Tuesday, September 24, 2013

ကျွန်တော်နှင့် ကိုမျိုးခင် - ကိုမာကီ (၈၈ မျိုးဆက်)

သူ့အရပ်က ငါးပေကျော်ရုံလေး။ အသားလတ်လတ်၊ မျက်နှာဝိုင်းဝိုင်း။ ခန္တာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးဆိုတော့ သူ့ပုံစံက ပုလုံးလုံးလေးပဲ ဆိုပါတော့။ သူက ဗီဒီယိုဇာတ်ကားတစ်ချို့မှာလည်း ‘မုန်းခက်’ ဆိုတဲ့အမည်နဲ့ ဇာတ်ရံလုပ်ဖူးသတဲ့။ သူဟာ သရုပ်ဆောင် မုန်းခက်ဆိုတာကို သိတဲ့သူတွေကသိကြပေမယ့် ကျွန်တော်သိတာကတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ မင်းသားတစ်လက်ပါပဲ။ 

‘သဘောကောင်းတဲ့သူ’ ဆိုတဲ့ဝေါဟာရကို စိတ်ထဲမှာရေရွတ်ကြည့်မိရုံနဲ့တင်၊ ကျွန်တော်အာရုံမှာ ပထမဆုံးပေါ်လာမယ့်သူက ကိုမျိုးခင်ပါ။ ကျွန်တော်နဲ့က ငယ်ပေါင်းကြီးဖော်တွေတော့ မဟုတ်ပါဘူး။ ကျွန်တော့်ထက်လည်း အသက် ငါးနှစ်ကျော်လောက် ကြီးပါတယ်။ ၂၀၀၅ ခုနှစ်၊ ကျွန်တော် မြစ်ကြီးနားထောင်ကနေပြန်လွတ်လာပြီး ၈၈ မျိုးဆက် ကျောင်းသားတစ်ယောက်အနေနဲ့ ရပ်တည်လှုပ်ရှားခဲ့တဲ့ကာလမှာမှ သူနဲ့ စတင်သိကျွမ်းရတာပါ။ သူက NLD ရဲ့ ဝါရင့်ပါတီဝင်။ ဝါရင့်ပါတီဝင်လို့ပြောရတာက ပါတီကို ကြားမှတ်တိုင်ကနေ ဖြတ်တက်လာတဲ့သူ မဟုတ်ဘူး။ တက်လိုက် ဆင်းလိုက်လုပ်ခဲ့သူလည်း မဟုတ်ဘူး။ NLD ပါတီမှာ ဟိုးကနဦး အစကတည်းက ကောင်းတူဆိုးဖက် ရှိနေခဲ့သူ။ နိုင်ငံရေးတိုက်ပွဲတိုင်းမှာ မရွံ့မဆုတ်ရဲဝံ့ခဲ့သူ။ 


ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အကြိမ်ကြိမ် အဖမ်းခံရပြီး ထောင် အကြိမ်ကြိမ်ကျခဲ့ဖူးသူ။ ၂၀၀၅-၂၀၀၇ ခုနှစ်အတွင်းက နိုင်ငံရေးအခမ်းအနားတွေ၊ လူမှုရေးပွဲတွေမှာ ကြုံကြဆုံကြရင်း၊ မျက်မှန်းတန်းမိ နှုတ်ဆက်ကြရင်း ကိုမျိုးခင်နဲ့ ကျွန်တော်တို့ တဖြည်းဖြည်း ရင်းနှီးခင်မင်လာခဲ့ကြတာပါ။ အစပိုင်းကဆို သူ့ရဲ့ ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွေပွင့်လင်း၊ ရင်းနှီးလွယ်တဲ့ဟန်ပန်က ကျွန်တော်ကို အဟန့်အတားဖြစ်စေပါသေးတယ်။ “ဒီလူ ရောလှချည်လား” ပေါ့။ ‘ဘာလဲ’ပေါ့။ 

မဟုတ်ဘူး။ ကျွန်တော် မှားပါတယ်။ ဒါဟာ ကိုမျိုးခင်ရဲ့သဘာဝပါ။ ဘယ်သူ့ကိုမဆို အတွင်းစိတ်မှာ အကျိတ်အခဲ အခုအခံမထားဘဲ ဆက်ဆံတတ်တယ်။ သူ့နှုတ်ဖျားမှာ လူကြားကောင်းအောင်ပြောရမယ့် နိုင်ငံရေးဝေါဟာရတွေ မရှိဘူး။ လူအထင်ကြီးလေးစားအောင် သရုပ်ဆောင်တင်ဆက်ရမယ့် ဟန်ပန်တွေ မရှိဘူး။ လူတိုင်းကို ကလေးဆန်တဲ့မျက်နှာကြီးနဲ့ ကြည့်ပြီး၊ ကလေးဆန်ဆန် အားရပါးရ ရယ်ရယ်မောမော စကားပြောတတ်တယ်။ ဟောဟောဒိုင်းဒိုင်း ရှပ်တီးရှပ်ပြာ လုပ်ကိုင်မယ်။ 

ဒါတွေကြောင့်ပဲထင်ပါရဲ့ ကိုမျိုးခင်ဟာ လူချစ်လူခင် အတော်များပါတယ်။ ၂၀၀၅-၂၀၀၇ နိုင်ငံရေးလှုပ်ရှားမှုကာလ။ နိုင်ငံရေးဆိုတာကို ပြည်သူလူထုနဲ့ တရားမဝင် ကွာရှင်းပြတ်စဲခံထားရချိန်၊ နိုင်ငံရေးသမား အတော်များများကိုယ်တိုင်တောင် နိုင်ငံရေးဆိုတာကို ရှောင်ဖယ်စွန့်ခွာနေကြချိန်။ ဒီလိုအခြေအနေမှာ ကိုမျိုးခင်က NLD ပါတီမှာ အတက်ကြွဆုံးနဲ့ သစ္စာရှိရှိ ရပ်တည်နိုင်ခဲ့သူ။ လူကြီးတွေရဲ့ချစ်ခင်မှုကိုရရှိထားလို့သာ ပါတီက အထုတ်ပယ်မခံရသူ။ (မှတ်ချက်-ကျွန်တော့်အမြင်သက်သက်ပါ ) 

ဘာကြောင့်လဲဆိုတော့ သူနဲ့အတူ ဒိုးတူဘောင်ဖက် တစ်လမ်းတည်းလျှောက်ခဲ့ကြသူတစ်ချို့ ပါတီကနေ တဖြုတ်ဖြုတ်နဲ့ အထုတ်ခံခဲ့ရလို့ပါ။ ကိုမျိုးခင်ကတော့ အထုတ်မခံရတဲ့အပြင် သူ့လမ်းသူ ဆက်လျှောက်နေဆဲ။ သူသူကိုယ်ကိုယ် ထိုင်ကောင်းကောင်းနဲ့ထိုင်နေကြချိန်မှာ သူက အားရပါးရ ဆက်ကနေသူ။ နိုင်ငံရေးကို နေရာမမက်၊ အလုပ်မရွေးဘဲ ကျရာအခန်းကဏ္ဍကနေ ကပြအသုံးတော်ခံဝံ့သူ။

၂၀၀၆ ခုနှစ်နောက်ပိုင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၅ ယောက်အဖမ်းခံနေရချိန်၊ ကျွန်တော်တို့တတွေ နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးနဲ့ တိုက်ပွဲဆင်တဲ့အခါ ကျွန်တော်တို့နဲ့ တစ်သားတည်းရပ်တည်ခဲ့သူက ကိုမျိုးခင်ပါ။ “ညီလေးမာကီ အစ်ကိုဘာလုပ်ပေးရမလဲပြော၊ ခိုင်းစရာရှိခိုင်းသာခိုင်း၊ အားမနာနဲ့ညီလေး” ဆိုပြီး ကြုံရာကျရာအလုပ်ကို တက်တက်ကြွကြွ လုပ်ပေးခဲ့သူ။ သူလိုကိုယ်လို နိုင်ငံရေးသမားအချင်းချင်းတွေကြားထဲ တံမြက်စည်းထလှဲရမှာ မရွံ့တဲ့သူ။ အားလုံးစားပြီးသား ပန်းကန်တွေ ထဆေးပေးရမှာ ဝန်မလေးတဲ့သူ။ 

“ညီလေးမာကီ အစ်ကို့ကို မုန့်ဖိုးပေးဦး၊ အစ်ကို့မှာ လမ်းစရိတ်တောင် မရှိတော့ဘူး” ဆိုတဲ့စကားကို လူကြားထဲမှာ ပြောထွက်ဝံ့လောက်အောင် ပွင့်လင်းရိုးသားတဲ့သူ။ လုပ်ချင်ကိုင်ချင်ဇော အားကြီးတာကြောင့် ပျာရိပျာယာနဲ့ အမှားမှားအယွင်းယွင်းဖြစ်တဲ့အခါ၊ ဘယ်လိုပဲအပြစ်ပြောပြော ကလေးလေးတစ်ယောက်လို ရယ်ရယ်မောမောနဲ့ အပြုံးမပျက် တောင်းပန်တတ်သူ။ ကျွန်တော် သိကျွမ်းရင်းနှီး၊ ဆက်ဆံဖူးသမျှသူတွေထဲမှာ တစ်ကြိမ်တစ်ခါမျှ စိတ်ဆိုးဒေါသထွက်မှု မတွေ့ခဲ့ရဖူးတဲ့သူ။ 

ကိုမျိုးခင်ရဲ့အိမ်နဲ့ ကျွန်တော့်အိမ်က အနီးကလေးမဟုတ်လှပေမယ့် သိပ်တော့လည်း အလှမ်းမဝေးလှတာကြောင့် မိသားစုတွေချင်းပါ ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ သူ့တစ်မိသားစုလုံးကလည်း နိုင်ငံရေးကို စိတ်အားထက်သန်ကြပါတယ်။ သူ့အမျိုးသမီးကလည်း NLD ပါတီဝင်ပါပဲ။ ကိုယ်တိုင်နိုင်ငံရေးလုပ်ရုံသာမက ပါရမီဖြည့်ဖက်အဖြစ်နဲ့ပါ ကိုမျိုးခင်ကို အဓိက ကူညီ ပံ့ပိုးပေးခဲ့သူ။ 

ကျွန်တော်မှတ်မိသလောက်ဆိုရင် ကိုမျိုးခင် အကြိမ်ကြိမ် အဖမ်းခံရဖူးပါတယ်။ ပြစ်ဒဏ်အပေးခံရတာတင် သုံးကြိမ်လောက်ရှိပါမယ်။ နောက်ဆုံးအကြိမ်၂၀၀၇ ခုနှစ်၊ ကျွန်တော်တို့တတွေ ထောင်ကျတော့လည်း ကိုမျိုးခင် မကျန်ရစ်ခဲ့ပါဘူး။ အချုပ်ဘဝက အင်းစိန်သီးသန့်ထောင်မှာ ကျွန်တော်တို့နဲ့အတူဆုံခဲ့ပါသေးတယ်။ အဲဒီ့ကနေ အင်းစိန်ထောင်မကြီးဆီကို ညကြီးမိုးချုပ် ရုတ်တရက် ပြောင်းရွှေ့ရတော့လည်း အတူပါလာတာပါပဲ။ ကျွန်တော်နဲ့အတူ ၂ တိုက်ထဲမှာပဲ တစ်ခန်းဆီ နေရတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျွန်တော်တို့နဲ့အတူ ပြောင်းရွှေ့ခံရတာကိုပဲ သူက ဂုဏ်ယူလို့မဆုံးပါဘူး။ 

“အစ်ကိုညီလေးတို့နဲ့အတူ အပြောင်းအရွှေ့ခံရတာကို တစ်ကယ်ဂုဏ်ယူတယ်ကွ၊ သိလား၊ အစ်ကို တစ်ကယ်ပြောတာ။ အခုပြောင်းလာကြတာ အစ်ကိုကလွဲရင် ဆရာကြီးတွေချည်းပဲလေကွာ။ အစ်ကို တကယ်ဂုဏ်ယူတယ် ညီလေး”။ တိုက်ခန်းထဲကနေ တစ်ယောက်တစ်လှည့် ၄၅ မိနစ်စီ အပြင်ထွက် လမ်းလျှောက်ခွင့်ရတာကိုလည်း သူ့အချိန်အများစုကို သူ့တစ်ကိုယ်ရေအတွက် သိပ်မသုံးဘဲ ကျွန်တော်တို့အခန်းတွေရှိရာလာပြီး ကူညီလုပ်ကိုင်ပေးရင်း ကုန်လွန်စေသူ။ 

ကိုမျိုးခင်နဲ့ ကျွန်တော်နဲ့ကလည်း အတော်ကလေးကို ရေစက်ပါပုံရပါတယ်။ နောက်တစ်ခေါက် ၂ တိုက်ကနေ ၁ တိုက်ကိုပြောင်းရတော့လည်း သူနဲ့အတူပဲ။ ဘယ်လောက်အထိလဲဆိုတော့ ကျွန်တော် အပြင်ဆေးရုံတက်ရတာတောင် နောက်နှစ်ရက်လောက်နေတော့ သူပါရောက်လာတယ်။ ကိုမျိုးခင်မှာ ပြင်းထန်တဲ့သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ရှိပါတယ်။ သူ့ရောဂါသူလည်း သိပ်ဂရုမစိုက်လှပါဘူး။ ထောင်ထဲမှာလည်း မကြာခဏ မူးလဲလေ့ရှိတယ်။ တစ်ယောက်တစ်ခန်းနေကြရတာမို့ သူ့အတွက်ကို ကျွန်တော်တို့တတွေ အလွန်စိတ်ပူခဲ့ရပါတယ်။ 

ဒါပေမယ့် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်း၊ ကျွန်တော်တို့တတွေကို မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေဆီ အသီးသီးခွဲဖြန့်ပို့လိုက်တဲ့အခါမှာတော့ ကိုမျိုးခင်နဲ့ ကျွန်တော်တို့ အတူမဆုံရတော့ပါဘူး။ ကျွန်တော်က မြန်မာပြည်တောင်ဘက်ပိုင်းက မြိတ်ထောင်၊ ကိုမျိုးခင်က မြန်မာပြည် မြောက်ဖျားပိုင်း မြစ်ကြီးနားထောင်။ ၂၀၁၁ ခုနှစ်ထဲမှာတော့ ကိုမျိုးခင်တစ်ယောက် ပြန်လွတ်ကြောင်း ကြားသိခဲ့ရပါတယ်။ ပြီးတော့ ထုံးစံအတိုင်းပဲ သူနိုင်ငံရေး ဆက်လုပ်နေတယ်ဆိုတာကိုပါ ကြားသိနေရပါတယ်။ 

၂၀၁၂ ခုနှစ် ကျွန်တော်တို့တတွေ ပြန်လွတ်လာတော့လည်း ကျွန်တော့်အိမ်ကို တကူးတကလာပြီး ဝမ်းသာအားရ နှုတ်ဆက်ပါတယ်။ ပါတီတာဝန်တွေကို အရင်ထက်ပိုပြီး တက်တက်ကြွကြွ ထမ်းပိုးနေမယ်ဆိုတာလည်း ယုံမှားစရာမရှိပါဘူး။ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ကိုမျိုးခင်တစ်ယောက် မမောနိုင်မပမ်းနိုင်နဲ့ NLD ပါတီ အောင်နိုင်ရေးအတွက် ကြိုးစားနေတာတွေ့ရပါတယ်။ သူ့ရဲ့ မူလဟန်ပန်အတိုင်း သုတ်သုတ်သုတ်သုတ်၊ ပျာပျာပျာပျာနဲ့ပါပဲ။ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာတော့ NLD ပါတီအောက်ခြေမှာ ပူညံပူညံအသံလေးတွေ စထွက်လာပါတယ်။

နိုင်ငံရေးဖြတ်သန်းမှုကာလတစ်လျှောက်လုံးမှာ ဘယ်တုန်းကမှ စွန့်လွှတ်အနစ်နာခံခြင်းမရှိတဲ့သူတချို့ နေရာဝင်ယူလာတာ၊ အမှန်တကယ် စွန့်လွှတ်အနစ်နာခံခဲ့ကြသူ အတော်များများ ဘေးထွက်ထိုင်နေကြတာ၊ ငွေဆိုငွေ ကားဆိုကား ဖြည့်ဆီးပေးနိုင်သူတွေက ရှေ့ရောက်လာကြတာ … စတဲ့အသံတွေ ကြားလာရတဲ့အခါ ရန်ကင်းမြို့နယ်က ကိုမျိုးခင်အတွက် စိုးရိမ်နေမိပါသေးတယ်။ ဒါပေမယ့် ကိုမျိုးခင်က သူဖြတ်သန်းလာခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သူ့ရဲ့ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်၊ လူချစ်လူခင်ပေါများတဲ့ သူ့ရဲ့စရိုက်သဘာဝကြောင့်ထင်ပါရဲ့၊ မြို့နယ်ပါတီခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည် နေနိုင်ခဲ့ပါတယ်။ မြို့နယ်ပါတီဥက္ကဋ္ဌကြီးအနေနဲ့ တခမ်းတနားရုံးထိုင်နေတဲ့ သူ့ဆီကိုလည်း ကျနော့်ကို မရမကဖိတ်ခေါ်ပြီး ဂုဏ်ယူပြပါသေးတယ်။ ကျွန်တော့်ကို ဝမ်းသာအားရ မုဒိတာပွားစေချင်လို့ဖြစ်မှာပါ။ 

ရန်ကင်းမြို့နယ် NLD ရုံးခန်းဟာ ရန်ကင်းမြို့နယ်၊ ကံဘဲ့ရပ်ကွက်ထိပ်က သစ္စာလမ်းမကြီးပေါ်မှာ ရှိပါတယ်။ အဝင်ဝမှာတော့ ပါတီအလံ၊ ရင်ထိုး၊ ပင်နီအင်္ကျီ၊ တီရှပ် စတာတွေကို ခင်းကျင်းရောင်းချပေးနေပါတယ်။ အလယ်ခန်းကတော့ ပါတီရုံးခန်းပေါ့။ အတွင်းဘက်ဆုံးမှာတော့ Air Con တပ်ဆင်ထားတဲ့ ဥက္ကဋ္ဌကြီးရဲ့မှန်လုံရုံးခန်းပါ။ 

ကျွန်တော် တစ်ရက် အလည်ရောက်တော့ ဥက္ကဋ္ဌထိုင်ခုံကြီးပေါ်မှာ ဟိုးအရင်လိုပဲ အားပါးတရ ရယ်ရယ်မောမော။ ဒါဟာ ကိုမျိုးခင်အတွက် လူမှန်နေရာမှန်ပေါ့။ ကိုမျိုးခင်လိုပုဂ္ဂိုလ်မျိုးကို လူမှန်နေရာမှန် ချထားပေးတဲ့ ရန်ကင်းမြို့ NLD ကို ကျွန်တော့်မှာ မကြာခဏ ချီးကျူးကိုးကားလို့မဆုံး။ ကျွန်တော်သိသလောက် ရန်ကုန်တိုင်းအတွင်းမှာဆို နောက်တစ်မြို့က ကွမ်းခြံကုန်း။ ဦးကျော်စိန်အောင်ပဲ ဥက္ကဋ္ဌပြန်ဖြစ်လို့လေ။ ဦးကျော်စိန်အောင်ကလည်း ကိုမျိုးခင်လိုပဲ တက်တက်ကြွကြွ၊ စိတ်သဘောကောင်းကောင်းနဲ့ စွန့်လွှတ်အနစ်နာခံဝံ့သူ။ 

ဒါပေမယ့် ကျွန်တော့်ရဲ့မုဒိတာပွား ချီးကျူးကိုးကားမှုလေးက ကိုမျိုးခင်အတွက်တော့ ကြာရှည်မခံခဲ့ပါဘူး။ ကျွန်တော်ကြားသိရသလောက်ကတော့၊ NLD အတွက်အတော်လေးကို အသံစုံထွက်ခဲ့တဲ့ ပါတီတွင်းရွေးကောက်ပွဲညီလာခံကို ကိုမျိုးခင်က သွားမတက်တော့တာတဲ့။ အဓိပ္ပာယ်ကတော့ ကိုမျိုးခင်က သူ့မြို့နယ်မှာသူ ဝင်အရွေးမခံတော့တာ။ ဝင်မလုပ်တော့တာပဲ။ ဒီလောက်တောင် ကိုယ့်ဘဝတစ်ခုလုံးမြှုပ်နှံ၊ အနစ်နာခံပြီး နိုင်ငံရေးလုပ်ခဲ့သူတစ်ယောက်အတွက် ဒီလိုနိုင်ငံရေးအခင်းအကျင်းကျခါမှ ပါဝင်လိုစိတ်မရှိတော့တာ ဘာကြောင့်ပါလဲ။ ကိုမျိုးခင်အတွက်လည်း ကျွန်တော် စိတ်မကောင်းပါဘူး။ အထူးသဖြင့်တော့ သူ့ရဲ့ပါတီကြီးနဲ့တကွ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကြီးအတွက်ပါ စိတ်မကောင်းစရာပါ။ 

ဒါပေမယ့် ကိုမျိုးခင်ကတော့ သူ့ရဲ့ဝသီအတိုင်း ဘယ်သူ့ကိုမှ အပြစ်ဖို့တာ၊ မကောင်းပြောတာတော့ မရှိပါဘူး။ “ညီလေးရာ၊ အစ်ကို ဆက်ပြီးပါနေမိရင်၊ ဆက်ပြီးစိတ်ရှုပ်စရာတွေ ကြုံနေရမှာစိုးလို့ပါ။ သာမန်ပါတီဝင်အဖြစ်ကနေလည်း နိုင်ငံရေးလုပ်လို့ ရတာပဲကွ၊ မဟုတ်ဘူးလား ညီလေးရာ။ ဟားဟားဟား” ဒါပေမယ့် ဒီတစ်ခါ ဟက်ဟက်ပက်ပက်ရယ်သံက ကိုမျိုးခင်ရဲ့မူပိုင် ကလေးငယ်တစ်ယောက်ရဲ့ အားရပါးရရယ်သံမျိုး မဟုတ်တော့၊ ခြောက်ကပ်ကွဲအက်လျက်...။ ။ 

ကိုမာကီ (၈၈ မျိုးဆက်) 

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်” မှ 


 

No comments: