တခါတရံတွင် ပထဝီနိုင်ငံရေးအမြင်ဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် နိုင်ငံတကာတော်လှန်ရေး အခြေအနေအပေါ်ကို ဖော်ပြမှု ပြုလုပ်ပါသည်။ ဤပုဂ္ဂိုလ်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်း ဖြစ်ပါသည်။ အခြားတယောက်မှာ လူထုသတင်းစာ အယ်ဒီတာ ကိုစိန်ဝင်းဖြစ်ပြီး သူ့ကို အားလုံးက လူထု ကိုစိန်ဝင်းဟု ခေါ်ပါသည်။
ကျနော်တို့ ကျွန်းပို့ခံရပြီးနောက် ၆၉ ခုနှစ်၊ မိုးတွင်းဘက်တွင် လူထုစိန်ဝင်းမှာ စားဖိုဆောင်တွင် ဦးစီးပြီး ရဲဘော်များ စားရေးသောက်ရေးအတွက် ကိုယ်တိုင်ကိုကျ စီစဉ်ချက်ပြုတ်ကျွေးပါသည်။ လူထုစိန်ဝင်းမှာ ကျန်းမာရေးသိပ်ကောင်းသူ မဟုတ်ပါ။ ခန္ဓာကိုယ်အရလည်း တောင့်တင်းသူ မဟုတ်ပါ။
တညနေတွင် ဖိုကြီးမှ ချက်ပြုတ်ပြီး မောမောပမ်းပမ်းနှင့် ၎င်းနေထိုင်ရာ အဆောင် အမှတ် ၈ သို့ ပြန်လာခဲ့ပါသည်။ အိပ်စင်အစွန်းတွင် ထိုင်နေရာမှ မူးမေ့ပြီး အောက်သို့ပြုတ်ကျပါသည်။ ဒေါက်တာ ဖေစိန်၊ ဒေါက်တာ ကူးမား၊ ဒေါက်တာ ကျီးတို့ ကြိုးစားပြီးကုသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်မှု မရှိပါ။
မိုးတွင်းကာလ ပြည်မသို့ ပြန်ပို့လိုက်ရပါသည်။ ပြည်မသို့ပြန်ပို့ပြီးနောက် ကောင်းမွန်လုံလောက်သည့် ဆေးဝါးကုသမှုကို မရခဲ့ပါ။ တိုက်သို့ ပြန်ပို့ခံခဲ့ရပါသည်။ တိုက်ထဲတွင် တလျှောက်လုံးနေခဲ့ရပြီး ၁၉၇၃ ခုနှစ်၊ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ကျွန်းပြန်ရဲဘော်များအား လွှတ်ပေးသည့် တတိယအသုတ် ရဲဘော် ၁၃ ယောက်နှင့်အတူ လွတ်မြောက်ပါသည်။
လူထု ဦးစိန်ဝင်းမှ ၁၉၇၆ ခုနှစ်တွင် မဆလ၏ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ချိနဲ့သွားခဲ့သည်။ ယခုအချိန်အထိ ချိုင်းထောက် ၂ ဖက်နှင့် လမ်းလျှောက်နေရပါသည်။ ခရီးဝေးဝေး မလျှောက်နိုင်တော့ပါ။
ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်းမှာ ၁၉၅၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲတွင် ပုလိပ်က နံပတ်တုတ်ဖြင့်ရိုက်သောကြောင့် ခါးရိုးကျိုးသွားပြီး ခါးမှာ မသန်စွမ်းတော့ပါ။ သူ၏ခါးကို ထိန်းထားသည့် ခါးပတ်ပြားကြီးတခုကို အမြဲဆောင်ထားရပါသည်။ သည့်အတွက် သူ့ကို ခါးကြီးကိုစိန်ဝင်းဟု ခေါ်ကြပါသည်။ (၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုအုံကြွမှုတိုက်ပွဲကြီးတွင် ခေါင်းဆောင်ခဲ့မှုကြောင့် နဝတ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန်ထောင်တွင် ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရသည်)
ကျွန်းမှပြန်လွတ်လာပြီးနောက် သူ၏ဇာတိ တညင်တွင် ကျူရှင်ဆရာ လုပ်ခဲ့ပါသည်။ ၈၈ ခုနှစ် ကျောင်းသား လူငယ်များ တော်လှန်ရေးနယ်မြေသို့ရောက်ရှိလာခဲ့ရာ ဦးစိန်ဝင်း၏တပည့် ကျောင်းသားလူငယ်များ အတော်များများကို တွေ့ရှိခဲ့ရပါသည်။
ကွယ်လွန်သွားခဲ့သည့် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း ဇာတိရပ်တူဖြစ်ပါသည်။ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း အတော်ရင်းနှီးကြောင်း ဦးမြင့်ဇော် ပြန်လည်ပြောပြပါသည်။ ၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးမြင့်ဇော်တို့နှင့် အတူတကွ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြောင်း သိရပါသည်။
ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် တော်လှန်ရေးနယ်မြေသို့ ထွက်ခါနီးဆဲဆဲ ရက်ပိုင်းတွင် ခါးကြီး ကိုစိန်ဝင်းနှင့် မမျှော်လင့်ဘဲ ရန်ကုန်တနေရာတွင် ပြန်တွေ့ကြရာ တဦးနှင့်တဦး ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ သူ့ခါးကိုဖက်ရင်း သူသွားမည့်နေရာသို့ ဖြည်းဖြည်း လမ်းလျှောက်ခဲ့ကြပါသည်။
“ကိုစိန်ဝင်းရေ၊ ကျနော်တို့ နောက်ကို တယောက်နဲ့တယောက် ပြန်တွေ့ကြဖို့ မလွယ်တော့ဘူး ထင်တယ်၊ ကျနော် ခရီးရှည်တခု ထွက်စရာရှိတယ်။ ကျနော် နှုတ်ဆက်ခဲ့တယ်ဗျာ၊ ကျွန်းမှာတုန်းက ကျနော်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ခဲ့တာရှိရင်လည်း ကျနော် တောင်းပန်ပါတယ်ဗျာ”
သူက ...
“ကျနော် နားလည်ပါတယ်ဗျာ၊ ကျနော်တို့ဟာ ရဲဘော်ရဲဘက်တွေပဲ။ ခင်ဗျားရဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို ဖော်ပြခဲ့တဲ့သူပဲ”
ကျနော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြပါသည်။ သူနှင့်နောက်ဆုံးအကြိမ် တွေ့ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
တော်လှန်ရေးနယ်မြေသို့ထွက်ခါနီး မတွေ့မဖြစ်တွေ့ရမည့် ပုဂ္ဂိုလ်တဦးလည်း ရှိပါသေးသည်။ ကျနော် အလွန်လေးစား ကြည်ညိုသည့် ဆရာဗန်းမော် ဖြစ်ပါသည်။ သူ့စာပေ၊ သူ့သြဇာ၊ သူ့အရိပ်ဖြင့် တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ကျနော် ရောက်လာခဲ့သည်။ ကျေးဇူးကြီးမားသူ ဖြစ်သည်။ ဆရာအနေများသည့် ဘားလမ်းမှ ပင်းယစာပေတိုက်တွင် ဖြစ်သည်။
ဆရာ့ကိုသွားတွေ့ပြီး အရိပ်အမြွက်ပြော၍ ကန်တော့နှုတ်ဆက်ခဲ့သည်။ ဆရာ့အပေါ် ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကြောင့် မဟုတ်ပါ။ ဆရာသည် အလွန်သိမ်မွေ့ ဖော်ရွေသူ၊ ကြီးငယ်မဟူ လေးလေးစားစား ဆက်ဆံတတ်သူ၊ ကျနော်တို့မှာ သူ့တူ သူ့သား အရွယ်လောက်သာ ရှိပါသည်။
ကျနော်တို့လူငယ်များ မရှင်းလင်းသည်များကို သိချင်သည်များရှိပါက ဆရာ့ကိုမေးမြန်းလျှင် အမြဲပင် တလေးတစား ဂရုတစိုက် ရှင်းလင်းဖြေကြားတတ်ပါသည်။ ဥပဓိရုပ်လည်း ကြည်လင်သန့်ရှင်း ခန့်ညားသူ ဖြစ်သည်။
တော်လှန်ရေးနယ်မြေသို့ရောက်ပြီး လေးငါးနှစ်အကြာ ညတညတွင် မဖြစ်စဖူး ဆရာဗန်းမော့်ကို အိပ်မက်ပါသည်။ အိပ်မက်ထဲတွင် …
“ဆရာ … ကျွန်းမှာတုန်းက ကျနော်တို့က လူငယ်တွေဖြစ်တော့ တက်ကြွတာပဲရှိတယ် ဆရာ၊ အတွေ့အကြုံ နုနယ်သေးတယ်။ ဆရာအပေါ်မှာ ဆက်ဆံခဲ့တာ အပြစ်ကြီး အပြစ်ငယ်ရှိရင် ကျနော့်ကို ခွင့်လွှတ်ပါဆရာ”
ကျနော်ပြောပြီး လန့်နိုးလာပါသည်။ အိပ်ရာမှနိုးသောအခါ မျက်ရည်ဝဲနေပါသည်။ ဆရာ့ကို တမ်းတမ်းတတ သတိရမိသည်။
၁၉၈၈ ဒီဘက်နောက်ပိုင်း ဆရာဦးလှဖေတို့၊ ကိုအောင်စောဦးတို့ကို မေးကြည့်သောအခါ ကျနော် အိပ်မက်သည့်ကာလနှင့် ဆရာဗန်းမော်တင်အောင် ကွယ်လွန်သည့်ကာလမှာ တလတည်းဖြစ်ပြီး တိုက်ဆိုင်နေပါသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment