လောကဟူသည် ဆန့်ကျင်ဘက်အရာများဖြင့် ဖွဲ့တည်ထားသည်ဆိုသော ဝေါဟာရကို တစုံတယောက်က စတင် ပြောဆိုခဲ့ပေလိမ့်မည်။ သို့သော်လည်း ထိုသူ မပြောမီကပင် တည်ရှိခြင်းက ရှိနှင့်ပြီးဖြစ်ပါလိမ့်မည်။ ကျနော် မမွေးဖွားမီကပင်ရှိနှင့်သော ယင်းနိယာမက ကျနော့်ဘဝကိုပါ သက်ရောက်စေခဲ့ပါသည်။
မြို့တော်ကြီးတစ်ခုတွင် မွေးဖွားခဲ့ပြီးနောက် တောရွာကလေးများတွင် ကြီးပြင်းခဲ့ရသည့် ကျနော်သည် ယနေ့အချိန်ထိ တောသားလား မြို့သားလား ကိုယ့်ကိုယ်ကို ခွဲခြားမသိခဲ့ပေ။ တောသား မြို့သား ဘယ်ဟာမျှ မသေချာသော်လည်း နိုင်ငံသားတစ်ယောက်တော့ ဖြစ်ရပေလိမ့်မည်ဟု ဆိုနိုင်ပါသည်ဟု အချို့က ကောက်ချက်ပေးကောင်းပေးပေလိမ့်မည်။ သို့သော်လည်း ကျနော်ကား မည်ကာမတ္တမျှပင်။
ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသဖြစ်သော တောမှာလည်း မရှိ၊ မြို့မှာလည်း မရှိ၊ ကိုယ့်နိုင်ငံမှာလည်း မရှိသော ကျနော့်အဖို့ အလွမ်းတွေသာ ရှိနှင့်ပေသည်။
အလွမ်းကား စုံလှ၏။
အညာက သင်းသင်းကလေး မွှေးကြူသည့် တမာနံ့ကလေးတွေကို လွမ်းသည်။
မလှော်တတ် လှော်တတ် တစ်ကိုယ်တည်းလှော်သဖြင့် ပတ်ချာလည်နေသည့် လှေတစ်စင်းနှင့် လူငယ်ငယ်ကလေးကို ကြည်ဖြူခဲ့သော မြစ်ဝကျွန်းပေါ်က ချောင်းငယ်ကလေးကို လွမ်းသည်။
နေကြာရိုင်းများ စီတန်းပေါက်နေသည့် အကွေ့အကောက် အတက်အဆင်း များပြားလှသည့် ရှမ်းမြေမြင့်က လမ်းကြမ်းကြမ်းကလေးများကို လွမ်းသည်။
နေ့ဘက်တွင် မီးလင်း၍ ညဘက်တွင် ပိန်းပိတ်အောင် မှောင်နေသည့် မြို့ပြက ဓာတ်မီးတိုင်ကလေးများကို လွမ်းသည်။
တံခါးခေါက်သံများကို နားစွင့်ရင်း နိုးတစ်ဝက် ပျော်တစ်ဝက် အိပ်ခဲ့ရသော ညကလေးများကို လွမ်းသည်။
ရင်ခုန်စရာ၊ ကြည်နူးစရာ၊ စိုးရိမ်စရာ၊ ပျော်ရွှင်စရာ၊ ငိုကြွေးစရာ အားလုံးက ခုတော့ လွမ်းမောစရာပါပေ။
ဥသျှစ်သီး၏ စေးကပ်ကပ်အရသာကို မြည်းစမ်းရင်း သို့တည်းမဟုတ် မမှည့်တမှည့် မန်ကျည်းသီးများကို ဆားဖြင့် တို့စားရင်း မြေတလင်းဝယ် စပါးနယ်ခဲ့စဉ် ခံစားခဲ့ရသည့် နေအပူရှိန်ကား ဘဝတလျှောက် အပူပြင်းဆုံးဖြစ်လိမ့်မည်ဟု ထင်မှတ်မှားခဲ့သည်။
ဘဝကျောင်းကြီးသည် ထိုထက်ပြင်းပြသော အပူတို့ကို ကျနော်တို့အား မြည်းစမ်းစေခဲ့သည်။ ပြီးတော့ ကျနော်တို့ ရင်ထဲသို့ အပူတွေတသီကြီး လောင်းချခဲ့သည်။
မည်မျှပူခဲ့သည်ကို မတွက်ဆမိသော်လည်း လောင်ကျွမ်းမှုများက ကျနော်တို့အား နှိပ်စက်ပြီးခဲ့လေပြီ။ ကျနော်က ထိုအပူများကြားမှနေ၍ ငယ်ငယ်က အပူပျော့ပျော့ကို ပြန်လည်တမ်းတနေမိသည်။
စပါးရိတ်သိမ်းခြွေလှေ့ပြီး၍ မြေပဲပေါ်ချိန်သည် ကျနော်တို့ ရွာတွင် သင်္ကြန်ကျချိန်ဖြစ်သည်။ ဤအမှတ်သင်္ကေတက တခြား အရပ်ဒေသ တခြား ပြက္ခဒိန်များနှင့် တူချင်မှ တူပါလိမ့်မည်။ ကျနော်တို့ရွာတွင် အလှပြကား မရှိ၊ ရေပက်မဏ္ဍပ် မရှိပါ။ မျက်နှာတွင် ပေါင်ဒါတွေ အဖွေးသားလိမ်းရင်း ရွာလမ်းတလျှောက် လှည်းမောင်းထွက်တတ်သော ဖိုးထောင်တို့ တသိုက်၊ ရံဖန်ရံခါ မြို့မှရောက်လာတတ်သည့် ကျောင်းဆရာလေး ကိုကျော်၏ ညီဝမ်းကွဲတချို့မှလွဲ၍ ရွာ၏ မူလအနေအထားအတိုင်းသာပင်။
သို့သော်လည်း ကျနော်တို့ရွာတွင် ရင်ခုန်ဖွယ်ဖြစ်သည့် သင်္ကြန်ရှိနေကြောင်း တော်ရုံလူက မသိကြပါ။ ထိုသင်္ကြန်ကို နှစ်တိုင်းဦးဆောင်သူက ရွာတောင်ပိုင်းက မကျင်ဖြစ်သည်။ သူက ရွာရှိ အိမ်ထောင်သည်အမျိုးသမီးအချို့ကို ဦးဆောင်သည်။
သူတို့က ရေပက်မဏ္ဍပ် မထိုးပါ။ သို့သော်လည်း သက်တမ်းကြီးရင့်လှပြီဖြစ်သော ကုက္ကိုပင်ကြီးများက သူတို့၏ မဏ္ဍပ်လည်းဟုတ်၊ ကတုတ်ကျင်းလည်းဟုတ်၊ စစ်မျက်နှာလည်း ဟုတ်သည်။ ရွာထဲက လူပျိုပေါက်များက သူတို့ကို ကြောက်သည်။ ဝေးဝေးက ရှောင်သည်။ သို့သော်လည်း မကျင်တို့၏ ကျွမ်းကျင်လှသည့် ပြောက်ကျားစစ်ဆင်ရေးကို တော်ရုံဖြင့် မလွတ်နိုင်ကြပါ။
သူတို့ ဖမ်းမိသည့် လူပျိုယောက်ျားလေးများသည် တဒင်္ဂအတွင်းမှာပင် ဘဝပေါင်းများစွာပြောင်းသွားနိုင်ပေသည်။ စည်းချက်မညီမညာ လက်ခုပ်တီးရင်း တစ်ယောက်တစ်ပေါက်သီဆိုနေကြသည့် တေးသွားများအတိုင်း က ရမည်၊ ကြိုးတုပ်ခံရမည်၊ အိုးမည်းခွေ ခံရမည်ပေါ့။ အကယ်၍ သူတို့ အမျိုးသမီးအုပ်စုထဲမှ တစ်ယောက်ယောက်ကို ယောက်ျားလေးများက ဖမ်းမိခဲ့လျှင်လည်း ထိုနည်းနှင်နှင်ပင်။ သူတို့သည် လူ့အခွင့်အရေး ဆိုသည်ကို မသိ၊ အမျိုးသား အမျိုးသမီးအခွင့်အရေးဆိုသည်တို့ကို မသိပါ။ သို့သော် စိတ်မဆိုးတတ်ကြပါ။
ပျော်ရွှင်မြူးထူးခြင်း၏ တစ်ဖက်တွင် အေးမြငြိမ်းချမ်းသော မြင်ကွင်းများလည်း ရှိပါသည်။ အချို့မိန်းမပျိုကလေးများက ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဥပုသ်သီတင်းဆောက်တည်ကြသည်။ အချို့သော ယောက်ျားပျိုများကလည်း ဆွမ်းအုပ်ပို့ရင်း သမာဓိပိုး ပိုးကြသည်။ အချို့သော ယောက်ျားပျိုများကမူ ဥပုသ်သည် မိန်းကလေးအချို့ကို ရေလောင်းခွင့်ရအောင် ကြံကြံဖန်ဖန် ကြိုးပမ်းကြသည်။
ထိုကာလ၊ ထိုအချိန်များသည် မိုးအုံ့ချင် အုံ့မည်၊ နေသာချင် သာမည်၊ ပိတောက်ပွင့်လျှင် ပွင့်မည်။ အလေ့အထကတော့ ရုတ်ချည်း ပြောင်းလဲခြင်း မရှိပါ။ ထို့အတူ ရွာ၏ လူနေမှုအခင်းအကျင်းကလည်း လွန်ခဲ့သော ဆယ်စုနှစ်များနှင့် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် မပြောင်းလဲခဲ့ပါ။
ကျနော်သည် ဝါးလုံး ခပ်သေးသေးကလေးများကို ရေပြွတ်ဖြစ်အောင် လုပ်ပေးတတ်သော အစ်ကိုတို့ကို ကျောခိုင်း၍ မော်တာဖြင့်စုပ်ကာ ပိုက်ဖြင့် ရေဖြန်းပက်သည့် သင်္ကြန်များရှိရာ အရပ်ဒေသများဆီ ထွက်ခွာခဲ့သည်။ လသာသော ညများကို ကျောခိုင်းခဲ့သည်။ ပြီးတော့ မြို့ပြများ၏ ဘာသာစကားကို လေ့လာရင်း ဘဝသင်ခန်းစာများကို ရွတ်ဖတ်ခဲ့သည်။ သိခြင်း၊ မသိခြင်းများ ရောထွေးနေသည့် ဝန်းကျင်များကို မသိခြင်းများဖြင့် ဖြတ်သန်းခဲ့သည်။ တစုံတရာ တိမ်းစောင်းနေသည့် ကမ္ဘာလောကကြီးပေါ်တွင် ခပ်ယိုင်ယိုင် လမ်းလျှောက်ခဲ့သည်။
သင်္ကြန်ပေါင်းများစွာကို ဖြတ်သန်းမိသောအခါ ကျနော့်မှာ ပိုင်ဆိုင်မှုပေါင်း များစွာရှိလာသည်။ အထူးသဖြင့် ရှုံးနိမ့်မှုများ၊ မုန်းတီးမှုများ၊ မှားယွင်းမှုများ၊ ကတိကဝတ်ပြုခဲ့မှု အကြွေးများဖြစ်သည်။ ကျေးလက်သင်္ကြန်ကို ဆုံတွေ့ခဲ့ရသည့် ငယ်ငယ်တုန်းက အချိန်တွေကိုလည်း ထွက်ပေါက်တစ်ခုလို လွမ်းဆွတ်မိပြန်သည်။ သို့သော်လည်း ကျနော်ကား ကမ္ဘာထဲမှာပင် ကမ္ဘာနှင့်ဝေးကွာနေသူတစ်ဦး ဖြစ်နေပေသည်။
သင်္ချာစာအုပ်ပြင်ပက ညီမျှခြင်းများကား ရှုပ်ထွေးသည်ဟု အသေအချာမသိမီမှာပင် ကျနော်က ညီမျှခြင်းများစွာကြားမှာ နစ်မြုပ်နေခဲ့သည်။ အချို့က ခင်မင်ကြသော ကျနော့်အား အချို့က အဆပေါင်းများစွာ မုန်းတီးကြသည်။ အချို့က ဖိတ်ခေါ်ချင်သော ကျနော့်ကို အချို့က ခါးခါးသီးသီး မောင်းထုတ်ကြသည်။ အချို့က အကျိုးရလဒ် အထိုက်အလျောက် ခံစားနေရသူဟု ယူဆထားသော ကျနော့်ကို အချို့က အမှိုက်တစ်ခုလို ကင်ပွန်းတပ်ကြသည်။ သို့သော်လည်း ယနေ့ချိန်ထိ အမှိုက်ပုံးတစ်ခုခုထဲ ကျနော် မဆင်းဝံ့သေးပါ။ အမှိုက်ပုံးထဲ ရောက်မှန်းမသိ ရောက်နေမည်ဆိုလျှင်လည်း ကိုယ်တိုင်သိချင်မှ သိပါလိမ့်မည်။ ကျနော့်လို မသိသောသူများလည်း ကျနော့်အနားမှာ ရှိချင်ရှိပါလိမ့်မည်။
တခါတရံ ရဲဝံ့၍ တခါတရံ ကြောက်ရွံ့စိုးရိမ်တတ်သော၊ တခါတရံ တည်ငြိမ်၍ တခါတရံ ဂဏှာမငြိမ်ဖြစ်တတ်သော ကျနော်က ဆန့်ကျင်ဘက်သဘောတရားများကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်ခံတတ်မိသည်။ သို့သော်လည်း ရေရာလှသည်တော့ မဟုတ်။
တရုတ် ပညာရှိ လင်ယုတန်က ဆိုသည်။
“ကလေးဘဝတုန်းက ကျွန်ုပ် ဘာမျှ မသိခဲ့ပါ။
ကောလိပ်ရောက်တဲ့အခါ အလုံးစုံ သိတယ်လို့ ထင်မိတယ်။
ဘွဲ့ရပြီးချိန်ကျပြန်တော့ ငါ ဘာမှ မသိပါလားလို့ သဘောပေါက်သွားတယ်။
ဒါပေမယ့် လူလတ်ပိုင်းရောက်တဲ့အခါ အကုန်သိတယ်လို့ ထင်ပြန်ရော။
အိုမင်းတဲ့အချိန်ရောက်တော့မှ ငါ ဘာမှကို မသိပါလားလို့ သဘောပေါက်မိပြန်တယ်”
လင်ယုတန်က ပညာရှိဖြစ်သည်။ ကျနော်က ဘာမျှ မဟုတ်။ ထို့ကြောင့် ကျနော် သိပ်ပြီး မတွေးရဲပါ။ ။
ထိန်လင်း
၈၊ ၄၊ ၂ဝဝ၃
(ငယ်ငယ်တုန်းက အကြောင်းကို ငယ်ငယ်တုန်းက (လွန်ခဲ့တဲ့ ၉ နှစ်က) ရေးထားတာပါ။
No comments:
Post a Comment