မျက်နှာပိုး မသေတဲ့ အဖွဲ့
ဆားမလောက်ကို တိုက်ပြီးပြန်တော့ အဖိုးတို့ လမ်းက ရွာတရွာမှာ ခဏ ဝင်နားကြတယ်။ ကရင်ရွာပဲ။ သဘောကောင်းတယ်။ ရွာသားတွေက အဖိုးတို့အဖွဲ့ကို ခေါ်လည်ကြတယ်။ အိမ်ပေါ် ခေါ်တက်တာပေါ့။ အဖိုးတို့က အိမ်ပေါ် မတက်ဘူး။ ရွှံ့တွေနဲ့ဆိုတော့ မတက်ချင်ဘူး။ အားနာတယ်။ သစ်ပင်အောက်မှာပဲ အိပ်နေကြတယ်။
သစ်ပင်အောက်မှာက အေးလည်းအေးတယ်။ တို့အဖွဲ့ တော်တော်အိပ်တယ်။ ပင်ပန်းထားတာကိုး။ တစ်ချက်တီး နှစ်ချက်တီးလောက် ကြာသွားတယ်။
နောက် တချို့ကောင်တွေ နိုးလာတယ်။ သူတို့ပြောတာ အဖိုး ကြားတယ်။
“တပ်စုမှူးကလည်း မထသေးဘူး။ ရေချိုးချင်လာပြီ” တဲ့။
အဖိုးကြားတော့ “အေး ဟုတ်သားပဲ” ဆိုပြီး အိပ်ယာကထ ရေချိုးပေါ့။
ချောင်းထဲမှာ ရေချိုး၊ အဝတ်အစားလဲတယ်။
အဖိုးတို့အဖွဲ့ကလည်း ‘တဟဲဟဲ’ နဲ့ ခပ်ပျော်ပျော်ပဲ။ အိမ်ရှင်တွေက အဖိုးတို့ကို အိမ်ပေါ်တက်ဖို့ ခေါ်တယ်။ အဖိုးတို့အိပ်တဲ့အိမ်နားက လင်မယားနှစ်ယောက်က အသက် ၄ဝ၊ ၅ဝ အရွယ်ပေါ့။ အဖိုးတို့အဖွဲ့ ချောင်းပြီးတော့ ကြည့်တယ်။
တို့တပ်စုက သူများ တပ်စုနဲ့ မတူဘူး။ မျက်နှာပိုး တယောက်မှမသေဘူး။ အဖိုးက အစ ပြုံးပြုံး ပြုံးပြုံးနဲ့ နေတာကိုး။ နောက်တော့ အိမ်ရှင်အမျိုးသမီးက …
“နင်တို့အဖွဲ့ ဗိုလ်က ဘယ်သူလဲ” တဲ့။
“ဗိုလ်ဟာ သူပဲ”
“နာမည် ဘယ်လိုခေါ်လဲ”
“ဗိုလ်ကျော်သောင်းလေ”
“အော် ဗိုလ်ကျော်သောင်းဆိုတာ သူလား။ အသက်ငယ်ငယ်ပဲ ရှိသေးတယ်”
နောက်တော့ သူတို့ပြောတယ်။
“အဲဒီ ဗိုလ်နာမည်ကို ကြားဘူးတာ ကြာပြီ။ အခုမှပဲ တွေ့ဖူးတယ်။ လက်စသတ်တော့ အသက်ငယ်ငယ်ပဲ ရှိသေးတာပဲ”
အဲဒီတုန်း အဖိုးအသက်က ၂၇ နှစ်လောက်ပဲ ရှိဦးမယ်။
ခပ်ယုံယုံ
နောက်တခါ ကျောင်းကုန်းကို သွားတိုက်ရမယ်။
တပ်မဟာမှူးက စစ်ကူခေါ်တာကိုး။ အဖိုးက မသိဘူး။
တပ်ရင်းမှူးက တပ်ခွဲမှူးဗိုလ်ကြီးစလွယ်ကို အကြောင်းကြား ခေါ်လိုက်တာ။
“မင်းတပ်စုထဲက အကောင်းဆုံးတစုလောက် လွှတ်ပေးတဲ့။ အဲဒီတော့ မင်းတို့ တပ်စုပဲသွား” အဖိုး စိတ်ထဲက ခပ်လေးလေးပဲ။ ဗိုလ်ဆာကူးက အဖိုးကိုပြောတယ်။
“ဟေ့ ကျော်သောင်း တို့တိုက်တာ သူများမတိုက်ချင်တဲ့ အခက်အခဲရှိတဲ့ အနေအထားတွေမှာ တိုက်ရပြီး၊ ထိခိုက်ဒဏ်ရာရတယ်။ တချို့က သေ။ မင်းလည်း ကြည့်လုပ်ပါဦးကွာ”
သူကလည်း သခင်ခေတ်တုန်းက သခင်ဖမ်းတာ အခေါက်ခေါက်အခါခါ သေချင်ဟန်ဆောင်လို့ အသက်ရှင်တာ။
သူက “အနောက်ဘက်ကိုသွားရင် သွားလမ်း ရှိတယ်။ ပြန်လမ်း မရှိဘူးလို့ ပြောတယ်ကွ”
အဖိုးက “ဘယ်တတ်နိုင်မှာလဲကွ။ သေရင်သေပေါ့။ သေရမှာတော့ ငါ မကြောက်ဘူး။ ငါ့မိန်းမနဲ့ ကလေးတွေ ကျန်ရစ်ခဲ့တာတော့ ငါ အောက်မေ့တယ်”
ဒါပေမယ့် အဖိုးတို့ သွားကြတယ်။ ညောင်တုန်းကနေ ကျောင်းကုန်းကိုဆိုတော့ တော်တော်ဝေးဝေး သွားရတယ်။ သွားတာပဲ။ အဲဒီရွာမှာ အသက် ၅ဝ၊ ၆ဝ အရွယ် ဗေဒင်ဆရာတယောက် တွေ့တယ်။ အဖိုးစိတ်ထဲမှာ ဒီဆရာဆီ သွားဦးမှပဲဆိုပြီး တက်သွားတယ်။
အဖိုးက …
“ဆရာကြီးဆီမှာ ကျနော် ခဏတက်ချင်တယ်။ စကားပြောချင်လို့”
သူက လာခဲ့ဆိုတော့ အဖိုးတက်သွားပြီးတော့ ပုဆစ်တုတ်ပြီး ထိုင်လိုက်တယ်။
သူက …
“ဟာ တင်ပလင်ခွေထိုင်လည်း ရပါတယ်ကွာ” တဲ့။
နောက် သူက မေးတယ်။ မင်းတို့ဘယ်သွားမလဲတဲ့။
“အနောက်ဘက်ကို သွားရမယ် ဆရာကြီး။ ဘယ်နေရာမှန်းတော့ မသိဘူး။ အဲဒါ ကျနော့်ကို ဗေဒင်တွက်ပေးပါလား”
သူက ဗေဒင်ဆရာ ဗိန္ဒောဆရာ …
“အေး ရတာပေါ့ကွာ” တဲ့။ ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ ယူတယ်။
“မင်း ဘယ်နှစ်ခုဖွားလဲ”
“ ၈၅ ခု”
“ဘာလ မွေးလဲ”
“ပြာသိုလဆုတ် ၁ ရက်”
“ဘာနေ့သားလဲ”
“တနင်္လာသား”
အဲဒါနဲ့ သူတွက်တာပဲ။
တွက်လိုက်ပြီး သူ အဖိုးကို စိုက်ကြည့်နေတယ်။
နောက်တော့ သူက …
“အေး ငါကလည်း မင်းကို ဟန်ဆောင်ပြီး မပြောတတ်ဘူး။ ဗေဒင်မှာပေါ်တဲ့အတိုင်း ငါပြောမှာ”
“ပြောလေ ဆရာ။ သေရင်လည်း သေတယ်။ ရှင်ရင်လည်း ရှင်တယ်။ ဗေဒင်မှာပေါ်တဲ့အတိုင်းသာပြော ဆရာ”
“အေးကွ သွားလမ်းသာ ရှိတယ်။ ပြန်လမ်း မရှိဘူးကွ”
အဲဒီလို သူက ပြောတာ။ ဟိုတုန်းက အဖိုးတွက်ခဲ့တာလည်း အခုအတိုင်းပဲ။
ဒါပေမယ့် သူက …
“မပူနဲ့။ ဟိုးမှာ လက်ပံပင်ရှိတယ်” သူ့အိမ်နားမှာ လက်ပံပင်ရှိတာကိုး။
“အဲဒီလက်ပံသားကို မင်းလက်ခလယ်နဲ့ လက်တဆစ်တိုင်းပြီး ဆောင်သွား မင်းဘာမှမဖြစ်ဘူး။ ထိခိုက်ဒဏ်ရာရတာတော့ ရှိမယ်။ မင်း မဟုတ်ဘူး” တဲ့။
“ဟုတ်လား ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ” ပြောပြီး သူပြောတဲ့အတိုင်း အဖိုးလုပ်တာပေါ့။
ညနေစောင်းတော့ တို့ အဲဒီရွာက စထွက်ပြီး။ သူ့ကို အဖိုး ကန်တော့တယ်။
“ဆရာ ကျနော်တို့ကို သွားခွင့်ပြုပါဦး” လို့။ အဲဒါနဲ့ သူက ဆုတောင်းပေးတယ်။
“မင်းတို့ ဘေးရန်ခပ်သိမ်း ကင်းဝေးပါစေ။ တိုက်ပွဲတိုင်းလည်း အောင်မြင်ပါစေ”တဲ့။
ဗေဒင်ဆရာက ဗမာ။
ကျောင်းကုန်းတိုက်ရမှာဆိုတော့ ရွာသာကုန်းက သွားအိပ်ရမှာ။ အဲဒီရွာက ပိုးကရင်ရွာကြီး။ သိပ်သန့်တယ်။ သူတို့အိမ်တွေက ဝါးဘိုးအိမ်၊ သစ်အိမ်တွေ၊ တိုက်ထားတာ တောက်ပြောင်နေတာပဲ။ အဖိုးတို့ကို အိမ်တအိမ်က လာခေါ်တယ်။ သူ့အိမ်မှာ လာအိပ်ပါတဲ့။ အဖိုးနေတဲ့အိမ်က သိပ်တော့မကျယ်ဘူး။ မိသားစုက သားအမိ သားအဖ ၃ ယောက်ပဲရှိတယ်။ ဝါးဘိုးခြမ်းကလည်း တိုက်ထားတာ ပြောင်လက်နေတာပဲ။
“ကျနော် ဒီမှာပဲ နေမယ်ဗျာ။ ဘယ်လိုမှ သဘောမထားနဲ့။ ကျနော့်ကို နားလည်ပေးပါဗျာ။ ကျနော် ဝါးဘိုးခြမ်းပေါ်မှာ သိပ်အိပ်ချင်တာ”
အဖိုးလူတွေကိုတော့ လာခေါ်တဲ့အိမ်မှာ သွားနေခိုင်းလိုက်တယ်။ သူတို့ထမင်းဟင်းတွေ ချက်ကျွေးတယ်။ ဘယ်မှာနေလဲ။ ဘယ်တပ်ရင်းလဲ မေးတာပေါ့။ ရင်းနှီးသွားတယ်။
“တို့ကတော့ မင်းတို့ကို တူလိုသားလို သဘောထားတယ်” တဲ့။
“ကျနော်ကလည်း ဦးတွေ၊ အဒေါ်တွေ အဖေအမေတွေလိုပဲ သဘောထားတယ်” လို့ ပြောတာပေါ့။ သူတို့အရွယ်တွေက အဖိုးရဲ့ အဖေ အမေ အရွယ်တွေကိုး။
အိမ်ရှင်တွေက မေးတယ်။
“အခု မင်းတို့ ဘယ်ဆက်သွားရမှာလဲ”
“ဒါတော့ ကျနော် မသိဘူး။ ဘယ်သွားရမယ်ဆိုတာ ကျနော်တို့ကို မပြောဘူး။ သွားဆိုသွား၊ လာဆိုလာပဲ”
“မင်းတို့ သွားရဦးမယ်။ အိပ်ကြတော့”
အိပ်ရင်းနဲ့ အဖိုး စဉ်းစားတယ်။ ဗေဒင်ဆရာ ငါ့ကို ယတြာချေပေးတာ လက်ပံသားတဆစ်နဲ့ ဟုတ်ပါ့မလား။ ငါ့မိန်းမနဲ့ ငါ့ကလေးကို သတိရလိုက်တာ။ ဟာ … မဖြစ်သေးဘူးလေ။ ငါ့လိုပဲ ကျန်တဲ့လူတွေလည်း ကလေး၊ မယားတွေ သတိရနေရင် ဘယ်လိုလုပ်မလဲ။ သွား … စိတ်ထဲက ထုတ်ပစ်လိုက်တယ်။ အဲဒါနဲ့ အဖိုး အိပ်တယ်။ ၄ နာရီထိုးလောက်ကျတော့ လာခေါ်နိုးတာပဲ။
“ထ ပြင်ကြ သွားတော့မယ်” တဲ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment