Tuesday, February 16, 2010

ဆရာ မြသန်းတင့် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ

ဦးမြသန်းတင့်ကို ကျနော်က ‘ဦးလေး ဦးမြသန်း’ လို့ အမြဲတမ်းခေါ်တယ်။ အဲ့တော့ ကျနော် အခုပြောရင်လည်း အဲ့ဒီ နာမည်နဲ့ပဲ ပြောတော့မယ်။ ကျနော်ပြောတဲ့အခါမှာ သူနဲ့ကျနော်နဲ့ ကိုကိုးကျွန်းမှာ ဖြတ်သန်းခဲ့တာတင်မကဘဲနဲ့ သူနဲ့ပတ်သက်ပြီး တခြားပုဂ္ဂိုလ်တွေဆီက ကြားဖူးတာ၊ ကျနော့်မိဘများဆီက ကြားဖူးတာ အဲ့ဒါတွေပါ ဒီမှာ ထည့်ပြီးပြောပြချင်တယ်။ ဒီလို …။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါနီး ဂျပန်တော်လှန်ရေးဟာ အထက်ဗမာပြည်ဘက်မှာ စပြီးတော့ အောင်ပွဲတွေ ရတယ်ဗျ။ အဲ့တော့ အထက်ဗမာပြည်ဟာ အောက်ဗမာပြည်ထက် အရင်လွတ်မြောက်တယ်လို့ ပြောလို့ရတယ်။ ဗမာပြည်မှာ ဗြောင် နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အဲ့ဒီအချိန်က အဓိကအားဖြင့် အထက်ဗမာပြည် မန္တလေးကို ဗဟိုပြုပြီး ပေါ်ပေါက်လာတယ်။

ဒါကြောင့်မို့ မန္တလေးမှာ အထက်ဗမာပြည်က နိုင်ငံရေးသမားပေါင်းစုံ (အထူးသဖြင့်တော့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုတွေပေါ့) အကုန် မန္တလေးမှာ လာပြီးစုကြတယ်။ မန္တလေးပတ်ဝန်းကျင်က စစ်ကိုင်းတို့ဘာတို့က လာတာရှိသလို၊ ပခုက္ကူ ရေစကြိုဘက်ကလူတွေလည်း အများကြီး ပါလာတယ်။

ဥပမာဆိုလို့ရှိရင် နောင်မှာ အလံနီဖြစ်သွားတဲ့ ကိုကျော်သန်း၊ စာရေးဆရာဖြစ်လာတဲ့ ဦးမြသန်းတို့၊ ဦးကျော်အောင်တို့၊ နောက်တခါ မနှစ်ကမှ ကွယ်လွန်သွားတဲ့ ရေစကြို ဦးညွန့်အောင်၊ အဲဒီ လူတွေ ရောက်လာကြတယ်။ ဦးမြသန်းတင့်လည်း အဲဒီမှာ တခါတည်း ပါလာတာပဲ။

အဲဒါအပြင် မန္တလေးမှာ ဘယ်သူတွေ လာစုသေးလဲဆိုတော့ ကျနော်တို့ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ကရက်မှာ ဗဟိုကော်မတီဖြစ်လာတဲ့ ပါမောက္ခ ဦးကျော်ရင်တို့လို လူတွေလည်း အထက်ဗမာပြည်မှာ ရှိနေကြတယ်။ ကျနော်ကလည်း အဲဒီအချိန်ကြမှ မွေးတာ။ ကျနော့်ကိုမွေးတုန်းက ဦးကျော်ရင်က ကျနော့်အဖေနဲ့အတူ ကျနော့်အမေကို ဆေးရုံလိုက်ပို့ရတာ။ ညကြီးမှာ။ အဲဒါကြောင့်မို့လို့ ကျနော်က ဦးကျော်ရင်ကို မှတ်မှတ်ရရ ဖြစ်နေတာ။

အဲတော့ ဦးမြသန်းဟာလည်း အဲဒီလိုနဲ့ မန္တလေးရောက်လာတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီက ရဲဘော်တွေအားလုံးဟာ မန္တလေး ပိုက်ကျုံးမှာရှိတဲ့ ‘ပါတီဘုံရိပ်သာ’ မှာ စုပြီးနေကြတယ်။ ဦးမြသန်းက အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲ။ အသက် ၂ဝ မပြည့်သေးဘူး။

အဲဒီအချိန်တုန်းက အထက်ဗမာနိုင်ငံမှာ ‘ဖဆပလ၊ ဖဆပလ’ ဆိုပြီး လှုပ်ရှားတဲ့အခါမှာ အဓိက လှုပ်ရှားနေတာက ကွန်မြူနစ်တွေပဲ။ အပေါ်မှာကတော့ မန္တလေးမြို့မိမြို့ဖတွေဖြစ်တဲ့ ဆရာကြီး ဦးရာဇတ်တို့၊ ဘယ်သူတို့လို ပုဂ္ဂိုလ်တွေလည်း ပါတာပေါ့။ ကျနော်အဖေက အဲဒီတုန်းက အထက်ဗမာပြည် ဖဆပလ မှာ အတွင်းရေးမှူး။ ဦးမြသန်းတို့၊ ဦးညွန့်အောင်တို့ ကိုကျော်သန်းတို့နဲ့ သူတို့နဲ့က အဲဒီအချိန်မှာ ရင်းနှီးတာ။ စာပေဝါသနာချင်းကလည်း တူကြတာကိုး။ ဦးကျော်ရင်နဲ့ကတော့ အရမ်းကို ရင်း၊ ပြောစရာ မလိုဘူး။

အဲဒီလိုကာလဟာ ဒုတိယ ကမ္ဘာစစ်ကြီးကလည်း ပြီးခါနီးပြီ။ ကမ္ဘာအရပ်ရပ်မှာ မဟာမိတ်တွေ ဖက်ဆစ် ဆန့်ကျင်ရေး အင်အားစုတွေက အောင်ပွဲတွေပြန်ရနေတဲ့အချိန်၊ ထိုးစစ်တွေ ပြန်စနေတဲ့အချိန်။ ကျနော်တို့ ဗမာပြည်မှာဆိုလို့ရှိရင်လည်း ဂျပန်ဖက်ဆစ်တွေ ဆုတ်နေရတဲ့အချိန်။ အောင်ပွဲရဲ့အလားအလာတွေ မြင်နေရတဲ့အချိန်။ တနိုင်ငံလုံး ပြည်သူတွေ၊ ရဟန်းရှင်လူတွေအားလုံး အားတက်နေကြတဲ့အချိန်။

အဲလိုအချိန်မျိုးမှာ မှန်ကန်တဲ့ ဦးဆောင်မှုလည်း ရှိတယ်။ အောင်ပွဲစိတ်ဓာတ်တွေလည်း ရှိနေတဲ့အခါကျတော့ လူတိုင်းဟာ တက်ကြွနေကြတယ်။ ကျနော်တို့ ကွန်မြူနစ်ပါတီရဲ့ဘုံရိပ်သာဆိုလို့ရှိရင် အင်မတန် စည်ကားတာ။ အဲ့ဒီတုန်းက အင်္ဂလိပ် တပ်တွေထဲမှာပါတဲ့ ကွန်မြူနစ်ပါတီဝင်တွေ (အဲဒီတုန်းက ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ညွန်ကြားချက်ကလည်း ရှိနေတော့) သူတို့က ဘုံအဖွဲ့ကို လာကြတယ်။

ကျနော်တို့ ပါတီကရဲဘော်တွေ ဆင်းဆင်းရဲရဲ စားနေရတာကြည့်ပြီးတော့ သူတို့က သူတို့ရာရှင်ရတဲ့ စားစရာ သောက်စရာတွေ စီးကရက်တွေ လာလာပြီး ပေးတယ်။ နောက်ပြီးကျတော့ သူတို့ရဲ့ ပါတီဝင်ကြေးကိုလည်း ဗမာပြည်က ကွန်မြူနစ်ပါတီဆီမှာ လာပြီးပေးသွင်းတယ်။ ဒီက ကလပ်စည်းတွေထဲမှာ ကလပ်စည်း ဖြတ်သန်းမှု လုပ်တယ်။

အဲ့လိုအခြေအနေတွေနဲ့ဆိုတော့ အားလုံးက တက်ကြွနေတဲ့အခါမှာ အထက်ဗမာပြည်က ကွန်မြူနစ်တွေကို ဦးကျော်ရင်က သီချင်းတွေ သင်ပေးတယ်။ အင်တာနေရှင်နယ် သီချင်းကို ဦးကျော်ရင်က ပထမဆုံး သင်ပေးတာပဲ။

တခါ ဦးကျော်ရင်က ယူဂိုဆလပ် စစ်ချီသီချင်း၊ ပြင်သစ် စစ်ချီသီချင်း စတာတွေလည်း သင်ပေးတယ်။ အဲ့ဒါအပြင် ရခိုင်သီချင်းတွေလည်း သူက သင်ပေးတယ်။ အဲ့ဒါကြောင့်မို့လို့ အထက်ဗမာပြည်က ကွန်မြူနစ်ပါတီဝင် အတော်များများဟာ ရခိုင်သီချင်းတွေကို ဆိုတတ်နေကြတယ်။

အဲဒီတုန်းက ပါတီဝင်တွေကို (ဘုံရိပ်သာမှာနေတဲ့သူတွေကို) တောင်းဆိုတာ ရှိတယ်။ ဒါ မန္တလေးက ဘုံရိပ်သာတင် မကဘူး။ အိန္ဒိယရောက်သွားတဲ့ လူတွေရဲ့ဘုံရိပ်သာမှာလည်း ဒီအတိုင်းပဲလို့ သိရတယ်။ အဲ့ဒီမှာ တောင်းဆိုတာက အချက်(၃)ချက်။

ရဲဘော်တိုင်း …

(၁) အလှူခံရင် လိုက်ပါရတယ်။ အလှူခံတယ်ဆိုတာ မြို့ထဲမှာဖြစ်မယ်။ ဈေးထဲမှာ ဖြစ်မယ်၊ ဘယ်ကိုပဲ သွားသွား အလှူခံတဲ့နေရာမှာ လိုက်ရတယ်။

(၂) တရားဟောရတယ်။ လူထုကို တရားဟောရတယ်။ အဲလို တရားဟောတာ လေ့ကျင့်ဖို့အတွက် ဘုံရိပ်သာတွေမှာ စကားရည်လုပွဲတွေ လုပ်ပေးတယ်။ မကြာမကြာ ကျင်းပ ပေးတယ်။ အကြောင်းအရာတော့ ပြောင်းပြောင်းပေးတာပေါ့။

နောက် တတိယအချက်က နံရံကပ်စာစောင်မှာ ဝင်ရေး ရတာ။ မရေးတတ်လို့ရှိရင် သူများက သင်ပေးတယ်။ ဦးကျော်ရင်လို ပုဂ္ဂိုလ်တွေက ပြင်ပေး၊ သင်ပေးတဲ့သူတွေပေါ့။

အဲ့တော့ ဆယ်ကျော်သက်အရွယ် ဦးမြသန်းဟာ အဲ့ဒီလို နံရံကပ်စာစောင်မှာ ကလောင်သွေးခွင့်ရတာပဲ။ ကလောင်သွေးခွင့်၊ လက်သွေးခွင့် ရတယ်။ ကျန်တဲ့ရဲဘော်တွေက ဝိုင်းဖတ်ပြီးတော့ အကူအညီပေးကြ၊ ထောက်ပြကြ၊ ဝေဖန်ကြ အဲ့ဒီလိုနဲ့ တိုးတက်လာတာပဲ။ ဒါကြောင့်မို့လို့ ဦးမြသန်းရဲ့ စာပေ ရေခံမြေခံဟာ ပြင်းထန်လှတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှိုင်းလုံးကြီးတွေထဲမှာ အစပြုတယ်လို့ပြောရင် ရမယ်လို့ထင်တယ်။

ခုနက အထက်မှာပြောခဲ့တဲ့ တရားဟောတာနဲ့ပတ်သက်လို့ ဦးမြသန်းပြောပြခဲ့ဖူးတာ တခု။ အဲ့ဒါက ကျွန်းပေါ်မှာတုန်းက ကျနော့်ကို သူ ပြောပြတာ။ အဲ့ဒီခေတ်တုန်းက သူတို့ရေစကြိုဘက်မှာ အင်မတန် နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်း ဆိုတာ ရှိတယ်။ ဓားပြဂိုဏ်းခေါင်းဆောင်က ရှင်မတောင် ခင်မောင်။

ဓားပြဂိုဏ်းဆိုလို့ နှယ်နှယ်ရရ မထင်နဲ့။ အင်အားက တထောင်လောက် ရှိတယ်။ သူတို့က ရွာလုံးကျွတ် ရွာအလိုက် ပါကြတာ။ တိုက်စရာရှိရင်လည်း ရွာလုံးကျွတ် ထွက်တိုက်တာ။ အဲ့ဒီလို ဓားပြဂိုဏ်းကြီးကို သွားပြီးတော့ ပါတီက ဆွေးနွေးခိုင်းတယ်။ သူတို့ ပခုက္ကူ ရေစကြိုက လူတွေကို လွှတ်တာပေါ့။

အဲ့ဒီတုန်းက ဦးမြသန်းလည်း ပါသွားတယ်။ သွားပြောရတာက … ခင်ဗျားတို့ ဓားပြစားတယ်ဆိုတာက စနစ်ကြောင့် ဖြစ်ပါတယ်၊ ကျနော်တို့ နားလည်နိုင်ပါတယ်၊ ဘာညာပေါ့။ အဓိက,ကတော့ နားချတာတမျိုးပါပဲ။ အဲတော့ ဟိုက ကောင်းကောင်းမွန်မွန် လက်ခံနားထောင်တယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်ခွင့်ပြုတယ်။ သူတို့တရားပွဲက အောင်မြင်တယ်လို့ ပြောနိုင်တယ်။

ဆိုလိုတာက ဦးမြသန်းဟာ သူ့စာပေဘဝ စတင်ကတည်းက အဲ့ဒီလို လူထုနဲ့ နီးနီးကပ်ကပ် လူထုလှုပ်ရှားမှုတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်ပြီး လုပ်ရင်းကိုင်ရင်းကနေပြီးတော့ ကလောင်တဖက်၊ အော်လံတခွက်လိုဟာမျိုးကို ကိုင်ပြီးတော့ လုပ်ခဲ့ရတာ။

လွတ်လပ်ရေးရပြီးတယ်ဆိုတော့လည်း သူဟာ ဗမာပြည် ပြည်သူတွေရဲ့ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ထက်ထက်သန်သန် ပါဝင်ခဲ့တာ အဲဒီလှုပ်ရှားမှုတွေနဲ့ သူ နိုင်ငံခြားသွားရတာ ရှိတယ်။ ကိုကိုးကျွန်းကို ၂ ခါရောက်ရတာလည်း ရှိတယ်။

သူ့ဘဝတလျောက်လုံးမှာ အုပ်စိုးသူတွေရဲ့ငြိုငြင်ခံရတဲ့ စာပေသမား တယောက်အဖြစ်နဲ့ ရပ်ခဲ့ရတယ်။ သူ့ရဲ့စာပေထွန်းပြောင်ခဲ့တာဟာ အဲဒီလို ရေခံမြေခံ၊ အဲဒီလို ဖြတ်သန်းမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်၊ ခွဲမရဘူးလို့ ကျနော်ထင်တယ်။

ကျနော်တို့ဗမာပြည်ရဲ့စာပေသမိုင်းမှာ စာပေလောကမှာ နာမည်ကြီးတဲ့ လူချစ်လူခင်များတဲ့၊ သိက္ခာရှိတဲ့လူတွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ အစိုးရအငြိုငြင်ခံပြီးတော့ စာပေလောကမှာ အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အခုထက်ထိ ပြည်သူလူထုက သူရဲကောင်းလို့ ထင်မှတ်နေကြတာပါပဲ။

ဆက်လက်ဖော်ပြပါမယ်။

No comments: