Friday, February 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၀)

အချိန်ပြောင်းလိုက်ရပြီ

ကျနော်တို့အစီအစဉ်မှာ ပြောင်းလိုက်ရပြီဖြစ်ရာ အချိန်ယူရဦးမည်။ အချိန်ကြာဦးမည်ဖြစ်သည့်အတွက်ကြောင့် အနေအထိုင်၊ အသွားအလာ လှုပ်ရှားမှုကို ပိုပြီးသတိထားလာရပါသည်။

ကျနော်သတင်းနားထောင်ပြီး ကျွန်း၏တောင်ဘက် ဂျယ်ရီကျွန်းဘက်သို့ တိုက်ရိုက်တန်းသွားခြင်းကို နောက်ပိုင်းတွင် မလုပ်တော့ပါ။ စခန်း၏မြောက်ဘက် ဗိုလ်တင့်တယ်တို့၏ တောင်ယာဘက်သို့ ထွက်လာပါသည်။ ဗိုလ်တင့်တယ်တို့၏ တောင်ယာရောက်ခါနီးတွင် အုန်းပင်ပျိုတစု ရှိသည်။ လက်ခုပ်တဖောင်ကျော်ကျော်သာ ရှိသည်။ အသီးများစ၍ သီးနေပြီဖြစ်သည်။

၎င်းအုန်းပင်နိမ့်နိမ့်ကလေးများကို ထန်းရေခံသကဲ့သို့ အုန်းဖူးများကိုစည်း၍ လှီးပါသည်။ တပတ်လောက် ညမနက် လှီးလျှင် အုန်းဖူးရည်ထွက်လာပါသည်။ အလွန်ချိုပြီး အာဟာရလည်း ဖြစ်ပါသည်။ အချဉ်နှင့်ခံလျှင် ချဉ်ချဉ်ရှိန်းရှိန်းနှင့် အသောက်များလျှင် မူးပါသည်။ ကျနော်ခံသည့်အုန်းရည်မှာ အချိုဖြစ်သည်။ အချိုမှာ ရှတတ အနေလောက်သာ ရှိပါသည်။ သောက်သော်လည်း မမူးပါ။

ကျနော့်မှာ အုန်းရည်သောက်ပြီး မူးချင်ယောင်ဆောင်ရပါသည်။ စိတ်ဓာတ်တက်ကြွသည့် အမူအယာမျိုး မပြမိအောင် သတိထားရပါသည်။ တခါတရံ ကျနော်နှင့်ခင်သည့် ကိုဇော်လွင် အုန်းဖူးရည် လိုက်သောက်ပါသည်။ ပြီးတော့မှ တောလိုက်မည့်အကြောင်းပြပြီး တောထဲသို့ဝင်ခဲ့သည်။ လူရိပ်လူခြည် ကြည့်ပြီးမှ ကျွန်း၏တောင်ဘက် ဂျယ်ရီကျွန်းဘက်သို့ ကူးခဲ့ပါသည်။

ဂျယ်ရီကျွန်းဘက်သို့ကူးရာတွင်လည်း နေ့တိုင်းကူး၍ရသည် မဟုတ်ပါ။ ရေတက်ရေကျချိန်သည် အမြဲ ပြောင်းလဲမှုရှိသည်။ တခါတရံတွင် မနက်ဖက် ရေလက်ကြားသည် ရေပြည့်ချိန်မျိုးတွင် ကူး၍မရပါ။ ကူး၍ရဖို့ဆိုလျှင် ၆ နာရီခန့် ကြာတတ်ပါသည်။

ဤလိုနေ့မျိုးတွင် လုပ်ရကိုင်ရသည်မှာ အချိန်နည်းပါးလှသည်။ တခါတရံ ကူးခတ်၍ရသော်လည်း လူသွားလူလာနေလျှင် ကူး၍မရပြန်ပါ။ ဂျယ်ရီကျွန်းဘက်သို့ နေတိုင်းကူးသွားခြင်းကို လူမြင်ခံ၍မရတော့ပါ။ တကယ်ကလည်း နေ့တိုင်း ကူး၍ရသည်မဟုတ်ပါ။

ရုပ်ပြတောင်ယာလည်း ဟုတ်၊ တကယ့်တောင်ယာလည်း ဟုတ်

မိုးဦးကာကိုဖြတ်သန်းရမည်ဆိုလျှင် တောင်ယာတခင်းလုပ်ဖို့ စီစဉ်ပါတော့သည်။ အိမ်ဟောင်းများနှင့် မနီးမဝေး အနောက်ဘက်တောင်ခြေ တောစပ်တွင် တောင်ယာတခင်းလုပ်ဖို့ စီစဉ်ပါသည်။ မိုးလည်းကျလာပါပြီ။ ကျနော်တို့ တောင်ယာမှာ ရုပ်ပြတောင်ယာလည်း ဖြစ်သည်။ တကယ့် တောင်ယာလည်း ဖြစ်သည်။

အချိန်ကလေးရကာမှတော့ ဗိုလ်တင့်တယ်တို့ တောင်ယာက ကန်စွန်းဥကို ဘာလုပ်ပြီး တူးဆွစရာလိုသေးလဲ။ ကိုယ်တိုင်ကိုယ်ကျ စိုက်တော့မှာပေါ့။ ကန်စွန်းဥစိုက်ဖို့ ၁၅ ပေလောက်ရှည်တဲ့ မြောင်း ၅ မြောင်း ဘောင်ဖော်တယ်။ သစ်ဆွေး၊ မြေဆွေးတွေရော၊ ဘီးစပ်ပင်တွေလည်းထည့် လုပ်ပါတယ်။ ဗိုလ်တင့်တယ်တောင်ယာက ကန်စွန်းဥ မယူတော့ပေမယ့် ကန်စွန်းညွန့်တော့ မျိုးအဖြစ် တောင်းယူခဲ့ရသေးသည်။

ပြီးတော့ သခွား။ သခွားကလည်း ပေါ်လစီနဲ့ ခန့်ခွဲတဲ့ကိစ္စအောက်က စိုက်တာပါ။ သခွားသီးက ရေငတ်ပြေမယ်၊ အေးလည်း အေးတယ်၊ ဗိုက်လည်း ပြည့်မယ်၊ အာဟာရလည်း ဖြစ်တယ်။ ဒါတင်မကသေးပါ။ ‘ဗူး၊ ဖရုံ၊ ငရုတ်၊ ပဲ တို့ပါ အမြဲလုပ် ကိုင်ခါ’ ဆိုတဲ့ သီချင်းထဲကလိုပဲ ရှာလို့ဖွေလို့ရတဲ့ မျိုးစေ့တွေ အကုန်ထည့်ထားတယ်။

ဖထီးမန်းနဲ့ ကျနော်တို့ ၂ ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်စရာရှိရင် ယာထဲမှာထိုင်ပြီး ပေါင်းရှင်းရင်းနဲ့ ခေါင်းချင်းဆိုင် ပြောဆိုတိုင်ပင်ကြပါတယ်။ အဝေးကနေကြည့်ရင် ပေါင်းရှင်း ပေါင်းနှုတ်တယ်ပေါ့။

ကွန်တီတီက ကျေးဇူးပြုခဲ့တယ်

ကျနော်တို့တိုက်ပွဲမှာ ကြီးမားစွာ ကျေးဇူးပြုခဲ့ကိစ္စတခုကလည်း ရှိပါသေးတယ်။ မြဝတီ မဂ္ဂဇင်းမှာလား၊ ငွေတာရီ မှာလား ကောင်းကောင်းမမှတ်မိတော့ဘူး၊ အဲဒီမဂ္ဂဇင်းထဲမှာ ဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ “သမုဒ္ဒရာ ရေဖောင်ခရီး” ဆိုတဲ့ ဆောင်းပါး ဖြစ်တယ်။

ဟိုအရင်တုန်းက တက္ကသိုလ်မှာ ပြဌာန်းခဲ့သေးတယ်။ အဲဒီအထဲက အကြောင်းအရာက ပီရူးကမ်းခြေကနေ ပစ္စိဖိတ်သမုဒ္ဒရာ မိုင် ၄ ထောင်ခရီးကို ဖောင်နဲ့ဖြတ်ပြီး ပေါ်လီနီးရှန်းကျွန်းစုကိုဖြတ်တဲ့ သုတေသန အတွေ့အကြုံပါ။ ပီရူးကမ်းခြေမှာရှိတဲ့ ကွန်တီတီ နေနတ်သား ဘုရားရုပ်ထုဟာ ပေါ်လီနီးရှန်းကျွန်းစုမှာလည်း အဲဒီလိုပဲ နေနတ်ဘုရား ရုပ်ထုရှိတယ်။ ပေ လေးငါးဆယ် အမြင့်ရှိတယ်။

ဒီယဉ်ကျေးမှု ၂ ခုဟာ မိုင် ၄ ထောင်ကျော်ကွာဝေးတဲ့ သမုဒ္ဒရာကြီးတခုလုံးခြားပြီး ဘာဖြစ်လို့ လာရောက် တူညီနေသလဲဆိုတဲ့ကိစ္စကို သမိုင်းပြတိုက်တွေ၊ စာကြည့်တိုက်တွေကနေရတဲ့ အထောက်အထားနဲ့ သူက လက်တွေ့စမ်းသပ်တာ ဖြစ်တယ်။ သူက နော်ဝေးနိုင်ငံသား သောဟီလ်ဒါ ဆိုတဲ့ပုဂ္ဂိုလ်။ စိတ်တူ သဘောတူ သင်္ဘောသားဟောင်း အပေါင်းအဖော် ၅ ယောက်နဲ့ မိုင် ၄ ထောင်ကျော် ပစ္စိဖိတ်သမုဒ္ဒရာကြီးကို အောင်မြင်စွာ ဖောင်နဲ့ဖြတ်ကူးခဲ့တဲ့ အတွေ့အကြုံပါပဲ။

သူ့အတွေ့အကြုံက ကျနော်တို့တိုက်ပွဲအတွက် လွန်စွာပဲတန်ဖိုးရှိပြီး ကျေးဇူးများပါတယ်။ ပင်လယ်ပြင်ရဲ့ သဘာဝ၊ ပင်လယ်ပြင်မှာ တွေ့ကြုံရတဲ့ကိစ္စတွေ ဘယ်လို ကြိုတင်စီစဉ် လုပ်ဆောင် ကာကွယ်ရမယ်ဆိုတဲ့ အတွေ့အကြုံပါ။ ကျနော် ၃ ခေါက် ဖတ်တယ်။ ဖထီးမန်းကလည်း ၃ ခေါက်လောက် ဖတ်တယ်။

ဥပမာ … သူတို့အတွေ့အကြုံထဲက အသက်ကယ်ကြိုးတချောင်းကို ကိုယ်နဲ့အမြဲမကွာ ချည်ထားပြီးတော့ ကြိုးစကို ဖောင်မှာချည်ထားရမယ်။ အမိန့်မရဘဲ မဖြုတ်ရဘူး။ ပင်လယ်ပြင်မှာ လှိုင်းဟာ ဗြုန်းဒိုင်း ဗြုန်းစား လှိုင်းထပြီး လှိုင်းက လူကိုရိုက်ချပြီး ဆွဲချသွားတတ်တယ်ဆိုတဲ့ ဟာမျိုးပေါ့။ ဦးထွန်းရှိန် လှိုင်းရိုက်ပြီး ပင်လယ်ထဲကို ဆွဲချသွားတယ်ဆိုတာ အဲဒါမျိုးဖြစ်ပါတယ်။

အဲဒီ နော်ဝေးနိုင်ငံသား သောဟီလ်ဒါဟာ လူစွန့်စားပါ။ ဒုတိယ သုတေသန စွန့်စားခန်းက မော်ရိုကိုကမ်းခြေ ကနေ တောင်အာဖရိကအငူကို ကျူရိုးလှေ (ယား)နဲ့ဖြတ်တဲ့ အတွေ့အကြုံပါ။

သူ့အတွေ့အကြုံကိုလေ့လာပြီး ကျနော်တို့နဲ့ ကိုက်ညီမယ့်ဟာကို ယူပါတယ်။ မီးဝိုင်ယာကြိုးတွေကို စုထားတယ်။ ပြီးတော့ ကမ်းခြေကနေမျောလာတဲ့ ၁၅ တောင်လောက်ရှည်တဲ့ ဝါးလုံးခြောက် ၆ လုံးလောက်ကို စုထားတယ်။ ပေ ၃၀ လောက်ရှည်မယ့် ကြိမ်ကြိုး ၅ ချောင်းလောက်ကို ဆက်ရက်ချည်ထားပြီးတော့ ခွေထားတယ်။ မတော်တဆ လူကျသွားရင် ပေ ၁၅၀ လောက်ရှည်တဲ့ ကြိမ်ကြိုးကို ပစ်ချပေးမယ်။ ဝါးလုံးခြောက်တွေ ပစ်ချပေးမယ်။ အဲဒီလို စီစဉ်ထားတယ်။

ဆက်လက်ဖော်ပြပါမည်။

No comments: