ကျောင်းကုန်းတိုက်ပွဲ
ဟိုကျတော့ သူတို့ ပြောတယ်။ ဘယ်တပ်ရင်း၊ ဘယ်တပ်ခွဲ၊ ဘယ်တပ်စုက သူ့နေရာ ဘယ်မှာပေါ့။ သူတို့ ပြောတယ်။
“ကျောင်းကုန်းကို တိုက်မယ်”
ဒီတော့မှ သူတို့ ဖွင့်ပြောတာ။ ချောင်းလေးကူးပြီး ဆက်သွားရင်ရောက်ပြီး။ ကျောင်းကုန်းမြို့။ အဖိုးက အဖိုးတပ်စုကို ပြောတယ်။
“အခုသွားရမှာ ရေနဲ့ပက်တာ၊ ပန်းနဲ့ပေါက်တာ မဟုတ်ဘူးကွ။ သွားတိုက်ရမှာ။ တိုက်တဲ့အခါမှာ နိုင်အောင်တိုက်ရမှာပဲ။ မနိုင်ရင်တော့ မဖြစ်ဘူး”
အရေးကြီးတာကတော့ မိဘ ဘိုးဘွား ဆရာသမား၊ အဓိကတော့ ဘုရားပဲကွ။ အနန္တော အနန္တ ငါးပါးကို မမေ့ဖို့ပဲ။ အဲဒီတော့ အဖိုးက ဆုတောင်းပေးတယ်။ အနန္တော အနန္တငါးပါး ကြည့်ရှုစောင့်ရှောက်ပါ။ ဆုတောင်းတာပေါ့။ ဗုဒ္ဓဘာသာလိုပဲ။ ဆုတောင်းတဲ့အချိန်မှာ တို့လက်အုပ်လေးတွေ ချီထားတာပေါ့။
နောက်တော့ ဗိုလ်ဆာကူးက ခရစ်ယာန်။
“ငါက ဗုဒ္ဓဘာသာလို ရှိခိုးပြီးပြီ။ မင်း ခရစ်ယာန်လို ရှိခိုးဦးလေ”
“မလိုပါဘူးကွာ။ ဗုဒ္ဓလည်း ဘုရားပဲ။ ဘုရားဆုတောင်းပြီးရင် ပြီးပြီပေါ့ကွ။ ငါ့ဗိုလ်ကလည်း ဘာသာစွဲ မရှိဘူး”
“ကဲ ... မလိုဘူးဆိုရင် ပြီးပြီ။ ဒို့ ကမ်းနား ဆင်းမယ်”
ချောင်းကူးပြီးတော့ အညာတန်းရွာကိုကွင်းပြီး ကျောင်းကုန်းမြို့အဝင်ဂိတ် ခပ်လှမ်းလှမ်းနားမှာနေရာချပြီး တို့နေတာပေါ့။ သေနတ်သံကြားမှ ပစ်ရမှာကိုး။