Thursday, April 26, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၃)

ကျောင်းကုန်းတိုက်ပွဲ 

ဟိုကျတော့ သူတို့ ပြောတယ်။ ဘယ်တပ်ရင်း၊ ဘယ်တပ်ခွဲ၊ ဘယ်တပ်စုက သူ့နေရာ ဘယ်မှာပေါ့။ သူတို့ ပြောတယ်။

“ကျောင်းကုန်းကို တိုက်မယ်”

ဒီတော့မှ သူတို့ ဖွင့်ပြောတာ။ ချောင်းလေးကူးပြီး ဆက်သွားရင်ရောက်ပြီး။ ကျောင်းကုန်းမြို့။ အဖိုးက အဖိုးတပ်စုကို ပြောတယ်။

“အခုသွားရမှာ ရေနဲ့ပက်တာ၊ ပန်းနဲ့ပေါက်တာ မဟုတ်ဘူးကွ။ သွားတိုက်ရမှာ။ တိုက်တဲ့အခါမှာ နိုင်အောင်တိုက်ရမှာပဲ။ မနိုင်ရင်တော့ မဖြစ်ဘူး”

အရေးကြီးတာကတော့ မိဘ ဘိုးဘွား ဆရာသမား၊ အဓိကတော့ ဘုရားပဲကွ။ အနန္တော အနန္တ ငါးပါးကို မမေ့ဖို့ပဲ။ အဲဒီတော့ အဖိုးက ဆုတောင်းပေးတယ်။ အနန္တော အနန္တငါးပါး ကြည့်ရှုစောင့်ရှောက်ပါ။ ဆုတောင်းတာပေါ့။ ဗုဒ္ဓဘာသာလိုပဲ။ ဆုတောင်းတဲ့အချိန်မှာ တို့လက်အုပ်လေးတွေ ချီထားတာပေါ့။ နောက်တော့ ဗိုလ်ဆာကူးက ခရစ်ယာန်။

“ငါက ဗုဒ္ဓဘာသာလို ရှိခိုးပြီးပြီ။ မင်း ခရစ်ယာန်လို ရှိခိုးဦးလေ”

“မလိုပါဘူးကွာ။ ဗုဒ္ဓလည်း ဘုရားပဲ။ ဘုရားဆုတောင်းပြီးရင် ပြီးပြီပေါ့ကွ။ ငါ့ဗိုလ်ကလည်း ဘာသာစွဲ မရှိဘူး”

“ကဲ ... မလိုဘူးဆိုရင် ပြီးပြီ။ ဒို့ ကမ်းနား ဆင်းမယ်”

ချောင်းကူးပြီးတော့ အညာတန်းရွာကိုကွင်းပြီး ကျောင်းကုန်းမြို့အဝင်ဂိတ် ခပ်လှမ်းလှမ်းနားမှာနေရာချပြီး တို့နေတာပေါ့။ သေနတ်သံကြားမှ ပစ်ရမှာကိုး။


“မင်းတို့ကို ငါ ပြောထားတဲ့အတိုင်းပဲနော်။ တချီထဲချမယ်။ စတင်းဂန်း ၃ ခုကို တခါတည်းပစ်မယ်”

သေနတ်သံလည်းကြားရော တို့ ချတော့တာပဲ။ ‘ဝေါ ဝေါ ဝေါ’ နဲ့ မြို့အဝင်ဂိတ်ကိုပစ်တာ။ အဖိုးတို့က ကျောင်းကုန်းမြို့ကို ဝင်သိမ်းမှာကိုး။ သူတို့ကလည်း ခံပစ်တယ်ဟေ့။ တက်လို့ ဘယ်လိုမှမရဘူး။ ရအောင်တက်မယ်ဆိုပြီးတော့ လက်ပစ်ဗုံးတွေ ပေါက်ထည့်။ အထဲ မဝင်ဘူး။ အနားမှာပဲ ကျတယ်။

နောက် အဖိုးကြည့်လိုက်တော့ ဟိုဘက်အဖွဲ့က ပြန်ဆုတ်လာတာ အဖိုး တွေ့လိုက်တယ်။

“ဒီကောင်တွေ ဘယ်လိုဖြစ်တာလဲ။ ပြန်ဆုတ်လာပါလား”

အဖိုးတို့အဖွဲ့ကတော့ တိုက်တုန်း။ ဟိုကောင်တွေက ဆုတ်လာပြီ။ နောက် ဗိုလ်ဗိုက်ပူလည်း အဖိုးတို့ အနီးအနားမှာ ရှိတာကိုး။

“ဟိတ် ဟိုမှာတိုက်နေတာ ဘာအဖွဲ့လဲ။ တပ်ရင်း ၁ က ဗိုလ်ကျော်သောင်းတို့အဖွဲ့တွေ သူများတွေ ဆုတ်ကုန်ပြီ”

သူတို့ခေါ်တော့ ပြန်ဆုတ်ရတာပေါ့။ ပြန်ဆုတ်လာတော့ အဖိုးတို့ဘက်က တယောက်ကျတယ်။ အဲဒီကောင်ကလည်း ကံကြမ္မာဆိုးတယ်။ ဒီနေ့လို ဝင်တယ်။ နောက်နေ့လိုကျတော့ လိုက်ပါရစေဆိုပြီး တောင်းလိုက်တာ ငိုတောင် ငိုတယ်။

“မလိုက်နဲ့ မင်းဘာမှ အတွေ့အကြုံရှိသေးတာ မဟုတ်ဘူး”

ဒါပေမယ့် မရဘူး။ တိုက်ပွဲအတွေ့အကြုံ မရှိဘူး။ ပြောလို့မှ မရတာ။ အခုတော့ သေပြီ။ စိတ်တော့ ဘယ်ကောင်းမလဲ။ နောက်တော့ ရွာသာကုန်းမှာပဲ အဖိုးတို့ ပြန်လာနားကြတယ်။ အဲဒီအချိန်မှာ အခြားတပ်ခွဲက တပ်ခွဲမှူး ဗိုလ်ကြီးကျော်စိန်ဦး လာပြီးပြောတယ်။

“တပ်မဟာမှူးက ပြောတယ်။ မပြန်သေးနဲ့ဦး” တဲ့။

“အစီအစဉ်တခါ ထပ်လုပ်ဦးမယ်” လို့ ပြောတယ်။

“ဟာ ဗိုလ်ကြီးကလည်း အစီအစဉ် တခါထပ်လုပ်မယ်ဆိုတော့ အခုလုပ် အခုရလို့လား။ တိုက်ပွဲတပွဲဟာ တော်တော်ပြင်ရတာပဲဟာ”

“မင်းတို့ မပြန်သေးနဲ့ဦး။ သူ လာမယ်” လို့ ပြောတယ်။

နောက်ညနေကျတော့ တပ်မဟာမှူးချုပ် ဗိုလ်ပု ရောက်လာတာပဲ။ အဖိုးရှိတဲ့နေရာကိုသူရောက်တော့ သူ့ကို အဖိုးက အလေးပြုတယ်။ သူက ပြောတယ်။

“မင်း ပြန်တော့မလား”

“အလုပ်မရှိရင် ပြန်မှာပေါ့”

သူက …

“ငါ မကျေနပ်ဘူး။ ငါ ပြန်ချချင်သေးတယ်။ မင်း ၄ ရက်၊ ၅ ရက်တော့ စောင့်ကွာ”

ဗိုလ်ပုက အိမ်မဲ၊ ကျောင်းကုန်းဘက် အပိုင်းကကိုး။ အဖိုးတို့ ၄-၅ ရက်လောက် အဲဒီမှာ အိပ်စား အိပ်စားပဲ။ အဖိုးကောင်တွေကတော့ ရွာထဲလျှောက်လည်ကြတယ်။ အဖိုးက သွားမလည်ဘူး။ ဒီတော့ အိမ်ရှင်က …

“နင် ရွာထဲ လျှောက်မလည်ဘူးလား”

“မလည်ဘူး”

“ဘာဖြစ်လို့လဲ”

“ကျနော့်မှာ မိန်းမနဲ့ ကလေးတယောက် ရှိတယ်”

“မင်းတယောက်ထဲ ရိုးရိုးသားသား ငါ တွေ့တယ်။ တခြားဗိုလ်တွေဆိုရင် ကလေးနှစ် ယောက်သုံးယောက်ရှိတာ သူတို့ကိုယ်သူတို့ လူပျိုလိုပဲ”

နောက်တော့ ဗိုလ်ပုက မလာတော့ဘူး။ သူ့လူတယောက်လွှတ်ပြီး ပြောခိုင်းတယ်။

တပ်ရင်းမှာတော့ အလုပ်မဖြစ်သေးဘူး။ နောက် လိုအပ်မှ ခင်ဗျားတို့တပ်စုကိုပဲ ပြန်မှာမယ်။ ဒီ့ပြင်တပ်စုကို မမှာဘူး။ ပြန်မယ်ဆိုရင် ပြန်နိုင်ပြီတဲ့။

အဖိုးတို့ ကျောင်းကုန်းကနေ ညောင်တုန်းကို ပြန်တာပေါ့။

ကျောင်းကုန်းနဲ့ ညောင်တုန်းက အဝေးကြီး။

ကုန်းကြောင်းပဲ လျှောက်ပြန်တာပေါ့။ ကျောင်းကုန်းနဲ့ ညောင်တုန်းကို ခပ်ပြင်းပြင်း လျှောက်မယ်ဆိုရင် လမ်းမှာ တညအိပ်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: