မဟာသင်္ကြန်က တက်တော့မည်။ သင်္ကြန်မတိုင်ခင်ကတည်းက ငုတ်တုတ်ဖြစ်ခဲ့သော ကျနော်က အခုလည်း ငုတ်တုတ်ပင်။ သင်္ကြန်လည်း ငုတ်တုတ်မဖြစ်၊ လူကလည်း ငုတ်တုတ်ချည်း ထိုင်မနေ၊ စိတ်သည်သာ ငုတ်တုတ်ဖြစ်နေ၏ ဟု ခပ်ရှုပ်ရှုပ် ရှင်းရပါလိမ့်မည်။ လွမ်းစရာက သင်္ကြန်မှသာမဟုတ် အချိန်တိုင်း။ သည်တော့ သင်္ကြန်တစ်ခုတည်းကို လွမ်းလှသည်ဟု ဆို၍မဖြစ်။ ရေစိုရွှဲအောင် လောင်းပက်သည့်အလေ့ မရှိသော အရပ်မှာမို့ ရေမပက်သည်ကို ဟာတာတာ မဖြစ်သလို၊ အနည်းငယ် လောင်းကြ ပက်ကြ ကစားကြသည်ကိုလည်း အလွမ်းပြေမြင်ကွင်းအဖြစ် စိတ်က လက်မခံပြန်။ လူငယ်တွေ ပျော်ကြပါစေ ဆိုတဲ့စိတ်အပြင် ဘာမှ မရှိတော့သလို။ ထို့ကြောင့်ပင် လူက ငုတ်တုတ်မဟုတ်ဘဲ ငုတ်တုတ်သင်္ကြန်အဖြစ် ခံစားနေရခြင်းပါပေ။
မြန်မာပြည်မှာက သင်္ကြန်ပွဲတော်က လွဲ၍ စိတ်လွတ်ကိုယ်လွတ် ပျော်ရသည့်ပွဲတော် မရှိ။ လွတ်လပ်ရေးနေ့မှာပင် သည်လောက်မလွတ်လပ်။ သည်တော့ စုကြဝေးကြမည်၊ အော်ကြဟစ်ကြမည်၊ စိတ်တိုင်းကျ လျှောက်သွားကြမည်၊ ဒါက သင်္ကြန်၏ သင်္ကေတဖြစ်သည်။
ထိုကာလအတွင်း အထက်ကလူ အောက်ကို စုန်၍၊ အောက်အရပ်က အထက်ကို ဆန်ကြမည်။ ဘုရား ကျောင်းကန်မှာ ကုသိုလ်ဒါန သီလဘာဝနာ အားထုတ်သူတွေကလည်း ဓမ္မရိပ်တွင် ခိုလှုံကြမည်။ အပူနှင့်အအေး အတွင်းနှင့်အပြင် မတူကွဲပြားစွာ ဖြတ်သန်းသူအားလုံးက နှစ်သစ်ဆိုသည့် သက်မဲ့အရာကို အာရုံပြုရင်း ကောင်းကျိုးအထွေထွေ ဝေဆာစေကြောင်း တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆုတောင်းကြမည်၊ မျှော်လင့်ကြမည်။ ဒါလည်း သင်္ကြန်၏ သင်္ကေတပင် ဖြစ်သည်။
အချုပ်အနှောင် ခံနေရသူတို့ကလည်း နှစ်ဆန်းတစ်ရက် ဆိုသည့်နေ့တွင် တစုံတရာ ထူးမည်လား၊ လွတ်မြောက်သူစာရင်းတွင် မိမိအမည် ပါလေမည်လား၊ အုံနှင့်ကျင်းနှင့် လွှတ်ပေးသည့် ကြေညာချက်တခုခု ထုတ်လေမည်လား စသည့် လားပေါင်းများစွာ ပြည့်နှက်နေသည့်အတွေးများဖြင့် အတွင်းက မျှော်မည်။ ၎င်းတို့အား စောင့်ကြပ်နေသူတို့ကလည်း အချုပ်အနှောင်ကြားက လူတွေနှင့်မခြား ဘဝလွတ်မြောက်ရေး အတွေးတွေ တွေးကြလိမ့်မည်။ ဖိနှိပ်မှုယန္တရား ရှင်သန်မှု ကြာရှည်သည်နှင့်အမျှ ဤသံသရာတွေက လည်မြဲလည်နေဦးမည်သာ။ ဤသည်ကရော သင်္ကြန်သင်္ကေတ ဖြစ်လေမည်လား။
သင်္ကြန်နှင့်တွဲလျက်ရှိနေသော သင်္ကြန်စာ ကလည်း နှစ်စဉ် စောင့်မျှော်ဖတ်ရှုသူတွေလက်ထဲ ရှေ့တော်ပြေးအဖြစ် ဝင်ရောက်လေ့ရှိသည်။ ဗေဒင် နက္ခတ် ဝါသနာပါသူတွေ အစ၊ ကုန်သည်ပွဲစား အလယ်၊ ဆန်ဈေးတက်မှာ စိုးရိမ်သော အိမ်ရှင်မ အဆုံး သူ့ပရိသတ်က တပုံတပင်။ သည်နှစ် ‘မင်းပြောင်းမင်းလွဲ ရှိသည်’၊ ‘ထင်ပေါ်ကျော်ကြားသူများ ပျက်စီးကိန်း ရှိသည်’ စသည့် ဟောကိန်းများကို တွေးတောပြီး စိတ်ကူးယဉ်သူလည်းရှိ၊ မျှော်လင့်တောင့်တသူလည်း ရှိ၊ စိုးရိမ်ကြောင့်ကြသူများလည်း ရှိ။ ဤသည်ကလည်း သင်္ကြန်သင်္ကေတ။
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က စီစဉ်တွက်ချက် ပြုစုထားသော ယခုနှစ် ‘သူရိယ သိဒ္ဓွန္တ သင်္ကြန်စာ’ က ယခုလို ဆိုသည်။
“… ဝါဆိုလတွင် … ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဥပဒေသစ်များ ပေါ်ထွန်းအံ့၊ ထင်ရှားသော အနုပညာရှင်များ ဆုံးရှုံးမှုနှင့် ဘေးအန္တရာယ်ရှိအံ့၊ ပြည်သူများ အပြုသဘောဆောင်ကာ နိုင်ငံတော်အစိုးရနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာအံ့။ …
… တော်သလင်းလတွင် … တိုင်းပြည်၏ ကာကွယ်ရေး ခေတ်မီတိုးတက်လာအံ့၊ အုပ်ချုပ်ရေးစနစ် ပိုမိုကောင်းမွန်လာအံ့၊ …
သီတင်းကျွတ်လတွင် … အနုပညာရှင်များ အလှူအတန်းပြုသူများ လူထုအကျိုးပြုဆောင်ရွက်သူများ ပွဲလမ်းသဘင်များဖြင့် ခြိမ့်ခြိမ့်သဲ ပျော်ရွှင်ကြအံ့၊ … သတင်းနှင့်စာနယ်ဇင်း စာပေထုတ်ဝေရေးလုပ်ငန်းတို့လည်း ထူးခြားစွာ တိုးတက်လာအံ့၊ …
… နတ်တော်လတွင် နိုင်ငံတော် အကျိုးပြုလုပ်ငန်းများ အောင်မြင်အံ့၊ …
ပြာသိုလတွင် … ပြည်သူအများ ကျန်းမာပျော်ရွှင်အံ့၊ …
တပို့တွဲလတွင် ဘဏ်လုပ်ငန်းရှင်များ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များ ကျန်းမာရေးညံ့အံ့၊ … တိုင်းပြည် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာအံ့၊ … တိုင်းပြည်ကို ကောင်းသောပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် အောင်မြင်မှုရရှိအံ့၊ ဂုဏ်ကျက်သရေ တိုးတက်လာအံ့၊ … စာပေနယ်မှ ထင်ရှားသောပုဂ္ဂိုလ်များ ဘေးရှိအံ့၊ …
တပေါင်းလတွင် … အုပ်ချုပ်ရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်အံ့၊ …”
ဒါတွေက အများ စိတ်ဝင်စားမည့်ဟောကိန်းများဖြစ်သည်။ ‘တပေါင်းတန်ခူး အကြောင်းထူး’ မလား၊ မထူးဘူးလား ဆိုတာတွေကတော့ ထုံးစံအတိုင်း စောင့်ကြည့်ရမည်သာဖြစ်သည်။ သို့သော် ဆိုခဲ့ပြီးသော သင်္ကြန်ငုတ်တုတ်လို ငုတ်တုတ်သင်္ကြန်၊ ငုတ်တုတ်မနက်ဖြန် လုပ်နေ၍တော့ မဖြစ်။ သင်္ကြန်က ထိုင်၍ရသည်။ အခြားသော ကိစ္စများ၊ အခြားသော အချိန်ကာလများက “ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး” ဆိုသည့် ကိုင်ဇာ၏ သီချင်းစာသားများကဲ့သို့ပင်။ သင်္ကြန်ဆိုသည်က အတာအိုးထဲ နီးစပ်ရာ အပင်များမှ ခုနစ်နေ့ ခုနစ်နံ ပြည့်အောင် အရွက်တွေ အညွန့်တွေ ထည့်ပြီး ကြိုလိုက်လျှင် ကိစ္စပြီးသည်။ ကျန်သည့်အရာများက ထိုကဲ့သို့ အလွယ်တကူ ပြီးမည်မဟုတ်။ တူးပို့တေးသံဖြင့် ကြိုရုံမျှနှင့်လည်း မပြီး။
‘ငုနှင့်ပိတောက် နွေမှာလှိုင်သည်၊ စုနှင့်ခမောက် မေမှာနိုင်မည်’ဆိုသည့် အတိတ်တဘောင်ကလေးက တကယ်ဖြစ်ခဲ့သည်။ အပြီးသတ် မဖြစ်သည်က ကံကြမ္မာရဲ့ အပြစ်လေလား။ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးပါနှင့်တော့၊ ကိုယ်လုပ်နိုင်သလောက် ကိုယ်အလိုရှိတာ လုပ်စမ်းပါဟု ဘာသာ အားပေးရသည်။
အချိန်တွေက တင်းနေသည့် အရေပြားတွေကို လျော့ရဲတွန့်ရှုံ့စေခဲ့ပြီ။ တောက်ပကြည်လင်သည့် စက္ခုအာရုံကိုလည်း ဝေဝါးစေခဲ့ပြီ။ သို့သော် အတွေးကိုတော့ ဝေဝါး၍မဖြစ်။ အတွေးမှုန်လျှင် အမြင်ကြည်ဖို့ အတွေးမျက်မှန်တပ်ရမည်။ အနီးမှုန်လား၊ အဝေးမှုန်လား ဒါမှမဟုတ် ၂ ခုစလုံးပဲလား။ အပေါင်းလား အနုတ်လား၊ သူ့ဒီဂရီနဲ့သူ သူ့ပါဝါနဲ့သူ အံဝင်ခွင်ကျ ရှိဖို့တော့လိုသည်။ ပါဝါ …၊ သြော် … နေရာတကာ ပါဝါ လိုနေတာပဲကိုး။
ငုတ်တုတ်သင်္ကြန်ကို ကျော်ဖြတ်နေသူ၏ ငုတ်တုတ်အတွေးများဖြစ်သည်။ ဘာမှမလွတ်လပ်သော အနေအထားတွေမှာ အတွေးတော့ လွတ်လပ်သင့်သည် မဟုတ်လော။ မုသားဖော်စက်လို စက်ကိရိယာတွေ အတပ်မခံရမချင်း တွေးချင်တိုင်းတွေး ဘယ်သူမျှ ဒုက္ခမပေးနိုင်။
ထိုစဉ်အတွင်း ဘေးအခန်းမှ ဖွင့်ထားသည့် ဂျမေကာ လူမည်းအဆိုတော် ‘ဘော့ဗ် မာလေ’ ၏ တေးသွားတပိုင်းတစက နားထဲ ပျံ့လွင့်လာသည်။
“Get up! Stand up! Stand up for your right!”
သင်္ကြန်အချိန်ကြီး သင်္ကြန်သီချင်းမဖွင့်ဘဲ ဘာတွေဖွင့်နေပါလိမ့်။ သြော် … သူလည်း ငုတ်တုတ်သင်္ကြန် ကျနေတာပဲလား။ တူးပို့တေးသွား မဟုတ်ပေမယ့် ဂီတက မြူးသည်၊ အသံက ခွန်အားရှိသည်။ စာသားတွေကလည်း စဉ်းစားစရာ။
ဒါသည်ပင် သင်္ကြန်သင်္ကေတတစ်ခု ဖြစ်လေဦးမည်လား။ ။
ထိန်လင်း
၁၆၊ ၄၊ ၂ဝဝ၉
(လွန်ခဲ့တဲ့ ၃ နှစ်က ဧရာဝတီမှာ ရေးခဲ့တဲ့ အက်ဆေးလေးပါ။)
No comments:
Post a Comment