေကြတယ်။ ဘယ်ကိုမှလည်း မလိုက်ရဲဘူး။ သမီးတို့ကူညီမယ်ဆိုတာကိုတောင် ကြောက်နေကြတယ်။ မစုစုနွေးက သမီးရဲ့သူငယ်ချင်းပါ။ တရားရုံးကိစ္စတွေ ဥပဒေတွေကို နားလည်ပါတယ်။ ကူညီနိုင်ပါတယ် ဆိုတာကိုတောင်မှ အရမ်းကြောက်နေကြတာ။
ပြီးတော့ ကိုယ့် ညီမကိုလည်း သိပ်သဘောကျပုံလ မရဘူး။ ဒီကောင်မလေးက ဘယ်သူ့စကားမှ နားမထောင်ဘူး။ ထင်ရာလုပ်တတ်တယ် ဘာညာဆိုပြီး လျှောက်ပြောနေသေးတယ်။ သမီးလည်း ဒီအခန်းရဲ့ဖုန်းနံပါတ်နဲ့ သမီးရဲ့နာမည်ကိုတော့ ပေးထားခဲ့လိုက်တယ်။ အရေးကိစ္စရှိရင်ဆက်ပါလို့။” ည ၁၀း၀၀ လောက်ကျတော့ အနီးနားက Internet ဆိုင်ကနေ အင်္ဂလန်က သူ့အဖော် ကောင်လေးဆီကို ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ကျွန်တော့် Mail Box ထဲမှာ သူ့စာကတောင် အရင်ရောက်နှင့်နေပါပြီ။ သူလည်း သူ့ သူငယ်ချင်းကောင်မလေးအတွက် စိုးရိမ်နေတာပေါ့။ အကျိုးအကြောင်းလည်း သိချင်နေရှာတယ်။ ကျွန်တော်လည်း မစုရဲ့အိမ်ကို သွားစုံစမ်းပြီးဖြစ်ကြောင်း၊ သူ့အစ်မနဲ့ ဆုံခဲ့တဲ့အကြောင်း သိပ်စိတ်မပူဖို့အကြောင်း၊ ထပ်မံစုံစမ်းထားပေးမယ့်အကြောင်း ပြန်ရေးပြီး ပို့ထားလိုက်တယ်။
ဒါပေမယ့် နောက်ရက်တွေမှာလည်း မစုနဲ့ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား ထပ်မသိရပါဘူး။ SB က ကိုင်တာမဟုတ်တော့ ကျွန်တော်တို့လည်း လက်လှမ်းမမီဘူး ဖြစ်နေရတယ်။ လွန်ခဲ့တဲ့ ၃ လလောက်မှာ ဘုတ်လေးက DV (အမေရိကန်မှာ အခြေချနေထိုင်ခွင့်) ပေါက်ထားတယ်။ ဘယ်သူ့အဆက်အသွယ်နဲ့မှ သွားခွင့်ရတာ မဟုတ်ပါဘူး။ သူ့ဖာသာ ကံကောင်းပြီး အကြောင်းတိုက်ဆိုင်လို့ ပေါက်တာပါ။ လောလောဆယ်မှာတော့ Dr. သိန်းဝင်းရဲ့သမီးအနေနဲ့ BC မှာ အင်္ဂလိပ်စာသင်တန်း တက်နေတယ်။ သင်တန်းတစ်ဖက် ဗီဇာရဖို့ကိစ္စ၊ ပတ်စ်ပို့ရဖို့ကိစ္စတွေတစ်ဖက်နဲ့ဆိုတော့ သူ့ခမျာလည်း လုံးချာလည်လိုက်နေရှာတယ်။
ဒီလိုနဲ့ အောက်တိုဘာလ တတိယအပတ်ထဲလောက် ရန်ကင်းအခန်းမှာ ကျွန်တော်ရှိနေတုန်း ကောင်မလေးတစ်ယောက် ဖုန်းဆက်တယ်။ နာမည်မေးတော့ “ခင်သူသူဝင်းရဲ့ နိုင်ငံခြားက သူငယ်ချင်းပါ”တဲ့။ ခင်သူသူဝင်းဆိုတာက ဘုတ်လေးရဲ့နာမည်အရင်း။ “နိုင်ငံခြားသွားတော့မှာမို့ အရေးကြီးလို့ပါ”တဲ့။ အသံကတော့ အင်္ဂလိပ်စကားအပြောများပြီး မြန်မာစကားအပြောနည်းတဲ့သူတွေ ပြောလေ့ရှိတဲ့အသံမျိုး။ ဘုတ်လေးကလည်း DV ပေါက်ထားတယ်။ US သံရုံးကနေ ဗီဇာကိစ္စလည်းရှိနေတယ်ဆိုတော့၊ US သံရုံးကနေဆက်တာလို့ပဲ ကျွန်တော် ထင်လိုက်တယ်။ အရေးကြီးတယ်လို့လည်းဆိုတာကိုး။
ဒါနဲ့ပဲ ခင်သူသူဝင်းကို ရအောင်ဆက်သွယ်ပေးပါ့မယ်၊ ဘယ်ကိုလာခိုင်းရမလဲဆိုတော့ SAKURA အပေါ်ဆုံးအထပ်က ကော်ဖီဆိုင်ကို ဒီနေ့နေ့လည် 12:30 တဲ့။ အခုပဲ 10:00 ရှိနေပြီမို့ ကျွန်တော် ဇောက်ထိုးဆီ ဖုန်းဆက်လိုက်တယ်။ ကံကောင်းချင်တော့ ဇောက်ထိုးက BC ရောက်နေတယ်။ ဒီတော့ ဘုတ်လေးကို သင်တန်းဖျက်ပြီး Taxi နဲ့ အမြန်ပြန်လွှတ်လိုက်ပါ။ DV ကိစ္စ အရမ်းအရေးကြီးတယ်ဆိုပြီး အကူအညီတောင်းလိုက်ပါတယ်။ ကျွန်တော့်နဲ့ဇောက်ထိုးတို့ကတော့ ထုံးစံအတိုင်းပါပဲ။ ဖုန်းဆက်တဲ့ ကောင်မလေး ပြောတာက “အရေးကြီးတယ်။” ကျွန်တော်က ဇောက်ထိုးကိုပြောတော့ “DV ကိစ္စအရေးကြီးတယ်”ဆိုတာ ဖြစ်သွားတယ်။ ဇောက်ထိုးက ဘုတ်လေးကိုပြန်ပြောတော့ “ပတ်စ်ပို့နဲ့ ဗီဇာကိစ္စ မတရားအရေးကြီးတယ်၊ သူ့ထက်အရေးကြီးတာတောင် သူ့လောက်အရေးမကြီးဘူး” ဆိုတာဖြစ်သွားတော့ ဘုတ်လေးခမျာ နာရီဝက်အတွင်းမှာပဲ အူယားဖားယား ပြန်ရောက်လာပါတယ်။
ကျွန်တော်က အကျိုးအကြောင်းပြောပြတော့ ဘုတ်လေးလည်း အူလည်လည်ထပ်ဖြစ်သွားတယ်။ ဘယ်သူများဖြစ်မလဲ၊ ဘာကိစ္စလဲပေါ့။ DV ကိစ္စနဲ့ သံရုံးကိစ္စတော့ မဖြစ်နိုင်ဘူးပြောတယ်။ နိုင်ငံခြားကနေ သူ့သူငယ်ချင်းတစ်ယောက်ယောက် ပြန်ရောက်လာတာပဲ ဖြစ်မယ်ထင်နေတယ်။ ဒီလိုနဲ့ 12:00 ထိုးခါနီးမှာ ကျွန်တော်နဲ့ ဘုတ်လေးနဲ့ SAKURA TOWER ကိုသွားကြတယ်။ ဟိုးအပေါ် အထပ် ၂၀ ကို ဓာတ်လှေခါးနဲ့ တက်။ ရှင်းလင်းတိတ်ဆိတ်နေတာပဲ။ ကော်ဖီဆိုင်ထဲမှာလည်း သောက်တဲ့သူ ၄/၅ ယောက်လောက်ပဲ ရှိမယ်။ ဘုတ်လေးကိုဦးဆောင်ပြီး ကော်ဖီဆိုင်အထဲကို အဝင်၊ ဆိုင်ရဲ့အလယ်ကျကျစားပွဲမှာ အပေါက်ဝကို မျက်နှာမူပြီးထိုင်နေသူက စုဇင်ဇင်ကျော်။
ကျွန်တော့်ကိုမြင်လိုက်တော့ သူ့မျက်လုံးလေးဝိုင်းပြီး ပြူးသွားတယ်။ ကျွန်တော်လည်း အရမ်းအံ့သြပြီး ပါးစပ်တောင်ဟမိသွားတယ် ထင်ပါရဲ့။ မျက်လုံးချင်းဆုံမိတဲ့ စက္ကန့်ပိုင်းအချိန်လေးထဲမှာပဲ တစ်ခုခုတော့ ထူးခြားနေတယ်ဆိုတာ ကျွန်တော်ခံစားလိုက်ရပြီး ဘာမှမသိသေးတဲ့ (စုဇင်ဇင်ကျော်ကို မမြင်ဖူးတဲ့) ဘုတ်လေးကို မသိမသာလက်တို့ပြီး သူ့ရဲ့ကျောဘက်၊ တိုင်လုံးကြီးကွယ်နေတဲ့ စားပွဲခုံမှာပဲ ထိုင်လိုက်ကြတယ်။ ဘုတ်လေးက “ဦးမာကီ ဘာလို့လဲဟင်” ဆိုပြီး မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်နေတယ်။ ကော်ဖီနဲ့ မုန့်မှာပြီးတော့မှ “တို့နောက်ဘက်က စားပွဲမှာ၊ တစ်ယောက် တည်းထိုင်နေတာ စုဇင်ဇင်ကျော်ပဲ။ ခဏနမှ ဘုတ်လေးတစ်ယောက်တည်း သွားလိုက်” ဘုတ်လေးလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေတယ်။ ကော်ဖီတဝက်လောက် သောက်ပြီးတော့မှ “သမီး သွားလိုက်တော့မယ်” ဆိုပြီး ထသွားတယ်။ တိုးတိုးတိုးတိုးနဲ့ ပြောနေကြတယ်ထင်တာပဲ။ ဒီလောက် တိတ်ဆိတ်နေတာတောင်မှ သူတို့စကားသံကို လုံးဝမကြားရဘူး။
၁၅ မိနစ်လောက်ကြာတော့ ဘုတ်လေးပြန်ရောက်လာတယ်။ မျက်နှာက စပ်ဖြဲဖြဲ။ ဒါပေမယ့် စိတ်ရှုပ်နေပုံလည်းပေါ်ရဲ့။ “ဘာလဲဟ”ဆိုတော့ ဘုတ်လေးက အနောက်ကို မသိမသာလှည့်ကြည့်တယ်။ “နေဦး၊ နေဦး။ ခဏနေရင် သူပြန်ဆင်းသွားလိမ့်မယ်”။ ဘုတ်လေးက ကော်ဖီဆက်သောက်၊ မုန့်ဆက်စားပြီးမှ စကားဆက်တယ်။ “သူ ပြန်လွတ်လာတာ ဦးမာကီရဲ့” “အော-လူတစ်ကိုယ်လုံးမြင်နေရမှတော့ ပြန်လွတ်လာလို့ပေါ့ဟ၊ ဘယ်လိုလွတ်လာတာလဲ”။ ဘုတ်လေး ရယ်ပါတယ်။ “နေပါဦး ဦးမာကီရဲ့၊ သူ့အစ်မကို သမီးရဲ့နာမည်နဲ့ ရန်ကင်း ဖုန်းနံပါတ်ပေးခဲ့တယ် မဟုတ်လား။ အဲဒါ သူပြန်လွတ်လာတော့ သူ့အစ်မက ဒီလိုဒီလိုနဲ့ နင့်သူငယ်ချင်းလာသွားတယ်ဆိုပြီး နာမည်နဲ့ ဖုန်းနံပါတ်ပေးလိုက်တာ။ သမီးနာမည် ခင်သူသူဝင်းက မစုရဲ့ကျောင်းတော်က ရန်ဖက်၊ ရန်သူတော် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်နဲ့ဆင်နေတယ်။ အဲဒီ့တစ်ယောက်နာမည်က ခင်သူဇာဝင်းဆိုလား၊ ဘာလားမသိဘူး။ အဲ ဒီနာမည်မျိုးပဲ။ ခပ်ဆင်ဆင်ဆိုတော့ ပြဿနာတစ်ခုရှင်းရအောင် ဆက်သွယ်တာပဲဖြစ်မယ်ဆိုပြီး အဲဒါအခု ရန်တွေ့မလို့ချိန်းတာတဲ့။ ဟား ဟား ဟား ကံကောင်းလို့ပါလား ဦးမာကီရယ်”
“မှားတဲ့အခါလည်း မှားပေမပေါ့ဟာ၊ ဒါနဲ့ ဘယ်လိုလွတ်လာတာတဲ့လဲ”။ “သူ့အစ်မကတော့ တော်တော် ကုန်သွားတယ်လို့ ပြောတယ်။ နိုင်ငံရေးအုပ်စုတွေနဲ့ အဆက်အသွယ် မလုပ်တော့ပါဘူး။ ပြန်လွတ် လာတာကိုလည်း အသိမပေးပါဘူး။ အင်္ဂလန်ကို တန်းသွားပါ့မယ်ဆိုပြီး ကတိပေးခဲ့ရတယ်တဲ့။ ဦးမာကီကိုလည်း တောင်းပန်လိုက်တယ်။ အန်တီချို့ကိုရောပေါ့။ သူ သန်ဘက်ခါကို ကျိန်းသေပြန်ထွက်ဖြစ်မယ်လို့ ပြောတယ်။ အခုသူလာတာတောင် အောက်မှာ စအဖတွေက လိုက်စောင့်ကြည့်နေတယ်လို့ ပြောတယ်။ အဲဒါ သမီးတို့ကိုတောင် အချိန်ခဏဆိုင်းပြီးမှ ပြန်ဆင်းပေးပါလို့ မှာတယ်”
ဝမ်းလည်းဝမ်းသာရ၊ အံ့လည်းအံ့သြရပါတယ်။ သူပြန်လွတ်လာတဲ့အကြောင်းကို အခြားဘယ် မီဒီယာကိုမှ ပြောမနေတော့ဘဲ ဦးခင်မောင်စိုးကိုပဲ ပြောပြလိုက်ပါတယ်။ သူ အင်္ဂလန်ကို ပြန်ရောက်တာ သေချာမယ့်ရက်လောက်ကျမှပဲ ဦးခင်မောင်စိုးက သတင်းအကျဉ်းလွှင့်ပါတယ်။ အင်း …. ဒီကောင်မလေး မြန်မာပြည်ကိုတောင် ပြန်လာရဲပါဦးမလား မသိ။ ။
ကိုမာကီ (၈၈ မျိုးဆက်)
(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ် အာရှအလင်းဂျာနယ် မှ)
No comments:
Post a Comment