Monday, April 30, 2012

ဘာသာတရားနှစ်ခု ဆုံစည်းခြင်း . . . (ပါရဂူ)

စာကိုဖတ်ပြီး စာရေးသူ၏ ပုံပန်းသဏ္ဌာန်ကို မှန်းဆကြည့်ခြင်းသည် အခါတိုင်း မမှန်တတ်ပါ။

အိန္ဒိယ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းကို စတင်တွေ့စဉ်က ကျွန်တော် အတော် အံ့သြသွားခဲ့ဖူးပါသည်။ ဆရာကြီး၏စာသည် မိုးကြိုးသွားကဲ့သို့ ထက်သည်။ သို့ဖြစ်၍ ဆရာကြီး၏ ပုံပန်းသဏ္ဌန်လည်း သူ့စာကဲ့သို့ပင် ခက်ထန်လိမ့်မည်၊ မာကြောလိမ့်မည်ဟု တွေးထင်မိခဲ့ပါသည်။ သို့သော် တကယ်တွေ့ရသည့်အခါ၌ကား တက်တက်စင် လွဲခဲ့လေသည်။ ဆရာကြီးသည် ကိုယ်ခန္ဓာ ထွားကျိုင်းသန်မာသော်လည်း မျက်နှာအမူအရာမှာ အစဉ်ချိုနေသည်။ ကလေးသူငယ်ကစပြီး လူတကာကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံသည်။

မြန်မာစာရေးဆရာလောက၌လည်း ရာဟုလာသံကိစ္စည်းလို စာနှင့်လူ ဟပ်၍မရသလိုလိုရှိသည့် စာရေးဆရာတစ်ဦး ရှိသည်။ ယင်းစာရေးဆရာကား ဗန်းမော် တင်အောင်ဖြစ်၏။ ဗန်းမော်တင်အောင်ကိုတွေ့လျှင် သူ၏အပြုံးနှင့် မျက်ခုံးကို စမြင်ရ၏။ ဗန်းမော်တင်အောင်သည် မည်သူ့ကိုမဆို ပျူပျူငှာငှာ ဆက်ဆံသည်။ သူ၏စာများမှာ များသောအားဖြင့် စာမာများ ဖြစ်သော်လည်း သူ့မျက်နှာမှာ ချိုပြုံးနေသည်။


ကျွန်တော်နှင့် ဗန်းမော်တင်အောင် တရင်းတနှီးဖြစ်သည်မှာ နှစ်အပိုင်းအခြားအားဖြင့်ကြည့်လျှင် မကြာလှသေးပါ။ သူ ကမ္ဘာတခုမှ ပြန်ရောက်လာပြီးသည့်နောက်ပိုင်းကျမှသာ ဖြစ်သည်။ သူ၏ စာပေဘဝစောစောပိုင်းက ကျွန်တော်နှင့် သူ အကျွမ်းတဝင် မဖြစ်ကြသေး။

ကျွန်တော့်မှာ သူရဲကောင်း သုံးယောက်ရှိတယ် 

ဗန်းမော်တင်အောင် လင်းယုန်ဂျာနယ်ထုတ်စဉ်က လင်းယုန်ဂျာနယ်သည် လက်ဝဲစာရေးဆရာတချို့၏ စင်မြင့်ဖြစ်ခဲ့သည်။ ယင်းလက်ဝဲစာရေးဆရာများထဲမှ ရဟန်းလူထွက် စာရေးဆရာ သုံးဦးကို သူ့ သူရဲကောင်း ဟု ဗန်းမော်တင်အောင်က ဟာသနှောပြီး ကြေငြာထားခဲ့၏။ ထို သုံးယောက်ကား (၁) ဦးဆန်းထွန်း (ဆန်းထွန်း - မန်းတက္ကသိုလ်)၊ (၂) ဦးဘဝင်း (ဘဝင်း)၊ (၃)ဦးမြင့်ဆွေ (မြင့်ဆွေ) တို့ဖြစ်ကြသည်။ ထိုသူရဲကောင်းထဲတွင် ကျွန်တော် မပါပါ။ ထိုအချိန်က ကျွန်တော် မြန်မာပြည်၌လည်း မရှိသေး။ အဝေးတွင် ရောက်နေသည်။

၅၈ ခုနှစ်လောက်တွင် ဗန်းမော်တင်အောင်သည် ရွှေဂုံတိုင်လမ်းတွင် လင်းယုန် သတင်းစာ ထုတ်နေ၏။ ထိုအချိန်တွင် ကျွန်တော် မြန်မာပြည် ပြန်ရောက်နေပြီ။ စာပေလောကထဲတွင်လည်း မြေစမ်း ခရမ်းပျိုးကြည့်နေပြီ။ တစ်နေ့တွင် သူ့သတင်းစာတိုက်သို့ ရောက်သွား၏။ သတင်းတခုထည့်ရန်ကိစ္စနှင့် ရောက်သွားခြင်းဖြစ်သည်။ ထိုအချိန်က ရာဟုလာသံကိစ္စည်းသည် တရုတ်ပြည်သို့အသွား ရန်ကုန်တွင် ခေတ္တဝင်သွား၏။ ထိုသတင်းကို သူ့သတင်းစာတွင်ထည့်ရန် သွားပေးခြင်းဖြစ်သည်။ ထိုအချိန်ကျမှ ကျွန်တော် ဗန်းမော်တင်အောင်နှင့် အသိမိတ်ဆွေဖြစ်ရခြင်း ဖြစ်သည်။ အသိမိတ်ဆွေဆိုသည့်တိုင် ရင်းရင်းနှီးနှီး မရှိလှသေး။ သူ ကမ္ဘာတခုမှ ပြန်ရောက်လာပြီးနောက်ပိုင်းကျမှသာ ရင်းနှီးခင်မင်မှု စတင်လေသည်။ ရင်းနှီးခင်မင်မှု စတင်သည်မှာလည်း ထမင်းစားပွဲတစ်ခုတွင် ဖြစ်လေသည်။

သူ ကမ္ဘာတခုမှ ပြန်လာပြီးစ တနေ့တွင်ဖြစ်သည်။ ဒဂုန်တာရာ၏တူမ မမြင့်မြင့်စိန်က သူနှင့် ဒဂုန်တာရာကို ပတ္တမြား စားသောက်ဆိုင်တွင် ထမင်းကျွေးသည်။ ထိုထမင်းစားပွဲတွင် ကျွန်တော်လည်း ပါသည်။ ကျွန်တော်နှင့် ဒဂုန်တာရာမှာ သူနှင့် ပေါင်းမိသွားသည်။ ပေါင်းမိသည်မှာ တခြားကိစ္စတွင် မဟုတ်ပါ။ အစားကိစ္စတွင်ဖြစ်သည်။ ထိုထမင်းစားပွဲမှစလိုက်သည့် သုံးဦးသား ထမင်းစားပွဲသည် နောက်တွင်လည်း မကြာခဏ ဆက်နေသည်။ ဆွမ်းဖိတ်သူမှာ ဗန်းမော်တင်အောင် ဖြစ်သည်။ သူက သူနှင့်ရင်းနှီးသူ ကျွန်တော်တို့နှင့်လည်းသိသူများကို ထမင်းကျွေးဖို့ ပြောသည်။ ကျွန်တော်တို့က လိုက်စားသည်။ ကျွန်တော်တို့၏ သုံးဦးသား ထမင်းစားပွဲသည် တခါတရံ ရန်ကုန်နယ်နိမိတ် အပြင်ဘက်ကိုပင် ကျော်ထွက်သွားသည်။ တစ်ခါတွင် သိမ်ချောင်းရွာသို့ ထမင်းသွားစားကြသည်။ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်ကလည်း ညောင်တုန်းသို့ ရောက်သွားကြသည်။ ညောင်တုန်းသို့သွားကြခြင်းမှာ တခြားမည်မည်ရရ ဘာကိစ္စမှ မရှိ။ အလည်အပတ် ထမင်းမြိန်သွားစားကြခြင်းသာ ဖြစ်သည်။

ယခုတော့ ကျွန်တော်တို့သုံးဦးသား ထမင်းစားပွဲသည် ဇာတ်ခေါင်းကွဲသွားကြလေပြီ။

ဘုရားသိကြားမလို့ ကင်ဆာရောဂါ မဟုတ်ပါစေနဲ့ 

ယမန်နှစ်က ဗန်းမော်တင်အောင် ဆေးရုံတက်၏။ ကျွန်တော် ဆေးရုံသို့ ရောက်သွား၏။ ဗန်းမော်တင်အောင်ကို မြင်လိုက်ရသည်နှင့် ဒိတ်ခနဲဖြစ်သွားသည်။ ဗန်းမော်တင်အောင်သည် သိသိသာသာ ကျသွား၏။ မျက်တွင်းများ ချိုင့်နေသည်။ ပါးရိုးများ ထွက်နေသည်။ သို့သော် ထိုကြားထဲမှပင် သူ၏အပြုံးနှင့် မျက်ခုံးမှာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေသည်။ သူက သူ့ရောဂါ အခြေအနေနှင့် ဆရာဝန်များ၏ စမ်းသပ်ချက်များကို ပြောပြသည်။ ကင်ဆာများဖြစ်နေမလားဟု ကျွန်တော် မဦးမချွတ် ဥပါဒ်မိလေသည်။ စိတ်မကောင်းလည်း များစွာဖြစ်ခဲ့သည်။ ကင်ဆာ မဟုတ်ပါစေနှင့်ဟုလည်း ဆုတောင်းမိလေသည်။

သို့သော် ကျွန်တော်တို့၏ စိတ်မချမ်းမြေ့မှုသည် တာမရှည်လိုက်ပါ။ ဗန်းမော်တင်အောင် ဆေးရုံက ပြန်ဆင်းလာ၏။ ဆေးလည်း တွေ့သွားဟန်တူ၏။ ကျန်းမာဝဖြိုးလာသည်။ နဂိုအတိုင်းနီးနီး ပြန်ဖြစ်လာ၏။ ကင်ဆာရောဂါဟုတ်မှာ မဟုတ်ဘူးဟု ကိုယ့်အတွေ့အကြုံနှင့်ကိုယ် ဆုံးဖြတ်ပြီး ကျွန်တော်တို့ ဝမ်းသာအားရဖြစ်ခဲ့ရသည်။ ကင်ဆာရောဂါဖြစ်လျှင် ပြန်ပြီး နလန်ထူလာနိုင်ဖို့မလွယ်။ ကင်ဆာမဟုတ်၍သာ ယခုလို ပြန်လည် နလန်ထူလာခြင်းဖြစ်သည်။ ယင်းသို့ သိမှတ်ထားဖူးသည်။

သူ ပြန်ပြီးကျန်းမာလာသောအခါ ဗန်းမော်တင်အောင်သည် ကျွန်တော်တို့၏ သုံးဦးသားထမင်းစားပွဲကို ပြန်စဖို့ ကြိုးစားပြန်သည်။ ဟိုလူသည်လူကို ထမင်းကျွေးဖို့ စပ်၏။ ကျွန်တော်နှင့်တွေ့သောအခါ ဘယ်သူ့ကို ထမင်းကျွေးဖို့ စပ်ထားသည်။ ဘယ်သူ့ကို ထမင်းကျွေးဖို့ ပြောထားသည် စသည်ဖြင့် အားရပါးရ ပြောနေ၏။

ကိုတင်အောင် သည်ထက်သည် ကျန်းမာလာအောင် လုပ်ပါ။ ကျန်းမာလာတဲ့အခါကျတော့ ကျွန်တော်တို့ဖိတ်ထားတဲ့ အိမ်တွေကို ထမင်းလျှောက်စားကြတာပေါ့။

ကျွန်တော်က သူ့ကို ပြန်ပြောရသည်။ ထိုအတွင်း ကျွန်တော်တို့သုံးဦးလည်း သိပ်မဆုံဖြစ်ကြ။ ဘယ်အိမ်ကိုမှလည်း ထမင်းစား မသွားဖြစ်ကြ။

သည်နှစ်ထဲရောက်လာပြန်သောအခါ စိတ်မကောင်းစရာ တစ်ဖန်ဖြစ်လာပြန်လေသည်။ ဗန်းမော်တင်အောင်၏ ကျန်းမာရေး အခြေအနေသည် ကျဆင်းပြန်လေပြီ။ နောက်ဆုံး မဟန်တော့သည့်အဆုံး၌ ဒုတိယအကြိမ် ဆေးရုံတက်ရပြန်လေသည်။ ထိုအကြိမ်တွင်ကား ပထမအကြိမ်ထက် ပိုဆိုးလာလေသည်။ ဆရာဝန်များက ကင်ဆာရောဂါဟု သတ်မှတ်လိုက်လေပြီ။ အကြိမ် ၂၀ ဓာတ်ကင်ရသဖြင့် ခေါင်းမွှေးများ ကျိုးတိုးကျဲတဲလောက်သာ ကျန်တော့သည်။ ယခင်က အင်မတန်ဖြောင့်သည့် ရုပ်ရည်သည် တစိုးတစိလောက်မျှ မကျန်တော့ချေ။ အစာကလည်း မဝင်။ ကိုယ်ခန္ဓာမှာ ယူပစ်လိုက်သလို ကျဆင်းသွားရှာသည်။ သို့သော် သူ၏အပြုံးနှင့် မျက်ခုံးသည် တောက်ပမြဲ တောက်ပနေတုန်းပင်။

ဗန်းမော်တင်အောင်သည် တခြားသူများကို အလွန်စိတ်ဝင်စား၏။ သူ့ကို သတင်းသွားမေးသူများအား သူ့ရောဂါအကြောင်း၊ သူ့အကြောင်းကို ဝတ်ကျေတန်းကျေလောက်သာပြောပြပြီး သတင်းလာမေးသူများအကြောင်းကို ပြန်မေးနေတတ်သည်။ သတင်းလာမေးသူများကတဆင့် တခြားပုဂ္ဂိုလ်များအကြောင်းကို စုံစမ်းနေတတ်သည်။ ကျွန်တော်နှင့်ဆက်သွယ်သူများ၏ အကြောင်းကို မေးမြန်းနေတတ်သည်။

“ဒဂုန်တာရာ ဆေးရုံကိုမလာပါစေနဲ့။ ညမှောင်တဲ့အခါ အပြန်ရခက်နေလိမ့်မယ်”

“ကိုတင်စိုးတယောက် တွေ့သေးလား”

“နှလုံးလှ ကိုချစ်အောင်တို့ကော အလုပ်အကိုင် ကောင်းရဲ့လား”

ဆေးရုံတက်နေသူက အပြင်ကလူများကို လှမ်းပြီးကြောင့်ကြနေရှာသည်။ မိတ်ဆွေသင်္ဂဟများ၊ ကြည်ညို ခင်မင်သူများကလည်း ပေါသည်။ သူ့အခန်းထဲတွင် နေ့စဉ် သတင်းမေးသူများ မပြတ်။ သူကလည်း စိတ်ရှည်လက်ရှည် ဧည့်ခံပြောသည်။ ပြောရင်းပြောရင်း ချောင်းဆိုးလာတတ်သည်။ ကျွန်တော် သူ့အတွက် အားမရတော့။ အနှေးနှင့်အမြန် စိတ်မကောင်းစရာဖြစ်လာရတော့မည်ဟု ကျိန်းသေ တွက်ထားလိုက်လေသည်။ သို့သော် သူက မကြာမီ ဆေးရုံက ဆင်းရလိမ့်မည်ဟု ထင်ကြောင်း၊ အိမ်မှာပဲ အနားနေရမည်ဖြစ်ကြောင်း ပြောပြရှာသည်။ သို့သော် သူ ထင်သလိုမဟုတ်ပါ။ ယင်းသို့ပြောပြီးနောက် ရက်သိပ်မကြာလိုက်ပါ။ သူ့အတွက် နေ့ဆိုးရက်ဆိုး ရောက်လာသည်။ ထိုနေ့က သတင်းလာမေးသူများလည်း အတော်များသည်။

“ဒီကနေ့ ဧည့်သည်တွေ အတော်လာကြတယ်။ စကားပြောလိုက်ရတာလည်း အတော်မောသွားတယ်”

ဧည့်သည်တွေပြန်သွားသည့်အခါ သူက သူ့အနီးရှိ လူတယောက်အား ပြောပြသည်။ ထိုနေ့က သူသည် ဆေးရုံအောက်ထပ်ရှိ ဆရာမများအား သွားနှုတ်ဆက်သလို ဖြစ်သွားသည်။ ထိုနေ့က မောင်ညိုပြာနှင့်အဖော်တစ်စု သူ့ဆီ ရောက်သွားသည်။ စာအုပ်တစ်အုပ်ထုတ်ဖို့ရန် အစီအစဉ်ရှိသဖြင့် သူ့ကို အမှာစာ ရေးခိုင်းထားသည်။ ထိုအမှာစာအတွက် သတိပေးရန် သူ့ဆီသွားကြခြင်းဖြစ်သည်။ မောင်ညိုပြာမှာ အခြေအနေရိပ်မိတန်သလောက် ရိပ်မိနေပြီဖြစ်၍ သူ့ကို နားပူနားဆာ မလုပ်လိုတော့။ သို့သော် အဖော်များက ရိပ်မိဟန်မတူ။ သူ၏ အမှာစာကို လိုလားနေကြသည်။

“ကျွန်တော် ရေးပေးပါမယ်။ သုံးရက်အတွင်း ရစေ့မယ်”

ဗန်းမော်တင်အောင်သည် တဖက်သားကို ဤမျှပင် လေးစားသည်။ ထိုနေ့ည၌ပင် သွေး နှစ်ခါအန်ပြီး ဒုတိယအကြိမ် သွေးအအန်တွင် အသက်ပါသွားရှာသည်။

သူသည် ပြည်သူကို ချစ်သည်။ လူကို လေးစားသည်။ မိမိကိုချစ်သူအား ပြည်သူက ပြန်ချစ်သည်မှာ ဓမ္မတာ။ မိမိကို လေးစားသူအား အလေးစားခံရသူက ပြန်လေးစားသူမှာ ဓမ္မတာ။ လူတွေ့လျှင် ပြုံးပြသည့် သူ့အပြုံးသည် အပေါ်ယံအပြုံးမဟုတ်။ နှလုံးထဲက ထွက်လာသည့် အပြုံးဖြစ်သည်။ သို့ဖြစ်၍ သူ့အပြုံးကို ပြန်တုံ့ပြန်သည့် ပြည်သူ၏ တုံ့ပြန်မှုမှာ သူ့ဈာပနနေ့က မကြုံဖူးလောက်အောင်ပင် ဖြစ်တော့သည်။

* * * 

ထိုနေ့က ဆေးရုံရေခဲတိုက်တဝိုက်၌ ဗန်းမော်တင်အောင်၏ နောက်ဆုံးဘဝခရီးကို လိုက်ပို့သူများ ပြည့်ကျပ်နေသည်။ တခြား ဈာပနများတွင်လည်း ယခုလို လူများ များပြားသည်ကို တွေ့ဖူးသည်။ သို့သော် ယခုလာသူများမှာ တာဝန်အရ လာသူများလည်း မဟုတ်ကြ။ မကင်းရာ မကင်းကြောင်းဖြစ်၍ လာကြသူများလည်း မဟုတ်ကြ။ တကယ့်စေတနာနှင့် လာကြသူတွေထဲကလူများစုမှာ ဗန်းမော်တင်အောင် ကိုယ်တိုင်ကသိသည့်လူများ ဟုတ်ကြဟန် မတူ။ မမြင်ဖူး မသိဖူးသည့် လူဦးရေက ပိုများသည်။

ရုပ်ကလပ်ကို သုသာန်သို့ ပို့ဆောင်တော့မည့်အချိန် နီးကပ်လာပြီ။ အမျိုးသမီးတယောက်သည် သုတ်သီးသုတ်ပြာနှင့် ဆေးရုံဝင်းထဲ ဝင်လာ၏။ သူ့ကိုသိသူ အမျိုးသားတဦးက လှမ်းမေးလိုက်သည်။

“ညီမ ဘယ်သွားမလို့လဲ”

“ကျွန်မ ဗန်းမော်တင်အောင်အသုဘ လိုက်ပို့မလို့”

“ညီမ ဆရာ ဗန်းမော်တင်အောင်ကို သိလား”

“ကျွန်မ လူကို မသိပါဘူး။ သူ့စာတွေကိုဖတ်ပြီး ကြည်ညိုလို့ လိုက်ပို့တာပါ။ ကျွန်မတို့က ရခိုင်ကပါ။ ကျွန်မအဖေက ဂျပန်တော်လှန်ရေးတုန်းက ရှေ့တန်းကပါခဲ့တဲ့ ခေါင်းဆောင်တယောက်ပါ။ ကျွန်မ ဆရာ ဗန်းမော်တင်အောင် ဈာပနအတွက် အလှုငွေ ထည့်ချင်တယ်။ ဘယ်မှာပေးရမလဲ။ ရှင့်ကို ပေးလို့ရပါ့မလား”

“ရပါတယ်”

အမျိုးသမီးသည် အမျိုးသားလက်ထဲ ငွေ ၁၅ ကျပ်ထည့်လိုက်လေသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးမှာ ဆေးရုံအမှုထမ်းများ ဖြစ်ကြသည်။

* * * 

သူကတော့ ဘိုးတော်လိုလို ပုဂ္ဂိုလ်တဦး။ သူ့ကို ကျွန်တော် သိသည်။ သူ့ကို ရန်ကုန်မှာမတွေ့ရသည်မှာ ကြာပြီ။ နယ်တွင်သွားပြီး ဘုရားတည်နေသလိုလို ကြားရသည်။ ဗန်းမော်တင်အောင် ဆုံးသောအခါ ကြားရာနေရာက ဈာပနအမီ ရန်ကုန် ပြန်လာဟန်တူသည်။ အသုဘချသည့်နေ့က သူ့ကို ဘိုးတော်အဆောင်အယောင်နှင့် တွေ့လိုက်ရသည်။

* * * 

သူက မုတ်ဆိတ်နှင့် မူဆလင်တစ်ဦးဖြစ်သည်။ သူ့ကိုမူ စာသမားများ သိကြသည်။ သူ၏အမည်မှာ ကာစင် ခေါ် မောင်စိန် ဖြစ်သည်။ ၂၉ လမ်းထိပ်က စာအုပ်အဟောင်း ရောင်းသမားဖြစ်သည်။

“ဟေ့ မောင်စိန်၊ ဗန်းမော်တင်အောင်အသုဘ လာပို့တာလား”

ထူးထူးဆန်းဆန်း ကာစင်ကို သုသာန်တွင်တွေ့ရသည့်အခါ ကျွန်တော်က မေးလိုက်သည်။

“ဟုတ်တယ်ဆရာ၊ ဗန်းမော်တင်အောင်က ဆရာသိတဲ့အတိုင်း ကျွန်တော့်ဖောက်သည်တယောက် မဟုတ်လား။ ဒါပေမယ့် ဖောက်သည်မို့ လိုက်ပို့တာမဟုတ်ပါဘူး။ ကျွန်တော် ဆရာဗန်းမော်တင်အောင်ကို သိပ်လေးစားကြည်ညိုတာပဲ”

* * * 

ဗန်းမော်တင်အောင် အသုဘချသည့်နေ့က ဖြစ်သည်။ စမ်းချောင်းရှိ အမျိုးသမီး ကလောင်ရှင်တဦး၏အိမ်သို့ ဦးပဉ္ဇင်းတပါး ဆွမ်းခံကြွလာသည်။ ဦးပဉ္ဇင်းက ခရီးရောက်မဆိုက် ဆွမ်းဒကာ အမျိုးသမီးအား မေးလိုက်သည်။

“ဒကာမကြီး ဒီကနေ့ ဗန်းမော်တင်အောင် အသုဘ လိုက်ပို့ဦးမလား”

“လိုက်ပို့ရမှာပေါ့။ ဦးပဉ္ဇင်းက ဘာဖြစ်လို့ မေးတာလဲ”

“ဦးပဉ္ဇင်းတို့လည်း လိုက်ပို့ချင်လို့။ ဦးပဉ္ဖင်းတို့ကို ပို့တဲ့အနေမျိုးမဟုတ်ပါဘူး။ သူ့ကို သက်သက်ကြည်ညိုလို့ လိုက်ပို့ချင်တာပါ”

* * * 

ဗန်းမော်တင်အောင်၏ အသုဘယာဉ်သည် သုသာန်နယ်မြေထဲ ဝင်လာသည်။ အသုဘလိုက်ပို့သူများထဲတွင် သူတောင်းစားများနှင့် အသိအကျွမ်းဖြစ်သူတဦး ပါလာသည်။ သူတောင်းစားတဦးသည် ထိုင်ရာမထ ထိုသူ့ကို လှမ်းမေးလိုက်လေ၏။

“ဒီမှာ ခင်ဗျာ၊ ဒီအသုဘဟာ ဘယ်သူ့အသုဘလဲ။ တယ်လူစည်ပါလား”

“ဗန်းမော်တင်အောင်လေ။ မင်းတို့ မသိဘူးလား”

ထိုသူတောင်းစားသည် ဘာမှဆက်မပြောတော့ဘဲ ချက်ချင်း လူးလဲထ၏။ အင်္ကျီကို ပြင်ဝတ်၏။ ပုဆိုးကို ပြင်စည်း၏။ ထို့နောက် ဗန်းမော်တင်အောင်ရုပ်ကလပ်ရှိရာသို့ အပြေးကလေး သွားသည်။ အများနည်းတူ ဗန်းမော်တင်အောင်၏ ရုပ်ကလပ်ကို နောက်ဆုံးကြည့်ခြင်းမျိုးနှင့် ကြည့်နေရှာသည်။

* * * 

ပန်းရံသမားနှင့် နိဗ္ဗန်ယာဉ်သမားများလည်း ဗန်းမော်တင်အောင်၏ ပရိတ်သတ်များ ဖြစ်နေကြသည်။ ဗန်းမော်တင်အောင်ကိစ္စကို သွားပြောသည့်အခါ စေတနာနှင့် အကူအညီပေးကြသည်။ သူတို့ ဗန်းမော်တင်အောင်၏ ပရိတ်သတ်ပါဟု ထုတ်ဖော်ပြောကြသည်။

ထိုနေ့က ပို့ကြသည့် လွမ်းသူ့ပန်းခွေများကို အပြည့်အစုံ ကျွန်တော် မမှတ်မိတော့။ ကျွန်တော် သတိပြုမိသည်မှာ ကင်ဆာလူနာဆောင်က သူနာပြုဆရာမများ၏ လွမ်းသူ့ပန်းခွေများနှင့် မျက်လှည့်ဆရာအသင်း၏ လွမ်းသူ့ပန်းခွေ ဖြစ်သည်။ အချို့လွမ်းသူ့ပန်းခွေများကို ပန်းခွေချသူများ ပြန်ယူသွားကြ၏။ လွမ်းသူ့ပန်းခွေကို ပြန်ယူသွားသည့်ဈာပနမျိုး ကျွန်တော့်တသက်တွင် ဤတကြိမ်သာ တွေ့ဖူးသည်။

ထိုနေ့က သုသာန်ထဲတွင် လက်ထပ်မင်္ဂလာ အခမ်းအနားတခု ကျင်းပနေသလား အောက်မေ့ရသည်။ ဈာပန လိုက်ပို့ကြသူ တော်တော်များများသည် ပန်းခွေများမှ ပန်းကိုဖြုတ်ယူပြီး ရင်ဘတ်တွင် တပ်ထားကြသည်။ ဘယ်သူ့ရင်ဘတ်ကို ကြည့်လိုက်ကြည့်လိုက် နီမြန်းသော နှင်းဆီပွင့်ကိုယ်စီနှင့်။ ယင်းအဖြစ်မျိုးလည်း ကျွန်တော့်တသက်တွင် တခါမှ မတွေ့ဖူးခဲ့။

* * * 

ဗန်းမော်တင်အောင်က သူသေလျှင် မီးသင်္ဂြိုဟ်ပစ်လိုက်ဟု သူ့သားကိုမှာ သွားခဲ့သည်ဟု သိရသည်။ သူသည် ကွယ်လွန်သူ၏ အမှတ်တရ အုတ်ဂူတို့ဘာတို့လုပ်သည်ကို နှစ်မြို့ဟန် မတူ။ ထိုအကြောင်းနှင့်စပ်လျှဉ်း၍ ဝတ္ထုတပုဒ်ပင် ရေးဖူးသည်။ မှန်သည်။သူ၏စာများသည် အုတ်ဂူထက်ပင် အမှတ်တရဖြစ်နေပေလိမ့်ဦးမည်။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့၏အုတ်ဂူကို ယခု ဘယ်မှာရှာမည်နည်း။ သို့သော် ယခုထက်တိုင်ပင် အသက်ရှင်နေကြသည်။ နောင်ကိုလည်း အသက်ရှင်နေပေလိမ့်ဦးမည်။ ပြည်သူ့ဘက်ကရပ်ပြီး ပြည်သူ့အကျိုးပြုစာများ ရေးသား ပြုစုသွားခဲ့သူတဦးအတွက် အုတ်ဂူ မလိုပါ။ သူ့စာများသည် ပြည်သူ၏နှလုံးအိမ်တွင် အုတ်ဂူအဖြစ် တည်ရှိနေပေလိမ့်မည်။

သို့သော် ဗန်းမော်တင်အောင်ကို ကြည်ညိုလေးစားသူများက အထိမ်းအမှတ်တခုအနေဖြင့် အုတ်ဂူလုပ်လိုကြသည်။ ထိုပုဂ္ဂိုလ်များ၏ဆန္ဒကို လိုက်လျှောသည့်အနေဖြင့် အုတ်ဂူလုပ်လေသည်။ ဈာပနလုပ်ပြီးမှ ပြာကျသည့်အရိုးကို အုတ်ဂူထဲတွင် မြှုပ်နှံသည်။ ထိုနေ့က မီးသင်္ဂြိုဟ်သည့်အချိန်နှင့် အုတ်ဂူထဲသွင်းသည့်အချိန်ကြားတွင် တစ်နာရီခွဲလောက် ကြာသည်။ အုတ်ဂူထဲသွင်းဖို့ရန် မီးသင်္ဂြိုဟ်သည်ကို တနာရီခွဲလောက် စောင့်နေရ၏။ လူ သုံးလေးရာလောက်မှာ အသုဘချပြီးသော်လည်း မပြန်ကြ။ ဂူသွင်းပြီးသည့်အချိန်ထိ စောင့်နေကြသည်။ သုသာန်မြေရှိ အရွယ်အစားစား ဂူများမှာ သူတို့၏ ကုလားထိုင်များ၊ ခုံတန်းလျားများ ဖြစ်နေသည်။ သူတို့သည် ဂူများပေါ်၌ အသီးသီးစောင့်နေကြသည်။ ကုက္ကိုပင်၏ အရိပ်သည် သူတို့အပေါ် ဖြန့်မိုးထားသည်။ ဗန်းမော်တင်အောင်၏ဂူသည် အုတ်တထစ်ပြီးတထစ် တက်နေသည်။ သာယာငြိမ့်ညောင်းသော ခရစ်ယာန် အမျိုးသမီးလေးများ၏ ဓမ္မတေးသံသည် သုသာန်နယ်မြေကို အသက်သွင်းပေးနေသည်။

အရိုးပြာအိုးကို ယူလာပြီ။

ထိုင်နေသည့်လူများ ချက်ချင်း တန်းစီလိုက်ကြ၏။ တန်းစီနေသည့်လူထုက အရိုးအိုးကို လက်ဆင့်ကမ်းပြီး ပို့ပေးလေသည်။ အရိုးကို အုတ်ဂူထဲထည့်လိုက်ပြီ။ လူထုပရိတ်သတ်၏ မျက်လုံးအစုံတို့သည် ဂူရှိရာသို့ စိုက်ကြည့်နေကြသည်။ ကုက္ကိုပင်၏ ထူထဲသောအရိပ်သည် ပရိတ်သတ်၏ တိတ်ဆိတ် ငြိမ်သက်နေခြင်းကို ပိုပြီးလေးနက်အောင် ဖန်တီးနေသည်။

ခရစ်ယာန်အမျိုးသမီးကလေးများ၏ ဓမ္မတေးသံ ပေါ်လာပြန်လေသည်။

ယင်းဓမ္မတေးသံက ထိုနေ့နံနက် ဗန်းမော်တင်အောင်၏အိမ်တွင် သရဏဂုံတင်သည့် ဘုန်းကြီးရဟန်းများရွတ်ဆိုသော ပရိတ်သတ်များ၏ ပဲ့တင်သံပမာဖြစ်နေသည်။ ဗန်းမော်တင်အောင်၏ ဈာပနတွင် ခရစ်ယာန်ဓမ္မတေးသံနှင့် ဗုဒ္ဓဘာသာ ပရိတ်သံတို့ လာဆုံနေကြသည်။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ လာပေါင်းနေကြသည်။ ယင်းအခြေအနေက ဗန်မော်တင်အောင်၏ ညီညွတ်ရေး၊ အမျိုးသား စည်းလုံးရေးစိတ်ဓာတ်ကို တစိတ်တဒေသ ဖော်ပြနေသကဲ့သို့ပင် ထင်နေရသည်။

* * * 

ဂျစ်ကားအဖြူလေးတစင်းသည် သုသာန်နယ်မြေမှထွက်လာပြီး ဥက္ကလာပသို့ ပြေးနေသည်။ ထိုဂျစ်ကားအရှေ့ပိုင်းတွင် ကျွန်တော်နှင့် ဒဂုန်တာရာ ပါလာသည်။ နောက်ပိုင်းတွင်ကား ဗန်းမော်တင်အောင်၏ဇနီး ဒေါ်ခင်ဦးနှင့် တခြားပုဂ္ဂိုလ်အချို့ ပါလာ၏။

“ကျွန်မ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး၊ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ဘာတို့ဆိုတာကို လုံးဝထည့်မတွက်ဘူး။ ကျွန်မတို့ကတော့ ငတ်တလှည့်ပြတ်တလှည့်ပဲ။ ကျွန်မ သူ့အပေါ် အတော်မကျေမနပ်ဖြစ်မိခဲ့တယ်။ အခုတော့ ကျွန်မ မှားမှန်း သိရပါပြီ။ သူ့ကို ခုလို ပြည်သူလူထုက လေးစားကြည်ညိုမှန်းသိရတော့ ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့ စီးပွားရေးနဲ့ ဝယ်လို့မရဘူးဆိုတာ ကျွန်မ သဘောပေါက်သွားပါပြီ။ သူ့အပေါ်လည်း အမြင်မှန်ရပါပြီ”

ဒေါ်ခင်ဦး၏ မျက်လုံးအိမ်ထဲမှ မျက်ရည်တပေါက် စီးကျလာ၏။ နှလုံးသားထဲမှထိုးထွက်လာသော သူ၏အသံသည် ဂျစ်ကားအရှိန်ကြောင့် ရုတ်ချည်း ဝေ့ခနဲ ပျံ့လွင့်သွားသည်။

တရားစောင့်သူကို တရားက ပြန်စောင့်သည်။

ပြည်သူကိုချစ်သူအား ပြည်သူက ပြန်ချစ်သည်။

လူကိုလေးစားသူအား လူက ပြန်လေးစားသည်။

ဤကား အလွန်ရိုးစင်းသော အဘိဓမ္မာတရပ်ပင်ဖြစ်သည်။

ဗန်းမော်တင်အောင်ဋီကာ စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။ 

No comments: