Saturday, February 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၈)

ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်။ ကျွန်းဘဝကိုရေးနေတဲ့အချိန် မနေ့က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ အခန်းလေးတခုကို ရေးခဲ့သေးတယ်။ ဒီမနက် ဘီဘီစီမှာ ဆရာကွယ်လွန်တဲ့သတင်းကို ကြားလိုက်ရလို့ ဝမ်းနည်းတုန်လှုပ်စွာ ခံစားရပါတယ်။

ဆရာဦးမြသန်းတင့်ဟာ ကျနော်တို့လူငယ်တွေအပေါ်မှာ ကျေးဇူးများခဲ့တဲ့ ဆရာကြီးတဦးဖြစ်ပါတယ်။ ဒီမှတ်တမ်းရဲ့အစပိုင်းမှာ ကျနော်ဖော်ပြခဲ့သလိုပဲ တောင့်တင်းသန်မာတဲ့ ကျနော်တို့လူငယ်တွေ ထင်းခွေ၊ ထင်းဖြတ်လို အလုပ်မျိုးကို ကျနော်တို့နဲ့အတူ လိုက်ပါလုပ်ဆောင်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက ဒီလို ပင်ပန်းကြမ်းတမ်းတဲ့အလုပ်နဲ့ လိုက်ဖက်သည် မဟုတ်ပါ။

သူ့မျက်မှန်အထူကြီးနဲ့ တပ်ထားတာကိုက သူဟာ ပညာရှင်တယောက်၊ ပညာတတ်တယောက်ရဲ့ ရုပ်သွင် လက္ခဏာမျိုးပါ။ ကျနော်တို့လူငယ်တွေက ထင်းဖြတ်တဲ့အခါတိုင်း လူလဲတဲ့အခါမျိုးမှာ ဆရာက ...

“ကျနော် တလှည့်ဝင်မယ်”

သူကပြောပြီး အတင်းလွှဝင်ဆွဲဖို့လုပ်ပါတယ်။

“ဟာ … ဆရာ၊ နေပါစေ မလုပ်နဲ့”

ပြောလည်းမရပါ။ လွှကို သူနိုင်သလောက် ဝင်ပြီးဆွဲပါသည်။ ကျနော်တို့နဲ့ဆရာလိုက်လာတာ ကျနော်တို့ ပျော်ပါသည်။ လူငယ်တွေထဲမှာ လူကြီးတယောက်ပါတော့ အားရှိတာပေါ့။ လူငယ်တွေထဲမှာ မိဘလို၊ ဆရာသမားလို၊ ခေါင်းဆောင်လို ပုဂ္ဂိုလ်တယောက်ပါတော့ ပိုပြီးအားရှိ အားကိုး ကြတာပေါ့။

ကျနော်တို့ထင်းဖြတ်ပြီး ခဏတဖြုတ်နားကြသည့်အခါမျိုးတွင် ၅ နှစ်၊ ၆ နှစ်သားသမီးလေးများ လောကကို စူးစမ်းသကဲ့သို့ ကျနော်တို့တတွေ သိချင်တာတွေ မေးကြတာပဲ။ ဆရာကလည်း ဖြေပါသည်။ ဆရာကလည်း တက်ကြွထက်သန်သော ကျနော်တို့ လူငယ်ရဲဘော်လေးများနှင့် လိုက်ရသည်မှာ ကျနော်တို့၏တက်ကြွမှုပါ သူ့ကို ဓာတ်ကူးပုံရပါသည်။

ဆရာဦးမြသန်းတင့် ကွယ်လွန်ချိန်နှင့် သူ့အကြောင်းရေးသည့်အချိန် တိုက်ဆိုင်နေပါသည်။ ဆရာ ဗန်းမော်တင်အောင်ကို အိပ်မက်မက်ခဲ့စဉ်က ဆရာ ကွယ်လွန်တာနဲ့ တိုက်ဆိုင်ခဲ့သည်။

ကျနော်၏ ကျွန်းဘဝတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတိတ်ပုံရိပ်လွှာကို မှတ်တမ်းပြန်လည်ရေးသားသော အချိန်မှာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီးရေးသားပါသည်။ KNU ၏ ရှေ့တန်း ပြောက်ကျား ဒေသတနေရာတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် အားလပ်သည့်အချိန်ကလေးတွင် ရေးသားခဲ့ပါသည်။

ကျနော်ရေးသား သည့်ပတ်ဝန်းကျင်မှာ ဒေါနတောင်ခြေ၏တနေရာဖြစ်ပြီး ယာယီစခန်းချထားသည့်နေရာမှာ ရေတံခွန်တခုရှိပါသည်။ ရေတံခွန်၏ ‘တဝေါဝေါ’ ကျနေသည့်အသံမှာ ကိုကိုးကျွန်းဘဝများက ပင်လယ်ပြင်၏ လေသံ၊ လှိုင်းသံနှင့် အတော်တူပါသည်။

ကျနော်တို့၏အဖြစ်အပျက်များကို ပြန်လည်မှတ်တမ်းတင်ရန် ကွယ်လွန်သူ ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ကွယ်လွန်သူ ဗိုလ်ချုပ် မြမောင်၊ ကွယ်လွန်သူ ဆရာကြီး စကောလယ်တော၊ ကွယ်လွန်သူ မန်းဒါဝိတ်နှင့် ရဲဘော်ရဲဘက်များ၊ မဟာမိတ် ခေါင်းဆောင်များက အကြောင်းဆုံတိုင်း ကျနော့်ကို တိုက်တွန်းကြပါသည်။ “ရေးတာပေါ့ဗျာ” လို့သာ ကတိပေးခဲ့သည်။

ယခုနှစ်ပေါင်း ၃၀ နီးပါးကြာမှပင် ရေးဖြစ်ပါတော့သည်။ အချို့အဖြစ်အပျက်ကလေးများပင် ပမာဒလေခ မေ့လျော့၍ နေခဲ့ပါပြီ။

မနေ့က ၁၈-၂-၉၈ ရက်နေ့ ဘီဘီစီ နံနက်ခင်းသတင်းကို ကျနော့်ယာယီတဲကလေးတွင် နားထောင်နေရာ ဆရာဦးမြသန်းတင့် ကွယ်လွန်ကြောင်း ဒေါ်ယဉ်ယဉ်မေ ကြေညာသွားခဲ့သည်။ ကျနော် စိတ်ထိခိုက် တုန်လှုပ်စွာ ခံစားနေရပါသည်။ ဘီဘီစီသတင်းကြေညာပြီးပြီးချင်း ယခုမှတ်တမ်းကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည် စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲတိုက်ခဲ့ကြသော ရဲဘော်ရဲဘက်များ၊ ခေါင်းဆောင်များ၊ ဘဝတူများတို့သည် တဖျောက်ဖျောက်နှင့် ကြွေလွင့်ခဲ့ရလေပြီ။

သူတို့၏မွန်မြတ်သော အသက်ဝိဉာဉ်များ ကို ပြည်သူတို့၏ဘဝလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် ပေးလှူခဲ့ကြလေပြီ။ ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့ကြသည့် ဤရဲဘော်များသည် ကျနော်တို့၏ အသည်းပြင်မှာ သူတို့၏ နှလုံးသွေး၏ နှလုံးသွေးများနဲ့ ရေးသွားခဲ့ကြလေပြီ။

ကျနော်တို့၏ရှေ့မှ ကိုယ်ကျိုးစွန့်ခဲ့ကြသည့် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဘဝတူများ၏ ရဲရင့်ပြတ်သားစွာ အသက်ပေး၍ ညွှန်ပြခဲ့သည့် လမ်းကြောင်းအတိုင်း ကျနော်တို့သည် ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်ပါမည်ဟု ရဲဝံ့စွာ ကတိပြုပါသည်။

ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် ရန်ကုန်အရှေ့ပိုင်း ဆေးရုံတွင် ဗိုလ်ချုပ်ကျော်ဇော၏သမီး ဒေါက်တာ လှကျော်ဇောက ဆေးရုံတင်ပေးခဲ့ပြီး ကုသကူညီစောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံတွင်တက်ရောက်စဉ် ဆရာဦးမြသန်းတင့်က သူ့ ဓားတောင်ကိုကျော်၍ ဝတ္ထုကို ကျနော့်ကိုပေးဖတ်ပါသည်။

ဓားတောင်သည် ကျနော့်ဘဝ တစိတ်တပိုင်း ပါဝင်ပါသည်။ ဓားတောင်ကိုဖတ်ပြီး ကျနော် လွန်စွာခံစားခဲ့ရပါသည်။ ဆရာပေးဖတ်သည့် ဓားတောင်ကိုကျော်၍ ဝတ္ထုစာရွက် အလွတ်ထဲတွင် ကျနော့်ခံစားမှုနှင့် အမြင်ကို ရေးထားခဲ့ပါသည်။

ဆရာ့စာအုပ်ကိုပြန်ပေးသောအခါ ကျနော်ရေးထားသော ခံစားချက်ကို ဆရာဖတ်ပြီး ...

“ခင်ဗျားရေးထားတဲ့ ဒီစာလေးကို ဒီ စစ်အစိုးရကျဆုံးတဲ့နေ့မှာ ကျနော် ပူးတွဲထုတ်ဝေမယ်”

လို့ ဆရာပြောခဲ့ပါသည်။ ဆရာက ဆက်ပြောခဲ့သေးသည်။

“ကျနော့်ဓားတောင်ထဲက သံချောင်းဟာ ကျွန်းက ရဲဘော် ၄ ယောက်ရဲ့ စရိုက်၊ ဟန်ပန်၊ စိတ်နေစိတ်ထားကို စုပေါင်းပြီး သံချောင်းအဖြစ် ဖန်တီးထားတာ၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအုံးမော်( ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုလတ် (ကျွန်ဖျက်သိမ်းရေး ၅၂ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ နောက်ဆုံးတယောက်ကတော့ ကျနော်”

လို့ ဆရာက ပြောခဲ့ပါသည်။

ပြည်သူတို့၏ ဘဝလွတ်မြောက်ရေးအတွက် စာပေအနုပညာဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာဦးမြသန်းတင့်အား KNU ကရင့်လက်နက်ကိုင် တော်လှန်ရေး ဒေသတနေရာမှနေ၍ ဂရုဂရဝ နိဝါတ နိမာနဖြင့် ရိုသေစွာ ဦးညွတ်ကန်တော့ လိုက်ပါသည် ဆရာခင်ဗျား။

အောင်ပွဲသို့

သင့်ရဲဘော်
ရဲဘော်ရှောင်း

ဆက်လက်ဖော်ပြပါမည်။

No comments: