Friday, July 30, 2010

အဝတ်အစားက မလုံခြုံ၊ ဆံပင်လည်း မရှိ၊ မျက်မှန်နဲ့ ဘယ်လို ပုဂ္ဂိုလ်တုန်း … (ကာတွန်း စောငို)

မပြီးသေးသော မျိုးဆက်သစ်တို့ရဲ့ အခန်းဆက်တိုက်ပွဲ (ဖျာပုံ နီလုံဦး)


(၁)

၁၉၂၀ … ဒီဇင်ဘာ ၅ ရက်
ကိုလိုနီ ဗြူရိုကရက်အုပ်ချုပ်မှုအောက်မှာ
ရန်ကုန် တက္ကသိုလ်ဥပဒေ
သပိတ်မှောက်ရေး တော်လှန်ပွဲမှာ
“ယူနီဗာစတီ အက်ဥပဒေ ပျက်စီးပါစေ”
“ဆာရယ်ဂျီကရက်ဒေါက် ပြန်သွား”
ကြွေးကြော်သံများနှင့် ကျောင်းသားခေါင်းဆောင်များရဲ့
အမျိုးချစ်တဲ့စိတ်
တို့ … အလေးပြုတယ်။

(၂)

၁၉၃၀ … အောက်တိုဘာ ၃၀ ရက်
လူခွန် … မြေခွန် … သဿမေဓခွန်
အခွန်ကြီးများ … ဖိနှိပ်အားကြောင့် … တိုင်းခြားနယ်ချဲ့ကို
တော်လှန်တိုက်ထုတ်ခဲ့သည့် အသက်စွန့်သွား
လယ်သမား သူပုန်
ဂဋ္ဌုန် ဆရာစံ … ခေါင်းဆောင်ရဲ့
အမျိုးချစ်တဲ့ စိတ်
တို့ … အလေးပြုတယ်။

(၃)

၁၉၃၈ … ဒီဇင်ဘာ ၂၀ ရက်
ကိုလိုနီလက်ပါးစေရဲ့ တရားမဲ့မှု အုပ်ချုပ်ရေးကို
တော်လှန်သွေးနဲ့ သပိတ်မှောက်
မကြောက်တရားနဲ့ အံတုရင်း
အတွင်းဝန်ရုံးကိုဝိုင်း
အရိုင်းမိစ္ဆာ မြင်းစီးပုလိပ်တုတ်အောက်
ပြားပြားမှောက် အရိုက်ခံရ
ဂျပ်ဆင်ကောလိပ်ကျောင်းသား ‘ကိုအောင်ကျော်’ … ရဲ့
အသက်စတေး ပေးခဲ့
မျိုးချစ်စိတ်ရှိတဲ့ ခေါင်းဆောင်ကို
တို့ အလေးပြုတယ်။

(၄)

၁၉၄၅ … မတ်လ ၂၇ ရက်
ဗမာ့ တော်လှန်ရေးသမိုင်းမှာ
ဖက်ဆစ်ရိုင်း နယ်ချဲ့
တော်လှန် တိုက်ထုတ်ခဲ့ကြတဲ့
မျိုး ဆက် သစ် ခေါင်းဆောင်များ
သခင်အောင်ဆန်း
သခင်သန်းထွန်း၊ သခင်စိုး
သခင်ဗဟိန်း၊ သခင်နု၊ သခင်လှဖေ
… … … … …
… … … … …
တို့ အလေးပြုတယ်။

(၅)

၁၉၆၂ … ဇူလိုင် ၇ ရက်
တက္ကသိုလ် သမဂ္ဂ မိုင်းထောင်ဖြိုခွဲ
သွေးမြေကျ လူသတ်ပွဲ အရေးတော်ပုံ
၁၉၇၄ ခုနှစ် … အလုပ်သမား အရေးအခင်း
သွေးချင်းချင်းနီရဲ အရေးတော်ပုံ
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဦးသန့်ဈာပန လှုပ်ရှားမှုတိုက်ပွဲ
မှိုင်းရာပြည့်လှုပ်ရှားမှု သွေးမြေကျတိုက်ပွဲ
မျိုးဆက်သစ်တို့ရဲ့ ခေါင်းဆောင်
ကျောင်းသားများရဲ့ ဦးဆောင်မှု
တို့ အလေးပြုတယ်။

(၆)

၁၉၈၈ … သြဂုတ်လ ၈ ရက်
ရှစ်လေးလုံး အရေးတော်ပုံသမိုင်းမှာ
တပါတီ အာဏာရှင်အစိုးရ … ဖြုတ်ချခဲ့တဲ့
မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်
ရဲဘော် မင်းကိုနိုင်
ရဲဘော် … ကိုကိုကြီး
ရဲဘော် … မိုးသီးဇွန် စတဲ့
ကျောင်းသားခေါင်းဆောင်များကို
တို့ အလေးပြုတယ်။

(၇)

၂၀၀၇ … စက်တင်ဘာလ ၁၈ ရက်
ရွှေဝါရောင်အရေးတော်ပုံသမိုင်းမှာ
ကုန်ဈေးနှုန်းကျဆင်းရေး … စစ်အာဏာရှင် ဖြုတ်ချရေး
တော်လှန်ရေးမှ မျိုးဆက်သစ်ခေါင်းဆောင်
အရှင်ဂမ္ဘီရ နှင့် ရဟန်းပျိုများ
ရဲဘော်ထင်ကျော် တိုက်ပွဲပျော်
ဒီမိုကရေစီ အင်အားစုများ
တို့ အလေးပြုတယ်။

(၈)

၂၀၁၀ မှ … သည်
အနာဂတ် ၂၁ ရာစုသစ် ခရီးမှာ
အရေးတော်ပုံသစ်
မျိုးဆက်သစ်တို့ရဲ့ အခန်းဆက်တိုက်ပွဲမှာ
တော်လှန်ရေး အင်အားစု
စည်းလုံး ညီညွတ်မှု
ပူးပေါင်းဆောင်ရွက်မှု
လက်တွဲချိတ်ဆက်မှု
လူထုနှင့် တသားတည်း ဖြစ်နေမှု
မော်ကွန်းသစ် ဘယ်လိုထိုးမလဲ
ငါတို့ အလေးပြုဖို့ စောင့်နေပြီ။ ။


သရုပ်ဖော် - အောင်ထက်


Thursday, July 29, 2010

နောင်ခါလာ နောင်ဈေးပေါ့ ... (ကာတွန်း စောငို)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ

ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်

မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံကြား နျူးကလီးယားအရေးပူးပေါင်းဆောင်ရွက်မှု ရှိနိုင်တဲ့ကိစ္စကို အနောက်နိုင်ငံတွေ စိုးရိမ်ပူပန်နေတဲ့ကြားမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။






၎ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်း (Pak Ui-Chun) ဟာ ဒီနေ့ ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရားနဲ့ အမျိုးသားပြတိုက်ကိုသွားခဲ့ပြီး မနက်ဖြန်မှာတော့ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် အပြင် နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။








၁၉၈၃ ခုက မြန်မာနိုင်ငံကိုရောက်နေခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံတိုက်ခံရပြီးတဲ့နောက် မြန်မာနဲ့ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ဖြတ်ထားပြီး ၂၀၀၇ ခုနှစ်ကမှ သံတမန်ဆက်ဆံရေး ပြန်စခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ မြောက်ကိုရီးယားကို သွားခဲ့ကြပါသေးတယ်။







ပြီးခဲ့တဲ့ဇွန်လက ဒီဗွီဘီသတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ နအဖ စစ်အစိုးရဟာ မြောက်ကိုးရီးယား အကူအညီနဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်ဖို့ ရည်မှန်းဆောင်နေတာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်အစိုးရဘက်က ငြင်းဆိုထားပါတယ်။

အခု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ပြန်စပြီး ၃ နှစ်အကြာမှာ ရောက်လာတဲ့ မြောက်ကိုရီးယားအစိုးရ ထိပ်တန်း အရာရှိတယောက်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။

Photo - AP, Reuters, Getty Images


Wednesday, July 28, 2010

ငွေရောင်ပဝါ ဘယ်ညာ ချပါလို့ … (ကာတွန်း စောငို)

ကင်ပွန်းတပ် မင်္ဂလာမပြုရသေးသူများ (ကံထွန်းသစ်)


“ဟေ့ … ကျောက်ကျင့်ပါ”

“ဟေ့ … ရှာဂျန်ကျောက်”

ဤအမည်နာမကို ကြားလိုက်ရ၍ စိနတိုင်းဘွားမျိုးနွယ်များထင်လျှင် ပါစင်အောင်လွဲပါလိမ့်မည်၊ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိသန္ထာရ ပြုမှုများသာ ဖြစ်ပါသည်။

ဘာကြောင့် ဤအမည်များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှာလွယ်သော ကိုယ် နှုတ် နှလုံးသုံးပါးလုံး အမူအရာတို့ကိုကြည့်ကာ တင်စား ခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။

တဖန် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့မှုကိုသိ၍ ခေါ်ဝေါ်သည်ဆိုလျှင် တင်စားသည့် 'ရုဠီသညာ' မဟုတ်၊ တကယ်အနက်မည် 'အနွတ္ထသညာ' သာဖြစ်ရပေမည်။

ထိုအမည်ရလွယ်မှုကို သူတပါးကိုထား မိမိကိုယ်တိုင် ကောက်ကြောင်းဖွေမိရာ၊ လူမှန်းသိစ စကားပီနားကြားတွင် ရင်းနှီးရသော အကြောင်းအရာများသည် ထိတ်လန့်ဖွယ် သရဲ တစ္ဆေ စုန်း ဒဏ္ဍာရီများ၊ မှောင်မည်းမည်း ညဥ့်ရိပ်များ၊ ချောက်ခြားဖွယ် ဆိုးခိုးတိုက်ခိုက်မှုများသည် တဖြတ်ဖြတ် ရုပ်ရှင်အမြန် ပြကွက်များလို ပေါ်လာကြသည်။

'ငါက ပဲပုံးတွေအပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ်ပျက်ကုန်းလည်း ရောက်ရော ဆူးလုံးကြီး လိမ့်လာလိုက်တာ နွားတွေလည်း ထိမ်းမရ၊ လှည်းလည်း မောက်တော့တာပဲ ကံကောင်းလိုမသေ'။

ညဥ့်ဦးယံစကားဝိုင်းတွင် အဖေတို့ ဖလှယ်နေကြသော အတွေ့အကြုံများသည် ကြက်သီးတဖျန်းဖျန်းနှင့် နားထဲသို့ တိုးဝင် ကုန်ကြသည်။ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေပြန်နေပါစေ၊ ခေါင်းမြီးခြုံမဖွင့်ရဲတော့။ ခုခေတ်လို တီဗွီ၊ ဗွီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှုကို ဖျောက်စရာ အာရုံမရှိ။

နေ့ခင်းကျတော့ရော၊ “အောင်ရွှေကြီး ပိုးထိလို့တဲ့ ဟေ့ ... အပမှီလာတာ အိမ်လည်းရောက်ကရော ဆုံးတာပဲတဲ့” ဆိုသည့် သတင်းတို့ကလည်း တမျိုးပြီးတမျိုး မရိုးရလေ။

ထိုသို့ အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသောအခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ။ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန် စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်းပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ လူသူကြီးမှအစ ကိုရင်ကျောင်းသားအဆုံး အားလုံး ဖိန့်ဖိန့်တုန်ပင်။

စာမရလျှင် နကန်စာကျွေးသည်၊ ရန်ဖြစ်လျှင် နကန်စာကျွေးသည်၊ ဆော့လျှင် ကဲလျှင် နကန်စာကျွေးသည်၊။ ဝါးအဖျားကို သပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်ပြိုင်ထစေသကဲ့သို့ တလုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ဝါးရုံကြီးက အစားရလွယ်သည့် အရာလေ။

နကန်က အများဆိုင်ဖြစ်သော်ငြား တရံတခါ ဆရာတော်လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြု နကန်ဖြစ်သွားရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာအတွင်းဝင်၍ကပ်မှ အကပ်မြောက်ကြောင်း သင်ကြားဖူးဖို့ဝေး၊ ကြားပင်မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့် ဘောဇဉ်စားဖွယ်တခုကို နှစ်တောင်ထွာအပြင်မှ ကပ်မိရာ ‘ခွမ်’ ခနဲ နှီးဒေါင်းလန်းနှင့် ခေါင်းကို ကပ်ပိခံလိုက်ရတော့သည်။ ဒေါင်းလန်းလည်း တစစီ၊ ခေါင်းလည်းမူးဝေလျက်။

ထိုအချိန်မှစ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ်ထိတ် စိုးတလန့်လန့် ရှိတော့သည်။ ရိုက်သောကြောင့် ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြစ် အကြောက်သံသရာ လည်တော့သည်။ သည်အထဲ မြို့မှာနေသော ခန်းနေဦးပဉ္စင်း နွေရာသီပြန်လာပြီဆိုလျှင် ကြောက်အား ပိုရပြန်သည်။ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာဝစ္စတိုင်းသည် အငေါက်, အခေါက်တို့ဖြင့် မကင်း။ ဘာကြောင့် ရိုက်မှန်းမသိ။ ကြောက်ပြီးရင်း ကြောက်ရတာကိုသာ သိသည်။ ထို့ကြောင့်ဖြင့် ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက်သွားသည်ကြားသောအခါ ပျော်လိုက်ရသည့် ဖြစ်ခြင်း။

နောင် လောကနီတိတွေ ဘာတွေသင်ရတော့ ဆရာသမားဆိုတာ အိုးထိန်းသည်နှင့် တူသည်၊ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ်သကဲ့သို့ တော်စေ တတ်စေလို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရသည်၊ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများရခဲ့လေသလား။

သည်လိုနှင့် ဘဝထဲရောက်သည့်အခါမှာတော့ ပညာတွေက ကျောင်းမှာသာ ကျန်ခဲ့ပြီး အကြောက်တရားတွေကသာ တိုးပွားပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ်နေမိတော့သည်။ ဟိုဟာလုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလားစသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်။ အယုတ်ဆုံး ရည်းစားစကား ပြောရာမှာပင် ရဲဆေးမတင်ဘဲ မပြောဝံ့။ သည်အထဲ ဝါသနာပါလို့ စာလေးပေလေးဖတ်ပြန်တော့လည်း လက်လှမ်းမှီတာက စုန်း တစ္ဆေ ကဝေ ဝတ္ထုများ။ ကဝေသင်္ချိုင်းဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများဆိုလျှင် အခုထိပင် ကြောက်လို့ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင် လျော့နိုင် ပယ်နိုင် ရှားနိုင်မလားအောက်မေ့ပါတယ်။

အကြောက်ဆင့်လောင်းသည့် အရာတွေကသာ ဝန်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့လွတ်လပ်စွာ ကိုယ်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် 'ထရံကြား နားရှိသည်' ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွံ့ခဲ့သည်။ တွေးမည်ခေါ်မည်ကြံစည်တော့လည်း ငါ့အကြံကို တစုံတဦးများ သိသွားလေမလားဆိုပြီး ရဲရဲမတွေးတတ်၊ ကြုံသမျှအရေးတို့ကို အပ်သလား ရာသလား မစဉ်းစား၊ ကြောက်ဖို့သာ အသင့်ပြင်နေတော့သည်။ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့်ပါနေခဲ့ပြီ။

ထို့ပြင် အခြားသူတွေ အဖမ်းအဆီးခံတာ ကြုံလျှင်လည်း ငါကိုလည်း ဖမ်းဆီးမှာလား၊ အခြားသူတွေ မမာမကျန်းဖြစ်ကုန်ပြီ ငါမှာရော စသည်ဖြင့် ... ... အကြောင်းကိုမရှာဘဲ အမျိုးမျိုးရှာကြံကြောက်မိတော့သည်။ သည်အမူအကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ရခြင်းပင်။

ကျွန်တော်တို့ ဝန်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ်သော အကြောင်းများစွာရှိရာ အာရုံခြောက်ပါးအပြည့် ဟုပင် ဆိုလိုက်ချင်ပါသည်။ ကြာတော့ အကြောက်တရား၌ ပျော်ပိုက်နေသူများဟု မျိုးခြား မြေခြား သူအများတို့ ကဲ့ရဲ့ သင်္ဂြိုဟ်ဖွယ်ဖြစ်နေတော့သည်။

တကယ်စဉ်းစားကြည့်သောအခါ ကျွန်တော်တို့သည် ‘ကြောက်တတ်လျှင် ဝန်ကင်း’ ဆိုသည့် စကားပုံကိုသာ နားစွဲနေပြီ။ ‘ကြောက်ရင် လွဲ၊ ရဲ မင်းဖြစ်’ ဆိုသည့် စကားကိုတော့ မေ့ပျောက်နေကြသည်။

ကြောက်ရွံ့ခြင်းသည် ဘဝတွက် အလွန်အန္တရာယ်ကြီးလှပေသည်။ ကြောက်ရွံ့မှုအားကြီးလျှင် ယုံကြည်မှု ပျောက်ဆုံးတတ်သည်။ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ်ဝင်လာသည်ကို သတိပြုသင့်သည်။

စာတွေရပါလျက် ဆရာကိုရွံ့၍ စာတွေ ပျောက်ရသည်အဖြစ်။ စာတွေရပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည်အဖြစ်နှင့် ကိုယ်တိုင် မြင်ဖူးသူများ၊ အလုပ်ရှင်များကို ဝံ့ဝံ့စားစား ရင်မဆိုင်မှု၊ ခန်းနား ထည်ဝါသော နေရာများ ဆိုင်ကနားများကို ဝင်မဆံ့ခြင်းများသည် ကိုယ်တိုင်ဆုံဖူးကြသည့် သာဓကများပင်။

သတ္တုချကြည့်သော် ကြောက်ရွံ့ခြင်း၏အခြေခံသည် ဗဟုသုတမရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဉာဏ် မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက်ဖြင့် ကြောက်ရွံ့စိတ်ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း ဘာကိုကြောက်တာလဲ။ ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နှိုင်းချိန်စဉ်းစား ဆင်ခြင်သုံးသပ်ခြင်းပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှားနိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုးနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။

နန်းမအလယ် ရံရွှေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တကိုယ်တည်း တောနက်ထဲ လှည့်လည် တရားဖွေစဉ် ကြောက်ရွံ့ထိတ်လန့်ဖွယ် နိမိတ်အာရုံတို့ ကြုံသော်တိုင်း ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရဘဲဟု ဆင်ခြင်ကာ ပယ်ရှားဝေးလွှင့်စေခဲ့ကြောင်းတို့ကို သံယုတ်ပါဠိတော်၌ အထင်အရှား တွေ့နိုင်ပါသည်။

ထိုနည်းတူ ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ်စီရင်ခံရအံ့နီးတွင် တပည့်များက ငိုယိုနေကြရာ သင့်တို့ သေခြင်းကို ကြောက်စရာ ဟု ဘာကြောင့်ပြောနိုင်သလဲ၊ သင့်တို့ ခံစားဖူးလို့လားဟု မေးခဲ့သည်။ တပည့်များက မခံစားဖူးကြောင်းပြောကြတော့ သေခြင်းရဲ့ ဟိုမှာဘက်မှာ သင့်တို့ထင်သလို ဆိုးချင်မှဆိုးမှာ ဟုပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင်သွားတော့သည်။

ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစားဉာဏ်ရှိခြင်းနှင့် အထွေထွေ ဗဟုသုတ ကြွယ်ခြင်းသည် လူတိုင်း ကြောက်ရွံ့သော သေခြင်းတရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်းရှိသည် မဟုတ်ပါလား။ ထို့ကြောင့် အကြောက်တရား ကို အနိုင်ယူနိုင်သောသူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်။ ‘ရဲရင့်ခြင်းကြောင့် တကြိမ်သာ သေဆုံးရ၍၊ ကြောက်ရွံ့ခြင်းကား အကြိမ်ကြိမ် သေခဲ့ရသည်’ ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်းပင်။

ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မတဦးလည်း ကျူးရင့်ခဲ့ဖူးပါသည်။ အသက်ဘေးနှင့် လက်တကမ်းအကွာ၊ သေမင်းက တစ် နှစ် သုံး တိုင်မင်ခေါ်နေချိန် အဖော်အားလုံးတို့ တွန့်ဆုတ်သွေးပျက်သည့် ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ဖြတ်သန်း သွားခဲ့သည်။ ထိုအစ်မ ပြောခဲ့သော စကားမှာ ‘လူတိုင်း ကြောက်ရွံ့တတ်ကြသူချည်းပါပဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျှက်နှင့် လုပ်ကြရမှာပဲ’ ဟု ဖြစ်ပါသည်။

နောက်တခါ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေအား ပေးစာမှ စကားလေးတပိုဒ်ကလည်း ‘ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်’ ဟူ၍ ဖြစ်ပါသည်။

ဤအကြောင်းများကို စဉ်းစားဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့သောအခါ ကျွန်တော်တို့နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်။ နာမည်ပေး ကင်းပွန်းတပ် မင်္ဂလာအသစ်ပြုကြပါမည်။ ထိုအခါ အမေရိကန်သမ္မတကြီး သီအိုဒို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာလက်ဆောင်ပေးရပါမည်။

‘ကျွန်ုပ်တို့မှာ ကြောက်စရာဆိုလို့ ကြောက်စိတ်တခုတည်းသာ ရှိသည်’ တဲ့။ ။

ကံထွန်းသစ်

(ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂ဝဝ၉)

သရုပ်ဖော် - အောင်ထက်


Tuesday, July 27, 2010

တဖြည်းဖြည်း ပြောင်းပေးသွားမှာပါ (ကာတွန်း စောငို)

အတိတ်သမိုင်းပြန်လှန်တဲ့အခါ ဆင်ခြင်စရာ (လူထု စိန်ဝင်း)

ဒီတနှစ်လောက်အတွင်း ဂျာနယ်တွေ ဖတ်ကောင်းလာတယ်။ အရင်ကလို အရည်မရ အဖတ်မရ ဖျော်ဖြေရေး သတင်းတွေအစား နိုင်ငံရေးအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေ သူ့ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖော်ပြလာကြတယ်။

ယောင်ဝါးဝါးအသိ

ဒီလိုဖော်ပြလာကြတာ လူကြီးပိုင်းအတွက်လည်း ကောင်းတယ်။ မကြားရ၊ မပြောရတာကြာပြီဖြစ်တဲ့ စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရ စားမြုံ ပြန်နိုင်ကြတယ်။ လူငယ် လူရွယ်တွေအတွက်လည်း အများကြီးကောင်းတယ်။

အဆက်ပြတ်နေတဲ့ ခေတ်အကြောင်းတွေကို သိကြရတယ်။ ဂျာနယ်တွေကို ကျေးဇူးတင်မိတယ်။

လူငယ် လူရွယ်တွေသာမကဘူး၊ အခုချိန်မှာ အသက် ၅၀ တန်းအောက် ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့သမိုင်းကို သေသေချာချာ မှန်မှန်ကန်ကန် သိကြတာမဟုတ်ဘူး။ ယောင်ဝါးဝါးလောက်သာ သိကြတာ။

အတိတ်သမိုင်းကို မသိတဲ့အခါကျတော့ အခုပစ္စုပ္ပန်မှာ ရွေးကောက်ပွဲတို့၊ ဒီမီုကရေစီတို့အကြောင်းတွေကို ကြားရတဲ့အခါမှာ ဟိုလူပြောလည်း ဟုတ်နိုးနိုး၊ ဒီလူပြောလည်း ဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။
ကိုယ်တိုင် တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်း မရှိကြဘူး။

တအံ့တသြဖြစ်ကြ

ဂျာနယ်လစ်တွေ ပြန်ပြီးဖော်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေဖတ်ပြီး တချို့ဆိုရင် မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာ တွေ့ရတယ်။

ကာတွန်းတွေ တွေ့ပြန်တော့လည်း ဒီလိုသရော်လို့ရသလား၊ ဒီလိုလှောင်လို့ရသလားနဲ့ တအံ့တသြ ဖြစ်နေကြတယ်။

ဒါကြောင့် ဂျာနယ်တွေကို ကျေးဇူးတင်တယ်ပြောခဲ့တာ။ ဒါပေမယ့် ဘဝင်မကျ သဘောမတူနိုင်တာတွေလည်း ရှိပါတယ်။

ဂျာနယ်တွေက ပြန်လည်ဖော်ပြတဲ့ အတိတ်ဖြစ်ရပ်တွေထဲမှာ အများစုက နိုင်ငံရေးသမားအချင်းချင်း ကွဲကြ ပြဲကြတာတွေ တဦးနဲ့တဦး အပြန်အလှန် ပုတ်ခတ်တာတွေချည်း တွေ့ရတယ်။

နိုင်ငံရေးဆိုတာ ကိုယ်တိုင်မကြုံဘူးသူတွေရဲ့အမြင်မှာ နိုင်ငံရေးသမားတွေဆိုတာ ဒီလိုပဲ ကွဲကြ ပြဲကြ တိုက်ခိုက်နေကြတာပဲ၊ ဘယ်သူမှ မကောင်းပါလားလို့ ယူဆထားစရာ ဖြစ်နေတယ်။

ဒီနေ့ မြန်မာ့တပ်မတော်ရဲ့အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ဗလ၊ ဗိုလ်တာရာ စတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ခံ နိုင်ငံရေးသမားဆိုတဲ့ အချက် မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

နားမလည်နိုင်ဘူး

ညီညွတ်ရေး အရေးကြီးပုံကိုပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖော်ထုတ်တာဆိုတဲ့ အကြောင်းပြချက်ကလည်း မှန်တယ် မထင်ပါဘူး။

ညီညွတ်ရေးအကြောင်း တခြားပြောစရာပြစရာ နမူနာတွေ အများကြီးရှိပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အကြောင်း၊ ၁၉၂၀၊ ၁၉၃၆ ကျောင်းသားသပိတ်ကြီး အကြောင်းတို့၊ နေသူရိန် အစည်းအဝေးကြီးအကြောင်းတို့၊ ပင်လုံညီလာခံ အကြောင်းတို့လို အကြောင်းတွေ မနည်းလှပါဘူး။ ဒါတွေကို ဇောင်းပေး ဖော်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာ ပြဲတာတွေချည်း ဖော်ထုတ်နေကြတာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

လူ့လောကမှာ အမြင်သဘောထားခြင်း မတူကွဲပြားတာဟာ လူ့သဘာဝဖြစ်တယ်။ ကဲ့ရဲ့ရှုတ်ချရမယ့်ကိစ္စ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်တယ်ဆိုတာကလည်း လူ့လောကအရေးကို လုပ်ကြတာပဲ။ အဲဒီတော့ သဘောထား၊ အယူအဆ ကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်တာတွေ ရှိမြဲဖြစ်တယ်။

ငြင်းခုန်တာ လူ့သဘာဝ

ဆွေးနွေးငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာမဟုတ်ပါဘူး။ သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန် တနိုင်ငံလုံး ငြင်းးခုံခဲ့ကြသလို လွှတ်တော် နှစ်ရပ်လုံးမှာလည်း ငြင်းခုံဆွေးနွေးကြတာပါပဲ။ လွှတ်တော်ထဲ မဲခွဲတဲ့အခါမှာလည်း အိုဘားမားရဲ့ပါတီက ဒီမိုကရက်အမတ် ကန့်ကွက်မဲ ပေးသူတွေရှိခဲ့သလို၊ ပြိုင်ဘက် ရီပတ်ဘလစ်ကန်အမတ်တွေက ထောက်ခံမဲပေးသူလည်း ရှိခဲ့ပါတယ်။

အဲဒီလိုငြင်းခုန်ခဲ့ကြလို့ ကန့်ကွက် / ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှ နှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်း သူ့ပါတီတွေက ပုတ်ခတ်မပစ်ခဲ့ကြဘူး။

ဂျပန်နိုင်ငံက LDP ဆိုတဲ့ ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ ပါတီဖြစ်တယ်။ ဒါတောင် LDP ဟာ နိုင်ငံရေးအာဏာကို တလျှောက်လုံးနီးပါး၊ ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဂိုဏ်းအုပ်စုတွေကြောင့် ပါတီ အစိတ်စိတ်အမွှာမွှာကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။

သဘောပေါက်သင့်တယ်

စိတ်ဓာတ် အတွေးအခေါ် ရင့်ကျက်သူတိုင်း ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ်၊ ကိုယ်နဲ့ အယူအဆမတူတိုင်း ရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့ သဘောသဘာဝကို နားလည်ကြပါတယ်။

ဂျာနယ်တွေက ဒီအချက်ကို သဘောပေါက်ထားသင့်တယ်။ မီးလောင်ရာ လေပင့်သလို ဖြစ်မသွားအောင် သတိထား ဆင်ခြင်သင့်တယ်။ ငြင်းခုံတိုင်း ရန်ထဖြစ်တာ မရင့်ကျက်သေးတဲ့ ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ ရင့်ကျက်သူတွေဟာ ငြင်းတိုင်းရန် ထမဖြစ်ဘူး၊ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလို့ သဘောမထားဘူး၊ မတူပေမယ့် လက်တွဲမဖြုတ်တမ်း နေချင်ကြတယ်။

အိုဘားမားနဲ့ ဟီလာရင် ကလင်တန်ဟာ အကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တဦးနဲ့တဦး အပြင်းအထန် ဝေဖန် တိုက်ခိုက်ကြ ငြင်းခုန်ခဲ့ကြတာပဲ။ ဒါပေမယ့် အခုတော့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်တွဲ နေနိုင်ခဲ့ကြတယ်။ ဒါဟာ ရင့်ကျက်ခြင်းရဲ့အကောင်းဆုံး သာဓကဖြစ်တယ်။

ကျေးဇူးကန်းရာ ရောက်မယ်

ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဗဟုသုတဖြန့်ဝေပေးရာမှာ ဒီအချက်တွေကို အလေးအနက်ထား စဉ်းစားပြီးမှ ပေးသင့်တယ်။

နိုင်ငံရေးသမားဆိုတာ ဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေ ဖြစ်ပေါ်စေမယ့်အကြောင်းတွေကို ရှောင်ရှားသင့်တယ်။ လူငယ်တွေ ဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့သမားတွေနဲ့ ဖက်ဆက်တွေကို အသက်စွန့် တိုက်ခိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရအောင် မိပစ် ဖပစ်၊ အိုးပစ် အိမ်ပစ်၊ သားပစ် မယားပစ် ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာ ရောက်သွားပါလိမ့်မယ်။ သတိထားကြ၊ ဆင်ခြင်ကြစေလိုပါတယ်။


လူထု စိန်ဝင်း
နွယ်နီ မဂ္ဂဇင်း
အတွဲ (၂၀) အမှတ် (၃) ဇူလိုင်လ၊ ၂၀၁၀ခုနှစ်



Monday, July 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၅)

ဖောင်ချည်နေစဉ်အတွင်း ငါးတကောင် လာပါသည်။ ဖထီးမန်းကလည်း တွေ့၊ ကျနော်ကလည်း လှေပေါ်က လှမ်းတွေ့ပါ သည်။ ဖထီးမန်းက “ငါးလာတယ်၊ ငါးလာတယ်” လှမ်းပြောပါသည်။

ကျနော်က မှိန်းနှင့်လှမ်းပြီး ပစ်ထိုးလိုက်သည်။ မှိန်းအမြီးတွင် ဝိုင်ယာကြိုးစ ချည်ထားသည့်အတွက် ပြန်ဆွဲယူလိုက်ပါသည်။

“ငါးက ငါးမန်း မဟုတ်ဘူး ဖထီးမန်းရဲ့၊ ငါးရွှေလို ရှည်မျောမျော အကောင်ပါ၊ စိတ်ချပါ အပေါ်က ကျနော် သေသေချာချာ စောင့်ပေးနေပါတယ်”

ကျနော်က ပြန်ပြောလိုက်သည်။ ကျနော်မှိန်းနှင့်လှမ်းပြီး ပစ်ထိုးလိုက်သည့်အတွက် ငါးလည်း ထွက်ပြေးသွားပါသည်။ ဖောင်လည်း ၂ ဖက်လုံးပြန်ချည်၍ ပြီးသွားပါပြီ။

ကျနော်တို့လှေမှာ ဖောင်နှင့်တွဲချည်ထားသည့်အခါ ဖောင်ကထိန်းထားသည့် အတွက် လှေမှာ ငြိမ်ငြိမ်သက်သက် ရှိပါသည်။ ဖောင်ကိုဖြုတ်လိုက်သည့် အတွက် မူလဇာတိပြပါတော့သည်။ လှေမငြိမ်ရခြင်း၊ လှေလူးရခြင်း၏ ပြဿနာမှာ ကျနော်တို့ လှေကိုစပ်ထားသည့် သစ်အမျိုးအစားခြင်း မတူ၊ ပျဉ်အထူအပါးခြင်း မတူသည့်အတွက် လှေမငြိမ်တာ၊ လှေလူးတာ လွန်စွာပင် သဘာဝကျပါသည်။

ရောက်ရှိတဲ့အခြေအနေ၊ ရရှိတဲ့အခွင့်အရေးအောက်မှာ လှေတစင်းကို တည်ဆောက်ရခြင်းဖြစ်ပါသည်။ မြင်မြင်ထင်ထင်၊ ပေါ်ပေါ်လွင်လွင်၊ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ လှေကိုတည်ဆောက်ခဲ့ရခြင်း မဟုတ်ပါ။ ဒီလှေကလေးတစင်းကို တည်ဆောက်ခဲ့ရသည်မှာလည်း ၈ လကျော်ပင် ကြာခဲ့ပါသည်။ တနေ့ကို အချိန်ပြည့်လည်း မဟုတ်ခဲ့ပါ။ စိတ်တိုင်းကျ လည်း မလုပ်ခဲ့ရပါ။ အခက်အခဲ အမျိုးမျိုးကြားထဲမှ လှေတစင်းကို မဖြစ်မနေ တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါသည်။

ဖထီးမန်း၏ အမျှော်အမြင်ရှိမှု၊ စီစဉ်တက်မှု၊ တီထွင်တက်မှုကြောင့်သာ ဤတိုက်ပွဲကို ဖော်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

မလိုအပ်သော အရံပစ္စည်းတွေ ပစ်ချ၊ ဖောင်ကိုဖြတ်မိသောနေ့မှာ ၁၁ ရက်မြောက် ဟု ထင်ပါသည်။ ဤနေ့တနေ့တာအဖို့ လွန်ခဲ့သည့်ရက်များကဲ့သို့ပင် လင်းပိုင်း၊ မနက်ပိုင်းပိုင်းနှင့် ညဦးပိုင်းတွင်သာ လေနည်းနည်းတိုက်ပြီး နေခင်းပိုင်းမှာ နေခြစ်ခြစ်တောက် ပူသည်။ နေ့လည်ပိုင်းနှင့် ညဥ့်နက်ပိုင်းမှာ လှေမှာ ရွေ့သည် ဆိုရုံမျှသာ ရွေ့ပါသည်။

ကျွန်းပေါ်ကနေ စထွက်တဲ့နေ့က ဆရာဦးလှဖေ မေးခဲ့သည်။ ဘယ်နှရက်မှန်းလဲလို့ မေးခဲ့စဉ်က ၁၀ ရက်လောက်မှန်းတယ် ဆရာလို့ ဖြေခဲ့ပါသည်။ ကျနော်တို့ မှန်းခဲ့သည်မှာ မှန်ပါသည်။ လေကလေးသာ မှန်မှန်တိုက်ခဲ့လျှင် ၁၀ ရက်အတွင်း ရောက်နိုင်ပါသည်။ ကျနော် ရမ်းပြီး၊ မှန်းပြီး ပြောခဲ့သည်မဟုတ်ပါ။

ကွန်တီတီအကြောင်းဖတ်တုန်းက ပစိဖိတ်သမုဒ္ဒရာကို ဖောင်နဲ့ဖြတ်တာ တနေ့ကို မိုင် ၄၀ နှုန်းပေါက်သည်ဟု လေ့လာရသည်။ ကျနော်တို့ဖြတ်သည့်ခရီးမှာ မိုင် ၃၀၀ ကျော်ဆိုတော့ ၁၀ ရက်ထက် မပိုပါ။ ယခုကြုံတွေ့ရသည်က လေမှန်မှန်မရသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဒုတိယ ညဘက်ရောက်တော့ မီးက ပိုမြင်ရသည်။

လူပုံခြင်းကလည်း မတူ၊ လှေပုံခြင်းကလည်း ခြားနား

နောက်တနေ့ မိုးလင်းတွင် အတွေ့အကြုံတခု ပိုထူးလာပါသည်။ မနက် မိုးလင်းပိုင်းရောက်လာသည်နှင့် လှေများ ကမ်းခြေဘက်မှ ထွက်လာသည်ကို မြင်ရပါသည်။ လှေအများစုမှာ စက်တပ်ထားပါသည်။ ဤလှေများ ထွက်လာသည့် အတွက် ကျနော်တို့ ပိုသတိထားပါသည်။

ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလျှင် ကျနော်တို့ ကောင်းကောင်း မွန်မွန် ဆက်ဆံမည်။ ကျနော်တို့ကို မရိုးမသားဆက်ဆံလျှင်တော့ ကျနော်တို့ ၃ ယောက် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ ကျနော်တို့ ဘာကိုမှ မကြောက်ပါ။ သေနတ်မှလွဲ၍ ဓား၊ လှံ လက်နက်ကိုယ်စီ အပြည့်ပါသည်။

လှေများကလည်း ကျနော်တို့ အနီးသို့ နီးနီးနားနား ကပ်မလာပါ။ ခပ်လှမ်းလှမ်း ကသာမောင်းပြီး ကျနော်တို့ကို တစေ့တစောင်း လေ့လာအကဲခတ် သွားသည်ကို သတိထားမိပါသည်။ ဒီတော့မှာ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထား လေ့လာသုံးသပ်မိသည်။

ကျနော်တို့လှေနှင့် ကျနော်တို့ ၃ ယောက်ရောက်နေသည့် ပတ်ဝန်းကျင်နှင့် ဘယ်လိုမှ လိုက်လျောညီထွေမှု မရှိပါ။ ကျနော်တို့တွေ့ရသည့်များမှာ ကျနော်တို့လှေထက် ပိုပြီးလည်း ရှည်၊ ပိုပြီးလည်း သဘာဝကျကျ တည်ဆောက်ထားသည့် လှေများ။ ဒုံးလှေ။

ကျနော်တို့လှေက ပတ်ဝန်းကျင်ကလှေများ၏ ထက်ဝက်ပင်ရှိမည် မထင်ပါ။ ၁၅ ပေ သာရှိသည့်လှေ၊ ပြီးတော့ လှေပုံစံခြင်းကလည်း မတူ။ ကျနော်တို့လှေမှာ ဘေးက ဖောင်ကြီးတွဲထားလျက်။ လှေသာမဟုတ်၊ လူပုံကလည်း မတူပါ။ ဘေးကဖြတ်သွားသည့် လှေပေါ်ကလူများမှာ လွတ်လပ်သည့် ကမ္ဘာလောကကြီး ထဲကလူများ။

ကျနော်တို့ ၃ ယောက်က အချုပ်အနှောင်ဘဝကထွက်လာသည့် အကျဉ်းသား။ အသွင်အပြင်ခြင်းကလည်း မတူ၊ အဆင်အယင်ခြင်းကလည်း မတူပါ။ ကျနော်တို့ အဝတ်အစားက ထောင်အဝတ်အစားကို အုန်းခွံခေါက်ဆိုးထားသည့် ယောဂီရောင် ညိုမွဲမွဲ အမျိုးအစား။ ကျနော်တို့ ၃ ယောက်မှာ ပင်လယ်ပြင်တွင် နေလောင်ထား၍ ပြာနှမ်းနေသည့် ဘဝများ …။

ဆက်လက်ဖော်ပြပါမည်။


Sunday, July 25, 2010

အမေ့ ဖြတ်ထုံး (ကံထွန်းသစ်)

အသက်ရှစ်ဆယ်ဆိုသောအရွယ်သည် မေ့လွယ် လျှော့လွယ်သော သည်းခြေလေဖုံးသည့်အရွယ်ဟု ဆိုကြသော်ငြား အမေကားမူ သတိကောင်းဆဲပင်။ တရံတခါ လေစိမ်းမိ၍ ဖျားတတ်သည်မှတပါး ကျန်းမာရေးကလည်း ကောင်းမွန်လျက်ပင်။ ရွာဦးတိုက်ကျောင်း ဆရာတော်က သီလကောင်း၍ အသက်ရှည်ကြောင်း ပြယုဂ်ကိုထုတ်လျှင် အမေ့ကိုသာ ညွှန်းလေ့ရှိသည်။ ထို့ကြောင့် ရွာရပ်၏ လေးစားရိုသေမှုသည် တိုး၍ ခိုင်လေတော့သည်။ အမေ အရွယ်ကောင်း၍ သွားသွားလာလာရှိစဉ်ကဆို အမေမို့ဖြတ်သွားလျှင် မူးနေ ရမ်းနေသူများပင်ဖြစ်ပါစေ၊ ‘ဟိုမှာ ဒေါ်ကြီးကံ လာနေတယ်’ ဆိုကာ ကိုယ်ရှိန်သတ်ကြမြဲ၊ လေးစားသမှုပြုကြမြဲ။

သို့သော် အမေသည် သူ့ချွေးမငယ် ကျွန်တော်ဇနီးနှင့်မူ သိပ်မသင့်။ အဲ ... အမေက မသင့်တာမဟုတ်၊ ကျွန်တော့်ဇနီးဘက်က မသင့်တာကိုတော့ ဝန်ခံရပေမည်။ မယားဘက် ခပ်ပါပါရှိခဲ့သော်ငြား ကျွန်တော်သည် အမေ့ကိုတော့ တခါမျှ ကဏ္ဍကောဇ မလုပ်ခဲ့။ အမေ၏ မေတ္တာ, ကရုဏာ၊ အမေ၏ စေတနာ၊ အမေ၏ ရိုးသားမှု သိက္ခာတို့သည် သူမထက် သာလွန်ကြောင်းကိုတော့ ဇနီးသည်ရော ကျွန်တော်ပါ လက်ခံကြပါသည်။ ဒါပေမယ့် ယခုကိစ္စကိုမူ လက်မခံနိုင်၊ ဇနီးသည်ကဆို ခါးခါးသီးသီး။

“ခု ... ကလေးက ဘယ်ထွက်သွားတာတုန်း”

သိုင်းခြုံနေကျ အပြာရောင်စင်းနှင့် စောင်ပိုင်းလေးကို ပြင်ခြုံရင်း မေးသည်၊ ပြီး … သူ့သား မောင်ပဉ္စင်းပေးထားသော နံ့သာပုတီးလေးကိုယူကာ တဂျောက်ဂျောက် နှင့် စိပ်တော့သည်။

“မနေ့ကတည်းက ပြန်မလာဘူး … သူ့ သူငယ်ချင်းတွေ ဆီနေမှာပေါ့”

“မင့် မိန်းမက တဆူဆူလုပ်နေတော့ ...”

“လုပ်ရမယ် အမေ ... ဘယ်နှယ့်ဗျာ ကျောင်းပြီးမယ်မှ မကြံသေးဘူး၊ အိမ်ထောင်ပြုချင်ရတယ်လို့ နောက်ပြီး ယူမယ့် မိန်းမကလည်း ကြည့်ဦး … ဟင်း”

အမေက မှုန်ဝါးဝါးမျက်လုံးလေးတွေဖြင့် မော်ကြည့်သည်။ ပြီး … တိုးတိုးသဲ့သဲ့ ...

“သူလည်း ဟို … တက္ကသိုလ်ကျောင်းကြီးကတောင် ပြန်လာတာပဲ သားရယ်”

“အဲဒါကြောင့်ပေါ့ အမေရ … တန်ရာ တန်ရာဆို မပြောဘူး … ဝိုင်းဝိုင်းလည်နေတာ ရွေးပါလေ ချယ်ပါလေ ... ခုတော့ဗျာ ဘယ့်နှယ် ... တောက်”

တက်ခေါက်သံပြင်းသွားသည်၊ အမေက မြမြလေးပြုံးရင်း

“မင့်မိန်းမက ကလေးမလေးအိမ်ကို ဟိုနေ့က သွားဆူတယ်ဆို”

ဒီသတင်းတွေကိုလည်း အမေကြားနေပါလား၊ ဒါ ... ဟိုအကောင်ပြောတာနေမှာ၊ ရည်းစားထိတော့ နာသပေါ့လေ … ဟင်း၊ ဖွားအေက သူ့ကိုချစ်မှန်းသိလို့ ခံတန်တန်လုပ်ချင်နေတာ မင်းတော့လား … ကွာ။

“သွားပြောတာပါ၊ မပြောလို့မရဘူးအမေ ခုခေတ် မိန်းမကလေးတွေက ကဲကဲရယ် … သဘောမတူမှန်းသိလျက်နဲ့ မျက်နှာပြောင်တိုက်ပြီး အမေ့ဆီလာလာနေတာကို”

“ဘယ်သူ့ သမီးလဲ”

“ကိုမြင့်ကြည် သမီး”

“အော် ... မြင့်ကြည် သမီး ... ဒါဆို မရွှေရီရဲ့ မြေးကိုး”

ခေါင်းတညိတ်ညိတ်ဆက်ရင်း အမေသည် အိမ်ဝင်းဝဆီ လှမ်းရော်ကြည့်နေသည်။ ဒါမှမဟုတ် အတိတ်ဆီကို လှမ်းရော်ကြည့် နေသည်လားမသိ။ တော်တော်နှင့် စကားမဆို။ ထို့ကြောင့် ...

“ဟုတ်တယ် အမေ ဒေါ်ရွှေရီရဲ့မြေးပဲ ... ဒါကို အကြောင်းပြုပြီး အမေ့ဆီကို သူတို့လာကြလိမ့်မယ် … လာတိုင်သလိုလိုနဲ့ သဘောတူဖို့ နားဖောက်ကြလိမ့်မယ်၊ အမေ တခါတည်း ယတိပြတ် ငြင်းလွှတ်လိုက်”
စဉ်းငယ်ကြာမှ ...

“မျိုးရိုးလေးကတော့ မဆိုးပါဘူးကွယ် ... ရုပ်ရည်ဆိုးလို့လား”

“ရုပ်က … အဲ .. ဟို မဆိုးပါဘူး”

“ပညာကကော သားရဲ့”

“ဆယ်တန်း နှစ်ခါကျ”

သေစာ ရှင်စာတတ်လျှင် ကျောင်းထွက်ရသော သူတို့ခေတ်နှင့်စာလျှင် စာတတ်လှပြီဟု အမေတွေးမည်မှာ ဧကန်။ ထို့ကြောင့် အမေစကား မကောက်မီ ...

“ဒါတွေကြောင့် မဟုတ်ပါဘူး”

“ရောဂါတွေ ဘာတွေများ ရှိလို့လား”

“ကျန်းမာရေးကလည်း ကောင်းပုံရပါတယ်”

“စာရိတ္တ ညံ့လို့လား”

“အဲ ... ဟို .. ဟို … နာမည်ပျက်မရှိပါဘူး”

“ဒါဖြင့် မင်းတို့က ဘာ သဘောမကျတာလဲ”

ပြောမထွက်။ တင်မည့် အကြောင်းပြချက်သည် အမေ့အတွက် ခိုင်လုံမည်မထင်။ ဘယ်လိုပြောရပါ့ဟု စဉ်းစားခန်းဝင်နေစဉ် ...

“အို ... ဒါလောက်မွဲတေနေတဲ့ဟာ ပေးစားလိုက်လို့ကတော့ ကျွန်မသား ခွေးဖြစ်ယုံပေါ့ … သူ့တို့ကတော့ အပိုင်လေ ရွှေဘုံပေါ် စံကိန်းပေါ့ … ဒါကြောင့် မြူဆွယ်ပြီး အပိုင်ဖမ်းနေတာ”

ဇနီးသည်က ပစ္စည်းတခုခုလာယူရင်း ကြုံကြိုက်ဟန်နှင့် အမေကြားအောင် ဗျစ်တောက်ဗျစ်တောက် ဝင်ပြောသွားသည်။ အမေကတော့ ဘာမျှမပြော၊ ပုတီးလေးကို ခေါင်းအုံးအောက်သို့ အသာထိုးထည့်လိုက်သည်။ ပြီး လက်ဖြင့် ဟို … သည် စမ်းနေ၍ ပန်းပေါင်းစုံ ရူဆေးဘူးလေးကိုယူကာ အမေလက်ထဲ ထည့်လိုက်သည်။

“အဲဒါပဲ … အမေ သူတို့လာရင် ...”

အမေက ရှူဆေးဗူးလေးကို ဖွင့်နေရာမှ လက်ကာပြလျှက် …

“သားကို အမေ ပြောပြရဦးမယ်”

“... ... နှစ်ဆောင်မြိုင်အိမ်ကြီးပေါ့ သားရယ်၊ ခု မောင်ကျော်ဇံတို့ နေတဲ့ဝင်းကြီးဟာ အဲဒီအိမ်ကြီးဝင်းပေါ့၊ ပိုင်ရှင်တွေက ‘ဘိုးသာမှင် နဲ့ မယ်နှင်းခိုင်’ တဲ့။

အဝေးဆီကို မျှော်ရင်း အမေက တိုးတိုးညင်သာပြောပြနေသည်။ အမေသည် ယခုလို ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြတတ်သလို၊ ဘယ်သူနှင့် ဘယ်သူကဖြင့် ဘယ်လို တော်စပ်ကြောင်းကို ဆွေမျိုးစပ်ပြတတ်သည်။ သွေးသား တော်မှန်းမသိကြ၍ ရွာသားတွေ စိမ်းကြ၊ ကာကြ၊ သွေးကြဲကြသည်ကို အမေ မနှစ်သက်၊ ကျွန်တော်တို့ ညီကိုမောင်နှမတွေကို ပုံတိုပတ်စများဖြင့် ဆိုဆုံးမခဲ့သလို မြေးများကိုလည်း ပုံပြင်၊ နိပါတ်တို့ဖြင့် ပဲ့ပြင်တတ်သည်မှာ အမေ၏ ဝါသနာ။ သို့သော် ယခု ရှစ်ဆယ်ရွယ်မှာတော့ ဟိုသည်အကြောင်းများကို သိပ်မပြောဆိုတော့၊ ‘ကိုယ့်အရိုးကို ချီနိုင်တုန်း ကြိုးစားမှ’ ဆိုကာ ပုတီးစိပ်လျှင် စိပ်၊ မစိပ်လျှင် မေတ္တာပွား၊ မပွားလျှင် တရားမှတ်ကာ နေတတ်မြဲ။ ယနေ့မှာမူ အမေ့မှာ ပြောစရာတွေရှိနေပုံပင်။ ထဖို့ခက်ပြီ၊ ဟို ‘အိမ်ပြေးကောင်’ ကို လိုက်ဖမ်းရဦးမည်။ ဇနီးသည်က ခေါင်းကိုယမ်းပြကာ အမူအရာနှင့် ထသွားဖို့ ပြောနေသည်။ ဘယ်သို့ပြုရပါ့၊ 'နွားနှစ်ရှဉ်းကိုင် တောင်သူကြီးတွေပေါ့၊ လယ်တွေ ယာတွေက ကျယ်ဝန်းသလို သားသမီးကလည်း ခုနှစ်ယောက်တောင် ပေါက်ဖွားခဲ့တယ်'

သားသုံးယောက်၊ သမီးလေးယောက်၊ ထို ခုနှစ်ယောက်တို့တွင် သားကြီးသြရသ မောင်သာခေါင်သည် ရိုးသားသည်။ အလုပ်ကြိုးစားသည်၊ ကွမ်းတောင် ပန်းတောင်ကိုင်တို့ သဘောကျသည်။ ဥပဓိရှင်, သမီးရှင်တိုင်း အားကိုးလောက်သည့် လုပ်အားရှင်။ ဆေးရွက်ကြီးခင်းများ၊ ပဲကြီးခင်းများ၊ မြေပဲနှင့်ပြောင်ဖူးခင်းများကို ဦးစီး လုပ်ကိုင်လျှက် ဖခင်ကြီး မျက်နှာလွဲရသည့် သားကြီးသြရသ ပီဘိခြင်း။

တနေ့တွင်တော့ ထိုဂုဏ်တို့ကို ဖုံးကွယ်ပစ်မည့်သတင်း တောမီးပြန့်လာသည်၊ ရွာတောင်ချောင်ထဲက မီးချစ်ယုံမှာ ကိုယ်ဝန်ပေါ်သည်ဆိုသည့် သတင်း၊ ထိုကိုယ်ဝန်၏အရှင်မှာ ပျိုတိုင်းကြိုက်တဲ့ မောင်သာခေါင် တဲ့။

မောင်သာခေါင်က အကြောက်အကန် ငြင်းသည်၊ မိခင် မယ်နှင်းခိုင်က သားစကားကို ယုံသည်။ နှမတွေကလည်း မောင်ကိုထိတော့ မိန်းမချင်း မစာနိုင်တော့။ ရန်တွေ့ကြသည်။ ရန်ထောင်ကြသည်။ ''ဒီဟာမတွေ တမင်ထောင်ဖမ်းတာ'' ဟု ဆိုကြသည်။ ဖခင် ဖိုးသာမှင်ကတော့ ခေါင်းတညိတ်ညိတ်နှင့် ဖက်ဖြူဆေးပေါ့လိပ်ကြီးဖွာလျှက်။

ထိုကိစ္စတွင် ''သူ့နာလို ရွာတဝက်၊ ကိုယ့်နာလို ရွာတဝက်'' ဆိုသလို တချို့ကတော့ မိန်းကလေးဘက်ကစကားကို ယုံကြသည်။ သူတို့ပြသောအကြောင်းမှာ မိချစ်ယုံတို့ သားအမိသည် ဖိုးသာမှင်ရဲ့ ယာတွေ ကိုင်းတွေမှာ ခေါ်ကောက် ပေါင်းထိုး အလုပ်သမများဖြစ်သောကြောင့် တဲ့။

တဦးနှင့်တဦး သုံးနှစ် သုံးမိုး လည်၊ မင်္ဂလာဦးညမှ အပျို လူပျိုဘဝကို စွန့်ကြပြီး ရိုးမြေကျသက်ဆုံးတိုင် ပေါင်းသင်းကြမည့် ပုဆိုးတန်းတင် အကြင်လင်မယား မြောက်ကြသည့် ထိုခေတ် ထိုအချိန် ထိုကာလက ထိုသတင်းသည် ဆိုးဝါးသော သတင်းတခုဖြစ်သည်။

တဖန် လူကလေးဘက်က မထောင်းသာပေမင့်၊ မိန်းကလေးများဘက်အဖို့မူ ဣနြေ္ဒမဲ့သူ အရှက် သိက္ခာနည်းသူအဖြစ် တန်ဖိုးကျရသည့် အဖြစ်။ တန်ဖိုးကျပြီဆိုလျှင် ရပ်မသုံး ရွာမသုံးတော့။ ဒီလို အဖြစ်မျိုးကိုမဆိုထားနှင့် လက်ကလေး ဆွဲခြင်းခံရလျှင်ပင် ထိုသူငယ်မအဖို့ လာဘ်တိတ် စန်းမဲ့ဖြစ်ကာ လူတော သူတောမတိုးတော့၊ သည်ကာလ ထိုကာလတွင် မိချစ်ယုံ သည် ... ။

ဆင်းရဲသည့်ဘဝတွင် စိတ်ဆင်းရဲမှုက ထပ်ဆင့်ဖိစီးလာတော့သည်။ ပစ္စည်းမဲ့သည့်ဘဝတွင် ဂုဏ်သိက္ခာပါ မဲ့လာတော့သည်။ တခုတည်းသော အားကိုးရာဖြစ်သော မုဆိုးမ အမေကလည်း “ငါတို့လို မကြုံကြပါစေနဲ့ တော်” ဟု ဆိုကာ ငိုရုံသာ ငိုတတ်သည်။ ဘာမျှမတတ်နိုင်။ 'မလှ စုန်းနိုး' ဆိုသလို အရင်က စုန်းမကြီး ပြုစားတတ်သည်ဆိုသော အမေသည် မျက်ရည်တွေ သွင်သွင်စီးတတ်သည် မှလွဲ၍ ဘာမျှမစွမ်း။ မိချစ်ယုံ အခုမှအမေကို စွမ်းစေချင်လိုက်တာ၊ ပြီး ... ရက်စက်သူကို ... ။

သို့ဖြင့် တစတစ မိချစ်ယုံ၏ ကိုယ်ဝန်သည် လရင့် ရက်စေ့၍ သားကလေးကို ဖွားမြင်လေတော့သည်။

ဆင်းရဲနုံချာလှသည့် မိချစ်ယုံ၏ မီးနေခန်းမှာ သူတို့အိမ်ဝင်းထဲမှ အုပ်ကိုင်းနေသော ကင်းပွန်းရုံကြီး၏အောက်မှာ ...။

ထို့နေ့တွင် နှစ်ဆောင်ပြိုင်အိမ်ကြီး၏အောက် ဧည့်ခန်းမှာတော့ ဖိုးသာမှင်က “ကဲ ... ရှင်နှင်းခိုင်ရေ တို့ ရွာတောင်ပိုင်း သွားကြဆိုရဲ့” ဟု ဆိုလိုက်တော့ သားသမီးများနှင့် ဆွေမျိုးဉာတိတွေက ဝိုင်းဝန်းကန့်ကွက်ကြတော့သည်။ ဒီတော့ ဖိုးသာမှင်က …

“အေး ... တို့လည်း အဲဒါကိုစဉ်းစားနေခဲ့တာ၊ ရွာဦးတိုက်ကျောင်းဆရာတော်ကို မေးလျှောက်ကြည့်ရသေး၊ လက်စသတ်တော့ လူတွေဟာ ရွှေတွေ ငွေတွေ၊ လယ်ယာကိုင်းကျွန်းတွေမှ တန်ဖိုးရှိတယ်ထင်ပြီး လူကျတန်ဖိုးရှိတယ် မထင်ကြဘူး။ ရွှေ,ငွေ သက်မဲ့တွေကျ တရိုတသေထားကြပြီး လူသားတန်ဖိုးကျ တန်ဖိုးထားရကောင်းမှန်းမသိကြဘူး၊ တို့အဖြစ်ကလည်း ဒါမျိုးပဲလကွယ် …။

“ဒါနဲ့ ကျုပ်သားကိစ္စနဲ့ ဘာဆိုင်လို့လဲ ကိုသာမှင်ရဲ့”

“ဆိုင်ပါသော်ကော ကျောင်းအမရယ်၊ တို့လည်း အဲဒီလိုထင်ပြီး သူတပါးကို မတူမတန် စည်းကန့်ခဲ့ကြသမှုတ်လား၊ တကယ်ဆို လူကမှ ‘ကြိုးစားက ဘုရားဖြစ်’ နိုင်သတဲ့။ ညည်းတို့ ရွှေတွေ, ငွေတွေက ဘာဖြစ်နိုင်မှာတုန်း၊ ဒါကြောင့် လူကမှ တကယ်တန်ဖိုးကြီးတာကွဲ့။ ဒီမယ် ညည်းတို့မြဲမြဲမှတ်ထား၊ ဘယ်သူမှ မွေးကတည်းက သူဋ္ဌေးလေး သူကြွယ်လေးရယ်လို့ မွေးလာတာ မဟုတ်ဘူး၊ လူအဖြစ်ပဲ မွေးလာတာ။ တို့များရဲ့ မန္တလေးဆရာတော်ပြုတဲ့ကျမ်းထဲမှာ လူဘဝဆိုတာ ရခဲတဲ့ တကယ် ‘နဂိုတန်ဖိုး’၊ သူဋ္ဌေးတို့ ဘာတို့ဆိုတာ ကိုယ်ကြိုးစားမှုရဲ့အရိပ် ‘အပိုတန်ဖိုး’ တဲ့။ ခုတော့ တို့က ‘အပိုတန်ဖိုး” တွေကို အထင်တကြီးရှိပြီး ‘နဂိုတန်ဖိုး’ ကိုကျတော့ ရှိတယ်လို့တောင် မထင်ချင်ကြဘူး”

“အဘကလည်း ဘာတန်ဖိုးတွေ ညာတန်ဖိုးတွေထားပါ ခုဟာက မဟုတ်ဘဲနဲ့ ကျုပ်တို့မောင်က လှည်းကျိုးထမ်းရမှာလား”

“တယ်ခက်တဲ့ သမီးကြီးပဲ ... အဘက မဟုတ်ဘဲနဲ့ ကိုယ့်သား ဆင်းရဲစေ၊ သူ့သွေး ချမ်းသာစေပြုပါ့မလားကွယ် … ခုဟာက စုံစမ်းစေ့ငုပြီးပါပြီ”

ဒီမျှသာ ဖိုးသာမှင်ပြောလိုက်သည်။ ပြောင်းဖူးခင်းစောင့်သည့် လင့်စင်ရိပ်က ရုတ်တရက် ဆုံလိုက်ရသော ပုံရိပ်ဟောင်းသည် တင်ပြဖို့ မဖွယ်ရာ၊ အကြောင်းပြသည် လုံလောက်,လောက်ပြီထင်၍ ဖိုးသာမှင် အသာအယာ ထလိုက်ကာ ...

“ကိုင်း … ရှင်နှင်းခိုင် လာဟေ့၊ တို့တန်ဖိုးထားရမည့် အရာလေးတခုတောင် တိုးလာပြီတဲ့ အဲဒီကိုသွားချေစို့ရဲ့”

ထိုနေ့ ညနေစောင်းတွင် တရွာလုံး အံ့အားသင့်ဖွယ်မြင်တွေ့ရသည်ကား ...

‘ရှေ့က ဖိုးသာမှင်က ကလေးပိုက်လို့၊ မယ်နှင်းခိုင်က ချွေးမရဲ့အဝတ်ထုပ်ရွက်လို့ မိချစ်ယုံက နနွင်းတွေ အထိန်သားနှင့် နောက်ကလိုက်လို့ နှစ်ဆောင်မြိုင် အိမ်ကြီးဆီ ပြန်လာကြသတဲ့’

အမေ စကားကို လက်စသတ်လိုက်သည်။ ကျွန်တော့် အတွေးကမူ လက်စမသတ်နိုင်သေး။ အမေ့ကို အံ့သြစွာ ငေးကြည့်နေမိသည်။ အမေ၏ မီးခိုးရောင်သန်း မျက်ဝန်းလေးတွေသည် တစုံတခုဖြင့် စွတ်စိုကာ တောက်လက်နေကြသည်။ ကျွန်တော့် မျက်လုံးတို့တွင်လည်း တစုံတခုကို အမေမြင်နိုင်မည်လားမသိ။ အိပ်ယာဆီ တိုးရွေ့ရင်း..

“အဲဒီ ဖိုးသာမှင်ဆိုတာ ငါ့သားရဲ့ အဘိုးကြီးကွယ့်”

ပြောစရာစကား ကျွန်တော့်မှာ မရှိတော့ပါ။ ထိုပြောစရာ စကားမရှိခြင်း အကြောင်းကို အမေသဘောပေါက်တန်ကောင်းပါရဲ့ အိပ်ယာပေါ်လှဲရန် ပြင်နေသော အမေ့ကို ဖေးမ,ပေးလိုက်သည်၊ အမေက ...

“အဲဒီ မချစ်ယုံ ဆိုတာကလည်း … …”

အမေ လည်ပြန်ရော်ရမ်းကြည့်ရာ အိမ်၏ပုဏ္ဏကွယ်ဆီမှ ရွေ့လျားမှုကြောင့် မတော်တဆထိခိုက်သံတခုကို ကြားလိုက်ရသည်။

ကံထွန်းသစ်

(နိုဝင်ဘာလ - ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း - ၂ဝဝ၈ ခုနှစ်)

သရုပ်ဖော် - အောင်ထက်


အလေးပြုချင်လွန်းလို့ (ကာတွန်း စောငို)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံကို ရောက်ရှိ

ဘီဘီစီ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ဒီကနေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့အတူ တခြားထိပ်တန်း ခေါင်းဆောင်တွေနဲ့ နယူးဒေလီမှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းလာဖို့နဲ့ နှစ်နိုင်ငံနယ်စပ်က ခွဲထွက်သူပုန်ကိစ္စ၊ လက်နက်၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ စွမ်းအင်ကိစ္စတွေကို ဆွေးနွေးမယ်လို့ ယူဆရပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေကို အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မျက်စေ့ကျကာ အပြိုင်အဆိုင် ဝယ်ယူနေကြတာဖြစ်တဲ့အတွက် အခုခရီးစဉ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူရေးဟာလည်း မပါမဖြစ် ဆွေးနွေးမယ့်အကြောင်းအရာတွေ ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးဟာ အခုတော့ ခရီးစဉ်ပထမဦးဆုံးအနေနဲ့ ဗုဒ္ဓဘုရားပွင့်တော်မူခဲ့ရာ ဗုဒ္ဓဂါယာကို အရင်သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အိန္ဒိယပါလီမန်အမတ်များအဖွဲ့ကလည်း ဗိုလ်ချုပ်ကြီးခရီးစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဆီကို ကန့်ကွက်စာ ရေးသားပေးပို့ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ဗိုလ်ချုပ်ကြီး အခုလို အလည်အပတ်လာရောက်တာကို ခွင့်ပြုတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက မကျေမနပ် ပြောဆိုဝေဖန်နေကြပါတယ်။

ဖော်ရိန်းပေါ်လစီ မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ စစ်ယူနီဖောင်း ချွတ်လေ့မရှိပေမယ့် အိန္ဒိယအာဏာပိုင်တွေရဲ့ တရားဝင် တောင်းဆိုချက်အရ အရပ်ဝတ်နဲ့ပဲ တက်ရောက်မယ်လို့ ရှားရှားပါးပါး သဘောတူလိုက်ရကြောင်း ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကို ၂၀၀၄ ခုနှစ်က တကြိမ် လာရောက်ခဲ့ဖူးပါတယ်။

Photo - AP, Reuters, Getty Images


Friday, July 23, 2010

ဘုန်းကြီးဘရေ လာလိမ့် (ရဲရင့်ခေါင်)

''ကုသလံ ဘာဝေတဗ္ဗံ'' ကုသိုလ်ဆိုတာ ပွားရမယ့်တရားဖြစ်တယ်။ တိုးပွားစေတတ်တဲ့ သတ္တိရှိတယ်။ ''အကုသလံ မဟာတဗ္ဗံ'' တဲ့ အကုသိုလ်ဆိုတာ ပယ်ရမယ့်တရားဖြစ်လို့ နောက်ဆုံးတော့ အပယ်အဖျက်ခံပြီး ကွယ်ပျောက်သွားရတယ်။

ကုသိုလ်တရားက တိုးပွားစေတတ်တဲ့ သတ္တိမရှိဘူးဆိုရင် အကုသိုလ်တရားကလည်း အပယ်အဖျက်မခံရဘူး ဆိုရင် ဘုရားအဆူဆူဘယ်ပွင့် နိုင်ပါ့မလဲ ... တဲ့။

ဒီစကားကို ဘုန်းကြီးကျောင်းမှာ သဂြုင်္ိဟ်တက်ခဲ့ရတုန်းက ဘုန်းကြီး ခဏခဏ ပြောလို့ ကြားဖူးနားဝဖြစ်နေပေမယ့် အမှတ်ထင်ထင် မဖြစ်ခဲ့ဘူး။

တချို့ အမှတ်တမဲ့ ကြားဖူးနားဝစကားတွေကလည်း ကိုယ်ရေးကြုံလာတော့မှ အမှတ်တရ ဖြစ်လာတတ်တာကလား။

xxxx

ကျုပ်သားအကြီးကောင်က သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုချင်တယ်ဆိုတုန်းက ကျုပ်လဲ သိပ်ထွေထွေထူထူး စဉ်းစားမနေပါဘူး။ ကောင်းရာကောင်းကြောင်း လုပ်တာပဲဆိုပြီး ပဉ္စင်းတက်ပေးလိုက်တာပါပဲ။

ကျုပ်ဘဝမှာက မြေယာလုပ်ကိုင်စားသောက်ဖို့ကလည်း လယ်ကွက်ယာကွက် လုံလုံလောက်လောက်ရှိသလို လုပ်မယ့်ကိုင်မယ့် ကိုယ်ခွဲလက်ဖဲ့ကလည်း သားသမီး ၇ ယောက်တောင်ရှိတာဆိုတော့ သားအကြီးဆုံးက သာသနာ့ဘောင်မှာ ပျော်တယ်ဆိုလည်း ကျုပ်အတွက်ရော သူ့အတွက်ပါ ဘာမှ ဝန်မလေးပါဘူ။ ကျန်တဲ့ သားသမီး ၆ ယောက်ထဲမှာ အလတ်ကောင်တယောက်ပဲ အိမ်ထောင်ကျတာဆိုတော့ ကျန် ၅ ယောက်က လူလွတ်တွေချည်းပဲ။ လုပ်ငန်း ဒေါင့်စေ့ရုံမကဘူး။ ဟို ရှင်လူထွက် အငယ်ဆုံးကောင်ဆို အလုပ်မရှိ လတ်လျားလတ်လျား လျှောက်လည်လွန်းလို့ ဆိတ်အုပ်တအုပ်တောင် ထောင်ပေးထားလိုက်ရသေးတယ်။ ဆိတ်ကျောင်းတဲ့ အလုပ်ရှိသွားရင် ခြေငြိမ်သွား အေးရောဆိုပြီး လုပ်လိုက်တာ။ ခုတော့လည်း သူ့ဆိတ်အုပ်နဲ့သူ ဟုတ်နေသားပဲ။

xxxx

အဲ .. ကျုပ်အကြောင်း နည်းနည်းပြောရဦးမယ်။ အဘိုးရဲ့ အဖေလက်ထက်ကစပြီး အဖေလက်ထက်အထိ ရပ်ရွာသူကြီး အဖြစ်အုပ်ချုပ်ခဲ့တာ သုံးဆက်တိတိပေါ့။ တောသူကြီးဆိုတော့ သူ့ဟာနဲ့သူတော့ အခြွေအရံတွေ သူရင်းငှား (စာရင်းငှား) တွေနဲ့ဘာနဲ့ ဆိုပါတော့ဗျာ။ အဘိုးတို့လက်ထက်မှာ ဓားမဦးချ ကိုယ့်လယ် ကိုယ်ယာ တည်ကြ ခုတ်ကြတော့ စာရင်းငှား အခြံအရံလည်းများ သူကြီးလည်းဖြစ်တဲ့ ကျုပ်အဘိုးတွေက ရွာနဲ့မနီးမဝေးလုပ်ခင်း ကိုင်ခင်း ကောင်းတဲ့ မြေယာတော်တော်များများကို ပိုင်လိုက်တယ်။

သားချင်းပေါက်ဖော် အစဉ်အဆက်ကတော့ ခပ်နည်းနည်းရယ်။ အဖေတို့မှာ ကြီးတော်ရယ်၊ အဖေရယ် မွေးချင်း နှစ်ယောက်ပဲရှိသလို ကျုပ်တို့ကျတော့လည်း အစ်မနဲ့ ကျုပ်နဲ့ နှစ်ယောက်ပဲရှိတယ်။ အစ်မက ရပ်ဝေးမှာ အိမ်ထောင်ကျတယ်လေ။ ကျုပ်အိမ်ထောင်ကျတော့ အိမ်မှာလည်း အမေ့အတွက် ကူဖော်လောင်ဘက် ချက်မယ့်ပြုတ်မယ့်လူမရှိတာနဲ့ အတော်ပဲဆိုပြီး အဖေက ချွေးမကို တခါတည်း အိမ်ပေါ်ခေါ်တင်လိုက်တာ မိဘတွေ မျက်လုံးမှိတ်သာသွားရော တအိုးတည်း တအိမ်တည်းပဲ။ အိမ်မှာက စာရင်းငှား အလုပ်သမားတွေ ကလည်း အဖေ့တူသား အမေ့တူသား ဆွေမျိုးတွေပဲဆိုတော့ ကျုပ်က သိပ် ဒူးကောက်ကြောတင်းအောင် မလုပ်ခဲ့ရဘူး။ သူကြီးသားဆိုပြီး ရမ်းရမ်းကားကားတော့ ဘာမှမလုပ်ပါဘူး။ ညနေ ညနေ အပေါင်းအသင်းတွေနဲ့ ထန်းရည်ခါးလေးသောက်တာနဲ့ ယုန်လိုက် သမင်လိုက် ဝါသနာပါတာလောက်ပါပဲ။ အဲ … ဝါသနာပါတာ ဆိုပေမယ့် တခါတလေရယ်လို့တော့ မဟုတ်ဘူးဗျ။ သောက်တတ်တာကတော့ နေ့စဉ်ပုံမှန်ပဲ။ သောက်ပြီး ဆူဆူပူပူတော့ မလုပ်ပါဘူး။ အဖေကလည်း တရွာလုံးအပေါ် သြဇာညောင်းအောင် အုပ်ချုပ်ထားလေတော့ ဆူဆူပူပူလုပ်ရင် သူ့ခြောက်ပေါက်တုံးက 'သား' ဆိုပြီးတော့လည်း ခွင့်လွှတ်မှာ မဟုတ်ဘူးလေ။

ခြောက်ပေါက်တုံးဆိုတာတော့ ကြားဖူးကြမှာပါ။ လုံးပတ် သုံးထွာလောက်ရှိတဲ့ သစ်သားတုံးကို အလယ်က လွှနဲ့ခွဲ နှစ်ခြမ်းစလုံးမှာ ပြန်ဆုံလိုက်ရင် ခြေကျင်းဝတ်ထည့်လို့ ဆန့်လောက်ရုံ ပေါက် ၆ ပေါက်ဖြစ်အောင် တဖက်တချက် ထွင်းထားတာပေါ့။ ထိပ်တဖက်မှာ ပတ္တာကြီးကြီးနဲ့တွဲထားပြီး ကျန်တဖက်ထိပ်မှာတော့ သော့ခပ်လို့ရအောင် သံကွင်း နှစ်ကွင်း အထက်အောက် ရိုက်ထားတာ။ မူးရူးပြီး ဆူပူတဲ့လူတို့ ဘာတို့ဆို ခြေကျင်းဝတ် နှစ်ဖက် အပေါက်နေရာမှာ ထည့်ပြီး ထိပ်က သော့ခပ်ထားတာပေါ့။ တပြိုင်နက် လူသုံးယောက်ကို ခပ်ထားနိုင်အောင် ခြောက်ပေါက် ဖောက်ထားတာ။ ရွာဘုရားပွဲရက်ဆို တခါတလေ ခြောက်ပေါက်တုံး တတုံးနဲ့တောင်မလောက်လို့ ဟိုဘက်ရွာသူကြီးဆီက ငှားထားရသေးတယ်။

အဲ … စောစောက ပြောခဲ့သလိုပေါ့ဗျာ။ အိမ်မှာ စာရင်းငှားတွေဆိုတာက အဖေ့ဘက် အမေ့ဘက် တူသားတွေလည်း ဖြစ်။ အဖေတို့ အမေတို့မှာလည်း သားရင်းသမီးကနည်းတော့ သူတို့ကိုလည်း သားသမီးအရင်းတွေလိုပဲ ထားတာပါ။ အိမ်ထောင်ပြုကြတော့လည်း အဖေတို့ကပဲ ပြောဆိုပြီး မင်္ဂလာဆောင်ပေး။ သူတို့စီးပွားဖြစ် လုပ်ကိုင်စားဖို့ဆိုပြီး မြေလေးယာလေးလဲ ခွဲပေးဆိုတော့ ကြီးတဲ့လူတွေ သူ့အိုးသူ့အိမ်ခွဲသွားလည်း သူတို့သားသမီးတွေထဲက အိမ်မှာ ကူဖော်လောင်ဘက် အဆက်မပြတ်ပါဘူး။

အဖေတို့ အမေတို့ မျက်လုံးမှိတ်သွားကြတော့ သူကြီးခေတ်လည်း ကုန်သွားပြီ။ ကျုပ်ကလည်း ဒီအလုပ် ဝါသနာမပါဘူး။ ကလေးတွေလည်း အရွယ်ရောက်ကြတော့ အိမ်မှာ စာရင်းငှားများနဲ့ ပူးတွဲလုပ်ကိုင်ရင်းကနေ လုပ်တတ်ကိုင်တတ်တွေ ဖြစ်ကုန်ကြပြီးဆိုတော့ ကျုပ်အတွက် အချိန်ပိုရတော့တာပေါ့။ ကျုပ်အလုပ်ကတော့ အဖော်ရှိရင် တောလယ်ထွက် ညနေကျ ဝိုင်းဖွဲ့သောက် ဒါပဲပေါ့။

အဲ ... သားကျိုးသမီးကျိုးကတော့ မဆိုးဘူးဗျ။ ကိုယ်ကလည်း အဖေအမေကို ပြန်လှန်ပြောလေ့မရှိခဲ့တော့ ကျုပ်သား သမီးတွေကလည်း ကျုပ် ဘယ်လိုနေနေ ဝေဖန်တာ ဘာတာ မရှိဘူး။ သူတို့အမေကလည်း နဂိုကတည်းက ခပ်အေးအေးဆိုတော့ ကျုပ်ကို ဘာမှ ပူညံပူညံမလုပ်ဘူး။ သူ့သားသမီးတွေနဲ့ သူစခန်းစေ့အောင် သူ့ဖာသာကြည့် စီမံသွားတာပဲ။

အံမာ ကျုပ်ကသာ ညနေတိုင်း မှန်မှန်သောက်နေပေမယ့် ကျုပ်သားတွေထဲမှာတော့ ဟို အိမ်ထောင်ကျသွားတဲ့ ကောင်တကောင်ပဲ အဖေ့ခြေရာ နည်းနည်းနင်းချင်တယ်။ ဒါတောင် သူ့အိုးသူ့အိမ်နဲ့ဖြစ်သွားမှ သောက်တတ်တာ။ အိမ်ပေါ်မှာတုန်းက မသောက်တတ်ဘူး။ ကျုပ်ခြေရာနင်းတယ်ဆိုပေမယ့် ကျုပ်နဲ့မတူတာ တချက်တော့ရှိတယ်။ ကျုပ်က သောက်ရုံသောက်တာ မူးလာလို့ အိမ်မှာ ရစ်တယ်၊ ဆူတယ်ဆိုတာ မရှိဘူး။ နည်းနည်းပါးပါး လုပ်လာတဲ့နေ့ဆို အိမ်ပြန်ရောက်လို့ မိသားစုတွေစုံတဲ့အခါ စကားပြော အူရွှင်တာပဲ ရှိတယ်။ ဒါလည်း ကလေးတွေ ပျော်ရုံလောက်ပဲဆိုတော့ ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ပါဘူး။ တော်တော်များလာတဲ့နေ့ဆိုရင်တော့ စားသောက်ပြီး အိပ်ရာထဲ လှဲနေလိုက်တာပဲ။ အလုပ်မရှိတဲ့ ကျုပ်က မူးပြီးဆူနေရင် တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့လူတွေ စိတ်ညစ်ရမှာ။ ဒါကိုတော့ ကျုပ်က အလိုက်သိသိ ရှောင်ပါတယ်။

အဲ … ဟိုကောင်ကတော့ ကျုပ်လို ဟုတ်ပုံမရဘူး။ သောက်လာပြီး အိမ်ရောက်ရင် ပူညံပူညံ လုပ်ပုံရတယ်။ လင်မယားချင်း ခဏခဏ စကားများသံ ကြားတယ်။ သူ့အိမ်က ကျုပ်အိမ်ခြေရင်းဘက် ငါးအိမ်ကျော်လောက် ဆိုတော့ သူတို့ ရန်ဖြစ်သံတွေ ကြားနေရတာပေါ့။ သူ့အမေကတော့ တခါတလေ သွားပြောထင်ပါရဲ့။ ကျုပ်ကတော့ ဘာမှသွားမပြောဘူး။ ဟုတ်တယ်လေ။ အရင်က ကျုပ်ကိုဘာမှ ပြန်မပြောရဲဘူးဆိုပေမယ့် မူးလာတော့ အရင်လို ဟုတ်ချင်မှဟုတ်မှာ မူးမူးနဲ့ ပြန်လှန်ပြောရင် ကျုပ်ကလည်း မူးနေတာဆိုတော့ စိတ်ကထိန်းလို့ ရချင်မှရမှာ။ ခွန်းကြီး ခွန်းငယ် ဖြစ်ကြပြီဆိုရင် အောက်က အထက်ကို ပြန်လှန်မပြောဘူးဆိုတဲ့ ကျုပ်တို့ မိသားစုအစဉ်အလာလည်း ပျက်သွားမယ်။ နံဘေးကကြားရင်လည်း အမူးသမားသားအဖ ရန်ဖြစ်နေတယ်နဲ့ ပြောကြမှာ၊ ဒီတော့ သူတို့ရန်ဖြစ်သံကြားပြီဆိုရင် မလိမ့်တပတ်နဲ့ ဟိုဘက်ပိုင်း ထွက်သွားလိုက်တာပဲ။

ဒီကောင်လင်မယား တကျက်ကျက် ရန်ဖြစ်ကြတယ်ဆိုပေမယ့် လင်ခန်းမယားခန်း ပြတ်လောက်အောင်တော့လည်း မဖြစ်ရဲဘူးဗျ။ ဒါကတော့ ကျုပ်ကလည်း အရင်ကတည်းက သားသမီးတွေ အားလုံးကို ခပ်ပြတ်ပြတ် ပြောထားတယ်။ ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် စည်းကမ်း ဆိုပါတော့ဗျာ။

'အေး … မင်းတို့အရွယ်တွေ ရောက်လာကြပြီး။ လောကဓမ္မတာ အိမ်ထောင်ရက်သား ပြုချင်ပြုကြမှာပဲ။ ဒါ တို့ နားလည်တယ်။ တို့ကတော့ ဘယ်သူ့ ယူပါ။ ဘယ်ဝါ ယူပါလို့ မတိုက်တွန်းဘူး။ မင်းတို့ချင်း တသက်လုံး ပေါင်းရမှာ။ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ကြ။ သားတွေလည်း ကြိုက်တာတွေရင် ပြော။ တို့က မိသားဖသားပီပီ ပြောဆို တောင်းရမ်းပေးမယ်။ သမီးတွေလည်း အဖေတို့ ပွင့်ပွင့်လင်းလင်းပြောထားမယ်။ ကြိုက်တာတွေ့ရင် မိသားဖသားပီပီ လာပြောပါစေ။ ဘာအဆင့်အတန်းမှ မခွဲဘူး။ သူများလင်သားမဟုတ်လို့ လွတ်လွတ်ရှင်းရှင်းဆို ပေးစားမှာပဲ။

အဲ … အိမ်ထောင်ပြုပြီဆိုရင်တော့ အားလုံးမှတ်ထား။ မဆိုစကောင်း မုဆိုးဖို မုဆိုးမဖြစ်လာရင်သာ အိမ်ပေါ်ပြန်လက်ခံမှာ။ လင်ခန်းမယားခန်း ပြတ်လာတဲ့ တခုလပ်အဖြစ်နဲ့တော့ ဘယ်တော့မှ အိမ်ပေါ်ပြန်မတက်ခဲ့ရဘူး' လို့။ ဒါတွေကတော့ ကျုပ်နဲ့ ကျုပ်မိသားစုရဲ့ လက်ရှိအနေအထားပဲ ဆိုပါတော့ဗျာ။

အေး … သားအကြီးဆုံး ပဉ္စင်းခံပွဲ အဝင်နေ့ကတော့ သူ့အမေက မပြောစဖူး စကားတခွန်းပြောတယ်။ ''ကိုယ့်သား ပဉ္စင်းတက်တော့မှာ ဒီရက်ပိုင်းတော့ အပြစ်ကင်းအောင် နေစမ်းပါအုံးတော်'' တဲ့။ ကျုပ်ကလည်း နားထောင်လိုက်တာပါပဲ။ ရွာဦးကျောင်းထိုင်ဘုန်းကြီးကလည်း ကျုပ်တို့နဲ့က နှစ်ဖက်ဆွေမျိုးရယ်။ ကျုပ်နဲ့ကလည်း အဖေ့ဘက်က ညီအစ်ကိုနှစ်ဝမ်းကွဲ၊ သူတို့အမေဘက်ကလည်း မအေညီအစ်မဆိုတော့ မောင်နှမတဝမ်းကွဲပေါ့။ သူ့တူ ပဉ္စင်းတက်တော့မယ်ဆိုတော့ ဘုန်းကြီးလည်း အတော်ဝမ်းသာနေပုံရတယ်။ တရားဟောမယ့် ဓမ္မကထိကကိုတောင် မြို့ပေါ်က သူနဲ့စာသင်ဖက် ဘုန်းကြီးကို သီးခြားပင့်ထားတာ။

ပဉ္စင်းတက်တဲ့ အလှူကြီးနေ့ကတော့ ဘာပြောကောင်းမလဲဗျာ။ စည်လိုက်သမ ဝက်ဝက်ကွဲပဲ။ ဘုန်းကြီးအမိန့်အရ သားကြီး ငါးကြီး မလုပ်ရဘူးဆိုတဲ့အတိုင်း ငါးခြောက်အကောင်းစားနဲ့ ကုလားပဲ ကြာဇံဟင်းရယ် လက်သုပ်ရယ် ကျွေးတာကိုပဲ ဆန် ၁၀ တင်းကျော် ကုန်တယ်။ ကျန်တဲ့ ဦးဇင်းရဲ့ ညီတွေ ညီမတွေရော သူ့အမေ အဲ သူ့ဒကာမကြီးပေါ့လေ။ အဲ့ဒီဘက်က အဒေါ်တွေရောဆို မောရပန်းရမှန်းတောင် မသိနိုင်ကြတော့ဘူး။ အားလုံးကို ပျော်နေလိုက်ကြတာ။

တရားနာချိန်ရောက်တော့ ဓမ္မကထိကဆရာတော်ဟောတဲ့ တရားက 'အံ့ဖွယ်ရှစ်ဖြာ သာသနာ' ဆိုလားပဲ။ အကုန်တော့ မမှတ်မိတော့ဘူး။ ကျုပ်မှတ်မိသလောက်ကတော့ -

''အခု ရဟန်းဖြစ်သွားတဲ့ ဦးပဉ္စင်းဟာ တခြားရဟန်းတော်များနည်းတူ ဘုရားသားတော်ဖြစ်သွားပြီဆိုတဲ့ အကြောင်းရယ်။ သမုဒ္ဒရာလှိုင်းတံပိုးများဟာ သမုဒ္ဒရာထဲမျောပါလာတဲ့ ရွံရှာဖွယ်တွေကို ဖယ်ရှားပစ်သလို သာသနာတော်ရဲ့ အရှိန်အဝါဟာလည်း သာသနာတွင်း ရောက်လာသူတွေရဲ့ သန္တာန်မှာ ကျရောက်လာမယ့် မကောင်းမှုတွေကို ဖယ်ရှားပေးတတ်တဲ့အတွက် အရင်ကလို မကောင်းမှုဒုစရိုက်တွေကို အလွယ်တကူ မပြုဖြစ်တော့ဘူးဆိုတာရယ်။ ကျုပ်တို့လည်း ''ဘုန်းကြီးဘ၊ ဘုန်းကြီးမေ'' ဆိုတဲ့ သာသနာနဲ့ ဆက်စပ်တဲ့ အမည်ထူး ဂုဏ်ထူးတွေ ရရှိလာကြလို့ သာသနာ့အရှိန်အဝါတွေ တည်လာပြီဆိုတော့ အရင်ကလို သတ်တာ ဖြတ်တာ သောက်တာ စားတာတွေကို အမှတ်တမဲ့ ပြုရဲကြတော့မှာ မဟုတ်တော့ဘူး။ ကုသိုလ်ဘက် အားစိုက်လာကြတော့မှာဖြစ်တယ်'' ဆိုတာတွေတော့ မှတ်မိလိုက်တယ်။

တရားနာရင်း ကျုပ်စိတ်ထဲမှာ ''အင်း … ကျောင်းထိုင်ဘုန်းကြီးက ကျုပ်အကြောင်းတွေ ပြောပြထားလို့ ကျုပ်ကိုရိပ်ပြီး တရားစောင်းခုတ်လိုက်တာ ထင်တယ်'' လို့တောင် အောက်မေ့မိသေးတယ်။

ရဟန်းဖြစ်တဲ့နှစ် ဝါဆိုဦးမှာပဲ သားဦးဇင်းကို သူ့ဦးလေးဘုန်းကြီးက စာသင်တိုက်ပို့လိုက်တယ်။ ကျုပ်ကတော့ ဒုံရင်းပဲ ဆိုပါတော့ဗျာ။ အသက်ကလေးကလည်း ဘာလိုလိုနဲ့ ငါးဆယ်ကျော်လို့ ခြောက်ဆယ်ထဲ အတော်နင်းမိနေပြီ။ ဝါသနာကတော့ မဖျောက်နိုင်သေးဘူး။

အဲ … ကျုပ်တို့အရပ်ထုံးစံက သားရဟန်းရှိပြီဆိုရင် မိဘတွေကို နာမည်မခေါ်ကြတော့ဘူး။ ''ဘုန်းကြီးမေ'' ''ဘုန်းကြီးဘ'' လို့ပဲ ခေါ်ကြတာ။ အိမ်က အမယ်ကြီးကတော့ သာရေးနာရေး အလှူပွဲပဲသွားသွား၊ ကျောင်းကန်ဘုရားပဲသွားသွား သူ့ကို ''ဘုန်းကြီးမေ'' လို့ ခေါ်ပြီး ခေါင်းရင်းဝိုင်းမှာ ဦးစားပေးခံရတော့ ကျေနပ်နေတာပေါ့ဗျာ။ အဲ … ဂွကျတာက ကျုပ်ဗျ၊ ညနေဝိုင်းရောက်လည်း ကိုယ့်လူတွေက '' ဘုန်းကြီးဘ'' ပဲ ခေါ်ကြတော့တာကိုး။ ဒီနေရာမှာ ဒီဂုဏ်ပုဒ်ကြီး မလုပ်ပါနဲ့ဆိုလည်း မရဘူး။ အားလုံးက နှုတ်ကျိုးနေကြလို့ပဲလား။ တမင်ပဲ ခေါ်နေသလား မပြောတတ်ပါဘူးဗျာ။ ကျုပ်အလှည့်ရောက်ပြီဆိုရင် ''ရော့ ဘုန်းကြီးဘ ခွက်လှည့်'' ဆိုပြီ လုပ်ကုန်ကြရော။

ကျုပ်တို့ သောက်တယ်ဆိုတာက အပေါင်းအသင်းတွေစုပြီး ညနေ အပျော်ဝိုင်းဖွဲ့ကြတာဆိုတော့ အလယ်ခေါင်မှာ ထန်းရည်အိုး တည်၊ ပန်းကန်ပြားတချပ်ထဲမှာ ပဲလှော်အခြောက်ကို ပုံထားပြီးတော့ ခွက်က တခွက်ထဲရယ် တယောက် တလှည့်သောက်လိုက် ဝါးလိုက်ပေါ့ဗျာ။ တခါတလေ ဂျီသား၊ သမင်သားခြောက်ကလေးရှိတဲ့လူကလည်း မီးဖုတ်ယူလာပြီး ပဲလှော်ပန်းကန်ထဲ ရောထည့်ထားပေါ့။ ဟိုတွေး ဒီတွေး တွေးနေလို့ ခွက်လှည့်မေ့နေတဲ့အခါဆို ''ဘုန်းကြီးဘ ခွက်လှည့်'' တဲ့။ ခေါ်တဲ့ ဂုဏ်ပုဒ်နဲ့ လုပ်တဲ့အလုပ်က အတော့်ကို မလိုက်လျောတာ။ ကျုပ်နားထဲ တမျိုးကြီးပဲ ဒီအသံကြားလိုက်ရရင် ထူသလိုပူသလိုကြီး။ ဘေးကလူတွေများ ကြားသွားမလားဆိုပြီး ဘေးဘီလှည့်ကြည့်မိလိုက်သေးတယ်။ ''မကောင်းမှုဆိုတာ ရှက်စရာ'' လို့ ပြောသံဟောသံတွေ ကြားနေတုန်းက သိပ်သတိမထားမိဘူး။ အခုလို မဆီမဆိုင် ယှဉ်တွဲခေါ်လိုက်တော့ အတော်သိသာသဗျာ။ ကြာတော့ လူရှုတ်တဲ့အိမ်မှာ ဝိုင်းမဖွဲ့ရဲတော့ဘူး။ ချောင်ကျကျအိမ်မှာပဲ ခွက်ပုန်းခုတ်နေရတယ်။

xxxx

တနေ့တော့ဗျာ။ အဲ … တနေ့ဆို မှတ်မှတ်ရရ ကောက်ဦးတွေ ရိတ်သိမ်းပြီးစ ပြာသိုလကုန်လောက်မှာပေါ့။ ဟိုရွာ ဒီရွာမှာ ရှင်ပြုပွဲ အလှူတို အလှူစလေးတွေတောင် ရှိစပြုနေပြီ။ အလှူတို အလှူစဆိုလို့ ရှင်ပြုပွဲကို မလေးမစားခေါ်တာ မဟုတ်ဘူးနော်။ ကျုပ်တို့အရပ် အခေါ်အဝေါ်က ဆိုင်းတွေ မဏ္ဍပ်ဆင်တွေနဲ့ဆို အလှူကြီး တဲ့။ ဒီလိုအလှူကြီးတွေက သီးနှံသိမ်းပြီးလို့ တပို့တွဲလလောက်ရောက်မှ စကြတာ။ သားကြီးရှင်ဖြစ် ခပ်ကျဉ်းကျဉ်း အလှူလေးတွေကတော့ ရက်မဆုံရအောင် ဒီဘက်ပိုင်း ပြာသိုလလောက် လုပ်လေ့ရှိတယ်။ အဲဒါကို အလှူတို အလှူစလို့ လွယ်လွယ်ခေါ်ကြတာပါ။

အဲဒီနေ့ မွန်းတည့်ချိန်လောက်မှာပေါ့။ ရွာအနောက်တောင်ဘက်က ရေစိပ်ကြီး ဇလုပ်ဘက်မှာ သမင်တအုပ် ရေလာလာ သောက်တာ နှစ်ရက် ရှိပြီတဲ့။ လိုက်နေကျအပေါင်းအသင်းတွေက မနေ့ညနေကတည်းက စည်းတွေဘာတွေလည်း အသင့်လုပ်ပြီးခဲ့ပြီ။ ''ဘုန်းကြီးဘ'' လိုက်ခဲ့ပေရော့ဆိုပြီး လာခေါ်ပါရော။ သမင်လိုက်သွားမယ့်ဟာ ''ဘုန်းကြီးဘ'' ဆိုတာကြီးက တပ်ခေါ်လိုက်တော့ နားထဲမှာတော့ တမျိုးကြီးပေါ့ဗျာ။ တယ်တော့ လမိုင်း မကပ်ဘူး။ ဒါပေမယ့် ဝါသနာက မနေနိုင်တော့ လိုက်သွားဖြစ်တာပါပဲ။

အော် … စည်းချတယ်ဆိုလို့ ပြောရအုံးမယ်။ သမင်ကို ခွေးနဲ့လိုက်တာကတော့ ရိုးရိုးပါပဲ။ ခွေးကောင်းကောင်းခေါ်သွားပြီး သမင်အုပ်တွေ့ရင် ခွေးနဲ့မျက်မှန်းတန်းမိအောင် တပ်ပေးလိုက်။ လူအုပ်က နောက်က ညာသံပေးပြီး လိုက်တာပါပဲ။ ကြိုးကွင်းနဲ့ ထောင်တာကျတော့ အဲဒီလိုမဟုတ်ဘူး။ သမင်အုပ် ရေသောက်ဆင်းပြီး ပြန်တက်မယ့် ခင်ကြောပေါ်က နှစ်ဧကလောက်ရှိတဲ့ ယာကွက်မှာ ဘေးပတ်လည်က ခြေသလုံးတပတ်ရစ်လောက်ရှိတဲ့ သစ်ပင်တွေကို ခါးလောက်ကနေ တဝက်ပြတ်လောက်ခုန်ပြီး ဘေးစောင်းတွန်းလှဲထားရတယ်။ တပင်က လဲကျလာတဲ့ အဖျားလောက်မှာ နောက်ထပ် တပင်ကို ဆက်လှဲပေါ့။ ဒီလိုနဲ့ ယာကွက်ပတ်ပတ်လည် သုံးမျက်နှာမှာ ခါးလောက်သာသာ စည်းဝိုင်းကာပြီးသား ဖြစ်သွားအောင် လုပ်ရတယ်။ ကျုပ်တို့ရွာက အလယ်ရိုးမတောင်ခြေနဲ့ သိပ်မဝေးတော့ ယာခင်းဘေးမှာ သစ်ပင်ကလည်း ပေါတယ် မဟုတ်လား။ ဒီလို လုပ်ရတာ သိပ်မခဲယဉ်းလှဘူး။ ပြီးတော့မှ တဖက်ခင်တန်းဘက် သမင်အုပ်ဖြတ်ကူးဖို့ ကောင်းလောက်တဲ့ နှစ်နေရာလောက်မှာ ငါးပေခြောက်ပေလောက် အပေါက်လုပ်ထားပေါ့။ ပြီး အဲ့ဒီနေရာမှာ သွပ်နန်းကြိုး သေးသေးတွေကို လိမ်ပြီးကျစ်ထားတဲ့ သံကြိုးကွင်း ငါးကွင်းလောက်ကို သမင်ဦးခေါင်းနဲ့ အလောတော် ကျယ်ရုံလောက် ထောင်ထားရတာ။ ကွင်းတခုနဲ့တခု ထပ်မိနေအောင် ကွက်လပ်ပြည့်ထောင်ထားတော့ တတောင်ကွာလောက် အကွက်ကျဲတဲ့ သံပိုက်ကွန်ကြီး ထောင်ထားသလို ဖြစ်နေတာပေါ့ဗျာ။

ဒါတွေ အသင့်လုပ်လုပ်ပြီးပြီဆိုတော့ ကျုပ်တို့အဖွဲ့ တာဝန်ခွဲဝေ နေရာယူကြတယ်။ သွက်သွက်လက်လက် ငါးယောက်လောက်က ရေဆိပ်နဲ့ မလှမ်းမကမ်းနားမှာ ပုန်းနေရတယ်။ သမင်အုပ်ရေလာသောက်ရင် စည်းဝိုင်းရှိတဲ့ဘက် ချောက်တင်ပေးဖို့ပေါ့။ သုံးမျက်နှာ စည်းဝိုင်းထားတဲ့ ယာကွက်မှာက သံကွင်းထောင်မထားတဲ့ဘက်တွေမှာ တဖက် သုံးယောက်စီလောက် စောင့်ရတယ်။ စည်းဝိုင်းထဲ သမင်အုပ်ဝင်လာတဲ့အခါ ကွင်းထောင်တဲ့ဘက်ကို မသွားဘဲ တခြားဘက်ကို ဦးတည်သွားရင် သူတို့က လူသံပေးပြီး ချောက်လွှတ်ရတာပေါ့။ ကျုပ်တို့ ခပ်ကြီးကြီးတွေကတော့ ကွင်းတွေရဲ့ ဘေးထောင့်ဆီကနေ စောင့်နေရတယ်။ တချို့စည်းထောင်တာနဲ့ ကြုံဖူးတဲ့ သမင်အုပ်ဆိုရင် ကွင်းနားရောက်မှ ရိပ်မိပြီး ပြန်လှည့်တတ်တယ်။ အဲ့ဒီအခါမှ ဘေးကနေ လူယောင်ပြပြီး ချောက်ပေးရတာပေါ့။

အဲဒီနေ့က ကျုပ်စောင့်ဖို့ တာဝန်ကျတဲ့နေရာက ကွင်းထောင်ထားတဲ့ဘက် ထောင့်တထောင့်မှာ ဟိုဘက်ရွာကူးတဲ့ လမ်းလေးကပ်လို့ပေါ့။ ကျုပ်လည်း သမင်အုပ်ရောက်မလာမချင်း အသင့်ပါလာတဲ့ ဆေးလိပ်ကိုဖွာပြီး လက်ထဲမှာ ဝါးရင်းတုတ် တချောင်းကိုင်လို့ အနားမှာလည်း ဓားရှည်ဦးတို တချောင်းချပြီး စောင့်နေလိုက်တယ်။

နေတော်တော်လေးစောင်းတဲ့အချိန်မှာ ရေဇလုပ်ဘက်က ခွေးအိုင်တဲ့အသံနဲ့ လူအော်သံတွေ ကြားလိုက်ရတယ်။ သမင်အုပ်ကို စည်းဝိုင်းဘက် ပဲ့သွင်းလာတဲ့သဘောပဲ။ ကျုပ်လည်း သတိထားပြီး ခြုံကွယ်တခုမှာ အသာကပ်ရင်း မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ဒီအချိန်မှာပဲ ဟိုဘက်ရွာက ဈေးတောင်းတွေရွက်လာတဲ့ မိန်းမတွေ သုံးလေးယောက်လောက် ကျုပ်အနားကနေ ဖြတ်သွားရင်း ' ဟယ် .. သမင်စည်းချ စောင့်နေကြတာဟဲ့'' ဆိုပြီး ရပ်ကြည့်နေကြလို့ သူတို့မြင်ပြီး သမင်အုပ်ပြန်ဆုတ်သွားမှာစိုးတာနဲ့ လက်ဟန်ပြပြီး မြန်မြန်သွားဖို့ ပြောနေတုန်း။ ''ဘုန်းကြီးဘရေ လာလိမ့် လာလိမ့်''ဆိုတဲ့ အသံကြားလိုက်ပါရော။ အနားမှာဘေးရွာက မိန်းမတွေရှိတုန်း ဒီလို ခေါ်သံကြီး ကြားလိုက်ရတော့ ကျုပ်လည်း ထူပူသွားတာပဲ၊ ဒါနဲ့ ဟိုမိန်းမတွေများ ကြားလောက်လားဆိုပြီး သူတို့ဘက် လှည့်ကြည့် လိုက်ခါမှ ''ဟောတော့ ဒီဘက်ကစောင့်နေတဲ့ ဘကြီးက ဘုန်းကြီးဘ'' တဲ့ဆိုပြီး ရယ်ကြပါရောဗျို့၊ သူတို့အသံမှ မဆုံးသေးဘူး၊ ဗြုန်းဆို သမင်အုပ်က ကွင်းထောင်တဲ့ဘက်မသွားဘဲ ဟိုမိန်းမတွေရှိတဲ့ဘက်တန်း ခပ်နိမ့်နိမ့် နေရာကနေ ခုန်ပြေးကြပါလေရော၊ မိန်းမတွေ လန့်ဖျန့်ပြီးပြေးလိုက်ကြတာ တယောက်တော့ဖြင့် လယ်ဘေးက သစ်ငုတ်နဲ့တိုက်မိပြီး ခေါင်းပေါ်က ဈေးတောင်းပါ ပြုတ်ကျလို့ လူလည်း ဒူးကွဲ၊ ပစ္စည်းတွေလည်း ဖရိုဖရဲပေါ့၊ ကျုပ်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး၊ ထူပူနေတုန်း နောက်ကလိုက်လာတဲ့ကောင်တွေနဲ့ ဘေးစောင့်တွေ ကျုပ်နားရောက်လာကြတော့တာပဲ ''ဘုန်းကြီးဘ ဘယ်လိုလုပ်လိုက်တာတုန်း၊ ကျုပ်တို့ နှစ်ရက်လောက် ကြိုးစားထားသမျှတွေ အလကားဖြစ်ကုန်ပြီ'' တဲ့။

ကျုပ်လည်း မွှန်ထူပြီး စိတ်ကတိုနေရတဲ့အထဲ သင်းတို့က အပြစ်တင်နေကြပြန်တော့ စိတ်ပေါက်ပေါက်နဲ့ ပြန်ဟောက် ထည့်လိုက်တယ်၊ ''ဟေ့ - တော်ကြစမ်း၊ ဒီလိုနေရာမျိုးမှာ ငါ့ကို ဒီလိုကြီး မခေါ်ကြနဲ့လို့ ငါအတန်တန် သတိပေးထားတဲ့ကြားက မင်းတို့ပါးစပ်တွေက ဒါပဲ အော်ခေါ်နေ၊ တောလယ်တာနဲ့ ''ဘုန်းကြီးဘ'' က ဘာဆိုင်လဲကွ၊ မင်းတို့လုပ်ပုံကိုက လမိုင်းမကပ်ဘူး၊ တော်ပြီ တော်ပြီ မင်းတို့ပါးစပ်တွေ ပိတ်မရတူတူ ငါပဲ ဒီအလုပ်ဖြတ်တော့မယ်၊ ကဲ … ဒါက အရေးမကြီးဘူး၊ ဟိုမှာ ဈေးတောင်းနဲ့ မိန်းမတယောက်လဲနေတာ ဘာဖြစ်လဲ သွားကြည့်အုံး'' ဆိုတော့မှ အားလုံး လှမ်းကြည့်လိုက်တော့ ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်ပုံမရပါဘူး၊ ပွန်းရုံပဲရုံထင်ပါတယ်၊ ထော့နဲ့ ထော့နဲ့နဲ့ သူ့ပစ္စည်းလေးတွေတောင်းထဲပြန် ကောက်ထည့်ပြီး ရွာဘက်ဆက်သွားနေကြပြီ၊ ပါးစပ်ကတော့ တတွတ်တွတ်နဲ့ ''အံ့ပါတော် … ဘုန်းကြီးဘလဲဆိုသေး ဒီအရွယ်ကြီးနဲ့ သမင်လိုက်ရသတဲ့'' ဆိုပြီး ပြောသွားလေရဲ့။

xxxx

ကျုပ်ထင်တဲ့အတိုင်းပါပဲ၊ နေဝင်ချိန်လောက် ကျုပ်တို့ရွာထဲပြန်ရောက်တော့ ဒီသတင်းက ပျံ့နှံ့နေပြီး ဈေးသည်တွေက မနက်ဖြန် ဝင်မယ့်ရွာထဲက အလှူအတွက် ငါးပိ၊ ငါးခြောက်မှာထားလို့ လာပို့ကြတာတဲ့၊ ဟုတ်သားပဲ ရွာဦးဘုန်းကြီးညီရဲ့ သား ရှင်ပြု မနက်ဖြန် အဝင်ပဲ၊ ကျုပ် ဦးဇင်းတောင် သူတို့ပရိက္ခရာဝယ်သွားရင်း ပင့်ခဲ့လို့ ကြွလာမယ်ပြောတယ်၊ ရောက်များနေပြီလား မသိဘူး။

ရောက်လည်းမတက်နိုင်ဘူး၊ ကျုပ်လည်း ခါတိုင်းလို ထန်းရည်ဝိုင်း ဝင်ချင်စိတ်မရှိတော့တာနဲ့ အိမ်ဘက် တန်းပြန်ခဲ့တယ်၊ ထုံးစံအတိုင်းပဲ အိမ်ကတော့ ဘယ်သူကမှ မေးလားမြန်းလား မလုပ်နေကြပါဘူး၊ သူတို့လည်း ကြားပြီးမှာတော့ သေချာတယ်၊ ညစာစားပြီးချိန်မှာတော့ မန္တလေးက ဦးဇင်းပြန်ကြွလာတယ်ဆိုပြီး ကျောင်းသားလေးတယောက်ကပြောလို့ သူ့ ဒကာမကြီးနဲ့ သူ့သမီးတွေ ကျောင်းသွားဖို့ ဖျော်ရည်တို့ သကြားတို့ ကမန်းကတန်း ပြင်နေကြရင်း သမီးအကြီးမက ကျုပ်ဘက်လှည့်ကြည့်လိုက်သေးတယ်၊ ''အေး - နင်တို့သားအမိတွေသွားကြ ငါတော့ မနက်ဖြန်မှပဲ သွားတော့မယ်''ဆိုပြီး ကျုပ်လည်း စိတ်ထွေထွေရှိတာနဲ့ အိပ်ရာထဲ စောစောဝင်လိုက်တယ်၊ ဟိုကောင်တွေကတော့ မနက်ဖြန် သမင်အုပ်နောက် ဆက်လိုက်အုံးမယ်တဲ့။

xxxx

ဒီတခါတော့ ကျုပ်စောင့်ရမယ့်စည်းဘက်မှာ သေသေချာချာ ဂရုစိုက်ပြီး စောင့်နေလိုက်တယ်၊ သိပ်မကြာလိုက်ပါဘူး၊ ''ဘုန်းကြီးဘရေ ... လာလိမ့် လာလိမ့်'' ဆိုတဲ့အသံကြားလို့ သေသေချာချာကြည်လိုက်တော့ ခပ်လှမ်းလှမ်းမှာ နည်းတဲ့ သမင်အုပ်ကြီး မဟုတ်ဘူး၊ ချိုကားကြီးတွေနဲ့ချည်းပဲ၊ အဲ အနားရောက်လာတော့ ... ဟာ ... သမင်းကြီးတွေ မဟုတ်ဘူးဟ၊ ဘာကောင်ကြီးတွေပါလိမ့်၊ ချိုလိုလို နားရွက်လိုလိုကြီးတွေကလည်း အကြီးကြီးတွေ၊ မျက်လုံးကြီးတွေကလည်း ပြူးကျယ်ပြီး ဝင်းဝင်းတောက်လို့၊ အလိုလက်ထဲကလဲ ဘာကြီးတွေလဲဟ၊ အံမာ ငါ့ဆီတန်းတန်းကြီး ပြေးလာနေပါလား၊ ကြည့်ရင်းကြည့်ရင်း အရပ်ကြီးတွေကလည်း မော့ကြည့်ရတယ်၊ လက်ထဲက လက်နက်ကြီးတွေက ငါ့ကိုတည့်တည်ချိန်နေပါလား၊ အမလေး ''မှတ်ကရော 'ဘုန်းကြီးဘ' တန်မဲ့ ဒီအရွယ်ကြီးရောက်တာတောင် သမင်လိုက်ချင်တုန်း၊ သမင်အုပ်နဲ့မတိုးဘဲ သူအဘတွေနဲ့တိုးတော့ ဘာတတ်နိုင်သေးတုန်း'' ဟာ ဒီမိန်းမတွေကလည်း ဘယ်တုန်းက ဒီနားပြန်ရောက်လာပြန်တာတုန်း ... အား ... လုပ်ကြပါအုံးဟ။ ''အဖေ အဖေ ဘာဖြစ်လို့တုန်း'' ဆိုတဲ့ သမီးကြီးအသံကြားလို့ အိပ်ရာက ကမန်းကတန်း ထလိုက်တော့ တကိုယ်လုံး ချွေးတွေ နဲ့ရွှဲလို့၊ မျက်နှာသစ်ပြီးလို့ ပြန်လှည့်လိုက်တော့ သူတို့ သားအမိ ကျောင်းဆွမ်းပို့သွားကြတော့မလို့ ပြင်ပြီးနေကြပြီ။ ''သမီး ဟိုဘက်ချိုင့် အသေးလေးက ဘာလဲ လက်ဖက်ရည်မြည်းလား၊ အဲဒါထားခဲ့ နောက်မှ ငါယူပြီး လိုက်ခဲ့မယ်၊ နင်တို့ ဆွမ်းပွဲပဲ ရွက်သွားကြ'' လို့ပြောလိုက်တော့ သူတို့အမူအယာတွေက တခုခုဝေခွဲမရ ဖြစ်နေပုံမျိုးနဲ့၊ ပြီးမှ ကျုပ်ပြောတဲ့ချိုင့်ကိုထားခဲ့ပြီး ဆွမ်းပွဲရွက်သွားကြလေရဲ့။

အမြည်းချိုင့်ဆွဲပြီး ကျောင်းကိုရောက်သွားတဲ့အချိန်မှာတော့ ဘုန်းကြီးများ ဆွမ်းဘုဉ်းပေးပြီးလို့ ရေနွေးကြမ်းဝိုင်း ထိုင်နေကြပြီ။ ကျောင်းထိုင်ဘုန်းကြီးအပြင် အာဂန္တုဆရာတော် ၃ ပါးလည်း ရှိတယ်။ ကျုပ် ဦးဇင်းကတော့ အနောက်ဘက်ဘေးကထိုင်ရင်း ရေနွေးကြမ်းငှဲ့ပေးနေတယ်ဆိုတော့ ကျုပ်ကို ကျောပေးလျက်ပေါ့။

ကျောင်းဘုန်းကြီးက''ဒကာကြီး ဘာအမြည်းတွေတုန်း'' လို့ မေးရင်း ''ဟဲ့ - ကိုရင် ပန်ကန်ပြားယူခဲ့၊ ဒီချိုင့်ထဲကဟာ လှယ်ပြီး ကပ်'' လို့ အမိန့်ပေးလိုက်တယ်။ ''ဘာအမြည်းတွေလဲတော့ မသိဘူးဘုရား၊ သူတို့ ထည့်ထားပြီးသား ဆွဲလာခဲ့တာပဲ၊ တပည့်တော်လှူချင်တာက ဒီအမြည်းချိုင့်မဟုတ်ဘူး ဘုရာ့၊ ဒီနေ့ တပည့်တော် သည့်ပြင် လှူစရာ အထူးရှိလို့'' ဆိုတော့ ဘုန်းကြီးက ''ဘာများလဲ ဒကာကြီး''တဲ့။

''တပည့်တော် ဘုန်းကြီးဘ ဖြစ်လာပေမယ့် ဒီနေ့အထိ အချိုးမပြောင်းခဲ့ဘူး။ အငယ်က ဝါသနာတွေလည်း မစွန့်နိုင်ခဲ့ဘူး။ ခု ... တပည့်တော် ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ကစပြီး ''ဘုန်းကြီးဘ'' ဆိုတဲ့ဂုဏ်နဲ့ မလျော်ကန်တဲ့ တပည့်တော်ရဲ့ ဝါသနာတွေကို အပြီးတိုင် စွန့်လိုက်ပြီ ဘုရား၊ အဲဒါ အရှင်ဘုရားတို့ကို ဒီကတိသစ္စာနဲ့ လှူဒါန်းကန်တော့ပါတယ်ဘုရား'' ဆိုတော့ ဘုန်းကြီးက ''သာဓုဗျာ သာဓု … သာဓု 'သမဏဿ ရောစတေ သစ္စံ = ရဟန်းအတွက် သစ္စာတရားဟာ တင့်တယ်တယ်'' လို့ဆိုသလိုပဲ ဘုန်းကြီးဘ တယောက်အတွက်လည်း ဒီသစ္စာစကားဟာ အလွန်တင့်တယ်ပါတယ်'' ဆိုပြီး သာဓု သုံးကြိမ် ထပ်ခေါ်ပြန်တယ်။

ဦးဇင်းဒကာမကြီးက ''အဲဒါ သားဦးဇင်း သာသနာဘောင်ဝင်ရောက်ခဲ့တဲ့ ကျေးဇူးတွေပေါ့တော့်၊ တော့်အတွက် အို ကံကောင်းဖို့ ဖြစ်လာတာပဲ'' ဆိုပြီး သူတို့သားအမိကလည်း သာဓုသုံးကြိမ် ပြိုင်တူခေါ်လိုက်ကြပြန်တယ်။

သား ဦးပဉ္စင်းက ကျုပ်ဘက်လှည့်ပြီး ငေးကြည့်နေတယ်။ အသက်ကလေးရလာတော့ မျက်စိကပဲ နည်းနည်း မှုန်ချင်သလား။ ဘာကြောင့်လဲတော့ မသိဘူး။ ကျုပ်သား ဦးဇင်းမျက်နှာ ပြုံးနေသလား၊ တည်နေသလားဆိုတာ သိပ်မသဲကွဲဘူး။ ခပ်ဝါးဝါးနဲ့ ကျုပ်မျက်တောင်တွေတော့ ခပ်မြန်မြန် နှစ်ချက်သုံးချက် ခတ်လိုက်မိတယ်။ မျက်လုံးထောင့်က စိုစိစိနဲ့။

ကျုပ်တသက်မှာ ဒီနေ့ကြားရတဲ့ သာဓုခေါ်သံလို ကြက်သီးမွေးညှင်းထတာ တခါမှ မကြုံဖူးဘူး။

ဖိုးလေး ဦးသုခသို့

ရဲရင့်ခေါင်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (နိဂုံးပိုင်း)

ဒီတော့ကာ အခု နအဖ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံပါ ပြင်ဆင်ပိုင်ခွင့်ဟာ ၁၉၄၇ ခု ပါလီမန်ဒီမိုကရေစီခေတ် ဖွဲ့စည်းပုံ၊ ၁၉၇၄ ခု မြန်မာ့ဆိုရှယ်လစ်ပါတီခေတ် ဖွဲ့စည်းပုံတွေက အခြေခံဥပဒေပြင်ဆင်ပိုင်ခွင့်တွေနဲ့ ဘာများ ကွာခြားပါသလဲ။ ဦးအောင်ထူးက အခုလို နှိုင်းယှဉ်ပြပါတယ်။

“၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်လာတဲ့အခါမှာ လွှတ်တော် ၂ ရပ်မှာရှိတဲ့ အမတ်တွေအနက်က ၃ ပုံ ၂ ပုံ ကနေပြီးတော့ သဘောတူ ထောက်ခံဖို့လိုတယ်။

ဒုတိယအချက်က လွှတ်တော် ၂ ရပ်စလုံး တွဲဖက်အစည်းအဝေးမှာ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်အမတ်တွေက ထောက်ခံမဲပေးဖို့လိုတယ်။

တတိယအချက်က ကရင်အမျိုးသားတွေ၊ ချင်းအမျိုးသားတွေပေါ့ဗျာ စသဖြင့် တိုင်းရင်းသားအမျိုးသားတွေရဲ့ အခွင့်အရေးတွေကို ရုတ်လျော့စေမယ့် ပြင်ဆင်ချက်မျိုးဖြစ်တယ်ဆိုရင် အဲဒီအမျိုးသားတွေက သဘောတူညီချက် ပေးဖို့လိုတယ်။ ဒီလိုအချက်အလက်တွေပါတာ ဖြစ်တယ်။

လက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ဖြင့်ရင် ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စမှာ ၇၅ % ကျော်မှဖြစ်တယ်ဆိုတော့ ၄၇ ဖွဲ့စည်းပုံနဲ့ လုံးဝခြားနားသွားတယ်။ နောက်တခုက ၁၉၄၇ ခု ဖွဲ့စည်းပုံမှာပါတဲ့ တိုင်းရင်းသား ပြည်နယ်တွေ၊ တိုင်းရင်းသားအမျိုးသားတွေဘက်က စဉ်းစားချက်မျိုး၊ ပြဋ္ဌာန်းချက်မျိုးတွေ နအဖ ဖွဲ့စည်းပုံမှာ တလုံးတပါဒမှမတွေ့ရဘူးလို့ ကျနော်ပြောချင်တယ်။

၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကဏ္ဍမှာတော့ အခုလက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တာနဲ့ အားလုံးနီးပါးတူတယ်လို့ ပြောရမှာ ဖြစ်တယ်၊ အဓိက ကွာခြားချက်တခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ခုနဆွေးနွေးခဲ့သလို အရေးကြီးတဲ့ ပင်မကျောရိုးကျတဲ့ အခန်းတွေ၊ ပုဒ်မတွေကို ပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ % က ပြင်ဆင်ဖို့ သဘောတူရမယ်၊ ပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲအရ ပြင်ဆင်ရမယ်”

ဒီအတိုင်းဆိုရင် နအဖရဲ့ဖွဲ့စည်းပုံဟာ မဆလ တပါတီခေတ်က ဖွဲ့စည်းပုံထက်တောင် ပြင်ဆင်ဖို့ခက်ခဲနေတဲ့သဘောရှိပါတယ်။ ဒီတော့ ဖွဲ့စည်းပုံတရပ်ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ခွင့်ဟာ ဘယ်လောက်အရေးပါ ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်နိုင်ဦးက အခုလိုသုံးသပ်ပါတယ်။

“နိုင်ငံတခုမှာဆိုလို့ရှိရင် နိုင်ငံရေးအရသော်လည်းကောင်း၊ အနေအထားတခုအရ သော်လည်းကောင်း ပြောင်းလဲနေတာတွေ ဖြစ်နိုင်တယ်။ ခေတ်တွေ ပြောင်းလာတာဖြစ်နိုင်တယ်။ အဲဒီလိုပြောင်းလာတဲ့အခါမျိုးမှာ လိုအပ်တယ်ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ ပြင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာကို ရေးထားကြပါတယ်။

တကယ်လို့ တိုင်းပြည်ကတောင်းဆိုလာတဲ့အခါမှာ ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ မပြင်ဆင်နိုင်ဘူး၊ ဒါမှမဟုတ်လို့ရှိရင် အာဏာရှိနေတဲ့ အစိုးရကနေပြီးတော့ ဖွဲ့စည်းပုံပြောင်းလဲရေးကို အကြောက်အကန် ငြင်းဆန်နေမယ်ဆိုရင် တိုင်းပြည်မှာ နိုင်ငံရေးအရ မတည်ငြိမ်တာ၊ စီးပွားရေးအရ မတည်ငြိမ်တာ၊ လူမှုရေးအရ မတည်ငြိမ်တာတွေဖြစ်နိုင်ရုံတင်မကဘဲနဲ့ တော်လှန်ရေးတွေပါဖြစ်တဲ့ သဘာဝတွေရှိပါတယ်။

ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံတခုဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ။ ဒီဖွဲ့စည်းပုံကို လိုအပ်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ အကုန်အကျ နည်းနည်းနဲ့ ပြင်ခွင့်ရမယ် ဆိုလို့ရှိရင်တော့ ခုနပြောတဲ့ ဖြစ်နိုင်တဲ့ပြဿနာတွေကို အကုန်ရှောင်ရှားနိုင်တဲ့ သဘောရှိပါတယ်”

တချို့ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အခြေခံဥပဒေပါ အရေးကြီး ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်ဖို့ခက်အောင်လုပ်ထားသလို နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ခက်အောင် လုပ်ထားပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ခြင်းကတော့ ဆန့်ကျင်ဘက်ပါပဲလို့ ဦးအောင်နိုင်ဦးက သုံးသပ်ပါတယ်။

“ဒီမိုကရေစီရှိတဲ့နိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတော့ ဒီမိုကရေစီရေးတို့၊ လူသားတွေရဲ့ အခွင့်အရေးတို့၊ လူသားတွေရဲ့ ဂုဏ်သိက္ခာတို့ စသည်ဖြင့်တို့ကို ကာကွယ်နိုင်ဖို့အတွက် ဒီအချက်တွေကို လုံးဝပြောင်းလို့ မရအောင် ပိတ်ပင်ထားတာ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံကြတော့ ပြောင်းပြန်ဖြစ်နေတဲ့သဘော ဖြစ်တယ်။ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုးမဆန်ဘဲနဲ့ စစ်အစိုးရရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတယ်။ အဲဒီဟာကိုပဲ ပြင်လို့မရအောင် လုပ်ထားတဲ့သဘောပေါ့လေ”

ဦးအောင်နိုင်ဦး သုံးသပ်ခဲ့တာပါ။

ဒီတော့ အခြေခံဥပဒေမှာ ပြင်ဆင်ရခက်အောင်လုပ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ကြည့်ရင် အဓိကအားဖြင့် တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍက အစဉ်တစိုက်ပါဝင်ရမယ်ဆိုတဲ့ အခြေခံမူကစလို့ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာရပ်တွေမှာ တပ်မတော်ပါဝင်နေတဲ့ အခန်းကဏ္ဍ ပြဋ္ဌာန်းချက်တွေဖြစ်တာမို့ ဒီအခြေခံဥပဒေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးဆွဲထားတယ်ဆိုတာ ရှင်းနေပါပြီ။

ဒီတော့ကာ ဒီအစီအစဉ်ကို နားထောင်ပြီးရင် ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင် တဖြည်းဖြည်း ပြောင်းလဲ ပြင်ဆင်သွားနိုင်၊ မသွားနိုင်ဆိုတာကို သောတရှင်တွေ ဆုံးဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ဒီအစီအစဉ်ကို ဒီမှာ နိဂုံးချုပ်လိုက်ရပါတယ် ရှင်။

+++++


Wednesday, July 21, 2010

တုန်ခါပီတိ (ကံထွန်းသစ်)

[ ၁ ]

ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီးမိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့ သွတ်သွင်းခဲ့ခြင်း မဟုတ်သည်ကတော့ အသေအချာပင်။ မကြာသေးမီက တိုက်သစ်ဆရာတော် ရှင်ပြုတခုမှာ ဟောကြားသော 'စကြာဝတေးမင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။ ရှင်မယ်တော် ရဟန်းမယ်တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏' ဆိုသည့် တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့် အမည်ထူးတလုံးကို ပန်ဆင်လိုသဖြင့်လည်း သာ၍ပင် မဟုတ်ခဲ့။

ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော 'ကိုယ်၏သားဖြစ်စေ၊ ကိတ္တိမသားဖြစ်စေ၊ သာသနာတော်တွင်းကို သွတ်သွင်းမှသာ' စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။ ဟုတ်သည်။ ခုဆို သားကို အကြောင်းပြုကာ အကုသိုလ် အထုပ်ကငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။
ရဟန်းမယ်တော်နော် ရဟန်းမယ်တော် ... ဆိုသောစည်းကြိုးခိုင်ခိုင်ဖြင့် ကံသုံးပါးကို စည်းနှောင်နိုင်ခဲ့ပြီပဲ။

နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသောသီလ ... အဲ တခါတလေ သန်းဥ စမ်းမိတာကလွဲလို့ ပါဏာတိပါတ စသော ကံငါးပါးကို ခါးဝတ်လဲကဲ့သို့ မြဲခဲ့တာကို တွေ့ရတော့ 'ဒါ သားကြောင့်ပဲ ... ဟုတ်တယ်။ သား ဒီဘောင်မှာ မွေ့ပျော်သ၍ နိဗ္ဗာန်တံခါးကို မဖွင့်နိုင်တောင်မှ အပါယ်တံခါးဖြင့် ...'

ဤလို ကြည်နူးခဲ့ရသည်။ အိပ်နိုးထတိုင်း ထိုကြည်နူးမှုလေးဖြင့် နှစ်ထောင်း ပျော်ရွှင်ခဲ့ရသည်။ ခု ဤပီတိ အဆောက်အအုံလေးက တုန်ခါယိမ်းယိုင်ချင်နေပြီ။ ပြိုကျ ပျက်စီးသွားဦးမှာလား။

အသက် ခြောက်ဆယ်သီသီ စွန်းခဲ့ပြီမို့ သားရဲ့အရိပ်မှာ တလှည့်ချွေးသိပ်ရင်း အဖ မြတ်စွာသခင်၏ မဂ္ဂင်လမ်းကြောင်း အတိုင်းလျှောက်တော့မည်ဟု ကြံစည် စိတ်ကူးရုံရှိသေး၊ ခု သားက သင်္ကန်းကြီးက သစ်ခေါက်စော် နံပြီ ဆိုတော့ ...။

[ ၂ ]

“အမေ အမေ့သား လူထွက်တော့မှာတဲ့ဗျ”

“မဟုတ်က ဟုတ်က ဟယ်”

“သူ့ သူငယ်ချင်း ဦးဇင်းသိန်း ပြောတာ၊ ဦးဇင်းသိန်း ကြွလာတော့ အမေ လျှောက်ကြည့်ပေါ့”

ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ဒီနေ့ ဘာနေ့ပါလိမ့်၊ အင်း တနင်္လာနေ့။ တနင်္လာနေ့ ဆိုတော့ ကျွန်မသား စကားမမှန်ရာ တဲ့၊ ဟုတ်တာပေါ့ ကျွန် က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာနံ၊ တနင်္လာနေ့ကြားတဲ့ စကားမမှန်ပေါ့။ မမှန်နိုင်ပါဘူး၊ မမှန်ပါစေနဲ့တော်၊ မမှန်ပါစေနဲ့။

သင်္ကန်းဆီးကတည်းက လူထွက်ဖို့ ဝေးလို့၊ တခါမျှ ရှင်လိင်တော် မပြန်ဘူးတဲ့ သား၊ ဒီသားက ရဟန်း ဝါဆယ်ဝါမျှ မြဲခဲ့သော သင်္ကန်းကို ဖြုန်းစားကြီး ချွတ်တော့မည်ဆိုတော့ မဖြစ်နိုင်၊ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ နောက်ပြီး လူထွက်စကားလည်း တခါမျှ ရယ်စရာအဖြစ်ပင် မဟဘူးခဲ့။

အင်း … ရှက်လို့ မဟတာနေမှာ။ ဒါမျိုးဆိုတာ ကြိတ်ကြံချင် ကြံနေမှာ။ ဦးစန္ဒောကြီး ကြည့်ပါလား၊ တရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်လိုက်ရတာ၊ ဣနြေ္ဒကလည်း ကြီးမှကြီး၊ ဟော ဦးဖိုးဒင် မြေးမလေးနဲ့လည်းတွေ့ရော၊ တခါတည်းအောင်ထားတဲ့ ဓမ္မာစရိယ ဆိုတဲ့ဘွဲ့တွေတောင် မနှမြောတော့ဘူး။ ခုလည်း အဲလိုများ ဖြစ် ဟင်း...။

ကန်တော့ပါရဲ့၊ မောင်ပဉ္စင်းမှာလည်း ရည်းစားသနာများ တွေ့ပြုနေ ... ဟယ် ... ဟုတ်မယ် မထင်ပါဘူးလေ။ အင်း ရဟန်းတော်တွေ လူထွက်တယ်ဆိုတာလည်း တော်ရုံတန်ရုံအကြောင်းလောက်နဲ့ ထွက်ကြတာမဟုတ်ဘူး။

မောင်ပဉ္စင်းကလည်း ရုပ်လေးက မအေတူ ဖြူဖြူနွဲ့နွဲ့ရယ်။ ရွာကြွလာတဲ့အခါ ဟို ငဖုန်းရဲ့သမီးလေးနဲ့တော့ အခေါ်အပြော ရှိတာပဲ။ အဲဒီကလေးမနဲ့များ ...။ ဟုတ်ချင်ဟုတ်မှာ။ ကောင်းမလေးစက ကွမ်းတောင် ပန်းတောင်ကိုင်ဆိုတော့ ... အသက်တော့ ကွာပါတယ်လေ။ နောက်ပြီး သူတို့က ကျောင်းနေဖက်တွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။ ဟို သူငယ်မလေးက ဗိုင်းကောင်း ကျောက်ဖိလေးပါ။ အင်း … မဟုတ်ရင်တော့ ကိစ္စမရှိ၊ ဟုတ်ရင် ... ဟုတ်များနေခဲ့ရင် ...။

ဟိုကလေးမကို သွားမေးစမ်းကြည့်ရလျှင် ကောင်းမည် ထင်သည်။ မီးဆိုတာ မလောင်ခင်တားတာ အကောင်းဆုံး မဟုတ်လား။ သွားမေးတာတော့ ဟုတ်ပြီ။ မဟုတ်ခဲ့လျှင် သားသမီးချင်း မစာနာရာ ကျချေတော့မည်။ ဘယ့်နှယ်လုပ်ပါ့။ ကိုယ့်မောင်ပဉ္စင်းကိုပဲ သွားပင့်ခိုင်းတာ အကောင်းဆုံး ဖြစ်ပေတော့မည်။ မနက်ဖြန် အငယ်ကောင်ကို မန္တလေး လွှတ်ရမည်။ မင်း နောင်တော်ကို ပင့်ခဲ့၊ သူ့ ဆရာတော်ကိုလည်း အကြောင်းစုံလျှောက်ခဲ့ဟု မှာရမည်။

မောင်ပဉ္စင်းကြွလာမှ အကြိမ်များစွာ လျှောက်ခဲ့ဖူးသောစကားကို ထပ်လျှောက်ရမည်။ အကြိမ်တရာမကလို့ လည်ချောင်း လှည်းပတောင်း ထချင်ထပစေ လျှောက်ရမည်။

'လူမထွက်ပါနဲ့ ဘုရား လူ့ဘဝဆိုတာ ...'

[ ၃ ]

ဆန်တပြည် ဘယ်ဈေး၊ ဆီတဆယ်သား ဘယ်လောက် စသည့် စားရေး အပူတွေထက်ပင် သားရေးအပူက ပို၍ လောင်မြိုက်လှတော့သည်။ အရိပ်တကြည့်ကြည့်နှင့် ပျိုးထောင်ခဲ့ရသောသား ခုတော့ ...။

အို ... ကိုယ်ပူ ကိုယ်ကျွမ်းတာပဲ။ နောက်ပြီး မရေမရာနဲ့။ သန်ဘက်ခါ သားငယ် ပြန်လာရင် အကြောင်းစုံသိရမှာပဲဟု ကိုယ့်ကိုယ်ကို ဖျောင်းဖျရင်း စိတ်ကို ငြိမ်စေရသည်။

သို့သော် ... စိတ်သည် နဖားထိုးထားသည့် နွားမတကောင် မဟုတ်လေတော့ ...။

မောင်ပဉ္စင်းကိုမွေးတော့ သင်္ကြန်အတက်နေ့ကြီးမှာပင်။ နောက်နေ့ဆို နှစ်သစ်ကူးပြီ။ ဒီတော့ မီးတွင်းထဲ ကြာကြာ မနေလိုက်ရ။ တရက်နှင့်မီး ထွက်ခဲ့ရသည်။ အညစ်အကြေးနယ်၌ ကြာရှည်မနေရသည့်သဘော။ ထိုကတည်းက ဒီသားဟာဖြင့် တခြားသားတွေနှင့်မတူ။ ထူးမည့်သားပဲဟု ကိုယ့်ဟာကိုယ် အတိတ်ကောက်ကာ နိမိတ်ဖတ်ခဲ့မိသေးသည်လေ၊ နာမည်ပေးတာတောင် 'မောင်ဆွေထွန်း' တဲ့။ ဆွေလယ်မျိုးလယ်မှာ ထွန်းမည့်သားလို့။

ပြန်တွက်စစ်လိုက်တော့ သားတွေချည်း ၄ ယောက် မွေးခဲ့သည့်ထဲက မောင်ပဉ္စင်းက နို့ညှာ။ သူ့အောက် တယောက် ရှိသေးသည်။ သည်သား ၄ ယောက်ထဲတွင် ဉာဏ်အထက်ဆုံး သားကလည်း သူပင်။ ညည အိပ်ယာဝင်ပုံပြောပြီဆိုမှဖြင့် သူတယောက်သာ ပုံဆုံးအောင် နားထောင် မြဲ၊ မှတ်လည်း မှတ်မိသည်။ နောက်တနေ့မှာ သူ့ညီကို ပြန်ပြောနေလိုက်တာများ ချောလို့။

ပြောစရာ ပုံသစ်မရှိသော ညများဆိုလျှင် 'အမေ တောထွက်တဲ့အကြောင်း ပြောပါဦး' ဟု ပူဆာတတ်သည်။ သူ တောင်းဆိုသည်က ရွာလယ်ဝတ်ကျောင်းမှာ ရွတ်ဆိုရသော တောထွက်တော်မူခန်း ဘုရားပင့်၊ အသံနေ အသံထားနှင့် ဆိုပြတာကို သူ သဘောကျသည်။ ကြားဖန်များတာကိုပင် မရိုးနိုင်၊ ရသည့် အပိုဒ်ဆို လိုက်၍ပင် ဆိုလိုက်သေး၊ တညသားများ မှတ်မိနေသေးတော့ ...

“သူအိုတဖြာ သူနာတတွေ ... သူသေတခန်း၊ သူရဟန်းနှင့်မဂ်လမ်း ထွင်စရာ လေးဖြာနိမိတ် နတ်ပြဟိတ်သော်ကြောင့်၊ မောင်ဆန်ကိုခေါ်၊ တိုင်ပင်တော်မူသည်မှာ ငါနှင့်အညီ ယသော်ဗျက်ဝိ တောထွက်မည့်ဟန် ငါ့အကြံကို ဧကန် မသိရှာလေဟု...”

“လောင်းမင်းသားက အဲသလို သူအို သူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော့ တောထွက်ဖို့ရာ ဖွားဘက်တော် မောင်ဆန်ကို ခေါ်ကာ တိုင်ပင်တော်မူသတဲ့ကွယ်”

ထိုသို့ အဆို တခါ၊ အပြော တလှည့်ဖြင့် ပုံခင်းပြတုန်း ...

“သူအိုဆိုတာ ဘာလဲ အမေ”

“အိုနေတဲ့ ဘိုးကြီးအို၊ မယ်ကြီးအိုတွေကို ပြောတာပေါ့ကွယ်”

“ဟို ... အဖေကြီး ဘိုးရွှေလုံလိုလား”

“အေးပေါ့”

“သူနာကကော”

“နေမကောင်းနေတဲ့သူပေါ့ သားရဲ့”

“သူသေဆိုတာ ဟိုအသုဘချတာကို ပြောတာလား”

“ဟုတ်တာပေါ့ သားရဲ့”

“ဒါဖြင့် သူရဟန်းကကော”

“သူရဟန်းဆိုတာက ဟို ... အဲ ... ဘုန်းကြီးကို ခေါ်တာကွယ့်”

“တိုက်သစ်ကျောင်းက ဘုန်းဘုန်းလိုလား”

“ဒါပေါ့ သားရဲ့ အဲဒီ ဘုန်းဘုန်းလို”

“ဘာလို့ သူက ဘုန်းကြီးလုပ်တာလဲ”

“သူကလား သူက ... အဲ ... သူအို သူနာ သူသေမဖြစ်အောင် တရားအားထုတ်ဖို့ပေါ့ကွယ်”

“ဒါဆို သားလည်း ကြီးရင် ဘုန်းကြီး လုပ်မယ်”

ကြည့်စမ်း လိမ္မာလိုက်တဲ့ သား။ ကြည်နူးလိုက်ရတာ၊ ရှင်ဘုရင်ဖြစ်မည့်သူက မွေးကတည်းက ရောင်လေးနဲ့ ဆိုသလိုပင်။ ထိုညကတည်းက သားကိုရှင်ပြုပေးဖို့ အားခဲမှု ပို၍ ထက်သန်ခဲ့လေတော့သည်။ သင်္ကန်းနိုင်လျှင် ရှင်ပြုပေးကြဖို့ သူ့အဖေနှင့် မှတ်မှတ်ရရ တိုင်ပင်ဖြစ်ကြသည်။

ခု ... ဤ သားက လူထွက်တော့မည်တဲ့ ...။

[ ၄ ]

ရှင်ပြုတော့ မှတ်မိနေသေးသည်။ သားကြီးတွေတုန်းက ဆိုင်းနှင့်ဝိုင်းနှင့် ရှင်ပြုပေးခဲ့သည်။ အငယ်နှစ်ယောက်ကျတော့ အပျော်အပါးမဖက်၊ လောကုတ္တရာ သက်သက်ဖြစ်အောင် မနည်းတိုင်ပင်ယူရသည်။ ဒါတောင် သူ့ဒကာကြီးက အရပ် ကျေနပ်အောင် ဗြောလေး ထည့်လိုက်ချင်သေးသည်။ ဒီတော့သိသလောက် မှတ်သလောက်နှင့် ...။

“ကိုယ့်နှယ် ဒီ အပိုကုန်မည့်အစား မဏ္ဍပ်ဝင် သံဃာတော်တွေကို လှူဖွယ်ဝတ္ထု ပိုလှူမယ်၊ ဒါမှ အကျိုးကြီးတော့မပေါ့ တော်” စသည်ဖြင့် ဖျောင်းဖျရသေးသည်။

အဲဒီတုန်းက ကျွေးတာမွေးတာကိုပင် အမဲပေါ်ခြင်း၊ ဝက်ပေါ်ခြင်း မလုပ်စေခဲ့၊ ပံ့သကူသားဖြစ်အောင် ငါးခြောက်ထောင်းကြော် ကျွေးခဲ့သည်။ ငါးခြောက်မှ နိတိနတ မဟုတ်၊ ဈေးအကြီးဆုံး ငါးရံ့ခြောက်ကို ကျွေးခဲ့တာ။ ဘုန်းကြီးဖြစ်မည့် သားရဲ့ပွဲမှာ အားလုံး စင်ကြယ်စေချင်သည်လေ၊ မောင်ပဉ္စင်း သင်္ကန်းဆီးတော့ ဘာရှိသေးလဲ ကိုးနှစ်သား အရွယ်လေး။ အငယ်ကောင်က ၇ နှစ်၊ ရှင် တဝါနှင့် အငယ်ကောင်က ထွက်ခဲ့ပေမယ့် သူကတော့ မြဲခဲ့သည်မှာ ယခုတိုင်ပင်။

သင်္ကန်းလို သင်္ကန်း၊ ဖိနပ်လို ဖိနပ်၊ လိုရာကို လှူဒါန်းထောက်ပံ့ရင်း သာသနာ့ဘောင်မှာ ထားခဲ့ရကျိုးနပ်သည်ဟု ဆိုရပေမည်။ တခါမျှ လူထွက်ချင်ကြောင်း မပြောဘူးခဲ့၊ ကိုရင်လေးဘဝနှင့်ပင် တိုက်သစ်ဆရာတော် ကျောင်းမှာ ပရိတ်ကြီး သဒ္ဒါရှစ်စောင် သင်္ဂြိုဟ်ကိုးပိုင်းကုန်ကာ စာတွေ အတော်ရလှပြီ၊ သူ့ဆရာ ဘုန်းကြီး ပြောတာပင် အမှတ်ရသေးတော့ ...

'မယ်ရွှေကံ ... နင့်သား သိပ်ဉာဏ်ကောင်းတာ၊ ကြီးရင့် ဆရာတော်ဖြစ်မယ်ဟဲ့' တဲ့။ ခုတော့ဖြင့် ကြားရချက်က မဟန်ချင် ဆတော်ဖြစ်ဖို့ နေနေသာသာ ကျောင်းပင် မထိုင်ရသေး၊ လူထွက်တော့မည် ဆိုတော့ ...။

သည်လိုနှင့် ဆယ့်လေးငါးနှစ်အရွယ် ကိုရင်ကြီး ဖြစ်လာခဲ့သည်။ အရွယ်လေး ရောက်လာတော့ ကျောင်းက ကပ္ပိယကြီးနှင့် မတည့်ချင်၊ ကပ္ပိယကြီးက ဆရာတော်ကို အပြစ်မဟုတ်တာတွေ အပြစ်လုပ်ကာ လျှောက်သည်တဲ့။ ဆရာတော်ကလည်း ခဏခဏ ဆူသည်တဲ့။ အခန့်မသင့်လျှင် နကန်နှင့်ပင် အဆော်ခံရတတ်လေတော့ ကိုရင် ရွာကျောင်းမှာ မပျော်ဖြစ်လာသည်။ ဒါတောင် လူထွက်ချင်ကြောင်း လေသံမဟခဲ့။ ကိုရင့်ဒကာကြီးကသာ စိုးရိမ်ပြီး ...

'ဒီမယ် ကပ္ပိယကြီး၊ ဆွမ်းကျန် ဟင်းကျန် အေးအေး စား၊ ကိုရင် ကျောင်းသားတွေကို အနိုင်မကျင့်ပါနဲ့၊ ကျုပ် သား လူထွက်လို့ကတော့ ကျုပ်နဲ့ ခင်ဗျား အတွေ့ပဲ' အဲသည်လို သွားကြိမ်းမောင်းခဲ့သည်။ တသက်လုံး မော်မကြည့်ဝံ့အောင် ကြောက်ရွံ့ခဲ့ရသည့် ဆရာဘုန်းကြီးကိုပင် မမှုနိုင်အားတော့။

ခု ထိုကျေးဇူးတွေကိုဆပ်ဖို့ လူထွက်တော့မှာလား သားရယ် ...။

[ ၅ ]

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ အမေတို့ မောင်ပဉ္စင်းကို ဒီဘဝရောက်အောင် ကြိုးစားပမ်းစား ခေါင်းနဲ့ရွက်တင်ခဲ့ရတာပါ ဘုရား ... အဲသည်လိုကစပြီး တောင်းပန်လျှောက်ထားရမည်။

စဉ်းစားကြည့်ပါ မောင်ပဉ္စင်းဘုရား၊ မောင်ပဉ္စင်း ကိုရင်ဘဝကရွာမှာ မပျော်တော့ဘူးဆိုတော့ မြို့စာသင်တိုက် ပို့ပေးရ၊ ဆရာဘုန်းကြီးရဲ့ အငြိုအငြင်ကိုလည်း ခံရ၊ စားရိတ်စက ထောက်ပံ့ဖို့ နွားပေါက်လေး တကောင်တောင် ရောင်းရတာတွေ မောင်ပဉ္စင်းကို တခါမျှ အသိမပေးခဲ့ဘူး။ မဟုတ်လား။

အခုတော့ မောင်ပဉ္စင်းသိအောင် ပြောပြချင်နေမိသည်။

နောက်ပြီး တခါမျှ စိတ်ကူးနှင့်ပင် မရောက်ဖူးသည့် မြို့ကြီးသို့ ကိုရင့်ကို ဘယ်လိုမှ မလွှတ်ရက်။ လွှတ်ရမည်ကို စိတ်မချ၊ ရွာမှာနေပြီး လူထွက်သွားမှာနှင့်စာလျှင် တော်လေသေးရဲ့ဆိုပြီး ဒကာကြီး၊ ဒကာမကြီးပါ မျက်စိစုံမှိတ်ပြီး လွှတ်လိုက်ကြခြင်းပါ။

ကိုရင် မြို့ကိုသွားစ ရက်များကဆို ကားများ တိုက်လေမလားဟဲ့။ မြင်းလှည်းနဲ့များ ခိုက်လေမလားဟဲ့၊ မျက်စိသူငယ် နားသူငယ်နှင့်များ နေရှာမလားဟဲ့ စသဖြင့် ပူပန်လိုက်ရတာ။

မန္တလေးက ဘယ်သူပြန်လာသတဲ့၊ ဘယ်ဝါ ပြန်လာသတဲ့ဆို ကိုရင်နဲ့များ မတွေ့ခဲ့ကြဖူးလားလို့ သွားမေးရတာလည်း အမော။ နောက်မှ သိရသည်။ မန္တလေးမြို့ဆိုတာ အကျယ်ကြီး ဟု။ ရွာလိုမှ မဟုတ်ဘဲ၊ တကူးတက မသွားဘဲ မတွေ့နိုင်ဘူး တဲ့၊ သြော် ... အဲဒီတုန်းကများ တပည့်တော်မမှာ လူရယ်စရာကြီးကိုဖြစ်လို့။ ဒါတောင် မန္တလေးသွားသူ ကြုံတိုင်း ငါ့သားလေးဆီ ဝင်ခဲ့ကြပါဦးဟု မှာနေမိပြန်သည်။ နောက်တော့ တနှစ် တခေါက်ဖြင့် ကိုရင် ပြန်ကြွလာမှာပဲလေဟု လွမ်းစိတ်ကို ဖြေရတော့သည်။

သို့သော် ရွာက ဆရာတော် စိတ်မပြေသေးလို့လား မြို့က ဆရာတော် ခွင့်မပေးလို့လားမသိ၊ တနှစ်ပတ်ပင် လည်တော့သည်။ ကိုရင်ကဖြင့် ပြန်ကြွမလာ။ ပြာသိုလ ဘုရားပွဲတော်ချိန်မှများ လာမလားပဲ။ ဟုတ်သည်။ ထိုပွဲတော်မှာ ရွာဇာတိအဝေးနေ သံဃာတွေ အကုန်ပင့်တာပဲဟာ ... ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်မျှော်နေဖြစ်သည်။

တနေ့လာနိုး တနေ့လာနိုးနှင့် ပြည် ကူးတို့ သင်္ဘောကပ်ချိန်တိုင်း မြစ်ဆိပ်က သွားကြိုနေမိသည်။ အဝတ်ကလေး သုံးလေးထည်ကို မြစ်ရေမှာ အချိန်ကုန်အောင် လျှော်ဖွတ်ရင်း သား ကိုရင်ကို စောင့်မျှော်နေခဲ့သည့်အဖြစ်ကို မောင်ပဉ္စင်း ပြန်မြင်စေချင်လှသည်။ အဲဒီတုန်းက တနေ့ ... နောက်တနေ့ ...

ဟို နောက်တနေ့ ...

အဲဟို နောက်တနေ့ ...

နေ့ဆက် ထွက်မျှော်နေမိသည်။ ဘုရားပွဲတော်သာ ပြီးသွားသည်။ ကိုရင်၏ အရိပ်အရောင်ကိုကား မတွေ့ခဲ့ရ၊ နောက်ဆုံးမနေသာတော့မှ ကိုရင့်ဒကာကြီးက-

“ညည်းနှယ်အေ၊ သာထွန်းနဲ့ မန္တလေး ဘာဝေးတာ မှတ်လို့၊ တနေ့ခရီးပဲဟာ၊ ညည်းသားကို တွေ့ချင်ရင် ကျုပ် လိုက်ပို့မှာပေါ့၊ အချိန်မရွေး သွားတွေ့ရသားနဲ့ အလကား စိတ်ပင်ပန်းခံလို့၊ ညည်းသွားချင်တဲ့နေ့သာ ပြော”

အဲသည်က စပြီးနောက် နှစ်တွေမှာ တနှစ်တခေါက်လိုလို ကိုရင့်ဆီ ရောက်ဖြစ်တော့သည်။ ကိုရင်နှင့်လည်း တွေ့ရ၊ ဘုရားစုံလည်း ဖူးရသည်မို့ ဝမ်းသာရသည်။ ကိုရင် စာတော်ကြောင်းကိုလည်း အတူနေဦးဇင်း ကိုရင်တွေထံမှ ကြားရပြန်သည်။ အဲသည်ရောက်စနှစ်က ပထမငယ်တန်းကို အောင်ခဲ့သည်။ နောက်နှစ်များမှာလည်း ... မှတ်မိသေးတော့သည်။ ရောက်ဦးစ တခေါက်တုန်းက ကိုရင့်ဒကာကြီးက -

“ကိုရင် ဆွမ်းခံအိမ် ဘယ်နှစ်အိမ်ရှိလဲ၊ ဆွမ်းခံရတာ အဆင်ပြေလား”

“မန္တလေးက 'စ ဒ ဘ ဝ' နှင့်ညီမှ ဒကာကြီးရ”

“စ ဒ ဘ ဝ ဆိုတာ ဘာတုန်း ကိုရင်ရဲ့”

“စ ဒ ဘ ဝ ဆိုတာ စ စောစောထပြီး၊ ဒ ဒုန်းပြေးကာ ဘ ဘုံလောင်းတိုးနိုင်မှ ဝ ဝဝလင်လင် စားရမည်တဲ့”

ကိုရင့်အဖြေကြောင့် ရယ်လိုက်ကြရတာလေ။

သြော် ... အဲဒီတုန်းကတော့ အခုလို လူထွက်လိမ့်မည်ဟု ယောင်လို့ပင် မထင်မိခဲ့၊ ခုတော့ ...

[ ၆ ]

ပထမကြီးအောင်သည့်နှစ်မှာတော့ ရွာကို ပြန်ကြွလာသည်။ ဒါတောင် ပဉ္စင်းတက်ရန် အသက်ပြည့်နေသောကြောင့်သာ။ သို့မဟုတ်ရင်တော့ ...။

ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို နှစ်ချင်းဆက် အောင်မြင်ခဲ့ လေသော ကိုရင်ဖြစ်လေတော့ ရဟန်းဒကာခံလိုသူတွေ ပေါသည်။ ဟို ... ဝါးခယ်မ အောက်ပြည် အောက်ရွာက ဒကာတွေက ဒကာလုပ်ချင်၍ ရဟန်းလောင်း တောင်းသည့်တဲ့။ မပေးနိုင်ပေါင်တော်။ မပေးနိုင်ပေါင်။ သတင်းကြားကတည်းက ကိုယ်ပိုင် ပဉ္စင်းတက်ပေးနိုင်ဖို့ ခဲရသည်။

ပဉ္စင်းလောင်းဆိုတာ ပဋိသန္ဓေနေတဲ့ လရယ်၊ ဝါ ထပ်တဲ့ လတွေရယ် ပေါင်းယူရင် ဆယ့်ကိုးနှစ်ပြည့်တာနဲ့ ရဟန်းတက်လို့ ရပြီဟု ကိုရင့် ဆရာတော်ကမိန့်တော့ ဝမ်းသာလိုက်ရတာလေ။ ကဆုန်ဆို ကိုရင်က ဆယ့်ကိုးနှစ် ပြည့်ပြီပဲ။ ထိုနှစ်မှာပင် ကိုရင်ကို ရွာသို့ ပင့်ကာ ရဟန်းခံပွဲ ကျင်းပဖြစ်သည်။ ရဟန်းခံပွဲကိုလည်း ကြည့်ပါဦး။ သိမ်ဝင်တာပင် ကုန်းသိမ်မဟုတ်၊ ဧရာဝတီမြစ်ထဲမှာ ရေသိမ်သမုတ်ကာ ကြီးကြီးကျယ်ကျယ်ကို ကျင်းပပေးခဲ့သည်။ ဒီ ကျေးဇူးတွေကို ဆင်ခြင်ပြီး ငဲ့ညှာတန်ကောင်းပါရဲ့။ ငဲ့ညှာပါဦး ဘုရား ...။

အဲသည်တုန်းက သိမ်ဆင်းလောင်းလှူသွားတဲ့ လူတွေကလည်း များမှများ၊ သိမ်ဆင်းရာ မြစ်ဆိပ်မှသည် ဝါးသုံးလေးရိုက်ခန့် ဝေးရာ ကျောင်းပရဝဏ်ဝအထိ သိမ်က ဆင်း နို့ဖိုးဆပ် တရားဦးဟောတော့ ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။ မျက်ရည်များပင် လည်လို့။ သူ့ဒကာကြီးကို ကြည့်လိုက်တော့လည်း ပြုံးပြုံး ပြုံးပြုံးနှင့်။

သာသနာ့ အမွေခံတွေ ဖြစ်ပဟဲ့ ... သာသနာ့ ဒါယကာတွေ ဖြစ်ပဟဲ့ ... ဟု ကြည်နူးအားရကြီး အားရကာ အပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံကား ဖွင့်နိုင်တော့မည်ဟု သတ်မှတ်မိခဲ့သမျှ အင်း ... ခုတော့ ...။

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ တပည့်တော်မကို ငဲ့ပါဦးဘုရား ဟု ဖမိုး နဖူးချ တောင်းပန်ရမည်။

အမေကို ချစ်တဲ့သားပဲ၊ ငဲ့ညှာမည် ထင်သည်။ အဲ ... မရလျှင်တော့ ...။

[ ၇ ]

အင်း ... သူ့ဒကာကြီးသာရှိရင် သူလည်း ခုလိုပဲ စိတ်ကောင်းနိုင်ရှာမှာ မဟုတ်ဘူး။ သူ စောစော ကွယ်လွန်သွားတာ ကောင်းတယ်လို့တောင် ပြောရမလိုပင်၊ တမြန်နှစ်ကပင် သူ့သား မောင်ပဉ္စင်းရဲ့လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ရှာပြီ။ ဘဝကူး ကောင်းမှာပါ။ ရဟန်း ခမည်းတော်ကြီးအဖြစ်နှင့် အနိစ္စရောက်ခဲ့ရတာပဲလေ။ ဘတော်ပျံပေါ့။ ငါ့အလှည့်ကျရင်သာ ...။

မောင်ပဉ္စင်း၏ ရွတ်သံ၊ ဖတ်သံလေးနှင့် ဘဝကူးဖို့ရာ မသေချာတော့ပြီ။ အမေလည်း အသက်ကြီးပါပြီ။ ဒီ ဘုရားအရေတော်နှင့် အရိုးမထုတ်နိုင်တောင် အမေ့ တသက်တော့ မထွက်ပါနဲ့ဦးလို့ နောက်ဆုံး ပြောကြည့်ရမည်။

နေပါဦး ထွက်မယ်ဆိုတာကတော့ ကျိန်းသေလို့လား ငါ့နှယ် ... ငယ်ငယ်လေးကတည်းက သင်္ကန်းချည်ခဲ့တာ ပုဆိုးတောင် ကောင်းကောင်း ဝတ်တတ်တာ မဟုတ်ဘူး။ လူထွက်လို့ ဘာသွားလုပ်စားမှာလဲ။ အစစအရာရာ ကျပ်တည်းတဲ့ ကာလကြီးမှာ နတ်ပြည်ကနေ ငရဲကို ခုန်ဆင်းသလို ဖြစ်တော့မပေါ့။

အို ... ဒါတွေ သူ စဉ်းစားမိမှာပါ။ စာတတ် ပေတတ် ပုဂ္ဂိုလ်ပဲ၊ သွားပြောနေတာကမှ မိကျောင်းမင်း ရေခင်းပြ၊ ဘုန်းကြီးစာချ ဖြစ်နေဦးမယ်။ ဒါတွေ တကယ် စဉ်းစားမိလို့ကတော့ ထွက်ဖြစ်မယ် မထင်ဘူး။ ဟာ ... မစဉ်းစားမိလို့ထွက်လည်း ထွက်ထွက် ဘာတတ်နိုင်မှာလဲ။ သင်းထိုက်နှင့် သင်းကံပေါ့။ ကုသိုလ်ရဖို့ကတော့ သူမရှိလည်း တခြားကိုယ်တော်တွေ ကိုးကွယ်ယုံပေါ့။

စိတ်သည် ကရုဏာ ဒေါသောတလှည့် မုဒိတာ သောကတလှည့်နှင့် ရှိသည်။ အလုပ်ဝတ္တရားတို့ဖြင့် တည်းနှောင်ထားပါလျက်က ... ထွက်မှာတော့ မဟုတ်ပါဘူးလေ 'ကိစ္စများမြောင် လူတို့ဘောင်' တဲ့ မောင်ပဉ္စင်း ခဏခဏ ပြောနေတာပဲ။ ဒီ ဒုက္ခတွေ သူ သိပါတယ်။ အဲ ဒုက္ခကို သုခထင်အောင် လုပ်နိုင်တဲ့သူများ တွေ့ရင်တော့ မပြောတတ်ဘူး။ ဟုတ်တယ်။

မြို့သူ တယောက်နှင့်များ နီးစပ်နေရော့လား။ မြို့သူဆိုတာ တောက သူငယ်မလေးတွေထက်တော့ အစစအရာရာ သာတာကလား၊ နောက်ပြီး ဆတ်ကော့လတ်ကော့နှင့် ရဲတင်းလိုက်တာကလား။ အဲဒီလို သူငယ်မနှင့်များ ငြိစွန်းနေရင် ဟယ် ... ဟုတ်မယ်မထင်ဘူး။ ဘုရား သိကြားမလို့ မဟုတ်ပါစေနဲ့တော် မဟုတ်ပါစေနဲ့။

ဟုတ်ချင်ဟုတ်နေမှာ ဟုတ်နေရင်တော့ ထန်းလည်ဆစ်ကျိုး တဲ့ ... အို ငါ့သားကြီး ဒီလောက် မမိုက်ပါဘူး။

မမိုက်ဘူး ... မမိုက်ဘူး။

အင်း ... မြို့လွှတ်လိုက်တဲ့ အကောင်ကလည်း ကြာလိုက်တာ၊ ဒီနေ့ရောက်ရက်ပဲ၊ တညပဲ အိပ်၊ မောင်ပဉ္စင်းနဲ့ တွေ့ပြုပြီး ချက်ချင်း ပြန်လှည့်ခဲ့ဆိုတာ ...။

တကတည်းတော် စူဠလိပ် ရေထဲလွှတ်သလို ဖြစ်နေပြီ။

[ ၈ ]

မွန်းတိမ်းစမှာပင် မြစ်ဆိပ်ဆီမှ ပြည် ကူးတို့သင်္ဘော၏ ဥသြဆွဲသံကို ကြားရပြီ။ ထလိုက် ထိုင်လိုက်။ မြစ်ဆီမျှော်လိုက် ငေးလိုက်နှင့် စိတ်စောလှသည်။ မကြာပါ။

“ဟော ... အမေ ဟိုမှာ အမေ့သား ငကျော် ပြန်လာပြီ”

သားကြီး သတင်းပေးသံ မဆုံးမီ -

“အမေရေ ကျွန်တော် ပြန်လာပြီ၊ အမေ့သား ကိုယ်တော်နှင့် တွေ့ခဲ့ပါ့ဗျာ၊ ဒီနှစ် စာမေးပွဲပြီးရင် ချင်းပြည်နယ် သာသနာပြု ကြွရမှာ တဲ့။ မကြွခင် အမေ့ဆီ လာခဲ့ဦးမယ် တဲ့။ ဟောဒီမှာ အမေ့ဖို့ လူပျံတော်ပတ္တမြား သွေးဆေးနဲ့ စာ ...”

ဆေးဘူးတွေကို မကိုင်မိ၊ စာဆီသို့ လက်လှမ်းမိသည်။ စာရွက်ခေါက်ကလေး တွေကို ထုတ်ဖြေလိုက်တော့...။

အသက်ကြီးလာလို့နဲ့ တူပါရဲ့။ လက်တွေက တုန်ချင်နေပြီ။ စာရွက်လေးတွေကို တဖျပ်ဖျပ်နဲ့ ...။


ကံထွန်းသစ်

[သင့်ဘဝ။ ။ အောက်တိုဘာ၊ ၁၉၉၇]