Tuesday, February 23, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၀)

အဲ့လို သီချင်းဆိုပြီးလို့ ကိုဖေအောင်ကနေ “သက်သာ” လို့ အမိန့်မပေးခင် တိုက်ပွဲဝင်ရဲဘော်တယောက် ရပ်နေရာကနေ ယိုင်ကျသွားတာ တွေ့လိုက်ရတယ်။ ရဲဘော် ထွန်းဝင်း။ သူအဲ့လို့ ယိုင်ကျသွားတော့ သူ့ဘေးမှာရှိနေတဲ့ ရဲဘော်တေဇက သူ့ကို လက်မောင်းကနေဖေးပြီးတော့ ထိန်းထားလိုက်တယ်။

ဒါပေမယ့် … သူ ကျဆုံးသွားတယ်။ သူဟာ နံပါတ် ၈၊ အဌမမြောက် နောက်ဆုံး အာဇာနည်ပေါ့။ အင်မတန် ဝမ်းနည်းစရာ၊ အသည်းနာစရာ ကောင်းပါတယ်။ တိုက်ပွဲအောင်ပွဲရပြီးမှ ကျသွားရှာတယ်။ အဲ့တော့ ကျနော်တို့အားလုံး ခုနက ထောင်မှူးကြီးနဲ့အဖွဲ့ကို ပြန်ထွက်ခွင့်မပေးသေးဘဲနဲ့ ကျနော်တို့ သူတို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့ …

“ရဲဘော်ထွန်းဝင်းကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ရဲဘော် ၈ ယောက်ကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ဖိနှိပ်ချုပ်ချယ်မှု … အလိုမရှိ၊ အလိုမရှိ”

“ကိုယ်ထူကိုယ်ထစနစ် … ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်”

လို့ ဝိုင်းကြွေးကြော်ကြတယ်။ ဒါဟာ ကိုကိုးကျွန်းပေါ်မှာကြားရတဲ့ နောက်ဆုံးကြွေးကြော်သံပဲ။

ရဲဘော် ထွန်းဝင်းဆိုတာက ကျွန်းပေါ်မှာ ကျနော်နဲ့ အဆောင်တဆောင်တည်းနေတာ။ သူဟာ မြစ်ဝကျွန်းပေါ်သား၊ အစိုးရလေတပ်က။ ပဲခူးရိုးမ UG အဖြစ်နဲ့ အလုပ်လုပ်ရင်း အဖမ်းခံရတာ။ (သူတို့လေတပ်က အဲဒီတုန်းကဖမ်းတာ လူတွေ အများကြီးပဲ)

သူက လေတပ်သားဆိုပေမယ့် အင်မတန် အနုပညာဘက်မှာလည်း ထူးချွန်၊ အားကစားဘက်မှာလည်း ထူးချွန်၊ လက်မှုပညာမှာလည်း ထူးချွန်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ထူးချွန်တဲ့သူဖြစ်တယ်။ ဒုံမင်းတွေ၊ ဂစ်တာတွေ သူလုပ်တာ အများကြီး။ တယောလည်း သူ လုပ်တတ်တယ်။ ဆေးလည်း ထိုးတတ်တယ်။ အားကစားမှာ ဘောလုံးကန်၊ ဘောလီဘော ရတယ်။ အပြေး ရတယ်။ အလေးမ ရတယ်၊ ခြင်းခတ် ရတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ လူတယောက်။

ကျနော်တို့က လွတ်တဲ့ငါး ကြီးတာမဟုတ်ဘူး။ ဒီအာဇာနည် ၈ ယောက်ဟာ တဦးချင်းအရကော အင်မတန် တန်ဖိုးရှိတဲ့သူတွေ။ အာဇာနည်ဖြစ်မှ တန်ဖိုးရှိတာ မဟုတ်ဘူး။ ရှင်နေရင်လည်း အင်မတန် တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ကျနော် အာမခံရဲတယ်။

ကျနော်တို့ တိုက်ပွဲပြီးသွားပြီဆိုတော့ တိုက်ပွဲနောက်ပိုင်းအလုပ်တွေ ဆက်လုပ်ရသေးတယ်။ ဒီတိုက်ပွဲမှာ အရင်တိုက်ပွဲတွေနဲ့ မတူတဲ့ကိစ္စတခုက ဒီ အာဇာနည်တွေရဲ့ကိစ္စပဲ။ အရင်တိုက်ပွဲတွေတုန်းက တိုက်ပွဲပြီးတယ်ဆိုလိုရှိရင် တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးပြန်ပြီး နာလန်ထူအောင် လုပ်ရကိုင်ရတယ်။ အဲဒီအလုပ်ပဲ ရှိတယ်။ ခုကျတော့ ကျသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ သူတို့ကို ဂုဏ်ပြုဖို့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုဖို့၊ သင်္ဂြိုလ်ဖို့ကိစ္စတွေ ဆက်ပြီး စဉ်းစားဖြေရှင်းကြရတယ်။

ပထမဆုံးအနေနဲ့ ကိုကိုးကျွန်း ပါတီကော်မတီကနေပြီးတော့ ဇူလိုင် ၃၁ ရက်နေ့ကို ‘ပြည်သူ့သူရဲကောင်းများနေ့’ လို့ သတ်မှတ်လိုက်တယ်။ ကျနော်တို့ ပထမဆုံးပြင်ဆင်ကြတာကတော့ သူတို့ကို ဂုဏ်ပြုရေး၊ အမှတ်တရ ကျောက်တိုင်တတိုင် စိုက်ထူရေးဖြစ်တယ်။

ကျဆုံးသွားတဲ့သူတွေကို တဦးချင်းကို ဂုဏ်ပြုတဲ့သီချင်းတွေ စပ်ကြတယ်။ သီချင်းစပ်တဲ့ အဖွဲ့တွေဖွဲ့ပြီး အဖွဲ့လိုက်၊ အဖွဲ့လိုက် စပ်ကြတယ်။ တီးလုံးတွေလည်း တိုက်ကြတယ်။ နောက်တခါ ၈ ယောက်စလုံးကို ဂုဏ်ပြုတဲ့ သီချင်းလည်း တပုဒ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ (ကျနော့် အထင်) အဓိကအကျဆုံးကတော့ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးပဲလို့ ထင်တယ်လေ။

အဲ့ဒီအချိန်မှာ ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဖို့မလိုတော့ဘူး။ ထောင်အာဏာပိုင်တွေက ဆန်တို့၊ ထင်းတို့၊ ဆီ၊ ဆား၊ ငါးပိ၊ ငရုပ်သီး အဲဒါတွေကို ကျနော်တို့ဆီကိုအရောက် သူတို့က လာပို့ပေးနေရပြီ။ အရင်တုန်းကတော့ ကျနော်တို့ ကိုယ်တိုင် သွားပြီးတော့ သယ်ရတယ်။ ထမ်းရတယ်။ ထင်းလည်း ရှာရတယ်။ ရေလည်း ထမ်းရတယ်။ အခုတော့ သူတို့ကုန်လုံး လာပို့ပေးတယ်။ ကျနော်တို့ဘာသာလုပ်တာဆိုလို့ ထမင်း၊ ဟင်းချက်တာပဲ ရှိတော့တယ်။ ဒါကတော့ ကျနော်တို့ ကိုယ့်ဟာကိုယ်ပဲ ချက်စားကြတယ်။

ဒီတော့ အထိမ်းအမှတ်ကျောက်တိုင်ကို ကျနော်ဘာသာပဲ ဆွဲကြတော့တယ်။ ကျောက်တိုင်အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ် စတာတွေကို ထောင်အာဏာပိုင်တွေဆီက တောင်းယူတယ်။ လုပ်တဲ့အခါကြတော့ ကျနော်တို့ ရဲဘော်တွေပဲ ကိုယ်ဟာကိုယ် လုပ်ကြတယ်။ ကျောက်တိုင်ရဲ့တည်နေရာဟာ အာဇာနည်ဗိမာန်ရဲ့ အရှေ့တည့်တည့်။ တိုက်ပွဲဝင်အဓိက အဆောင်ဖြစ်တဲ့ အဆောင် ၉ ရဲ့အရှေ့တည့်တည့်။

တိုက်ပွဲဝင်အာဇာနည်တွေရဲ့ဗိမာန်နဲ့ဆိုရင် ၃/၄ ကိုက်ပဲ ကွာမယ် ထင်တယ်။ သဏ္ဍာန်က ၈ မြှောင့်သဏ္ဍာန်။ အောက်ခြေကနေ ကျောက်တိုင်ထိပ် ကြယ်နီရဲ့ ထိပ်ဖျားကနေဆိုလို့ရှိရင် ၈ ပေ၊ ၈ လက်မ တိတိမြင့်တယ်။ အဲ့ဒီကျောက်တိုင်ရဲ့အခြေမှာ အုတ်ခုံအသေးလေးတွေ ရှိတယ်။ အဲဒီ အုတ်ခုံလေးတွေရဲ့ပေါ်မှာ ကျဆုံးသူတွေရဲ့ တဦးချင်းနာမည်။ အသက် စတာတွေ ရေးထားတယ်။

သူ့အထက်က ကျောက်တိုင်မျက်နှာပြင်ပေါ်မှာကြတော့ သူ့ရဲ့ဆောင်ပုဒ်ကို ရေးထားတယ်။ ဥပမာ … ရဲဘော် ထွန်းဝင်းဆိုလို့ရှိရင် အုတ်ခုံပေါ်မှာ ‘ရဲဘော် ထွန်းဝင်း၊ အသက် ၂၈ နှစ်’ ကျောက်တိုင်မျက်နှာပြင်ပေါ်မှာက မျက်တောင်အဖွင့်အပိတ်နဲ့ ...

“ကွန်မြူနစ်တယောက်ဟာ
ကိုယ့်ကိုကိုယ် လေထီးတပ်သားလိုသဘောထားပြီး

ရောက်ရာအရပ်မှာ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်”

အဲဒါကို ဘိလပ်မြေထဲမှာ ထွင်းပြီး ကျနော်တို့ ရေးထားတယ်။

အဲ့တော့ အရှေ့ဘက်ဆုံးမျက်နှာ ပထမဆုံးကျဆုံးသွားတဲ့ ရဲဘော် သိန်းကြည်ကို အထိမ်းအမှတ်ပြုတယ်။ ကျန်တဲ့ရဲဘော်တွေကို သူတို့ကျတဲ့ အစီအစဉ်အတိုင်း တယောက်ပြီးတယောက် မျက်နှာစာ တခုစီ တခုစီ အထိမ်းအမှတ်ပြုသွားတယ်။ အဲဒီကျောက်တိုင်ကို ‘ပါတီနေ့’ ဖြစ်တဲ့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြီးအောင်လုပ်ကြတယ်။ ဈာပနအခမ်းအနားကို အဲ့ဒီနေ့မှာကျင်းပဖို့ သတ်မှတ်ထားလိုက်တယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အခေါင်းတွေရှေ့မှာ သူတို့ရဲ့ရုပ်ပုံတွေကို ပုံတူပန်းချီကားကြီးတွေ ထောင်ထားတယ်။ ခုနက ကျနော်ပြောတဲ့ ရဲဘော်မြအောင်က ပန်းချီဆွဲကောင်းတယ်။ အထူးသဖြင့် ပုံတူဆွဲ ကောင်းတယ်။ တိုက်ပွဲစလို့ ရက် အတော်လေးရလာတော့ သူဆန္ဒနဲ့ သူပဲ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ပုံတွေကို Sketch ခေါ်တဲ့ ပုံကြမ်းလေးတွေ လိုက်ဆွဲတယ်။

ရဲဘော်တွေကျဆုံးသွားတဲ့အခါကြတော့ သူက အဲဒီပုံကြမ်းလေးတွေကို ပုံချောအဖြစ် Sepia အရောင် ဆွဲတယ်။ ပန်းချီကားတွေက အလျား ၁ ပေခွဲ၊ အမြင့် ၂ ပေလောက် ရှိမယ်ထင်တယ်။ အောက်ခံက မျက်နှာကျက်လုပ်တဲ့ ကွန်ကရစ်ပြား။ တချို့ရဲဘော်တွေရဲ့ပုံက ကျဆုံးပြီးမှ အလောင်းကိုကြည့်ဆွဲရတဲ့ ပုံတွေပါ။

ဆက်လက်ဖော်ပြပါမယ်။

No comments: