“ခေတ်ပေါ်ကဗျာသည် တသီးပုဂ္ဂလသဘော (Individuality) အတွင်းခံစားမှု (Inner Feeling) လွတ်လပ်စွာ ဖော်ထုတ်ချက် (Freedom of Expression) တို့၏ ကဗျာဖြစ်ကြောင်း အစဉ်တစိုက် ဆိုခဲ့ပါသည်”
စာ-၁၆၉ ချယ်ရီမဂ္ဂဇင်း (၂၀၀၂ ဖေဖော်ဝါရီ)။
စာ-၁၆၉ ချယ်ရီမဂ္ဂဇင်း (၂၀၀၂ ဖေဖော်ဝါရီ)။
“ခေတ်ပေါ်ကဗျာသည်” လို့ အစချီထားတဲ့အတွက် ဒါဟာ ခေတ်ပေါ်ကဗျာကို ဖွင့်ဆိုထားတာလို့ ဆိုရပါမယ်။ ရေးသူက အမည်တပ်မထားဘူး ‘လူငယ်ကဗျာရှင်များ’ လို့ ဖော်ပြထားတဲ့အတွက် တဦးတည်းရေးတာ မဟုတ်ဘူးလို့ ဆိုလို့ရပါတယ်။
ဒါပေမယ့် တဦးထက်များတာကြောင့် နှစ်ဆယ် သုံးဆယ်လည်းဖြစ်နိုင်သလို နှစ်ဦး သုံးဦးလည်း ဖြစ်နိုင်တယ်။ လူငယ်ကဗျာဆရာ ဘယ်နှယောက်ကို ကိုယ်စားပြုလဲသလဲ မသိနိုင်။ ဆောင်းပါးအမည်က ‘ယနေ့ ကဗျာယဉ်ကျေးမှု’ တဲ့။
ကဗျာရေးဖွဲ့သူတဦးအဖို့ကတော့ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ ထုတ်ဖော်ဖို့ထက် ကိုယ့်ခံစားမှုကို ကိုယ်ရိုးရိုးသားသား ဖွဲ့ပြဖို့ပဲ အရေးကြီးပါတယ်။ ကဲ - အထက်ကဖော်ပြထားတဲ့ အချက်သုံးချက်ကို ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာ ဟုတ်မဟုတ် စိစစ်ကြည့်ရအောင်။
၁။ တသီးပုဂ္ဂလသဘော (Individuality)
ခေတ်ပေါ်ကဗျာဟာ တသီးပုဂ္ဂလသဘောရဲ့ ကဗျာဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ် ခေတ်ပေါ်လဲ။ ဒီခေတ်ပေါ်လား။ ခေတ်ပြိုင်လား။ ဒီခေတ်ပေါ်ဆိုလည်း ဟုတ်၊ ခေတ်ပြိုင်ဆိုလည်း ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ခေတ်မှာပဲပေါ်ပေါ်၊ တသီးပုဂ္ဂလသဘောချည်းပါပဲ။ နောက်ပြီး ဘယ်အနုပညာပဲဖြစ်ဖြစ် ပန်းချီ၊ ပန်းပု၊ ဂီတ၊ ကဗျာ … စတဲ့ အနုပညာအားလုံးဟာ တသီးပုဂ္ဂလသဘောချည်းပါပဲ။ အနုပညာရှင်တဦးချင်းစီရဲ့ ပုဂ္ဂလိက အတွေ့အကြုံ၊ ပုဂ္ဂလိက ခံစားမှုကနေပြီး ပုဂ္ဂလိက အနုပညာစွမ်းရည်နဲ့ ဖော်ထုတ်အပ်တဲ့ အနုပညာဖြစ်တာကြောင့် အားလုံး အနုပညာများ၊ ခေတ်အဆက်ဆက် အနုပညာများဟာ တသီးပုဂ္ဂလိကသဘောကို ဆောင်တာချည်းပါပဲ။ ဣတိ တသမာ - ထို့ကြောင့် ခေတ်ပေါ်ကဗျာများသည် တသီးပုဂ္ဂလသဘော၏ ကဗျာများဖြစ်သည် ဆိုရင် မှားတယ်။ သီးခြားလက္ခဏာ မဟုတ်၊ ခေတ်လက္ခဏာ မဟုတ်။
“ကဗျာရေးဖွဲ့သူတဦးအဖို့ကတော့ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ ထုတ်ဖော်ဖို့ထက် ကိုယ့်ခံစားမှုကို ကိုယ်ရိုးရိုးသားသား ဖွဲ့ပြဖို့ပဲ အရေးကြီးပါတယ်”
၂။ ခေတ်ပေါ်ကဗျာသည် အတွင်းခံစားမှု (Inner Feeling)၏ ကဗျာများဖြစ်သည်လို့ နောက်တချက် ပြောတယ်။ အတွင်းခံစားမှုလို့ပြောရင် ဆန့်ကျင်ဘက်သဘောအရ အပြင်ခံစားမှု (Outer Feeling) ဆိုတာလည်း ရှိသလားမသိ။ ထားပါတော့၊ အတွင်းခံစားမှုသဘောပဲထားပါ။
ဒါပေမယ့် ဘယ်ခေတ်က ဘယ်အနုပညာပဲဖြစ်ဖြစ် အတွင်းခံစားမှု ဆိုတာနဲ့ချည်း ဖွဲ့တာပဲမဟုတ်လား။ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စတဲ့ ခေတ်အဆက်ဆက် အနုပညာအားလုံးဟာ အတွင်းခံစားမှုနဲ့ချည်း ရေးဖွဲ့ဖော်ထုတ်ကြတာချည်းပဲပေါ့။ ဒါကြောင့် အတွင်းခံစားမှုဆိုတာလည်း ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာ မဟုတ်ပြန်။ ဒါလည်း မှားတယ်။
၃။ လွတ်လပ်စွာ ဖော်ထုတ်ချက် (Freedom of Expression) ၏ ကဗျာလို့ ပြောပါတယ်။ ကွင်းထဲမှာ အင်္ဂလိပ်စာလုံး သုံးကြိမ်၊ သုံးခါ၊ သုံးမျိုးပါလာတာက ကျွန်တော် (ဝေဖန်သူ)ရဲ့ အင်္ဂလိပ်စာ မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာဘာသာ စကားလုံးနဲ့ သုံးလို့ရရင် အင်္ဂလိပ်စာလုံးကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ ခုလည်း ကျနော် မသုံး။
ခုသုံးပြထားတဲ့ သုံးလုံး ထဲမှာ (Freedom of Expression) ကို ‘လွတ်လပ်စွာ ဖော်ထုတ်ချက်’ လို့ ဘာသာပြန်ရင် တိကျ မှန်ကန်မှု မရှိပါဘူး။ ဖော်ထုတ်မှု လွတ်လပ်ခြင်း သို့မဟုတ် လွတ်လပ်စွာ ဖော်ထုတ်ခွင့် ဖြစ်ပါတယ်။ ဒါဟာ စာပေရဲ့လက္ခဏာတရပ် မဟုတ်ပါဘူး။ အခွင့်အရေးတရပ်သာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာလိုဖော်ပြထားတဲ့အတိုင်း လွတ်လပ်စွာ ဖော်ထုတ်ချက် လို့ဆိုရင်လည်း ဘာဆိုလိုသလဲ မပေါ်လွင်ပါ။
တကယ်တော့ ဘယ်အနုပညာမဆို ခံစားမှုကိုရော၊ ဖန်တီးမှုကိုရော အတတ်ပညာနဲ့ ထိန်းသိမ်း ပဲ့ကိုင် ဖော်ထုတ်ရတာချည်း ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်တာမျိုး မရှိပါဘူး။ ခံစားမှုတရပ်ကို ဘယ်နိမိတ်ပုံ၊ ဘယ်အလင်္ကာနဲ့ ဘယ်စာလုံးတွေသုံးပြီး ဖော်ထုတ်ရမလဲဆိုတာ ဆင်ခြင် နှိုင်းချိန်ရပါတယ်။
ဒါကြောင့် ခေတ်ပေါ်ကဗျာသည် ပုဂ္ဂလိကသဘော၊ အတွင်းခံစားမှု၊ လွတ်လပ်စွာ ဖော်ထုတ်ချက်သဘောတို့၏ ကဗျာဖြစ်သည်ဆိုတာ စာပေသဘောတရားဆန်တဲ့ စကားလုံးတွေနဲ့ (အင်္ဂလိပ်စကားလုံးတွေနဲ့) ရေးထားလို့ ရုတ်တရက်ကြည့်ရင် အထင်ကြီးရတော့မလိုလို အဟုတ်ကြီးလိုလို ထင်ရပေမယ့် ဘာမှ မဟုတ်ပါဘူး။ အဟုတ်မှတ်မနေနဲ့။ ။
မောင်စွမ်းရည် (၁၉-၃-၀၂)
စံပယ်ဖြူ အမှတ် ၇၊ ဇူလိုင်လ၊ ၂၀၀၂
No comments:
Post a Comment