Thursday, February 18, 2010

ဆရာ မြသန်းတင့် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ (နိဂုံးပိုင်း)

ပြီးတော့ ဦးမြသန်းနဲ့ ကျနော်နဲ့ ပထမဆုံး စတွေ့ဖူးတာက ကိုကိုးကျွန်းမှာ တွေ့ဖူးတာပါ။ သူ့နာမည် သိနေတာ၊ သူ့စာတွေဖတ်ဖူးနေတာတော့ ဒိမတိုင်ခင် အစောကြီးကတည်းကပေါ့။

ဒါပေမယ့် တကယ့်တကယ် တွေ့ဖူးတာက ကျနော်တို့ ကိုးကိုးကျွန်းကိုပို့တဲ့ည ပြည်တော်ညွန့်သင်္ဘောပေါ်မှာ သင်္ဘောရဲ့ရှေ့က ဝမ်းခန်းထဲမှာ စပြီးတွေ့ဖူးတာ။ သူရယ်၊ ဦးလေး ဗန်းမော် တင်အောင်ရယ်က သင်္ဘောနံရံကိုမှီပြီး ဖင်ချထိုင်နေကြတယ်။

အဲ … ကျနော်က ဦးတင်အောင်ကိုတော့ မြင်တာနဲ့ မှတ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးတင်အောင်က ကျနော်တို့အိမ်ကို မကြာခဏ ရောက်နေလို့၊ ဒါပေမယ့် သူ့ကိုတော့ ကျနော်က သိပ်မမှတ်မိဘူး။ သူ့ကို သူများပြောပြမှ သြော် … အဲဒါ ဦးမြသန်းလို့ သိရတယ်။ နောက်ပြီး သူက မျက်မှန်ထူထူကြီးနဲ့ ထိုင်နေတာ။ အဲဒါနဲ့ပဲ ကျနော်က သူတို့ကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး စ,သိတာ။

အဲဒီနောက် ကျနော်တို့ ကျွန်းပေါ်ရောက်တဲ့အခါကျတော့ ဦးမြသန်းနဲ့ကျနော်နဲ့ အဆောင်တဆောင်တည်း နေရတယ်။ ခုနက သင်္ဘောပေါ်မှာတော့ စကားများများ မပြောခဲ့ရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးက ရှေ့ရေးကိုပဲ စဉ်းစားနေကြတဲ့အခါကျတော့ စကားများများ ပြောချင်စိတ်လည်း မရှိကြဘူး။

အဲ … ကျွန်းပေါ်ရောက်တဲ့အခါကျတော့ တဆောင်တည်းလည်း ဖြစ်တယ်။ ကွပ်ပျစ်အရှည်ကြီးပေါ်မှာ ကျနော်တို့ ၅ ယောက် အိပ်ကျတာ၊ သူနဲ့ ကျနော်နဲ့ကြားမှာ ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို ပျဉ်းမနား) သူတယောက်ပဲ ရှိတယ်။ အဲဒီလို ဆက်ပြီး အိပ်ကျတယ်။

အဲဒီတော့ စကားတွေလည်း အများကြီးပြောဖြစ်ကြတာပေါ့။ အဲဒီလို ကိုကိုးကျွန်းကို ဦးမြသန်းတို့၊ ဦးတင်အောင်တို့ ပါလာတာဟာ ကျနော်တို့အတွက်တော့ အဘိဓာန်ကြီးတွေ ပါလာသလိုပဲ။ အင်္ဂလိပ်စာ အဘိဓာန်၊ နိုင်ငံရေးအဘိဓာန်၊ အတွေ့အကြုံဆည်းပူးဖို့ မေးစရာ၊ ဆည်းပူးစရာတွေက နှိုက်လို့မကုန်နိုင်ဘူး။

အဲ … သူတို့အနားမှာ အမြဲတမ်းလူ ရှိတယ်။ သူတို့နဲ့ စကားပြောချင်ကြတယ်။ သူတို့နဲ့ မေးချင်မြန်းချင်ကြတယ်။ ဦးမြသန်းဟာ ကိုကိုးကျွန်းပေါ်မှာ အင်္ဂလိပ်စာ မဖတ်နိုင်တဲ့ ရဲဘော်တွေအတွက် စာအုပ်တွေ ဘာသာပြန်ပေးတာတွေရှိတယ်။ ဟို … ကျမ်းကြီးရခိုင်တွေကို ဘာသာပြန်ပေးတာလည်း ရှိတယ်။ သူက ဖတ်ပြီး တောက်လျောက်ပြောချသွားတာ၊ အဲ့ဒါကို ဘေးက တယောက်က လိုက်ပြီးရေးရတယ်။ အရမ်းမြန်တယ်။ သူ့မျက်စိက အင်မတန်မှုန်တဲ့အခါကျတော့ စာအုပ်နဲ့မျက်စိနဲ့က တမိုက်လောက်တောင် မကွာဘူးထင်တယ်၊ ကပ်ကြည့်ရတာ။

အဲဒီလို ဦးမြသန်းက လူတိုင်းနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လက်ပွန်းတတီးနေတတ်တယ်။ သူ့ကိုယ်သူ အလုပ်ကြမ်းတွေမှာ လုပ်ချင်တယ်။ သူများတွေလုပ်တာမှာ သူလည်း လုပ်နိုင်ရမယ်ဆိုပြီး လုပ်တယ်။ ထင်းလုပ်တဲ့အဆိုင်းတွေမှာလည်း ပါတယ်။ တောင်ယာလုပ်တဲ့အဆိုင်းတွေမှာလည်း ပါတယ်။ ဟိုဟာ သယ်၊ ဒီဟာသယ်ဆိုလည်း သူက လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုတဲ့နေရာမှာ အင်မတန် တင်းတင်းကျပ်ကျပ် တောင်းဆိုတယ်။

ရေကူးလေ့ကျင့်တယ်။ သူ တနေ့တနေ့ကို မီတာရာပေါင်းများစွာ ရေကူးတာ။ လူကတော့ မျက်စိက မှုန်လိုက်တာ မပြောနဲ့၊ သူ့မျက်မှန်က ဟို ဘိလပ်ရည်ပုလင်းဖင် မှန်ကိုတပ်ထားသလိုပဲ။ သူနဲ့ကျနော်နဲ့ တခါ ထမင်းစားရုံကနေ ထမင်းစားပြန်လာကြတဲ့အခါကျတော့ ရဲနီတွေရဲ့အဆောင်ရှေ့က ဖြတ်လာတယ်။ အဲဒီအခါကျတော့ ရဲနီတွေကနေပြီး ...

“ဦးမြသန်း ထမင်းစားခဲ့ပြီလား”

လို့ လှမ်းပြီး နှုတ်ဆက်တယ်။

သူက “ဟုတ်ကဲ့၊ စားခဲ့ပြီဗျာ”

လို့ ပြောတယ်။

ပြီးတော့ နည်းနည်းလွန်တော့မှ ...

“ကိုဖိုးသံ … ခုနက ကျနော့်ကို နှုတ်ဆက်တာဘယ်သူလဲဗျ”

လို့ မေးတယ်။ သူ့ခမျာ မြင်တာ မဟုတ်ဘူး၊ ရမ်းဖြေလိုက်ရတာ။ မျက်စိက အဲဒီလောက်ကို မွဲတာ။

ဒါပေမယ့် သူက အဲဒီလို မျက်စိသာမွဲတာ၊ ကျန်တဲ့ရဲဘော်တွေ တောတိုးကြပြီဆိုတဲ့အခါ သူလည်း တောတိုးမယ်ဆိုပြီး လိုက်တာပဲ။ ဓားရှည်ကြီးတလက်နဲ့၊ ကျနော်တို့ ကိုယ့်ဟာကိုယ်လုပ်ကြတဲ့ လက်နက်ကိရိယာတွေထဲမှာ ဓားတွေအများဆုံးပဲလို့ ထင်တယ်။ လူတိုင်းလိုလို ဓားရှိတယ်။ ဦးမြသန်းရဲ့ဓားကတော့ တံတောင့်ထွာလောက် ရှိမယ်၊ ဓားရှည်။ သူက အဲဒါနဲ့ တောတိုးတာ။

အာဏာပိုင်တွေက မသွားရလို့ ပိတ်ပင်ထားတဲ့နေရာတွေကို တခြား ရဲဘော်တွေက ခိုးသွားတယ်။ သူလည်း လိုက်တယ်။ အဲဒီကနေ အုန်းသီး ထမ်းတယ်။ ဟင်းရှာတာ လုပ်တယ်။ တမင်တကာ ကျနော်တို့ အရွဲ့တိုက်ပြီးတော့ အဲဒီဒေသကို စည်းကမ်းချိုးဖောက်ပြီးတော့ သွားနေကြတာ။

အဲဒီအထဲမှာ ဦးမြသန်းလည်း ပါတာပဲ။ အဲလိုအခါမျိုးမှာ သူဟာ မျက်မှန်သာ တပ်မထားရင် သူ့ရုပ်က အညာက လယ်သမားရုပ်ပဲ။ ချွေးတလုံးလုံးနဲ့၊ ဝတ်ထားတာကလည်း ထောင်ကပေးတဲ့ ပုံစံအဝတ်အစား၊ အဲဒါကို အုန်းခွံရောင်တွေ ဆိုးထားတာ။

သူ့ကို ပဲခူးရိုးမမှာကျသွားတဲ့ ရဲဘော်အောင်နိုင်က ဦးထုပ်လေးတလုံး ချုပ်ပေးထားတယ်။ အဲဒီ ဦးထုပ်ကလည်း ခုနက အုန်းခွံရောင်ဆိုးထားတာ၊ သူက အဲဒီဦးထုပ်လေးနဲ့ သူ့ကိုယ်သူ ယပ်ခပ်နေတာ၊ မောရှာလို့။ ပူကလည်း ပူကိုးဗျ။ ဦးမြသန်းက အဲဒီလို ရဲဘော်တွေနဲ့လည်း တသားတည်းနေတာ၊ နောက် ထင်းလုပ်ရင်လည်း အဲဒီလို ချွေးတလုံးလုံးနဲ့ ထင်းဆွဲတာပဲ၊ လွှဆွဲတာ။

ကိုကိုးကျွန်းရဲ့ ရက် ၄ဝ တိုက်ပွဲမှာ သူရယ်၊ ဦးလေး ဦးတင်အောင်ရယ် သူတို့နှစ်ယောက် ပထမ အသုတ်က ပါခဲ့တာ။ အဲဒီတိုက်ပွဲကို အလေးထားတဲ့အနေနဲ့ အဲဒီတိုက်ပွဲက ရဲနီတယောက် ကျဆုံးသွားတာကနေပြီးတော့ ကျနော်တို့ တိုက်ပွဲ စတိုက်ကြတာ။

ဒီတိုက်ပွဲကို ကျနော်တို့ ပေါ့ပေါ့တန်တန် မလုပ်ဘူး၊ အလေးထားတယ်ဆိုတာကို ဖော်ပြချင်တဲ့အတွက် ဦးမြသန်းရော၊ ဦးတင်အောင်ရော ပထမအသုတ်ကနေ ပါဝင်တာ။ အဲဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက အင်မတန် တည်တည်ငြိမ်ငြိမ်နဲ့ ဣနြေ္ဒရရနဲ့ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ခဲ့တာ။ အဲဒါဟာ ကျနော်တို့ ကျန်တဲ့ ရဲဘော်တွေအားလုံးကို အားရ၊ အားတက်စေတယ်။

တပါတည်းမှာပဲ ကျနော်တို့ရဲဘော်တွေဟာ သူတို့နှစ်ယောက်ရဲ့ကျန်းမာရေးအတွက်လည်း အများကြီး စိုးရိမ်ပူပန်မိကြတယ်။ စိတ်လည်း မကောင်းကြပါဘူး။ အထူးသဖြင့် ဦးလေးဦးတင်အောင်၊ ဦးလေး ဦးတင်အောင်ဟာ နဂိုကတည်းက အစာအိမ်ကောင်းတာ မဟုတ်ဘူး။ ဦးလေးဦးတင်အောင်ဟာ အဲဒီ တိုက်ပွဲဒဏ်တွေ၊ သူ့ရဲ့ အင်မတန် ရှည်ကြာလှတဲ့ ထောင်ဒဏ်တွေ၊ အဲဒီ ဒဏ်တွေနဲ့ အစာအိမ်ကင်ဆာဖြစ်ပြီး အစောကြီး ကွယ်လွန်သွားတာ ဖြစ်တယ်။

အဲတော့ ကိုကိုးကျွန်းတလျောက်လုံးမှာ ဦးမြသန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အားလုံး စွဲလန်းနေတာတခုက ဦးမြသန်းက အခက်အခဲ မကြောက်ဘူး။ ကျနော်တို့နဲ့အတူတူ ဒိုးတူဘောင်ဖက် လုပ်နိုင် ကိုင်နိုင်တယ်။ မာန မရှိဘူး။ ရဲဘော် ကြီးသည်၊ ငယ်သည်ဖြစ်စေ သူက ရို့ရို့ကျိုးကျိုး ဆက်ဆံတယ်။ စာတွေ အများကြီး ဖတ်ပြီးတော့ ကျနော်တို့ရဲဘော်တွေကို အသိဉာဏ်တွေကို ခွဲဝေပေးနိုင်တယ်ပေါ့ဗျာ။ ကျနော်တို့လိုအပ်တဲ့ အကူအညီအများကြီး၊ အထူးသဖြင့် ဉာဏပိုင်းနဲ့ ပတ်သက်တဲ့ အကူအညီတွေအများကြီး သူ့ဆီက ရခဲ့တယ်။

ကိုကိုးကျွန်းက ပြန်လာတဲ့အခါကျတော့ သူနဲ့ကျနော်နဲ့က အင်းစိန်ထောင် ၄ တိုက်မှာ အခန်းချင်းကပ်လျက် နေရတယ်။ အခန်းချင်းကပ်နေတယ်ဆိုတော့ ကျနော်တို့ စကားပြောချင်တယ်။ ညမှာပဲ အများဆုံး ပြောရတယ်။ ထောင်အစောင့်တွေ အလစ်မှာပေါ့။ စာဖတ်စရာ မရှိဘူး၊ အဲဒီမှာက အဲ … စာဖတ်စရာမရှိတဲ့အခါကျတော့ သူနဲ့စကားပြောရတာဟာ၊ သူ့ဆီကနေပြီး ကျနော်တို့ သိချင်တာတွေ မေးရတာဟာ ဆိုလို့ရှိရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ဖတ်နေရသလိုပဲ။

ဒါကြောင့်မို့ ကျနော် ညရောက်ပါစေလို့ပဲ မျှော်လင့်တယ်။ အဲ သူကလည်း ပြောတယ်။ ပြောတယ်ဆိုတာက ကိုကိုးကျွန်းမှာနေတုန်းက သူ့အနေနဲ့ စာရေးဖို့သားဖို့ သိပ်မစဉ်းစားနိုင်ဘူး။ အချိန်က မရှိဘူး။ ကျွန်းကိစ္စတွေနဲ့ ခေါင်းထဲမှာ အကုန်လုံး အဲဒါတွေနဲ့ပဲ လွှမ်းမိုးနေတယ်။

အခုအခါကျတော့ ထောင်ထဲမှာ ရောက်လာတဲ့အခါကျတော့ အချိန်ရတဲ့အခါကျတော့ သူ စာရေးဖို့သားဖို့တွေ စဉ်းစားတယ်။ သူက အဲဒီဟာတွေအကုန်လုံး ကျနော့်ကို ပြောပြတယ်။

အဲဒီတော့ သူ့ဆီက ကျနော်ကြားနေရတာတွေဟာ စာအုပ်တွေဖတ်နေရသလိုပဲ။ တက္ကသိုလ်မှာ သင်တန်းတွေ တက်နေရသလိုပဲ၊ ကျနော်နဲ့ အတူနေသူတွေ၊ သူနဲ့အတူနေသူတွေ၊ အခန်းနီးနားချင်းတွေကပါ နားထောင်ပြီးတော့ အကျိုးရှိသွားတာပဲ။

ပြန်ပြီး ချုပ်လိုက်မယ်ဆိုလို့ရှိရင်ပေါ့ဗျာ။ ဦးမြသန်းတင့်ဟာ ငယ်ငယ်လေးကထဲက လူထုတိုက်ပွဲတွေထဲမှာ ဖြတ်သန်းလာရတာ၊ နောက်ပြီး ကွန်မြူနစ်ပါတီနဲ့ နီးနီးကပ်ကပ်နေခဲ့ရပြီးတော့ လေ့ကျင့်ပေးတာလည်း အရယူခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့လည်း ပြည်သူလူထုဘက်မှာ တလျောက်လုံး ရပ်တည်ခဲ့တယ်။ စာပေဇွဲလုံ့လ သိပ်ကြီးမားတယ်။ အင်မတန် စိတ်ဓာတ်အရ၊ သဘောထားအရ သိပ်ပြည့်ဝတဲ့သူတယောက် ဖြစ်တယ်။

အဲဒီလို ပြီးပြည့်စုံတဲ့ လူတယောက်ဖြစ်အောင် စာတွေ ဘယ်လောက် ဖတ်ရတယ်။ ဘယ်လောက် ကြိုးစားရတယ်၊ ဘယ်လောက် လုံးပမ်းရတယ်ဆိုတာ ဦးမြသန်းဟာ ကျနော်တို့ အားလုံးအတွက် လေးစားစရာ၊ အတုယူစရာပုဂ္ဂိုလ် တယောက်ပဲလို့ ကျနော်တော့ တသက်လုံး မှတ်ယူနေမှာ။

၁၈-၂-၂၀၀၄ ရက်နေ့ ဒီဗွီဘီ အသံလွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သရုပ်ဖော်ပုံ - နေထွန်း


No comments: