ကိုဆန်နီရဲ့နာမည်အရင်းက ကိုခင်မောင်ဝင်းပါ။ ဟိုးအရင်ကတည်းက NLD ရဲ့ ကင်မရာသမားတစ်ယောက်။ ၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာတော့လည်း၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ နေ့စဉ်ရိုက်ကူးပေးခဲ့သူ။ အဲဒီ့ကာလတွေမှာ ကိုကြီးဆန်နီကို မြင်တွေ့ မျက်မှန်းတန်းမိနေပေမယ့် ခင်မင်ရင်းနှီးခွင့်တော့ မကြုံခဲ့ပါဘူး။
၁၉၉၆ ခုနှစ်မှာတော့ နဝတ စစ်အစိုးရရဲ့ အချစ်တော်စာရင်းဝင်ဖြစ်ပြီး အလုပ်နဲ့ထောင်ဒဏ် (၁၀)နှစ်ကျတယ်။ အမှုကတော့ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးဖြန့်ချိလို့ တဲ့။ ဗီဒီယိုအက်ဥပဒေနဲ့ အရေးယူခဲ့တာပါ။ သူ့အမှုတွဲက ကိုစိန်အုန်း။ ထောင်တွေ ပြောင်းရွှေ့ရတဲ့အခါ၊ ကိုစိန်အုန်းက မန္တလေး ထောင်ရောက်ပြီး၊ ကိုဆန်နီက ကလေးထောင်ရောက်တယ်။ အဲဒီ့မှာ အကျဉ်းသားအခွင့်အရေးတွေ၊ ဘာတွေ ဆန္ဒပြတောင်း ဆိုလို့ထင်ပါရဲ့ ထောင်တွင်းပြစ်မှုအရ၊ လူသူအရောက်အပေါက် ခက်ခဲလှတဲ့ ခန္တီးထောင်ကို ထပ်အပို့ခံခဲ့ရတယ်။
၂၀၀၅ ခုနှစ်မှာတော့ ပြည်ထဲရေးဝန်ကြီးရဲ့အမိန့် (လွတ်ငြိမ်းချမ်းသာခွင့်)နဲ့ ပြန်လွတ်တယ်။ ကိုကြီးဆန်နဲ့ ခင်မင်ရင်းနှီးခွင့်ကြုံရတာကတော့ ကျနော်တို့တတွေ Class mate အဖြစ်နဲ့ပါ။ ကိုကြီးဆန်က ကျနော့်ထက် အသက်(၁၀)နှစ်လောက်ကြီးမယ် ထင်ပါတယ်။ Class mate ဖြစ်ရတာကတော့ ကွန်ပျူတာအခြေခံသင်တန်းတစ်ခုကို ၂၀၀၅ ခုနှစ်မှာ အတူတူတက်ဖြစ်ခဲ့ကြလို့ပါပဲ။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရန်ကင်းဆယ့်နှစ်လုံးတန်းက ဆရာဦးမြင့်ဆွေနဲ့ အန်တီငယ် (ဆရာမဒေါ်ငယ်မမသန်း)တို့ရဲ့ Pearl Computer Centre က(အဲဒီ့ကာလ၊ အလွန်ကျပ်တည်း နေစဉ်ကတည်းက)အခမဲ့သင်တန်းတွေပေးနေတာပါ။
ကျနော်တို့တက်ဖြစ်တဲ့အတန်းမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေပဲ များပါတယ်။ ဦးခင်မောင်ကြည်(မွန်)၊ ကိုကြီးဆန်နီ၊ ပဏ္ဍိတ်ထွန်း၊ ကြည်သာငြိမ်း၊ အောင်လတ် စသူတို့ ပါပါတယ်။ ဆရာနဲ့ဆရာမတို့ရဲ့ကျေးဇူးကြောင့်ပဲ ကျနော်တို့တတွေ ကြီးကောင်ကြီးမားကျမှ ကွန်ပျူတာဆိုတာနဲ့ ထိတွေ့ယဉ်ပါးခွင့်ရခဲ့ကြတာပါ။ အရင်ကတော့ ကွန်ပျူတာဆိုတာ တီဗီနဲ့လက်နှိပ်စက်နဲ့ တွဲထားတယ်ဆိုတဲ့အသိလောက်ပဲ ရှိခဲ့ကြတာမဟုတ်လား။ ကျောင်းသင်ခန်းစာနဲ့ သင်ယူလေ့ကျင့်မှုနဲ့ နှစ်ပေါင်းများစွာဝေးကွာခဲ့ရတာမို့ ကျနော်တို့တတွေ အတော်ပဲ အားစိုက်ခဲ့ရပါတယ်။ ကျနော့်ထက်အသက်ကြီးတဲ့ ကိုကြီးဆန်ဆို အတော်လေးကို ဇွဲကောင်းပါတယ်။ ငါတို့ မဖြစ်မနေ တတ်မြောက်ရမယ်ဆိုတဲ့ တွန်းအားကလည်း ရှိနေကြတာမဟုတ်လား။
ကိုကြီးဆန်နီနဲ့ Class mate ဖြစ်ရတယ်ဆိုပေမယ့် သင်တန်းမစခင်နဲ့ သင်တန်းအပြီးမှာ အားလုံးစုပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောဖြစ်ကြတာလောက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးခင်မင်ကြဖို့ အကြောင်းဖန်လာတာကတော့ ဓာတ်ပုံတွေနဲ့ပဲပတ်သက်ပါတယ်။ နယ်မှာနေတဲ့ ကျနော့်ရဲ့တူမလေးတစ်ယောက်က ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လာယူတယ်။ 2mp ကင်မရာလေးနဲ့ ဟန်ရေးပြနေတဲ့ဦးလေးဖြစ်သူကို အကူညီတောင်းတယ်။ လက်စွမ်းပြချင်နေတဲ့ကျနော်ကလည်း ရဲရဲကြီး တာဝန်ယူပြီး ရိုက်ပေးခဲ့တယ်။ 2mp ဆိုပေမယ့် Out-door ဆိုရင်တော့ ပုံထွက်က အတော်လေးကောင်းပါတယ်။ ဖြစ်ချင်တော့ ကျနော်က အဲဒီ့ Digital ကင်မရာလေးကို ပထမဆုံး ကိုင်ဖူးတာ။ ကင်မရာရဲ့ မီနူးတွေ၊ ဆက်တင်တွေကိုလည်း ဘာမှမလုပ်တတ်သေးဘူး။ တူမလေးဘွဲ့ယူတဲ့နေ့က ကွန်ပျူတာသင်တန်းရက်မို့၊ မနက်ပိုင်းမှာ ဓာတ်ပုံသွားရိုက်ပေးပြီးတာနဲ့ သင်တန်းကို ဆက်သွားတယ်။
ရန်ကင်းဆယ့်နှစ်လုံးတန်းက ထိုင်နေကျ အိပ်မက်ချိုလက်ဖက်ရည်ဆိုင်မှာ ကိုကြီးဆန်နီတို့ ရောက်နေပြီမို့ သွားဝင်ထိုင်တယ်။ ကျနော်ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို ဝိုင်းကြည့်ကြတယ်။ ကိုကြီးဆန်နီက ကျနော့်ထက် သဘာရင့်သူမို့ ကင်မရာထဲက ဆက်တင်တွေကို ပြင်ပေးတယ်။ အဲဒီ့မှာ Delete နှိပ်မိပြီး ဓာတ်ပုံတွေအားလုံး ပျက်ကုန်ပါလေရော။ ကျနော်တို့လည်း နားမလည်၊ ပါးမလည်နဲ့ တောင်နှိပ်၊ မြောက်နှိပ် လုပ်ကြည့်ကြပါသေးတယ်။ (အဲဒါကြောင့် ပိုဆိုးသွားတယ်)။ ပုံတွေက လုံးဝကို ပြန်ပေါ်မလာတော့ပါဘူး။ ကိုကြီးဆန်လည်း မျက်စေ့မျက်နှာကို ပျက်လို့။ မရတဲ့အဆုံးမှာ ဆရာဦးမြင့်ဆွေဆီယူသွားတော့၊ ဆရာက Discovery software တွေဘာတွေနဲ့ ပြန်ဖော်ဖို့ ကြိုးစားပေးပါသေးတယ်။ ဒါပေမယ့် မရတော့ပါဘူး။
အိမ်ရောက်တော့အကြောင်းစုံပြောပြတဲ့အခါ တူမလေးခမျာလည်း ကျူကျူပါအောင် ငိုရှာပါတယ်။ သူ့အတွက်ကလည်း တစ်သက်မှတစ်ခါ အမှတ်တရမို့လား။ ကိုကြီးဆန်ကတော့ သူ့ကြောင့်ဖြစ်ရပါတယ်ဆိုပြီး ကျနော့်ကို အားနာလို့မဆုံးတော့ပါဘူး။ မတော်တဆဖြစ်ရတာဆိုတော့ ကျနော့်မှာလည်း “စိတ်မကောင်းမဖြစ်ပါနဲ့ ကိုကြီးဆန်ရာ” လို့ ဖြေသာအောင်ပြောရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အဲဒီ့အဖြစ်အပျက်လေးဟာ ကျနော်နဲ့ ကိုကြီးဆန်နီတို့ရဲ့ခင်မင်မှုကို မထင်မှတ်ဘဲ ခိုင်မာaအာင် ချည်နှောင်လိုက်သလိုပါပဲ။
၂၀၀၅-၂၀၀၇ ခုနှစ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကျနော်က ပြန်ကြားရေးအနေနဲ့ သတင်းမှတ်တမ်းတွေ တာဝန်ယူရပါတယ်။ ပြည်ပသတင်းဌာနတွေဆီလည်း တရားမဝင်(လျှို့ဝှက်) ပို့ပေးခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာတဲ့အခါမှာတော့ ကျနော်တစ်ယောက်တည်း ဘယ်လိုမှ မနိုင်တော့ပါဘူး။ အဲဒီ့အခါ ကိုကြီးဆန်နီကို အကူညီတောင်းရပါတယ်။ အကူညီတောင်းတဲ့အခါတိုင်းလည်း တစ်ခါမှမငြင်းခဲ့ဖူးပါဘူး။ နောင်တော့လည်း ကျနော်ရယ်၊ ကိုကြီးဆန်ရယ်၊ အောင်လတ်ရယ်က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပင်တိုင်ကင်မရာသမားတွေလို ဖြစ်လာပါတယ်။
အဲဒီ့ကာလဟာ ကင်မရာကိုင်ရတာတောင် အန္တရာယ်ရှိတဲ့အခြေအနေပါ။ နိုင်ငံရေး၊ လူမှုရေး အခမ်းအနားတစ်ခုခုမှာ ကင်မရာကိုင်တဲ့သူတွေကလည်း များများစားစား မရှိသေးပါဘူး။ ဒီတော့ ကင်မရာကိုင်တဲ့သူက လူအများရဲ့အလည်မှာ ထင်းထင်းကြီးပါ။ အရဲစွန့်ပြီး ကင်မရာကိုင်ခဲ့ကြရတာပါ။ တစ်ခါတလေမှာလည်း နယ်ခရီးတွေကို ကျနော် မလိုက်ပါနိုင်လို့ ကျနော့် အစားလိုက်ပေးဖို့ အကူညီတောင်းတဲ့အခါတွေမှာလည်း မညည်းမညူ လိုက်သွားပေးပါတယ်။ လူချစ်လူခင်များတဲ့သူမို့ ကိုကြီးဆန်ကို ကျနော်တို့တစ်ဖွဲ့လုံးကလည်း ခင်မင်ကြပါတယ်။ တစ်ခါတော့ ကျနော် ကိုကြီးဆန်ဆီကို ဖုန်းဆက်ပါတယ်။ “ကိုကြီးဆန် အားလား” “အေး၊ အားပါတယ်” “အဲဒါဆို၊ ခရီးထွက်ရအောင်ဗျာ” “အေး လိုက်မယ်လေ၊ ဘယ်ကိုလဲ၊ ဘယ်တော့လဲ” “မဲဆောက်ကို၊ အခုသွားမှာ” “ဟာကွာ၊ မင်းကလည်း ကြိုတော့မပြောဘူး” ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ရောက်အောင်လာပါတယ်။ ကိုကြီးဆန်ဆိုတာ အဲလိုလူမျိုးပါ။ အကူညီပေးဖို့ဆိုရင် ဝန်မလေးတတ်တဲ့သူ။ သူတစ်ပါးအကျိုးကို ဖြည့်ဆီးပေးဖို့ရာ အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်သူ။
တစ်ခါကတော့ ကိုကြီးဆန်နဲ့ကျနော်တို့ မန္တလေး၊ မုံရွာခရီးကို အသေချာစီစဉ်ပြီး လျှို့ဝှက်သွားခဲ့ကြပါတယ်။ မှတ်မှတ်ရရ၊ ၂၀၀၇ ခုနှစ်၊ မေလလယ်လောက်။ ဒီပဲရင်းအကြမ်းဖက်မှုအတွက် မှတ်တမ်းမှတ်ရာတွေ ရနိုင်သလောက် သွားယူကြတာပါ။ မန္တလေး NLD က ကိုမျိုးနိုင်၊ ဝဏ္ဏနဲ့ DVB က အောင်အောင်တို့က ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် ရောက်တဲ့နေ့၊ တည်းခိုခန်းမှာ စာရင်းသွင်းကတည်းက ထောက်လှမ်းရေးတွေက သိကုန်ကြပါတယ်။ ထောက်လှမ်းရေးတစ်ယောက်ဆိုရင် ကျနော်တို့ တည်းတဲ့အခန်းရဲ့မျက်စောင်းထိုးအခန်းမှာကို လာအိပ်ပြီးစောင့်ကြည့်ပါတယ်။ မနက်အစောကြီး လေးနာရီလောက်မှာနှိုးပါဆိုတော့လည်း တည်းခိုခန်းက ကျေးဇူးရှင်များက ထောက်လှမ်းရေးကိုပါ နှိုးပါတယ်။ ကျနော်နဲ့ကိုကြီးဆန်တို့ တည်းခိုခန်းကထွက်တော့လည်း အနောက်ကနေ ဆိုင်ကယ်နဲ့ပါလာပါတယ်။
ဒီတော့ ကျနော်နဲ့ကိုကြီးဆန် နှစ်ယောက်ပေါင်းပြီး လှည့်ကွက်ဖန်တီးရပါတယ်။ ရန်ကုန်ကို ပြန်ကြတော့မယ့်ပုံစံပေါ့။ ရန်ကုန်ကို ခြောက်နာရီထိုးထွက်မယ့် ရထားလက်မှတ်ပေါက်မှာ ကျနော်တို့နှစ်ယောက် သွားတန်းစီကြတယ်။ နှစ်ယောက်စလုံး တန်းစီလိုက်။ တစ်ယောက်တစ်လဲ တန်းစီလိုက်နဲ့၊ စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေးကို မျက်စေ့ရှုပ်အောင်လုပ်တယ်။ အောင်အောင်တို့ဆီကိုဖုန်းဆက်ပြီး အချိန်အတိအကျ လှမ်းချိန်းတယ်။ လက်မှတ်စရောင်းပြီ။ ကျနော်တို့လူတန်းကြီး စရွေ့ပြီဆိုတော့၊ ထောက်လှမ်းရေးက ကျနော်တို့ပြန်မှာသေချာပြီလို့ တွက်ဆလိုက်ပုံရပါတယ်။ ခပ်လှမ်းလှမ်းမှာ ဖုန်းသွားဆက်ပြီး သတင်းပို့နေတယ်။ အဲဒီ့အချိန်မှာ ကျနော်နဲ့ကိုကြီးဆန်တို့ မန္တလေးဘူတာကြီး အပေါ်ထပ်ကို ပြေးတက်ပြီး စားသောက်ဆိုင်ထဲ ဝင်နေလိုက်ကြတယ်။ ချိန်းထားတဲ့ကားအလာမှာ အပေါ်ထပ်ကနေ ခပ်သုတ်သုတ်ပြေးဆင်းပြီး၊ Light Truck ကားနောက်ခန်းက ကြမ်းပြင်ပေါ်မှာ ဝပ်နေလိုက်ကြတယ်။ စိတ်ချရမယ့်နေရာရောက်တော့ ကားခေါင်းခန်းမှာစီးလာတဲ့ အောင်အောင်က ပြန်ပြောပြတယ်။ “လက်မှတ်ရောင်းတဲ့နေရာမှာ ထောက်လှမ်းရေးတစ်ယောက်တော့ ပျာယာခတ်နေတာပဲ” တဲ့။ မှတ်ကရောဟဲ့ ….။
ကျီရွာကိုရောက်တော့ အခြေအနေက မကောင်း။ ဒီပဲယင်းလုပ်ကြံမှုဖြစ်တာ ၄ နှစ်လောက်ရှိခဲ့ပေမယ့် မုံရွာ-ရေဦး ကားလမ်းပေါ်မှာ ခြောက်ကပ်နေဆဲ။ ကျီရွာပတ်ဝန်းကျင်မှာ ရွာသူရွာသားတွေက အထိတ်တလန့်ဖြစ်နေကြဆဲ။ ဘယ်ကား၊ ဘယ်ယာဉ်မှ အသွားအလာသိပ်မရှိတော့၊ ကျနော်တို့ကားကိုပဲ အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြဆဲ။ မှတ်တမ်းယူမယ့် ကျနော်တို့အတွက် ပိုပြီးအခက်အခဲဖြစ်စေတာကတော့ မုံရွာမြို့ကနေစပြီး အခင်းဖြစ်ခဲ့တဲ့ ကျီရွာအထိ မထင်မှတ်ဘဲ ရေကြီးနေတာပါပဲ။ ဒီပဲယင်းအကြမ်းဖက်မှုမှာ အထင်ကရဖြစ်ခဲ့တဲ့ ကျီရွာအလွန်ချောင်းဘေးနားက ဆည်မြောင်းဝင်းဆိုတာကလည်း ရဲစခန်းဖြစ်နေပြီ။ ကျနော်တို့ကား ရပ်လိုက်တော့ ရဲတွေရော၊ ရွာသားအချို့ရော ခပ်လှမ်းလှမ်းကနေ ဝိုင်းကြည့်နေကြတယ်။ ကျနော်တို့က ကားပျက်သလိုလိုနဲ့ ကားကို ဟိုနှိုက်၊ ဒီနှိုက်လုပ်တုန်းမှာ ကိုကြီးဆန်က ကားနဲ့ကွယ်ပြီး ရနိုင်သလောက် Video မှတ်တမ်းတွေ ရိုက်တယ်။
အပြန်မှာတော့ မုံရွာ-ရေဦး ခရီးသည်ကားတစ်စီး တွေ့တယ်။ လမ်းတလျှောက်လုံး အဲဒီ့တစ်စီးနဲ့ပဲ ဆုံခဲ့ရတယ်။ အမရပူရကို ညနေစောင်းမှာ ပြန်ရောက်။ ဒီပဲယင်းအကြမ်းဖက်မှုမှာ လူရော၊ ကားရော အထိနာခဲ့တဲ့ အမရပူရ NLD ဦးလှမြင့်တို့သားအဖတွေနဲ့တွေ့။ အချက်အလက်အထောက်အထားတွေယူ။ အဲဒီ့ည မန္တလေးမှာ တည်းခိုခန်းအသစ် ပြောင်းပြီးတည်း။ နောက်တစ်နေ့မနက်ကျတော့ ဒေါ်ဝင်းမြမြရဲ့အိမ်မှာ တွေ့ဆုံမေးမြန်းခန်းတွေလုပ်။ အဲဒီ့ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့ကားကိုမောင်းတဲ့ ကိုကျော်စိုးလင်းနဲ့ သူ့ရဲ့ညီမလေးကတော့ ရန်ကုန်မှာရောက်နေကြလို့၊ ကျနော်တို့ ရန်ကုန်ပြန်ရောက်မှပဲ ဆုံကြရတယ်။ အဲဒီ့မှတ်တမ်းတစ်ခုလုံးကို ကိုကြီးဆန်ပဲ အစအဆုံး ရိုက်ပေးခဲ့တာပါ။
၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ။ ကျနော်တို့ အဖမ်းခံရတဲ့အခါမှာ၊ ကိုကြီးဆန်လည်း ခဏလောက်တော့ ရှောင်တိမ်းနေရပါသေးတယ်။ ကျနော် အဖမ်းခံရရင် ကိုကြီးဆန်၊ ကိုသိန်းလွင်နဲ့ အောင်လတ်တို့က ရှောင်ရမယ်ဆိုတာ နားလည်ထားကြပြီးသားလေ။ တချို့သောမေးခွန်းတွေအတွက် မဖြစ်မနေ ဖြေဖို့လိုအပ်လာရင်၊ တစ်ယောက်ယောက်ကို ဖော်နိုင်အောင်လို့ပါ။ ဖော်လည်း ဖော်ခဲ့ရပါတယ်။ “ကိုဂျပန်” ဆိုတာ ကိုဝင်းမော်(ရွှေသံစဉ်)ပါလို့ ဖြေလို့မဖြစ်တော့ ကိုသိန်းလွင်ပါဆိုပြီး ဖြေပေးခဲ့ရတာပေါ့။ ဒါပေမယ့် စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ကိုကြီးဆန်လည်း ကြာရှည်ပုန်းအောင်းပြီး မနေနိုင်တော့ဘူးနဲ့ တူပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရဟန်းသံဃာတော်တွေနဲ့ လူထုကြီးရှေ့မှာ ကင်မရာတစ်လုံးနဲ့ ပြန်ပေါ်လာတယ်။ ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာကျော်အောင်စွမ်းဆောင်နိုင်ခဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။
အဲဒီ့လို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ကိုကြီးဆန်လည်း အဖမ်းခံခဲ့ရပါသေးတယ်။ ပြေးကြလွှားကြတဲ့ လူအုပ်ကြီးထဲမှာ အလဲလဲအပြိုပြိုဖြစ်ခဲ့တဲ့ ကိုကြီးဆန်ကို လူပေါင်းများစွာက တက်နင်းသွားလိုက်ကြတာ၊ သတိတောင်မေ့သွားတယ်လို့ သိရတယ်။ ဖျပ်ခနဲ သတိပြန်ရတော့ ကိုကြီးဆန်ကို လုံခြုံရေးနှစ်ယောက်က လက်မောင်းကနေ ဆွဲထူမရင်း ဖမ်းသွားကြပါပြီ။ ကံဆိုးတဲ့အထဲမှာ ကံကောင်းတာကတော့၊ အဲဒီ့လိုအဖမ်းခံလိုက်ရတဲ့အချိန်မှာ ကိုကြီးဆန်ရဲ့လက်ထဲ ကင်မရာတစ်လုံးမှ ရှိမနေတော့တာပါပဲ။ ပြီးတော့ ဖမ်းဆီးစစ်ဆေးတဲ့အဖွဲ့တွေက ကိုကြီးဆန်ကို လုံးဝ သိမထားကြတာပါပဲ။ ဒီတော့ ရက်အနည်းငယ်သာ အထိမ်းသိမ်းခံခဲ့ရပြီး ကိုကြီးဆန် ပြန်လည်လွတ်မြောက်သွားပါတယ်။
၂ဝ၁ဝ ခုနှစ်နှောင်းပိုင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေတွေကြားထဲမှာ ကိုကြီးဆန်ကို လူမှန်နေရာမှန် ပြန်လည်တွေ့မြင်လိုက်ရပါတယ်။ ထောင်ထဲမှာ ဂျာနယ်တွေဖတ်ခွင့်ရတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့လှုပ်ရှားမှုပုံရိပ်တွေထဲမှာ ကိုကြီးဆန်ကို တစ်ခါတရံ တွေ့မြင်ခွင့်ရလိုက်လို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးနားမှာ ကိုကြီးဆန်လို စိတ်ရင်းစေနာကောင်းမြတ်သူတွေရှိနေတာ အားရကျေနပ်စရာပါ။ ပြီးတော့ ကင်မရာကိုင်သူတွေရဲ့ထုံးစံပေါ့။ ကိုကြီးဆန်ရဲ့ရုပ်ပုံကို ရှားရှားပါးပါးပဲ မြင်တွေ့ခွင့်ရတာပါ။ နိုင်ငံရေးသမားတို့ရဲ့ သဘာဝလား၊ လူ့သဘာဝပေပဲလား။ ကင်မရာနောက်မှာ နေချင်သူထက်၊ ကင်မရာအရှေ့မှာနေချင်သူက များတယ်လေ။ ကိုကြီးဆန်ကတော့ ကင်မရာနောက်မှာပဲ ကျေနပ်ပျော်ရွှင်နေမယ့်သူပါ။ ။
ကိုမာကီ (၈၈ မျိုးဆက်)
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်” မှ)
No comments:
Post a Comment