Tuesday, August 20, 2013

ကျနော်နှင့် ကိုဝင်းမော်(ရွှေသံစဉ်) - ကိုမာကီ (၈၈ မျိုးဆက်)

ကိုဝင်းမော်ကို စတင်မြင်ဖူးတာကတော့ ၁၉၉၃/၉၄ ခုနှစ်လောက်က TV ဖန်သားပြင်ပေါ်မှာ "ရွှေသံစဉ်တီးဝိုင်း" ရဲ့ခေါင်းဆောင်၊ Lead ဂစ်တာသမားအနေနဲ့ပါ။ မြန်မာ့ရုပ်သံမှာ ဖျော်ဖြေရတာမို့လားမသိ။ သူ့ဆံပင်က တိုတို၊ အရပ်က ထောင်ထောင်မောင်းမောင်း၊ ကိုယ်ဟန်က သွယ်လျကျစ်လျစ်။ ကျနော့်မျက်စေ့ထဲမှာတော့ သူဟာ ဂစ်တာသမား၊ အနုပညာသမားထက် အားကစားသမားတစ်ယောက်နဲ့ ပိုတူနေပါတယ်။ ပြီးတော့ အမှန်တိုင်းဆိုရရင် လူငယ်သဘာဝ၊ ကျနော်တို့ အထင်ကြီးအားကျရမယ့် ဂစ်တာသမားတစ်ယောက်ရဲ့ပုံစံမျိုးလည်း သူ့မှာ မရှိပါဘူး။ တောဂိုက်ကြီးပါဗျာ။ 

တကယ်တန်းသူ့ကို စတင်သတိထားမိတာက နိုင်ငံရေးသီချင်းခွေတစ်ခုကို သူတို့တတွေ လျှို့ဝှက်စီစဉ်နေကြစဉ်အချိန်။ ၁၉၉၆ ခုနှစ်လောက်မှာပါ။ စီစဉ်သူက NLD က အန်ကယ်ဦးလှမင်း။ သီဆိုသူတွေက (ဒေါ်)နွဲ့ယဉ်ဝင်းရဲ့သားနဲ့သမီးတွေ ဖြစ်ကြတဲ့ အဆိုတော်မျိုးမျိုးနဲ့ သံသာဝင်း။ ရည်ရွယ်တာကတော့ ဒီသီချင်းခွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတယ် ဆိုတဲ့ပုံစံမျိုးပေါ့။ တိုးတိုးတိတ်တိတ်ကြားရတဲ့ အဲဒီ့သတင်းမှန်၊ မမှန် မသိရသေးပေမယ့် ကျနော်တို့မှာတော့ ကျိတ်ပြီး အားရကျေနပ်လိုက်ကြရတာ။ လေးစားလိုက်ရတာ။ ဒီလိုအချိန်မှာ၊ ဒီလိုသတ္တိရှိရှိနဲ့ ကူညီရပ်တည်ရဲတဲ့သူတွေ ရှိသေးတယ်ပေါ့။ အဲဒီ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်မြောက်ခါစ။ ကာလတာရှည် ကိုယ်တစ်ပိုင်းသေနေတဲ့နိုင်ငံရေး ပြန်လည်လူးလွန့်လာစ ဆိုပါတော့။ 


ဒီမိုကရက်တစ်အင်အားစုတွေဘက်က နိုင်ငံရေးအရှိန်အဟုန် မြှင့်တင်နိုင်ဖို့ ကြိုးစားနေသလို၊ နဝတ စစ်အစိုးရဘက်ကလည်း အမျိုးမျိုးအဖုံဖုံ ဖိနှိပ်ဖြိုခွဲဖို့ ကြံစည်နေတဲ့အချိန်။ ဒီလိုနဲ့ ၁၉၉၆ နှစ်လည်လောက်ကစပြီး ကျနော်တို့ကျောင်းသားတွေ ထောင်ထဲကို တဖွဲဖွဲရောက်။ ဒီမိုကရက်တစ်အင်အားစုတွေ တစ်စစအဖြိုဖွဲခံရ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့လှုပ်ရှားမှုတွေ အတားဆီး၊ အပိတ်ပင်ခံလာရ။ မကြာပါဘူး။ ကိုဝင်းမော်တို့ရဲ့ရွှေသံစဉ်တစ်ဝိုင်းလုံး ထောင်ထဲရောက်လာကြတယ်လို့ ကြားသိရတယ်။ သတင်းပေါက်ကြားတာကလည်း သူတို့အချင်းချင်းထဲကနေပဲ မတော်တဆပေါက်ကြားခဲ့ရတာဆိုတော့ ပိုပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။ နောက်ပိုင်းမှာ အဆိုတော်မျိုးမျိုးနဲ့ သံသာဝင်းတို့ကိုတော့ စစ်ကြောရေးကနေပဲ ပြန်လွှတ်ပေးလိုက်ကြောင်းလည်း ကြားသိရတယ်။ 

၁၉၉၆ ခုနှစ် နှောင်းပိုင်းမှာ သူတို့တတွေ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်စီအသီးသီး ကျခံခဲ့ရတယ်။ ၁၉၉၇ ခုနှစ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွေပြောင်းရွှေ့ကြတဲ့အခါ ကိုဝင်းမော်တို့အဖွဲ့လည်း တစ်ယောက်တစ်ထောင်စီ ရောက်သွားကြတယ်။ ကျနော်က မြစ်ကြီးနားထောင်၊ ကိုဝင်းမော်က တောင်ငူထောင်၊ သူ့ညီ ကိုဝင်းဇော်က သရက်ထောင်၊ ကိုဒဲဒီက သာယာဝတီထောင် …။ တစ်ထောင်စီနေခဲ့ရတဲ့ကာလတစ်လျောက်မှာ ကိုဝင်းမော်နဲ့ပတ်သက်ပြီး ပထမဆုံးကြားသိခဲ့ရတာကတော့ စိုးရိမ်စရာပါ။ 

သူတို့တောင်ငူ ထောင်မှာ နိုင်ငံရေးအကျဉ်းသားချင်း ထောင်တွင်းရိုက်ပွဲ(ထောင်တွင်းတိုက်ပွဲ မဟုတ်ပါ) ဖြစ်ကြတယ်ဆိုတဲ့ သတင်းပါ။ ကျနော်ကိုယ်တိုင်လည်း ထောင်ကျနေတဲ့သူဆိုတော့ ကြားသိရတဲ့သတင်းကို အတည်ပြုဖို့၊ အသေးစိတ်အမှန် အတိုင်းသိရဖို့ မလွယ်ခဲ့ပါဘူး။ အဲဒီ့ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့သူတွေကို အခြားထောင်တွေ ထပ်ပြောင်းပို့တဲ့အခါ ကိုဝင်းမော် မပါဝင်ခဲ့ဘူးဆိုတာလောက် သိရတာနဲ့ပဲ စိတ်အေးခဲ့ရပါတယ်။ 

၂ဝဝ၂ ခုနှစ်ကုန်လောက်မှာတော့ ကိုဝင်းမော်တို့အမှုတွဲတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်လွတ်သွားကြကြောင်း ကြားသိရပါတယ်။ ကိုဝင်းမော်နဲ့ လူချင်းဆုံတွေ့၊ သိကျွမ်းခွင့်ရတာကတော့ ၂၀၀၅ ခုနှစ်၊ ကျနော် မြစ်ကြီးနားထောင်က ပြန်လည်လွတ်မြောက်ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှာ ပါဝင်လှုပ်ရှားနေချိန်မှပါ။ တစ်ရက်မှာ ကိုကိုကြီးက လိပ်စာတစ်ခုပေးပြီး လူကြုံပစ္စည်းတစ်ခု သွားယူခိုင်းတယ်။ လိပ်စာက ကျောက်မြောင်း၊ အင်းဝလမ်းထဲမှာ။ ဘယ်သူလဲဆိုတော့ "ရွှေသံစဉ် ကိုဝင်းမော်" တဲ့။ 

တကယ်တော့ ရွှေသံစဉ်တီးဝိုင်းနာမည်ကို ပြန်သုံးခွင့်တော့ မရတော့ပါဘူး။ အဲဒီ့အချိန်မှာ "အလင်္ကာ"ဆိုပြီး တီးဝိုင်းသစ် ဖြစ်နေပါပြီ။ အောင်မြင်မှုလည်း ရနေပါပြီ။ ကိုကိုကြီးနဲ့ ကိုဝင်းမော်တို့က ၁၉၈၈ မတိုင်ခင်ကတည်းက သိကျွမ်းခဲ့ကြသူတွေ။ ကိုယ်လေးစားရတဲ့ တီးဝိုင်းခေါင်းဆောင်၊ ဂစ်တာသမားတစ်ယောက်ကို တွေ့ရတော့မယ်ဆိုတော့ ကျနော် အရမ်းဝမ်းသာသွားတယ်။ ရင်တွေတောင်မှ တလှပ်လှပ်ခုန်လို့ပေါ့။ ပြီးတော့ သိနေတယ်လေ၊ ဒါ အရေးကြီးတဲ့ ဆက်သွယ်မှုပဲဆိုတာကို။ ဒါပေမယ့် တောဂိုက်ကြီးက အထာတွေ၊ ဘာတွေများ ကိုင်နေဦးမလား။ ဆရာကြီးစတိုင်နဲ့ အကြောကြီးနဲ့များဆက်ဆံလေမလားလို့တော့ စိုးရိမ်နေမိတယ်။ အဲလိုသာဆိုရင်တော့ အဝေးကလွမ်းနေရတာကပဲ ပိုကောင်းသေးတယ် မဟုတ်လား။ 

ဒီလိုနဲ့ပဲ ကိုဝင်းမော်နေထိုင်ရာ ကျောက်မြောင်းထဲကအိမ်ကို ကျနော် ရောက်ဖြစ်ခဲ့တယ်။ တွေ့ရတော့လည်း တောဂိုက်ကြီး မဟုတ်ပါဘူး။ ဂျင်းဘောင်းဘီရှည်၊ တီရှပ်နဲ့။ လက်မှာ ဂေါ်ကွင်း၊ နားမှာ နားကွင်းက ဆွဲထားသေး။ ရွှင်လန်းပြီး တက်ကြွဖျပ် လပ်တဲ့ဟန်ပန်က အပြည့်။ ပြီးတော့ စတွေ့တွေ့ချင်းမှာကိုပဲ လှိုက်လှိုက်လှဲလှဲနဲ့ အလွန်ဖော်ရွေစွာဆက်ဆံတယ်။ ထူးခြားတာကတော့၊ လူတိုင်းကို လှိုက်လှဲဖော်ရွေစွာ ဆက်ဆံတတ်တာနဲ့၊ အဲဒီ့ဆက်ဆံမှုကို အမြဲတမ်း ထိမ်းသိမ်းထားနိုင်တာပါပဲ။ အဲဒီ့နေ့ကစပြီး ကျနော်နဲ့ ကိုဝင်းမော်တို့ အလုပ်တွေအများကြီး တွဲလုပ်ဖြစ်ခဲ့ကြပါတယ်။ ကျောက်မြောင်း၊ အင်းဝလမ်းက သူ့ရဲ့အခန်းကိုလည်း မကြာခဏ ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်ဆို နေ့စဉ်နေ့တိုင်းလိုလိုကို ရောက်ဖြစ်ရတာပါ။

ဘာ့ကြောင့်ရောက်ဖြစ်ခဲ့ရသလဲဆိုတော့ အဲဒီ့အချိန်မှာ ကိုဝင်းမော်က DVB သတင်းဌာနအတွက် လျှို့ဝှက်အလုပ်လုပ်ပေးနေသလို ကျနော်က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပြန်ကြားရေးအနေနဲ့ တာဝန်ယူနေရတာဆိုတော့ အမြဲလိုလိုထိတွေ့ဆက်ဆံခဲ့ရတာပါ။ အဲဒီ့အချိန်က DVB တီဗီ ဖွင့်ကြည့်ရင်တောင် အန္တရာယ်ရှိပါတယ်။ ထောင်နှုတ်ခမ်းနင်းပြီး တီဗီကြည့်ကြရတာလေ။ DVB အတွက် သတင်းထောက်အလုပ် လုပ်ပေးဖို့ဆိုတာကတင် တကယ့်ကိုအရဲစွန့်ရတဲ့အလုပ်ကြီး။ ဒါကို ကိုဝင်းမော်က သတင်းထောက်တင်မဟုတ် ပြည်တွင်းတာဝန်ခံသဘောမျိုး လျှို့ဝှက်လုပ်ပေးနေတာပါ။ 

အဲဒီ့ကာလက DVB ကထုတ်လွှင့်သမျှ ပြည်တွင်းသတင်းတွေ အတော်များများဟာ ကိုဝင်းမော်ဆီကနေတစ်ဆင့် ရောက်ရတာပါ။ ကျနော်ကလည်း ကိုယ့် ၈၈ မျိုးဆက် ကျောင်းသားများလှုပ်ရှားမှုတွေသာမက ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို တိုင်းသိ၊ ပြည်သိ ဖြစ်စေချင်တယ်။ သင်းအသတ်ခံနေရတဲ့ နိုင်ငံရေးကို ပြည်သူတွေသတိထားမိစေချင်တယ်။ အထူးသဖြင့် လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာစေချင်တယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြားသိစေခြင်းအားဖြင့် နိုင်ငံရေးနဲ့ ယဉ်ပါးလာစေချင်တယ်။ 

ဒါ့ကြောင့် ကျနော်က နိုင်ငံရေးလှုပ်ရှားမှုတွေကို အရဲစွန့်ပြီး သတင်းမှတ်တမ်းယူတယ်။ ကိုဝင်းမော်ကလည်း ကျနော်ရိုက်ကူးသမျှ video tape တွေကို DVB သတင်းမှာပါလာအောင် အရဲ့စွန့်ပြီးအရောက်ပို့ပေးတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ကင်မရာတစ်လုံးနဲ့ သတင်းမှတ်တမ်း လိုက်ရိုက်လေ့ရှိပါတယ်။ သူ့အတွက် ပိုပြီး အရဲစွန့်ရာရောက်ပါတယ်။ ဒါပေမယ့် သူ့ရိုက်ချက်တွေကတော့ အတော်ကိုညံ့လှပါသဗျာ။ အဲဒါကတော့ ကျနော်သာမဟုတ်၊ သတင်းတည်းဖြတ်သူ ပညာရှင်အားလုံးနီးပါးရဲ့ စိတ်ပျက်လက်ပျက် မှတ်ချက်ပါပဲ။ 

ဒါဆိုရင် ကိုဝင်းမော်က ဘာ့ကြောင့် DVB ရဲ့ပြည်တွင်းသတင်းရယူရေးမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေရပါသလဲ။ အဲဒါဟာ သူ့ရဲ့လျှို့ဝှက်ချက်၊ သူ့ရဲ့ပါရမီနဲ့ သူ့ရဲ့အဓိကအရည်အချင်းလို့ပဲ ကျနော်တော့ ထင်ပါတယ်။ DVB ရဲ့လျှို့ဝှက်သတင်းထောက် လုပ်ပေးနေကြသူ မတစ်ထောင်သား၊ ဘယ်သူ့မှဗိုလ်မထားသူ လူစွာတွေကို ကန့်သတ်မထားတဲ့စည်းမျဉ်းတွေထဲမှာ ဘယ်သူ့ဘယ်သူကိုမှ အန္တရာယ်မကျရောက်စေဘဲ၊ စည်းစံနစ်တကျ ညင်သာစွာစုစည်းကိုင်တွယ် သွားနိုင်တာ။ သူတို့ရဲ့မတူညီတဲ့ လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆီးပေးနိုင်တာ …. ပြီးတော့ စွန့်လွှတ်စွန့်စားဝံ့တဲ့ သူ့ရဲ့သတ္တိ …. ဘယ်နိုင်ငံတကာတက္ကသိုလ်ကမှ ပေးအပ်နိုင်ခြင်းမရှိတဲ့ အရည်အချင်းပါ။ 

မြန်မာပြည်တွင်းမှာ ၂ဝဝ၇ ခုနှစ် မတိုင်မီကာလတွေအထိ DVB သတင်းထောက် လုပ်ဖူးတဲ့သူမှန်သမျှ၊ ကိုဝင်းမော်ကို အထင်ကြီးချင်မှ ကြီးကြပါလိမ့်မယ်။ သူ့ရဲ့Clip တွေကို ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။ ဒါပေမယ့် ကိုဝင်းမော်ကို မလေးစားပါဘူးဆိုတဲ့သူ၊ မခင်မင်ပါဘူးလို့ ဆိုတဲ့သူတော့ မရှိလောက်ဘူးလို့ ထင်ပါတယ်။ 

၂၀၀၇ ခုနှစ်၊ သြဂုတ်လ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ကျနော်အဖမ်းခံရတဲ့အခါမှာ ကျနော် အဓိက ကာကွယ်ဖုံးဖိခဲ့ရသူဟာ ကိုဝင်းမော်ပါ။ သူ့ရဲ့လျှို့ဝှက်နာမည်က "ကိုဂျပန်"။ ကျနော့်ကွန်ပျူတာထဲကနေ ဒေတာတွေ ပေါက်သွားတော့ ကိုဂျပန်ဆိုတဲ့နာမည်က သူတို့အတွက် အလွန်စိတ်ဝင်စားစရာဖြစ်လာတယ်။ ကိုဝင်းမော်ကို အဖမ်းမခံနိုင်ပါဘူး။ သူသာ အဖမ်းခံရရင် ကျနော်တို့ နိုင်ငံရေးအင်အားစုတွေအားလုံးအတွက် မျက်စေ့ကွယ်သလို ဖြစ်သွားရမှာပါ။ ဒါ့ကြောင့် ကျနော်အတတ်နိုင်ဆုံး သူ့အတွက် ကာကွယ်ဖုံးဖိခဲ့ရပါတယ်။ 

ကျနော်တို့အဖမ်းခံရပြီးနောက်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး အတော်များများလည်း အဖမ်းဆီးခံခဲ့ကြရပါတယ်။ အန္တရာယ်တွေ များများလာတဲ့ကြားထဲကပဲ ကိုဝင်းမော်လည်း အလုပ်တွေမပြတ်လုပ်နေကြောင်း၊ အတတ်နိုင်ဆုံးတော့ သိုသိုသိပ်သိပ် နေနေရကြောင်း၊ တစ်ယောက်တည်းလွတ်ပြီးကျန်နေရစ်သေးတဲ့ မစုစုနွေးနဲ့ အလုပ်တွေတွဲလုပ်နေကြောင်း စတာတွေလည်း ကြားသိနေရပါတယ်။ 

ဖမ်းဆီးတာကလည်း ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုသလို နိုင်ငံရေးနဲ့ အနည်းငယ်မျှပတ်သက်တဲ့သူတွေပါ အဖမ်းခံနေရတာပါ။ ကျနော်တို့ ၈၈ တွေနဲ့ပတ်သက်မိရင်တော့ ပိုဆိုးပါတယ်။ နေ့စဉ်နဲ့အမျှ တစ်ယောက်ပြီးတစ်ယောက်၊ တစ်သုတ်ပြီးတစ်သုတ် ထောင်ထဲဝင်လာကြတဲ့သူတွေကိုကြည့်ပြီး အပြင်မှာ ကျန်နေရစ်တဲ့သူတွေအတွက် ကျနော်တို့မှာ စိတ်ပူနေကြရပါတယ်။ 

"ဘယ်သူတွေတော့ ပါလာကြပြန်ပြီဟေ့။ ဘယ်သူတွေတော့ ရှောင်နေကြပြီတဲ့။ ဒါဆိုရင် ဘယ်သူတွေတော့ လွတ်နေတုန်းပဲပေါ့။ ဘယ်သူတွေတော့ လွတ်ပါ့မလား …" 

၂ဝဝ၇ ခုနှစ်၊ ဒီဇင်ဘာလဆန်း၊ တစ်ညနေ အင်းစိန်သီးသန့်ထောင် တိုင်ခန်းတွေရှေ့။ ကျနော်ရယ်၊ ကိုကိုကြီးရယ် အပြင်ထွက်ရတဲ့အလှည့်မှာ စကားတပြောပြောနဲ့ လမ်းလျှောက်နေကြတုန်း ဗူးဝဘက်ကိုလှည့်ကြည့်မိတဲ့ ကိုကိုကြီးက "ဟာ ဟေ့ ဟိုဟာဘယ်သူတွေလဲဟ၊ ကြည့်စမ်းပါဦး"။ ကြည့်လိုက်တော့ အရပ်တွေ ဂလံဂလား မားမားမားမားနဲ့နှစ်ယောက်က ကိုဝင်းမော်နဲ့ကိုမြတ်စံ။ ပုပုသေးသေးနှစ်ယောက်က ကိုအောင်ကြီး(အီးကြောင်)နဲ့ကိုတင့်ဆန်း။ 

"သွားပါပြီဗျာ၊ အပြင်မှာတော့ လူကုန်ပြီထင်တယ်"။ အရှေ့မထွက်ဘဲ နောက်ကွယ်ကလှုပ်ရှားနေတဲ့ ကိုဝင်းမော်တောင် အဖမ်းခံရပြီဆိုတော့ ကျနော်တို့အတော်ပဲ စိတ်ပျက်မိကြပါတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ထဲကတချို့ အင်းစိန်ထောင်မကြီးဘက်ပြောင်းရ။ ကျနော်က ပြဿနာတစ်ခုနဲ့ စစ်ခွေးတိုက်ထဲရောက်ပြီး တစ်လအပိတ်ခံရ။ ကျနော် စစ်ခွေးတိုက်ပြစ်ဒဏ်ကလွတ်တဲ့နေ့မှာပဲ ကိုဝင်းမော်လည်း ထောင်မကြီးထဲရောက်နေကြောင်း ကြားသိရတယ်။ 

ကျနော် တိုက်ဝင်းထဲဝင်လာတော့ ကိုဝင်းမော် ထောင်ဝင်စာထွက်တာနဲ့ ဆုံတယ်။ ကျနော်တို့တတွေ အသီးသီး တရားရုံးထွက်ရတော့ ကိုဝင်းမော်လည်း ကိုမြတ်စံတို့နဲ့အတူ ရုံးထွက်ရတယ်။ နောက်တော့ အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ်စီကျသွားကြောင်းကြား သိရတယ်။ ထောင်တွေပြောင်းရွှေ့ရတဲ့အခါကျတော့ ထူးထူးခြားခြားပဲ၊ သူအရင်နေခဲ့ရတဲ့ တောင်ငူထောင်ကိုပဲ အပြောင်းရွှေ့ခံခဲ့ရတယ်။ 

သူ ထောင်ကျနေစဉ်အတွင်းမှာပဲ တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းတက္ကသိုလ်ကပေးအပ်တဲ့ ဆုတစ်ဆုသူရရှိကြောင်း ကြားသိရပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေကြားထဲ နိုင်ငံရေးကို သူတကာတွေ ရှောင်ဖယ်နေကြချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အများအတွက်ရပ်တည်နိုင်ခဲ့တဲ့ ကိုဝင်းမော်အတွက် ကျနော်တို့တတွေ ဂုဏ်ယူခဲ့ရပါတယ်။ 

၂ဝ၁၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာတဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသားအတော်များများနဲ့အတူ ကိုဝင်းမော်လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ချစ်ဦးသူဖြစ်တဲ့ ဂီတအနုပညာနဲ့ပဲ သူယုံကြည်တဲ့နိုင်ငံရေးကို ဆက်လက်ပုံဖော်ထုဆစ်နေပါတယ်။       ။ 

ကိုမာကီ (၈၈ မျိုးဆက်)

(၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်” မှ)


  

No comments: