Thursday, August 15, 2013

ကျနော်နှင့် မျိုးမင်းဇော် - ကိုမာကီ (၈၈ မျိုးဆက်)

သူ့မျက်နှာက အမြဲတမ်းလိုလို ပြုံးချိုချို။ နေထိုင်ဝတ်စားပုံကလည်း ဘယ်တော့မဆို သေသေသပ်သပ်၊ စမတ်ကျကျ။ ဒါပေမယ့် လူပုံစံက ခပ်ချောချော ဖြူနွဲ့နွဲ့မို့ဆိုပြီး ခပ်ပျော့ပျော့လို့ထင်ရင်တော့ မှားမယ်။ နိုင်ငံရေးသဘောထားခံယူချက် ခိုင်မာပြင်းထန်တယ်။ စိတ်ဓာတ်က သံမဏိစိတ်ဓာတ်။ အဲဒါ ကျောင်းသားခေါင်းဆောင် မျိုးမင်းဇော်။ 

၁၉၉၅ ခုနှစ်။ ကျနော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိက ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ အဲဒီ့ကာလက အီးမေဂျာကို ရောက်လာကြတာဟာ စာဂျပိုးတွေ၊ စာတော်တဲ့သူတွေ များပါတယ်။ မျိုးမင်းဇော်ကလည်း ကျနော်နဲ့ တစ်တန်းထဲ (E-2)က အခန်းဖော်ပေါ့။ ဒါပေမယ့် မျိုးမင်းဇော်က ကျနော့်ထက် အသက် ၁ဝ နှစ်ငယ်ပါတယ်။ အဲဒီ့ကာလက (ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်မီအချိန်အထိ) နိုင်ငံရေးလှုပ်ရှားမှုတွေ လုံးဝနီးပါး ပျောက်ကွယ်နေတယ်။ နဝတ စစ်အစိုးရအတွက် အားအကောင်းဆုံးအချိန်ဖြစ်နေတယ်။ 


ရန်ကုန်တက္ကသိုလ်ကျောင်းသားအများစုမှာကိုပဲ အကြောက်တရားတွေ ကြီးစိုးနေတယ်။ ကျောင်းကဲန်တင်းမှာ သူငယ်ချင်းတွေစုထိုင်ကြရင်း နိုင်ငံရေးအကြောင်း စကားစရောက်သွားရင်ကိုပဲ စကားလမ်းကြောင်းလွှဲတာနဲ့ကြုံရ၊ စကားဝိုင်းက ထသွားတာနဲ့ကြုံရ။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပြည်သူတွေအရှေ့ကနေ အမြဲတမ်းဦးဆောင်မှု အခန်းကဏ္ဍမှာရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားများကို အားမလိုအားမရဖြစ်နေမိတာအမှန်ပါပဲ။ 

အဲဒီ့ကာလ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ လူမှုရေး၊ နိုင်ငံရေးအခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ ပိတ်ဆို့တားဆီးမှုတွေ ထုနဲ့ထည်နဲ့ရှိနေချိန်မှာ ရနိုင်သလောက်ကြိုးစားပြီး ထိုးဖောက်ကြတာပါ။ ၁၉၉၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ အစဉ်လာရှိနိုင်ငံရေးသမားကြီးတွေကို ဂါရဝပြုကန်တော့ပွဲကနေ စတာပါပဲ။ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးအောင်ကအစ ဆရာကြီးမင်းသုဝဏ်တို့အလယ်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့အဆုံးပေါ့။ မြန်မာ့နိုင်ငံရေးအပေါ်မှာ တစ်နည်းနည်းနဲ့ ကျေးဇူးရှိခဲ့သူတွေကို ဂါရဝပြုကန်တော့ကြတာပါ။ 

အဲဒီ့ပွဲတွေမှာပဲ မျိုးမင်းဇော်ကို ကျနော် စတင်သတိထားခဲ့မိတာပါ။ ကျောင်းသားတွေ ဒီလောက် နိုင်ငံရေးနဲ့ဝေးနေကြချိန်မှာ မျိုးမင်းဇော်က တက်တက်ကြွကြွ၊ သတ္တိရှိရှိနဲ့ ခြံထဲအထိလာရဲတာကို ကျနော်က အံ့သြဝမ်းသာနေတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဆိုပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လို့ ငထုံငအတွေက အများသား။ 

"ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီ" ဆိုတော့ "ဘယ်တုန်းက အဖမ်းခံနေရလို့လဲ" ဆိုတဲ့သူနဲ့၊ "ဟင် သူက ရှိသေးလို့လား။ နိုင်ငံခြားကိုပြန်သွားပြီ မဟုတ်လား" လို့ ဆိုတဲ့သူနဲ့။ ဘယ်လောက်ထိလဲဆို တက္ကသိုလ်ရိပ်သာလမ်းမပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ စနေ၊ တနင်္ဂနွေ အပတ်စဉ်တရားပွဲရှိတာကို လုံးဝ မသိတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေမှ အများကြီး။ 

အဲလိုအခြေအနေမှာ မျိုးမင်းဇော်ကို ခြံထဲကအခမ်းအနားတွေမှာတွေ့ရတော့ ကျနော် အံ့သြဝမ်းသာမိတာ အမှန်ပဲ။ ဒီလိုနဲ့ ကျနော်တို့ စုဖွဲ့ထားပြီးဖြစ်တဲ့ Democratic Association of Youth and Student (DAYS) ဆိုတဲ့အဖွဲ့လေးထဲမှာ မျိုးမင်းဇော် ပါဝင်လာတယ်။ ကျနော်တို့နဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်။ ကျောင်းထဲမှာ စာတွေဝေကြ၊ စာတွေကပ်ကြပေါ့။

အဲဒီ့အချိန်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာလို့ နိုင်ငံရေးမျှော်လင့်ချက်တွေ ပြန်လည်နိုးကြားလာတာကလွဲရင် နဝတ စစ်အစိုးရရဲ့ဖိနှိပ်မှုက ပြင်းထန်တင်းကျပ်နေဆဲကာလ။ မိတ္တူကူးပေးရဲတဲ့ဆိုင်၊ စာကူးစက်နဲ့ ကူးပေးရဲတဲ့ဆိုင်တောင် မရှိသလောက်။ သူတို့ဆိုင်တွေရဲ့မြင်သာတဲ့နေရာမှာ ချိတ်ဆွဲထားတဲ့ "နိုင်ငံရေးစာရွက်၊စာတန်းများ လက်မခံပါ" ဆိုတဲ့ကြေငြာကို လက်ညှိုးထိုးပြတဲ့ဆိုင်ပဲများတယ်။ 

နောက်ဆုံးတော့ ကိုယ့်ဘာသာပဲ စာကူးစက်တစ်လုံး စုဝယ်ကြရပါတယ်။ ပုံမှန်ရန်ပုံငွေအတွက်လည်း တစ်ပတ်ကို တစ်ယောက် ၂ဝဝ ကျပ်စီထည့်ကြရတာပါ။ ကိုယ့်မိဘပေးတဲ့မုန့်ဖိုး၊ ကိုယ့်လုပ်အားခတွေနဲ့ပဲ နိုင်ငံရေးလုပ်ခဲ့ကြတာပါ။ ဘယ်ကအထောက်အပံ့မှ မရပါဘူး။ ယူရကောင်းမှန်းလည်း မသိကြ။ ယူလည်း မယူရဲ့ခဲ့ကြပါဘူး။ 

မျိုးမင်းဇော်ဆိုရင် အဲဒီ့အချိန်က ရပ်ကွက်ထဲမှာ ရေပိုက်နဲ့ရေလိုက်ထည့်ပေးရတဲ့အလုပ် လုပ်ပါတယ်။ သူ့မိသားစုရဲ့ အလုပ်ပါပဲ။ အဲဒီ့အတွက် သတ်မှတ်ထားတဲ့လုပ်အားခ သူရပါတယ်။ အဲဒီ့လုပ်အားခထဲကနေပဲ သူ ရန်ပုံငွေထည့်ဝင်ပါတယ်။ ကျနော်တို့ ကြေညာချက်တွေ ထုတ်ဖြစ်ကြတဲ့အခါ RC 2 ထဲမှာသာမက Main ထဲမှာပါ စာသွားဝေကြ၊ ကပ်ကြပါတယ်။ ကျနော်တို့သူငယ်ချင်းတွေ ၈ ယောက်၊ သို့မဟုတ် ၁ဝ ယောက်လောက် ပါလေ့ရှိပါတယ်။ ဒီလိုအခါမျိုးမှာ မျိုးမင်းဇော်က အလွန်တည်ငြိမ်ပါတယ်။ သူများတွေက စာသာဝေနေရတယ် ဘယ်သူကများ၊ ဘယ်ထောင့်ကနေ ထွက်ဖမ်းမလဲဆိုတာမျိုးနဲ့ ကျီးကြည့်၊ ကြောင်ကြည့်ပေါ့။ မျိုးမင်းဇော်ကတော့ အေးဆေးပဲ။ အန္တရာယ်ရှိတဲ့အလုပ်တစ်ခုကို လုပ်နေတာနဲ့တောင်မတူဘူး။ လမ်းဘေးမှာ ကလေးလူငယ်လေးတွေ ကျူရှင်စာရွက် ဝေနေတဲ့အတိုင်းပဲ။ သူ့မျက်နှာမှာ ဘာအကြောက်တရားမကှို မရှိတာ။ ငြိမ်းချမ်းကြည်လင်လို့။ 

၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ (ကိုဖုန်းမော်နှစ်ပတ်လည်နေ့)မှာတော့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဖဲပြားလေးတွေ ရင်မှာထိုးပြီး ကျောင်းထဲမှာလှည့်လည်ကြမယ်ပေါ့။ မင်္ဂလာဈေးမှာ အနက်ရောင်ပိတ်စဝယ်။ ဖဲပြားဖြစ်ဖို့ကတော့ မျိုးမင်းဇော်ရဲ့အစ်မတွေက တာဝန်ယူချုပ်လုပ်ပေးကြပါတယ်။ သူ့အစ်မတွေက အခု ဂွတ္တလစ်၊ အာဇာနည်လမ်းအဆုံးမှာရှိတဲ့ "သူရိန်စတိုး"နေရာ၊ အရင်အိမ်ဟောင်းလေးမှာ စက်ချုပ်ဆိုင်ဖွင့်ထားတာလို့ ထင်ပါတယ်။ ကျနော်တို့သာ တစ်စုံတစ်ခုဖြစ်ရင်တော့ သူ့အစ်မတွေပါ အဖမ်းခံရမှာအသေချာပါပဲ။ 

မတ်လ ၁၃ ရက်နေ့မနက်မှာ ကျနော်တို့အဖွဲ့ထဲက မြန်မာစာမေဂျာသမားတွေက ကျူတိုရီရယ်ရှိတော့ သူတို့မြန်မာစာအခန်းမှာပဲ စုရပ်လုပ်ဖြစ်ခဲ့ကြတယ်။ သူတို့ကျုတိုရီရယ်ပြီးတာနဲ့ ရင်ထိုးတွေထိုးပြီး ကျောင်းထဲမှာ လှည့်ဖို့လုပ်ကြတယ်။ ဒါပေမဲ့ ကျနော်တို့တောင် အခန်းထဲက မထွက်ရသေးပါဘူး။ ဆရာတွေနဲ့ ကျောင်းကလုံခြုံရေးဝန်ထမ်းတွေ ရောက်ချလာပြီး ကျနော့်ကို သီးခြားခေါ်ထုတ်တယ်။ အဆောင်တွေအလယ်လောက်မှာ ယာယီတဲထိုးပြီး ရုံးခန်းဖွင့်ထားတဲ့ လုံခြုံရေးစခန်းကို ခေါ်သွားတယ်။ ကျနော်တို့အီးမေဂျာက ဌာနခွဲမှူး ကထိကဆရာမကြီးလည်း ရှိနေတယ်။ ကျနော့်ကို အမျိုးမျိုးဖျောင်းဖျပြီး ရင်ထိုးဖြုတ်ပေးဖို့ပြောတယ်။ ကျနော်ဘာသာတော့ လုံးဝ ဖြုတ်မပေးနိုင်ဘူးဆိုတော့ သူတို့ဘာသာ တောင်းတောင်းပန်ပန်နဲ့ ဖြုတ်ယူထားလိုက်ကြတယ်။ ပြီးတော့ အိမ်ပြန်ခိုင်းတယ်။ "ဆရာမကြီးတို့ကျောင်းက လက်မခံရင်တော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်က အခမ်းအနားကိုသွားမှာ" ဆိုတော့ "သွားချင်လည်းသွားပါ သားရယ်။ ကျောင်းထဲမှာဆိုရင်တော့ ဆရာမကြီးတို့မှာ တာဝန်ရှိနေလို့ပါ" တဲ့။ 

ကျနော် လုံခြုံရေးစခန်းက ပြန်ထွက်လာတော့ ခပ်လှမ်းလှမ်းကနေ ဝိုင်းကြည့်နေကြတဲ့ သူငယ်ချင်းတွေက လက်ခုပ်တီးပြီး ကြိုကြတယ်။ မျိုးမင်းဇော်က နောက်ထပ်ဖဲပြားလေးတစ်ခု ထပ်ထိုးပေးတယ်။ ပြီးတော့ ကျနော်တို့တတွေ ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာကျင်းပမယ့် လူ့အခွင့်အရေးနေ့ကို သွားကြတယ်။ နောက် ၃ ရက်အကြာ တံတားနီနေ့မှာလည်း ကျနော်တို့တတွေစုပြီး အင်းယားကန်ဘောင်ပေါ် သွားခဲ့ကြပါသေးတယ်။ ဂစ်တာတွေတီးပြီး နိုင်ငံရေးသီချင်းတွေ ဆိုခဲ့ကြတယ်။ အတက်ကြွဆုံးကတော့ မျိုးမင်းဇော်ပါပဲ။ ထောက်လှမ်းရေးတွေ ဝိုင်းဝိုင်းလည်နေပေမယ့် ဘယ်သူမှ မမှုခဲ့ကြပါဘူး။ မေလထဲအရောက်မှာတော့ ကျနော်တို့တတွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ 

အမှန်ဆိုရင် ကျနော်တို့အနေနဲ့ နိုင်ငံရေးကို အဲလောက်အထိ အရှိန်မြှင့်ဖို့၊ ခပ်သွက်သွက်လှမ်းဖို့ အစီအစဉ်မရှိပါဘူး။ အခုနှစ်မှာမှ တက္ကသိုလ်အတန်းက ၄ လကနေ ၆ လ ဖြစ်လာတာ။ မူလအစီစဉ်တိုင်းဆိုရင် အခုနှစ်မှာ စည်းရုံးရေးကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ရှေ့နှစ်ကျမှ လှုပ်ရှားမှုတွေကို တွန်းလုပ်ကြမယ်ပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပြင်ပနိုင်ငံရေးအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျနော်တို့ ထိန်းညှိခဲ့ရပါတယ်။ 

ကျနော်တို့(DAYS) အဖွဲ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့အတွက် ခွန်အားတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ပြန်လည်အသက်သွင်းတဲ့အခါမှာ စစ်အစိုးရရဲ့ အသုံးချခံ ဖြစ်သွားမှာမျိုးကိုလည်း စိုးရိမ်စိတ်နဲ့ သတိပေးဖူးပါတယ်။ ဒါ့ကြောင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားအားလုံးရဲ့အရှေ့မှာပဲ ပွင့်ပွင့်လင်းလင်း ဖွဲ့စည်းဖို့ မျိုးမင်းဇော်က အဆိုပြုပါတယ်။ သူအဆိုပြုတဲ့အတိုင်းပဲ ကျနော်တို့တတွေ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ကျောင်းသားထုကို အသိပေးလှုံ့ဆော်ခဲ့ပါတယ်။ 

အဲဒီ့ကြေညာချက်ကို RC 2 ထဲမှာ အရင်ဖြန့်ပါတယ်။ ပြီးတဲ့အခါ ရန်ကုန် တက္ကသိုလ်ပင်မ၊ RC 1,3 နဲ့ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်တို့ကို ဖြန့်မယ်ပေါ့။ ဒါပေမယ့် RC 2 ထဲမှာ ဖြန့်ချိနေတုန်းမှာပဲ ကျနော်တို့တတွေ အဖမ်းခံလိုက်ရပါတယ်။ လက်ပတ်နီပတ်ထားတဲ့ ကျောင်းလုံခြုံရေးတွေကဖမ်းပြီး ကျောင်းအုပ်ကြီးရုံးခန်းကို ခေါ်သွားတာပါ။ 

စာဖြန့်ဝေတဲ့သူ ၁၂ ယောက်လောက်ထဲမှာ ကျနော်နဲ့ ကိုအောင်နိုင်ဦး (မဟာသိပ္ပံ အရည်ချင်းစစ် အပိုင်း-က၊ သတ္တဗေဒ)ကို အရင်ဖမ်းပါတယ်။ ပြီးတော့ ကျနော်တို့ကို လှိုင်မြို့နယ် မဝတကို ပို့တယ်။ အဲဒီ့မှာမှ ထောက်လှမ်းရေးက MI 7 ကိုခေါ်သွားတာပါ။ ကျနော်တို့ အဖမ်းခံရပြီးကတည်းက ကျန်ရစ်ခဲ့တဲ့ မျိုးမင်းဇော်တို့က နေ့စဉ်နံနက်တိုင်းမှာ ကျောင်းအုပ်ကြီးရုံးခန်းကို သွားလိုက်၊ အီးမေဂျာဌာနမှူးရုံးခန်းကို သွားလိုက်နဲ့ ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့၊ ဒါမှမဟုတ် ကျနော်တို့တတွေကို ဘယ်မှာထားတယ်ဆိုတာ အသိပေးဖို့ သွားတောင်းဆိုကြပါတယ်။ 

ဇွန်လကုန်ပိုင်းမှာတာ့ အဲဒီ့လိုနေ့စဉ်သွားတောင်းဆိုတဲ့အထဲက ကိုကျော်သောင်း (မဟာသိပ္ပံ အရည်ချင်းစစ် အပိုင်း-ခ၊ သတ္တဗေဒ)နဲ့ ကိုဇော်ဝင်းသန်း( ပထမနှစ်၊ မြန်မာစာအဓိက)တို့ ထပ်ပြီး အဖမ်းခံရပါတယ်။ ကျနော်တို့ ၄ ယောက်စလုံး အလုပ်နဲ့ ထောင်ဒဏ် ၁၃ နှစ်စီကျခဲ့ပါတယ်။ ကျနော်တို့ရဲ့စစ်ကြောရေးတွေမှာတော့ မျိုးမင်းဇော်နဲ့ ပတ်သက်တာမှန်သမျှကို ရှောင်ရှားဖြေဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး လှုပ်ရှားဆောင်ရွက်နိုင်စွမ်းရှိသူမို့ သူ့အတွက် အငြိအစွန်းမရှိအောင် ကျနော်တို့တတွေ ဖုံးဖိနိုင်ခဲ့ကြပါတယ်။ ကျနော်တို့ ယုံကြည်မျှော်လင့်ထားခဲ့သလိုပါပဲ၊ မျိုးမင်းဇော်ဟာ ၁၉၉၆/၉၈ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။ သူ ထောင်ထဲရောက်မလာခဲ့ပေမယ့် သူ့ရဲ့လှုပ်ရှားမှု သတင်းတွေကိုတော့ ကျနော်တို့တတွေ ကြားသိနေခဲ့ရပါတယ်။ 

ဒါပေမယ့် ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုအပြီးမှာတော့ မျိုးမင်းဇော် အဖမ်းခံလိုက်ရပြီဆိုတဲ့အကြောင်း ကြားသိလိုက်ရပါတယ်။ သဘောထားခိုင်မာပြင်းထန်တဲ့ မျိုးမင်းဇော်နဲ့ သူ့အပေါ် အညှိုးကြီးတဲ့ စစ်အစိုးရတို့ရဲ့ ဆုံဆည်းမှုရလာဒ်ကတော့ ထောင်ဒဏ် အနှစ်ဘ ၄၀ ကျော်ပါပဲ။ သူထောင်ကျပြီးတော့ ပုသိမ်ထောင်ကို အပြောင်းရွှေ့ခံရပါတယ်။ ၂ဝဝဝ ခုနှစ်၊ ပုသိမ်ထောင်အုံကြွမှုမှာ ဦးဆောင်လို့ဆိုပြီး မန္တလေးထောင်ကို ထပ်မံအပြောင်းရွှေ့ခံရပါတယ်။ 

အဲဒီ့အချိန် ကျနော်တို့က မြစ်ကြီးနား ထောင်ထဲမှာပါ။ ရေဒီယိုအစုတ်ကလေးနဲ့ သတင်းတွေ ခိုးနားထောင်ခွင့်ရနေပြီမို့ သူနဲ့ပတ်သက်တဲ့သတင်းတွေကို မကြာခဏ ကြားသိနေရပါတယ်။ သူ့ကို အကြောင်းပြုပြီး သူ့အစ်မတစ်ယောက် အဖမ်းဆီးခံခဲ့ရတာကိုလည်း ကြားသိလိုက်ရပါတယ်။ သူ့အပေါ် ထောင်အာဏာပိုင်တွေက အညှိုးကြီးကြီးနဲ့ မတရားဖိနှိပ်ခဲ့တာတွေ၊ သူ့ရဲ့ထောင်တွင်း တိုက်ပွဲတွေကိုလည်း ကြားသိနေရပါတယ်။ နောက်တော့ မျိုးမင်းဇော်ကို လူသူအရောက်အပေါက်နည်းတဲ့၊ သွားလာရခက်ခဲတဲ့ ပူတာအိုထောင်ကို ပို့ပစ်လိုက်တဲ့အကြောင်း ကြားသိရပါတယ်။ 

၂ဝ၁၂ ခုနှစ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတစ်ခုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အတော်များများနဲ့အတူ မျိုးမင်းဇော်လည်း ပြန်လည်လွတ်မြောက်လာပါတယ်။ အဲဒီ့အချိန် သူထောင်ထဲမှာ နေခဲ့ရတဲ့ကာလက ၁၄ နှစ်လောက် ရှိခဲ့လိမ့်မယ်ထင်ပါတယ်။ မျိုးမင်းဇော်လွတ်လာတော့ မိသားစုနဲ့ထပ်တူ ကျနော်တို့ဝမ်းသာရမှာလား။ မိသားစုနဲ့ထပ်တူ ကျနော်တို့ ကြေကွဲရမှာလား။ အပြုသဘောဆောင်ဖို့ဆိုပြီး ဟိုလူ့ ကျေးဇူးတင်လိုက်၊ ဒီလူ့ ကျေးဇူးတင်လိုက်နဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတရားတွေကို နှုတ်ချိုမြမြ ဖွင့်ဟပေးရဦးမှာလား။ လူတစ်စုအာဏာ တည်မြဲဖို့အတွက် နင်းအချေခံလိုက်ရတဲ့ (ဘယ်တော့မှ ပြန်လည်မရရှိနိုင်တော့တဲ့) ကျောင်းသားလူငယ်တစ်ယောက်ရဲ့ဘဝ … … ဘယ်သူ့မှာ တာဝန်ရှိသလဲ။ သင်ပုန်းချေပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ရော အရာရာကို ပြည်ဖုံးကားချလိုက်ကြရမှာလား။ 

ကျနော်ကတော့ … အမြဲတမ်းလိုလို ပြုံးချိုချို။ နေထိုင်ဝတ်စားပုံ သေသေသပ်သပ်၊ စမတ်ကျကျနဲ့ ခပ်ချောချော၊ဖြူဖြူနွဲ့နွဲ့ လူငယ်လေး တစ်ယောက်ကိုပဲ စိတ်ထဲမှာ မြင်ယောင်နေမိတယ်။ ။ 

ကိုမာကီ (၈၈ မျိုးဆက်)

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ ၁၅ ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်မှ”) 


 

No comments: