အထူးအဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင်၇ ရက်နောက်ပိုင်းမှာ ကျောင်းသားလှုပ်ရှားမှု လှုပ်ရှားရတဲ့ပုံသဏ္ဍာန်ဟာ လုံးဝပြောင်းသွားပြီ။ အဲ့ဒီအချိန်မှာ သမဂ္ဂကို အဓိက တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေဟာ အဖမ်းခံသူ ခံရ၊ တိမ်းရှောင်သူ ရှောင်ရ အဲဒီလိုဖြစ်နေတဲ့ အချိန်။
အဲ့တော့ ကျောင်းထဲမှာရှိနေတဲ့ ကျန်ရစ်တဲ့ အစိုးရက မဖမ်းသေးတဲ့အထဲက အားလုံးရှိသမျှ အင်အားစုပြီးတော့ လုပ်ငန်းကို ပြန်ဆက်ထူထောင်နေကြတဲ့အချိန်၊ အဲ့ဒီမတိုင်ခင်အချိန် ကိုလေးမောင်ဟာ ကဗျာဆရာအဖြစ်နဲ့ပဲ အဓိက ရပ်တည်နေတာ။ သူဟာ နာမည်ကြီးတဲ့ ကဗျာဆရာတယောက် ဖြစ်နေပြီ။ အဲ့တော့ အခုလို လူနည်းလာတဲ့အခါကျတော့ သူလည်း ပြန်ပါဝင်လာတယ်။
အဲ့ဒီအချိန် သမဂ္ဂအဆောက်အဦဟာ မန္တလေးမှာ မရှိတော့ဘူး။ အဖျက်ခံလိုက်ရပြီ။ နောက် ကျနော်တို့စုနေကြ ဗောဓိကုန်းက ‘သပြေ’ ဆိုတဲ့ အိမ်လေးမှာ ကိုအောင်သူတို့က မရှိတော့ဘူး။ ဒါကြောင့် လူမစုနိုင်တော့ဘူး။ ဒါကြောင့် အဲ့ဒီတုန်းက အများအားဖြင့် လူစုကြတယ်ဆိုလို့ရှိရင် လဘက်ရည်ဆိုင်ထိုင်ရင် ရေနီမြောင်းထိပ်က ကိုကံရဲ့ လက်ဘက်ရည်ဆိုင်။ စကားပြောစရာရှိရင် အဲ့ဒီဗောဓိကုန်းထဲက ကိုလေးမောင်တို့အိမ်မှာ ပြောတယ်။ သူနေတဲ့အိမ်က ထုံးဖြူသုတ်ထားတဲ့ ဝါးကပ်တဲ။
ဒါကြောင့် ကျနော်တို့ အားလုံးက အဲ့ဒီ ဝါးကပ်တဲကြီးကို ‘အိမ်ဖြူတော်’လို့ ရယ်စရာ မောစရာ ပြောကြတယ်။ တကယ်တော့က အိမ်တအိမ်လုံးမှ ဝါရှင်တန်က အိမ်ဖြူတော်ရဲ့ စားပွဲတလုံးလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ပါဘူး။
အဲ့ဒီနောက် ၆၃ ခုနှစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပျက် ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂလုပ်ရှားမှုကို မြေအောက်လုပ်ရတယ်။ အဲ့ဒီတုန်းကလည်း ကိုလေးမောင်နဲ့ ကျနော်နဲ့ အတူတူ လှုပ်ရှားရတာပဲ။ ဒီအချိန်မှာ သူနေတာက မန္တလေး၊ မလွန်ရပ်က ၈၅ လမ်းပေါ့။ အဲ့ဒီမှာ ကွယ်လွန်သွားတဲ့ စာရေးဆရာ ကိုတောလူ (ကိုစောလွင်)ရဲ့ တိုက်ကလေးတလုံး ရှိတယ်။ ကိုစောလွင်က မန်းတက္ကသိုလ်သမဂ္ဂမှာ ဥက္ကဋ္ဌ လုပ်ဖူးတယ်။
အဲ့ဒီတိုက်ဝန်းနောက်က တိုက်ခန်းထဲမှာ ကိုလေးမောင် နေတယ်။ ကိုလေးမောင်နဲ့ ကိုသာနိုးနဲ့ အတူတူနေကြတယ်။ အဲ့ဒီတုန်းက ကျနော်တို့ရဲ့လှုပ်ရှားမှုဟာ အဲ့ဒီနေရာမှာ အတော်များများ အခြေခံတာ။ (ကိုသာနိုးကတော့ မပါတော့ပါဘူး) ကိုလေးမောင်ရှိတဲ့ဆီမှာပဲ ကျနော်တို့က အခြေခံလုပ်ကြတာများတယ်။
မအေးစန်း ခေါ် မစိမ်းပင်တို့နဲ့အတူ ခွပ်ဒေါင်းစာစောင် ထုတ်ကြတော့လည်း အဲဒီနေရာမှာပဲ။ ကျနော်တို့ အတူတူ စာအုပ်ထုတ်ကြ။ စာအုပ်အဖုံး ဖုံးကြ။ နောက် ဖြန့်ဝေကြ။ ကိုလေးမောင်နေတဲ့နေရာမှာပဲ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ကိုလေးမောင်တို့နေတဲ့နေရာမှာပဲ ကျနော်တို့လုပ်ခဲ့ကြတယ်။ အဲ့ဒီက ဆက်ပြီးတော့ ၆၆ ခုနှစ်မှာ အဖမ်းခံရတော့လည်း အတူတူ။ မန္တလေးထောင်ထဲမှာ ၁ တိုက်၊ ၄ တိုက်၊ ၂ တိုက်၊ စစ်ထောင်တွေကို သူနဲ့ကျနော်နဲ့ တနေ့တည်း အမြဲအတူပြောင်းရတာချည်းပဲ။
မန္တလေးထောင်ထဲမှာ ကျနော်တို့ လှုပ်ရှားမှုရဲ့အဓိက တာဝန်ခံလို့ဆိုရမယ့် ကိုဌေးလှ ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ကျနော်အဖို့ အစစအရာရာ ကိုလေးမောင်ကိုပဲ အဓိက တိုင်ပင်ခဲ့ရတယ်။ လူဆိုတာ ထောင်ထဲမှာ ဖြတ်သန်းတဲ့အခါမှာ (အထူးသဖြင့် ကျနော်တို့လို အဲ့ဒီတုန်းက အသက်ငယ်ငယ်နဲ့ လူတွေအဖို့မှာ ဆိုလို့ရှိရင်) အတွေးအခေါ် အတက်အကျ၊ ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေအမျိုးမျိုး ကြုံတွေ့ရတယ်။
အဲ့တော့ ကိုယ့်တယောက်တည်း ဖြေရှင်းလို့မရဘူး။ တိုင်ပင်စရာ အမြဲလိုတယ်။ အဲဒီအခါမှာ ကိုလေးမောင်ဟာ ကျနော့်အတွက် အင်မတန် အဖိုးတန်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။
ပြောရမယ်ဆိုရင် ကျနော့်ဘဝမှာ သာမန် ကျောင်းသားလှုပ်ရှားမှုလုပ်နေရာကနေ တော်လှန်ရေးသမား ဖြစ်လာအောင် အတွေးခေါ်အရ၊ နိုင်ငံရေးအရ အပြောင်းလဲကြီးပြောင်းလဲတဲ့နေရာမှာ ကိုလေးမောင်ရဲ့ သြဇာတွေ အများကြီးပါနိုင်တယ်လို့ ပြောနိုင်တယ်။
အဲတော့ သူနဲ့ကျနော်နဲ့ ခုနကပြောသလို တိုက်တွေမှာလည်း အတူတူ။ တလျှောက်လုံး အတူတူပေါ့လေ။ ကျွန်းရောက်လာတော့လည်း အတူတူပေါ့လေ။ ကျွန်းရောက်တော့ သူဟာ အများရဲ့ ချစ်ခင်လေးစားမှုလည်း ခံရတယ်။ လူက စကားနည်းတယ်။ ပြောရင် တိတိကျကျနဲ့ စကားကိုတန်ဖိုးထားပြီး ပြောတယ်။ နောက် ရိုးသားတယ်။ ပွင့်လင်းတယ်။ နှိမ့်ချတယ်။ အနစ်နာခံတယ်။ ဒါကြောင့် လူချစ်လူခင်သိပ်များတယ်။
ခုပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် သူ ကျဆုံးတယ်ဆိုတဲ့အခါကျတော့ ကျနော်ဟာ မျက်ရည်ကျရုံတင် မကဘူး။ ကျနော်နဲ့ ကုတင်ချင်းကပ်လျက်အိပ်တဲ့ ရဲဘော်အောင်ဘော်ရဲ့ပုခုံးပေါ်မှာ ကျနော် ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ဒါ ကျနော့်ဘဝမှာ ပထဆုံးအကြိမ် ဒီလိုငိုတာပဲ။
ဒီမှာစပ်မိလို့ ကိုအောင်ဘော်ဆိုတာက ကျနော်တို့နဲ့ အမှုတွဲအတူတူ၊ တလျှောက်လုံး မန္တလေးထောင်မှာလည်း အတူတူ၊ နောက် ကျွန်းမှာလည်း အတူတူ။ သူက ကျောက်ပန်းတောင်းသား၊ မန္တလေးတက္ကသိုလ်က။ သူက ကျွန်းကပြန်လာ၊ ထောင်ကလွတ်လာပြီးတဲ့နောက် ၁၉၇၅ ခုနှစ်လောက်မှာ အခြားကျွန်းပြန်တွေဖြစ်တဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဉာဏ်ဝင်း၊ ကိုဉာဏ်ဝင်းရဲ့ညီ ကိုတင်မောင်ဝင်းတို့နဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပဲခူးရိုးမကို ရောက်သွားခဲ့တယ်။ နောက်တော့ ပဲခူးရိုးမမှာပဲ ကျဆုံးသွားခဲ့တယ်။
ကိုလေးမောင်ကျဆုံးတာက နေ့လည် ၂ နာရီလောက် ထင်တယ်။ သူရဲ့တိုက်ပွဲဝင်ဆောင်ပုဒ်အဖြစ်ကတော့ သူ့ကဗျာ တပုဒ်ထဲက သူလုပ်ခဲ့တဲ့ UG လုပ်ငန်းရဲ့ နိမိတ်ပုံဖြစ်တဲ့ …
‘ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ’
ဆိုတာကို ရွေးထားခဲ့တယ်။
အဲ့ဒီလို သူကျဆုံးပြီးတဲ့နောက် ၂ နာရီ ၃ နာရီလောက်ကြာတော့ ထောင်မှူးကြီးနဲ့ ထောင်မှူးတွေ စာရွက်လေးတရွက်ကိုင်ပြီး ကျနော်တို့ စခန်းထဲကို ရောက်လာကြတယ်။ သူတို့က တိုက်ပွဲဆောင်တွေထဲဆီ ရောက်လာပြီး ကျနော်တို့ တောင်းဆိုတဲ့အတိုင်း ‘ကိုယ်ထူကိုယ်ထစနစ်ကို ဖျက်သိမ်းပါပြီ’ ဆိုတဲ့အကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပေးတယ်။
အဲ့ဒီတော့မှ ကျနော်တို့လည်း အောင်ပွဲခံပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ တိုက်ပွဲသိမ်းပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ အင်တာနေရှင်နယ် (နိုင်ငံတကာသီချင်း)ကို အားလုံးသံပြိုင်ဝိုင်းဆိုကြတယ်။ သီချင်းဆိုရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို မြင်ယောင်နေတယ်။ ဒါကြောင့်မို့ သီချင်းဆိုတဲ့နေရာမှာ နာနာကျည်းကျည်းဆိုနေကြတာ။ ရင်ပွင့်မတတ်ပဲ။ ဝမ်းသာတယ်ဆိုတဲ့ ခံစားမှုမရှိဘူးဆိုတာ အဲဒီတုန်းက အမှန်ပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment