အိမ်တအိမ်ထဲတွင် နေ့ချင်းအပြီးရိုက်သည်။ မင်းသားနှင့် မင်းသမီးတို့၏ အချစ်ခန်းရိုက်သည့်နေရာများကလည်း တကားနှင့်တကား ထပ်နေသည်။ ကော့စ်ကျူးမ် ဒီဇိုင်းနာ (အဝတ်အစား ဒီဇိုင်နာ) မပါလို့လား။ ဒါမှမဟုတ် ငွေကုန်ကြေးကျများမှာ စိုးလို့လေလား။ မင်းသား၊ မင်းသမီးတို့၏ အင်္ကျီအဝတ်အစားများကလည်း တကားနှင့်တကား တူနေသည်။ ကြည့်ရသည်မှာ ဈာန်ပျက်ရသည်ချည်း။
မင်းသားကလည်း တကားပြီးတကား သူ၊ မင်းသမီးကလည်း တကားပြီးတကား သူမ။ စန်းတက်တုန်း ရိုက်ထား။ ထုတ်လုပ်သူက မြတ်မှရိုက်သည်။ ဒါရိုက်တာ၏ အခန်း၊ ဇာတ်ညွှန်းဆရာ၏ အခန်းကား လကွယ်ည ဆောင်းနှင်းမှုန်တွေအကြား မြင်ကွင်းကို စူးစိုက်ကြည့်နေရသလို မပြီပြင် မှုန်ဝါးဝါးနှင့် …..။
စန္ဒယားဆရာနှင့် တပည့်မ သူဌေးသမီးတို့ ချစ်ကြိုက်သွားကြသည်။ လွတ်လပ်သည့် အရွယ်ရောက်လူငယ်တွေပဲ။ နှစ်လုံးသားတစုံကလည်း အနုပညာအပေါ်မှာ တထပ်တည်း။ ဒီတော့ သူတို့နှစ်ဦး ချစ်ကြ၊ ကြိုက်ကြသည်မှာ မဆန်း။ ဒါပေသိ သိတဲ့အတိုင်းပဲ လူတန်းစားကွာဟမှုက စကားပြောလွန်းလှသည်။ သူဌေးသမီး၏ မိဘများက လုံးဝ သဘောမတူကြ။ အောင်မယ် အနူလက်နဲ့ ရွှေခွက်နှိုက်ချင်လို့ ဘယ်ရလိမ့်မလဲ။ ဒါက ပဒေသရာဇ်နဲ့ အရင်းရှင် အထက်လွှာ လူတန်းစားစရိုက်ကို ဖော်ပြလိုက်ခြင်း။ သမီးဖြစ်သူကို သူတို့လို မနီးရိုးစွဲ ချမ်းသာသူ သူဌေးသားတဦးနှင့် အမြန်ပေးစားတော့မည်။ ဒီအချိန်မှာ ချစ်သူနှစ်ဦး ခိုးယူပေါင်းသင်းကြဖို့ ဆုံးဖြတ်လိုက်ကြသည်။
လွဲပါသည်။ ချစ်သူနှစ်ဦး ချိန်းဆိုထားသည်များ အကုန်အစင်လွဲခဲ့ပါသည်။ စန္ဒယား ဆရာလေးက ဂျစ်ကားဖြင့်အလာ လမ်းမှာ တပည့်မတဦး၏ အသည်းအသန်ဖြစ်နေသော မိခင်ကို ဆေးရုံလိုက်ပို့ရသည်။ ဆေးရုံရောက်တော့ မကြာပါ။ မိခင်ဖြစ်သူ လူနာခမျာ ဆုံးပါးသွားရှာပါသည်။ ချိန်းထားတဲ့ စေတီကို အပြေးသွားခဲ့သည်။ အချိန်ကား လွန်စွာ နောက်ကျခဲ့လေပြီ။
စေတီ၏ ရင်ပြင်ပေါ်တွင် မောင့်ကိုမျှော်နေရင်း သက်ပြင်းမောများဖြင့် တကိုယ်လုံး တုန်ရီနေခဲ့သည်။ မလာနိုင်သေးပါလား။ သူမ၏ မိခင်နှင့် ဖခင်ဖြစ်သူတို့ စေတီပေါ်လိုက်လာကြသည်။ မိခင်က သမီးအမိုက်မကို ပါးရိုက်၊ နားရိုက်ကာ ပြန်ခေါ်သွားသည်။ စေတီရင်ပြင်ပေါ်မှ နွေလေ၏ သယ်ဆောင်ရာ ရွေ့လျားမျောပါနေသော ရော်ရွက်ဝါများကို အနီးကပ် ရိုက်ပြသည်။ နွေလေ သယ်ဆောင်ရာ လိုက်ပါလွင့်မြောနေသော သစ်ရွက်ဝါကြွေများထံမှ ငိုညည်းသံလိုလို၊ ရှိုက်ငင်တုန်ရီနေသလိုလို။ စန္ဒယားဆရာလေး ရောက်လာသည်။ ချစ်သူ ကျကျန်ရစ်ခဲ့သော ခြေရာ၊ လက်ရာ သက်သေခံ ပစ္စည်းကလေးများကို ရိုက်ပြသည်။ ပရိသတ်ထံမှ သက်ပြင်းလား၊ ကြိတ်၍ ရှိုက်သံတွေလား။ သဲ့သဲ့ သဲ့သဲ့နှင့် …။
မိဘတွေပေးစားမည့် သူဌေးသားကို ယူရတော့မည်။ မင်္ဂလာ အခန်းအနားကိစ္စကို စီစဉ်ကြသည်။ ဧည့်ခံပွဲတွင် တေးဂီတဝိုင်း ငှားရန်ကိစ္စကို ရောက်လာသည်။ သတို့သမီးလောင်းက တောင်းဆိုမှုတခုကို ပြုသည်။ ကတိမတည်သော ချစ်သူဟောင်း စန္ဒယားဆရာ၏ တီးဝိုင်းကို ငှားပေးပါ။ သူ ချစ်သူဟောင်း စန္ဒယားဆရာကိုယ်တိုင် စန္ဒယားတီးပြီး ဧည့်ခံပါစေ။ ဒါဟာ ကျမနဲ့ စန္ဒယားဆရာကြားမှာ ဘာမျှ အပေးအယူ မရှိတော့တဲ့အကြောင်းကို ကျမ လက်ထပ်မယ့်သူ သိစေ၊ မြင်စေချင်လို့ပါ။ အားလုံးက စိတ်မသက်မသာနှင့် တောင်းဆိုမှုကို လက်ခံလိုက်ကြသည်။
မင်္ဂလာ အခမ်းအနားကား စလေပြီ …..
“နှစ်ကိုယ်တူ ချစ်သမျှရယ် …. အလိုတူ ရှစ်ဆကဲ ”
သတို့သမီးဖြစ်စေချင်သည့်အတိုင်း ကျင်းပသည့်မင်္ဂလာပွဲ။ သီချင်းဆိုသူက ဆေးရုံတွင် သေဆုံးခဲ့ရသော မိခင်၏သမီး၊ စန္ဒယားဆရာ၏ တပည့်မ၊ ပူပူနွေးနွေး ဇနီးသည်။ စန္ဒယားဆရာက စန္ဒယားကိုသာ ခေါင်းငုံ့တီးခတ်နေပါသည်။ အခမ်းအနားကို မကြည့်။ သီဆိုနေသူကလေးခမျာ “နှစ်ကိုယ်တူ ချစ်သမျှကို” မင်္ဂလာသီချင်းကို ဆိုနေရင်းက ကြိတ်ပြီး ရှိုက်နေသည်။ ဒါကို သတို့သမီးက မြင်သည်။ ထူးဆန်းလွန်းနေကာ သိလိုသဖြင့် တေးဂီတဝိုင်းမှ အဖွဲ့ဝင်တဦးကို ချဉ်းကပ် မေးမြန်းသည်။ စန္ဒယားဆရာ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူကို မေးမြန်းခြင်းဖြစ်သည်။ အကြောင်းစုံကို သိရပါပြီ။ ဖြစ်မှဖြစ်ရလေ “မောင်” ရယ်။
ကုန်ဆုံးသွားသော နှစ်ကာလများကို မိုးစက်၊ ပိတောက်ပန်း၊ တစစကြီးပြင်းလာသော ကလေး၏ ပုံရိပ်များဖြင့် ရိုက်ပြသည်။ စန္ဒယားဆရာ၏ ဇနီးသည် တပည့်မကလေးမှာ ကလေးကို မီးဖွားရင်း သေဆုံးသွားခဲ့သည်။ သားကလေးကို ကြီးပြင်းလာအောင်မွေးမြူရင်း စန္ဒယားဆရာကား ယစ်ထုပ်ကြီး ဖြစ်၍နေပြီ။ ဧည့်ခံပွဲ၊ အိပ်ပျော်နေသော သား၊ ရေနွေး ခရားအိုးထဲမှ အရက်၊ အကြမ်းပန်းကန်ထဲသို့ အရက်ငှဲ့ကာ စန္ဒယားတီးရင်း ပက်နေသော …. အသည်းကွဲ မုဆိုးဖို စန္ဒားယားဆရာ …။
သူဌေးသမီးနေရာတွင် ရုပ်ရှင်နယ်သို့ တဖန်ပြန်လည်ဝင်ရောက်လာသူ မမနု (ခင်သန်းနု) က သရုပ်ဆောင်သည်။ သူမကား သူသရုပ်ဆောင်ရမည့် ရင်ထဲက ခံစားမှုများကို မျက်လုံးနှင့် စကားပြောတတ်၊ သရုပ်ဆောင်တတ်သည့် မင်းသမီးဖြစ်သည်။ ငယ်စဉ်က ပြည်ထောင်စုမယ် ဆုကိုရရှိခဲ့သူလည်း ဖြစ်သည်။ စန္ဒယားဆရာနေရာတွင် မင်းသား ကိုနေအောင်က သရုပ်ဆောင်သည်။ ရုပ်ရှင်နယ်သို့ မဝင်ရောက်ခင် ကိုယ်ပိုင်အငှားကား မောင်းခဲ့သူဖြစ်သည်။ ရုပ်ရှင်နယ်သို့ အဝင်နောက်ကျခဲ့သော်လည်း ဘဝရှိခဲ့သော ကိုနေအောင်၏ သရုပ်ဆောင်မှုများမှာ လက်ဖြားခါလောက်အောင် ကောင်းပါသည်။
“ဘာဗျ ကလေးတွေ ပျော်ပါစေ ဟုတ်လား။ ခင်ဗျားတို့ လူတန်းစားတွေ ပျော်ပါးဖို့ ကျုပ်သားကို အသုံးချချင်ရင် အသုံးချချင်တယ်လို့ ပြောပါဗျာ … ဟား … ဟား …ဟား … သွားတော့ … ခင်ဗျားသွားတော့ …. ပြန်ပါတော့ဗျာ … ဟား … ဟား … ဟား”
မမနု၏ သမီး မေသန်းနုနှင့် ကိုနေအောင်၏သား ဇင်ဝိုင်းတို့မှာ သူငယ်ချင်းတွေ ဖြစ်ကြသည်။ မန္တလေး သင်္ကြန်တွင် သူတို့အဖွဲ့ သင်္ကြန်ကားထွက်ကြမည်။ မေသန်းနုတို့က ကမည်။ ဇင်ဝိုင်းက ကီးဘုတ် တီးမည်။ ဒါကို ကိုနေအောင်က ခွင့်မပြု။ မမနုက ကလေးတွေအတွက် လာပြောရှာသည်။ ကိုနေအောင်က အထက်ဖော်ပြပါအတိုင်း မမနုကို ဟားတိုက်လွှတ်လိုက်သည်။
မန္တလေး သင်္ကြန်ကား အစဉ်အလာကြီးလွန်းလှသည်။ ဆရာကြီး မြို့မငြိမ်း၏ မြို့မ တေးဂီတအဖွဲ့နှင့် မန္တလေး သင်္ကြန်၊ ငွေငန်း၊ အလှပြ ရေသဘင်ကား၊ မန္တလေးတောင်၊ ကျုံးပတ်လည်၊ ဈေးချိုက မမအပျိုများ။ သင်္ကြန်တိုင်း မပျက်ကွက်အောင် သွားရောက်ဂုဏ်ပြု သင်္ကြန်ရေကစားကာ သီချင်းများဖြင့် မန္တလေးလူထုကို ဧည့်ခံခဲ့သူ … ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ စန္ဒာမဂ္ဂဇင်း ထုတ်ဝေသူ ကိုဝင်းဦး (ကွယ်လွန်သူ) တို့သည်ကား မန္တလေး သင်္ကြန်နှင့် ခွဲမရ။ တထပ်တည်း။ တသားတည်း။ သမိုင်းဝင် မန္တလေးသင်္ကြန် ပုံရိပ်များ ….။
သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားတွင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ တူတော်သူ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း၊ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ ပင်တိုင်တေးရေး ဆရာ၊ ကြိုးကြာသံ၊ ပန်းချစ်သူ သီချင်းတို့များ၏ ဥယျာဉ်မှူးဖခင် ကိုမောင်မောင် (ယခု ကွယ်လွန်)က တေးဂီတမှူး …။ ဒါရိုက်တာက ရုပ်ရှင်မင်းသားကြီး ကိုဇော်ဝမ်း (သူက သင်္ကြန်မိုးတွင် ဧည့်သည် သရုပ်ဆောင်၊ ယခု ကွယ်လွန်) ၏ အကိုဖြစ်သူ မောင်တင်ဦး …. ။
ဖော်ပြညွှန်းဆိုချင်သည်မှာ သင်္ကြန်မိုးသည် မြန်မာ့ရနံ့၊ ယဉ်ကျေးမှုတို့ ထုံမွမ်းနေသည်။ တေးဂီတပိုင်းကလည်း အပိုအလို မရှိ။ ဇာတ်ကားကို အကောင်းဆုံးပံ့ပိုးကာ ဇာတ်ကား၏ ဝိဉာဉ်လို ဖြစ်နေသည်။ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာပိုင်း၊ ဇာတ်ညွှန်းပိုင်း၊ အဝတ်အစား ဒီဇိုင်းပိုင်း၊ ကင်မရာမင်းအပိုင်းတို့မှာလည်း အပိုအလိုမရှိ ကောင်းလွန်းလှသည်။ ပန်းချီဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးဝင်းဖေ (တခါက အာဖက်အေ မှ ဦးဇော်ဝိတ်)က ရုပ်ရှင်နှင့်ပတ်သက်လို့ သူ့အမြင်ကို ပြောရာမှာ “ရုပ်ရှင်သည် အပြော အဓိကမဟုတ် အပြသာ အဓိက ဖြစ်သည်” ဟု။ ကျနော်တို့ကား သူ့ရုပ်ရှင်ကားများဖြင့် ရုပ်ရှင်ကြည့်တတ်လာသည်ဟု ဆိုချင်သည်။ သူ ဒါရိုက်တာလုပ် ရိုက်ကူးခဲ့သော “မဟူရာ၊ ပန်းစကား၊ နှင်းဆီနီအိပ်မက်၊ သံမဏိလိပ်ပြာ” တို့ကို ခုထိ စွဲလန်း အမှတ်ရနေတုန်း …။
သူ့သူငယ်ချင်း မိတ်ဆွေများဖြစ်ကြသော ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာကြီး ဆရာမြတ်လေး၊ ဒါရိုက်တာ၊ အာခိတက်ချား အင်ဂျင်နီယာကျောင်းဆရာ၊ ပန်းချီဆရာ ကြီး ဦးခင်မောင်ရင်၏ “နှမလက်လျှော့ နေလေတော့” ရုပ်ရှင်ကားကြီးများကို လွမ်းမော အမှတ်ရနေမိပါသည်။
ခုတော့ ကလေးတွေပြောလို့ ဗမာကားတွေ ကြည့်ဖြစ်သည်။ ဗွီဒီယိုကားတွေက များသည်။ အက်ရှင် (အမူအယာ) တွေက အလွန်အကျွန် ဖြစ်လွန်းလှသည်။ ရဲဘော်ကြီးတယောက်၏သားဖြစ်သူ (နယ်စပ်တွင် မွေးဖွားသူ) ကလေးက “ ဟာ ငိုပြန်ပြီ” ဆိုပြီး ဗမာကားများကို ကဲ့ရဲ့သည်။ သူ ကဲ့ရဲ့သည်မှာ မမှား။ မှန်နေသည်။ မင်းသမီးတင်မက မင်းသားကလည်း ဇာတ်ကားစသည်နှင့် ငိုနေသည်မှာ ဇာတ်ကားဆုံးသည်အထိ။ အော် ဖြစ်မှဖြစ်ရလေ။ ရုပ်ရှင်ကားကြီးများမှာလည်း များများစားစား ပေါ်ထွက်မလာတော့။ ဖလင်ကို နိုင်ငံခြားမှ တင်သွင်းနေရသည်ဟုဆိုကာ စစ်အုပ်စုအစိုးရ ဘုန်းတော်ဘွဲ့ ပေါ်လစီကားများကိုသာ ဦးစားပေး ဖလင်ချပေးသည်။ အကယ်ဒမီဆိုသည်မှာ ပေါ်လစီကားရိုက်မည့်သူများသာ သေချာပေါက်ရသည်။
ငယ်ငယ်က ရုပ်ရှင်ကြည့်ဖက် အမဖြစ်သူ၏မှတ်ချက်ကို ခုထိအမှတ်ရနေသည်။ ဗိုလ်နေဝင်း၏ မဆလ ခေတ်တွင် ဖြစ်သည်။ သရုပ်ဆောင်ကောင်းသော “ကျေးဂျူး ကမ္ဘာ” ဇာတ်ကားမှ သရုပ်ဆောင်မင်းသား ဇော်လင်းကို အကယ်ဒမီ မပေးသည့် ကိစ္စဖြစ်သည်။ ဘာဖြစ်လို့ ဇော်လင်းကို အကယ်ဒမီ မပေးတာလဲဟု ကျနော်ကမေးရာ အမက …
“ဟဲ့ ဇော်လင်းက သူပုန် (တော်လှန်ရေးသမား) အဖြစ် သရုပ်ဆောင်တာကိုး ဘယ်ပေးမလဲ”
“ဟာ အမကလဲ … ဒါဆို နော်ကူးမ ဇာတ်ကားမှာ အောင်လွင်ကြီးလဲ သူပုန်ဗိုလ်ပဲဟာ ဘာလို့ သူ့ကျတော့ အကယ်ဒမီရခဲ့လဲ”
အမဖြစ်သူ ပြန်ဖြေလိုက်သည်မှာ …..
“ဟဲ့ အောင်လွင်ကြီးက သူပုန်ဗိုလ်ဆိုပေမယ့် လက်နက်ချခဲ့တယ်လေ၊ နော်ကူးမ ဇာတ်ကားမှာ၊ ဒါကြောင့် အကယ်ဒမီပေးတာ ဖြစ်မှာပေါ့”
ဝူး …. မောပါတယ်လေ။ လိုက်မမီတော့ဘူး။ ကိုနေအောင် ရယ်သလိုသာ ရယ်လိုက်ချင်ပါတော့တယ်။
ကိုရီးယား ရုပ်ရှင်ဇာတ်ကားများက ဂလိုဘယ်ဖြစ်နေပါပြီ။ အနုပညာအရလည်း အားကောင်းသည်။ ကြည့်မိလျှင် မထချင်တော့ စွဲသွားသည်။ သေချာ ကြည့်ကြည့်တော့ သူတို့၏ ရုပ်ရှင်ကားထဲမှ သရုပ်ဆောင် များသည်။ အပြင်တွင် တွေ့နေကျ လူသားများနှယ် ဖြစ်နေသည်။ တကယ့် ဘဝတွေထဲက လူကို ရိုက်ပြနိုင်ခြင်းကြောင့်ဖြစ်သည်ဟု ထင်သည်။ အိမ်နီးခြင်း ထိုင်းနိုင်ငံကလည်း မခေပါ။ သူတို့ရုပ်ရှင်သည် အတော့်ကို အဆင့်မြင့်နေပါပြီ။ အနုပညာအရရော၊ စက်ပစ္စည်းပိုင်းအရရော တိုးတက်နေပါပြီ …။
သင်္ကြန်ရောက်တော့မည်။ “သင်္ကြန်နွေဦး တူးပို့ … တူးပို့ … တူးပို့ … တူးပို့ဗျာ” မြနန္ဒာ နေညိုသန်းချိန် … နွေဦး ကဗျာ ….. သင်္ကြန်မိုး …. ခေတ်သည် အဘယ်မည်သော လူတန်းစားအတွက် သင်္ကြန်ကို ကြိုဆိုနေပါသနည်း …..။ ။
ညွှန်းဆက်
၂၀၁၁။
ကမာပုလဲ ရဲ့ ကလောင်ခွဲတခုပါ။
No comments:
Post a Comment