Sunday, July 25, 2010

အမေ့ ဖြတ်ထုံး (ကံထွန်းသစ်)

အသက်ရှစ်ဆယ်ဆိုသောအရွယ်သည် မေ့လွယ် လျှော့လွယ်သော သည်းခြေလေဖုံးသည့်အရွယ်ဟု ဆိုကြသော်ငြား အမေကားမူ သတိကောင်းဆဲပင်။ တရံတခါ လေစိမ်းမိ၍ ဖျားတတ်သည်မှတပါး ကျန်းမာရေးကလည်း ကောင်းမွန်လျက်ပင်။ ရွာဦးတိုက်ကျောင်း ဆရာတော်က သီလကောင်း၍ အသက်ရှည်ကြောင်း ပြယုဂ်ကိုထုတ်လျှင် အမေ့ကိုသာ ညွှန်းလေ့ရှိသည်။ ထို့ကြောင့် ရွာရပ်၏ လေးစားရိုသေမှုသည် တိုး၍ ခိုင်လေတော့သည်။ အမေ အရွယ်ကောင်း၍ သွားသွားလာလာရှိစဉ်ကဆို အမေမို့ဖြတ်သွားလျှင် မူးနေ ရမ်းနေသူများပင်ဖြစ်ပါစေ၊ ‘ဟိုမှာ ဒေါ်ကြီးကံ လာနေတယ်’ ဆိုကာ ကိုယ်ရှိန်သတ်ကြမြဲ၊ လေးစားသမှုပြုကြမြဲ။

သို့သော် အမေသည် သူ့ချွေးမငယ် ကျွန်တော်ဇနီးနှင့်မူ သိပ်မသင့်။ အဲ ... အမေက မသင့်တာမဟုတ်၊ ကျွန်တော့်ဇနီးဘက်က မသင့်တာကိုတော့ ဝန်ခံရပေမည်။ မယားဘက် ခပ်ပါပါရှိခဲ့သော်ငြား ကျွန်တော်သည် အမေ့ကိုတော့ တခါမျှ ကဏ္ဍကောဇ မလုပ်ခဲ့။ အမေ၏ မေတ္တာ, ကရုဏာ၊ အမေ၏ စေတနာ၊ အမေ၏ ရိုးသားမှု သိက္ခာတို့သည် သူမထက် သာလွန်ကြောင်းကိုတော့ ဇနီးသည်ရော ကျွန်တော်ပါ လက်ခံကြပါသည်။ ဒါပေမယ့် ယခုကိစ္စကိုမူ လက်မခံနိုင်၊ ဇနီးသည်ကဆို ခါးခါးသီးသီး။

“ခု ... ကလေးက ဘယ်ထွက်သွားတာတုန်း”

သိုင်းခြုံနေကျ အပြာရောင်စင်းနှင့် စောင်ပိုင်းလေးကို ပြင်ခြုံရင်း မေးသည်၊ ပြီး … သူ့သား မောင်ပဉ္စင်းပေးထားသော နံ့သာပုတီးလေးကိုယူကာ တဂျောက်ဂျောက် နှင့် စိပ်တော့သည်။

“မနေ့ကတည်းက ပြန်မလာဘူး … သူ့ သူငယ်ချင်းတွေ ဆီနေမှာပေါ့”

“မင့် မိန်းမက တဆူဆူလုပ်နေတော့ ...”

“လုပ်ရမယ် အမေ ... ဘယ်နှယ့်ဗျာ ကျောင်းပြီးမယ်မှ မကြံသေးဘူး၊ အိမ်ထောင်ပြုချင်ရတယ်လို့ နောက်ပြီး ယူမယ့် မိန်းမကလည်း ကြည့်ဦး … ဟင်း”

အမေက မှုန်ဝါးဝါးမျက်လုံးလေးတွေဖြင့် မော်ကြည့်သည်။ ပြီး … တိုးတိုးသဲ့သဲ့ ...

“သူလည်း ဟို … တက္ကသိုလ်ကျောင်းကြီးကတောင် ပြန်လာတာပဲ သားရယ်”

“အဲဒါကြောင့်ပေါ့ အမေရ … တန်ရာ တန်ရာဆို မပြောဘူး … ဝိုင်းဝိုင်းလည်နေတာ ရွေးပါလေ ချယ်ပါလေ ... ခုတော့ဗျာ ဘယ့်နှယ် ... တောက်”

တက်ခေါက်သံပြင်းသွားသည်၊ အမေက မြမြလေးပြုံးရင်း

“မင့်မိန်းမက ကလေးမလေးအိမ်ကို ဟိုနေ့က သွားဆူတယ်ဆို”

ဒီသတင်းတွေကိုလည်း အမေကြားနေပါလား၊ ဒါ ... ဟိုအကောင်ပြောတာနေမှာ၊ ရည်းစားထိတော့ နာသပေါ့လေ … ဟင်း၊ ဖွားအေက သူ့ကိုချစ်မှန်းသိလို့ ခံတန်တန်လုပ်ချင်နေတာ မင်းတော့လား … ကွာ။

“သွားပြောတာပါ၊ မပြောလို့မရဘူးအမေ ခုခေတ် မိန်းမကလေးတွေက ကဲကဲရယ် … သဘောမတူမှန်းသိလျက်နဲ့ မျက်နှာပြောင်တိုက်ပြီး အမေ့ဆီလာလာနေတာကို”

“ဘယ်သူ့ သမီးလဲ”

“ကိုမြင့်ကြည် သမီး”

“အော် ... မြင့်ကြည် သမီး ... ဒါဆို မရွှေရီရဲ့ မြေးကိုး”

ခေါင်းတညိတ်ညိတ်ဆက်ရင်း အမေသည် အိမ်ဝင်းဝဆီ လှမ်းရော်ကြည့်နေသည်။ ဒါမှမဟုတ် အတိတ်ဆီကို လှမ်းရော်ကြည့် နေသည်လားမသိ။ တော်တော်နှင့် စကားမဆို။ ထို့ကြောင့် ...

“ဟုတ်တယ် အမေ ဒေါ်ရွှေရီရဲ့မြေးပဲ ... ဒါကို အကြောင်းပြုပြီး အမေ့ဆီကို သူတို့လာကြလိမ့်မယ် … လာတိုင်သလိုလိုနဲ့ သဘောတူဖို့ နားဖောက်ကြလိမ့်မယ်၊ အမေ တခါတည်း ယတိပြတ် ငြင်းလွှတ်လိုက်”
စဉ်းငယ်ကြာမှ ...

“မျိုးရိုးလေးကတော့ မဆိုးပါဘူးကွယ် ... ရုပ်ရည်ဆိုးလို့လား”

“ရုပ်က … အဲ .. ဟို မဆိုးပါဘူး”

“ပညာကကော သားရဲ့”

“ဆယ်တန်း နှစ်ခါကျ”

သေစာ ရှင်စာတတ်လျှင် ကျောင်းထွက်ရသော သူတို့ခေတ်နှင့်စာလျှင် စာတတ်လှပြီဟု အမေတွေးမည်မှာ ဧကန်။ ထို့ကြောင့် အမေစကား မကောက်မီ ...

“ဒါတွေကြောင့် မဟုတ်ပါဘူး”

“ရောဂါတွေ ဘာတွေများ ရှိလို့လား”

“ကျန်းမာရေးကလည်း ကောင်းပုံရပါတယ်”

“စာရိတ္တ ညံ့လို့လား”

“အဲ ... ဟို .. ဟို … နာမည်ပျက်မရှိပါဘူး”

“ဒါဖြင့် မင်းတို့က ဘာ သဘောမကျတာလဲ”

ပြောမထွက်။ တင်မည့် အကြောင်းပြချက်သည် အမေ့အတွက် ခိုင်လုံမည်မထင်။ ဘယ်လိုပြောရပါ့ဟု စဉ်းစားခန်းဝင်နေစဉ် ...

“အို ... ဒါလောက်မွဲတေနေတဲ့ဟာ ပေးစားလိုက်လို့ကတော့ ကျွန်မသား ခွေးဖြစ်ယုံပေါ့ … သူ့တို့ကတော့ အပိုင်လေ ရွှေဘုံပေါ် စံကိန်းပေါ့ … ဒါကြောင့် မြူဆွယ်ပြီး အပိုင်ဖမ်းနေတာ”

ဇနီးသည်က ပစ္စည်းတခုခုလာယူရင်း ကြုံကြိုက်ဟန်နှင့် အမေကြားအောင် ဗျစ်တောက်ဗျစ်တောက် ဝင်ပြောသွားသည်။ အမေကတော့ ဘာမျှမပြော၊ ပုတီးလေးကို ခေါင်းအုံးအောက်သို့ အသာထိုးထည့်လိုက်သည်။ ပြီး လက်ဖြင့် ဟို … သည် စမ်းနေ၍ ပန်းပေါင်းစုံ ရူဆေးဘူးလေးကိုယူကာ အမေလက်ထဲ ထည့်လိုက်သည်။

“အဲဒါပဲ … အမေ သူတို့လာရင် ...”

အမေက ရှူဆေးဗူးလေးကို ဖွင့်နေရာမှ လက်ကာပြလျှက် …

“သားကို အမေ ပြောပြရဦးမယ်”

“... ... နှစ်ဆောင်မြိုင်အိမ်ကြီးပေါ့ သားရယ်၊ ခု မောင်ကျော်ဇံတို့ နေတဲ့ဝင်းကြီးဟာ အဲဒီအိမ်ကြီးဝင်းပေါ့၊ ပိုင်ရှင်တွေက ‘ဘိုးသာမှင် နဲ့ မယ်နှင်းခိုင်’ တဲ့။

အဝေးဆီကို မျှော်ရင်း အမေက တိုးတိုးညင်သာပြောပြနေသည်။ အမေသည် ယခုလို ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြတတ်သလို၊ ဘယ်သူနှင့် ဘယ်သူကဖြင့် ဘယ်လို တော်စပ်ကြောင်းကို ဆွေမျိုးစပ်ပြတတ်သည်။ သွေးသား တော်မှန်းမသိကြ၍ ရွာသားတွေ စိမ်းကြ၊ ကာကြ၊ သွေးကြဲကြသည်ကို အမေ မနှစ်သက်၊ ကျွန်တော်တို့ ညီကိုမောင်နှမတွေကို ပုံတိုပတ်စများဖြင့် ဆိုဆုံးမခဲ့သလို မြေးများကိုလည်း ပုံပြင်၊ နိပါတ်တို့ဖြင့် ပဲ့ပြင်တတ်သည်မှာ အမေ၏ ဝါသနာ။ သို့သော် ယခု ရှစ်ဆယ်ရွယ်မှာတော့ ဟိုသည်အကြောင်းများကို သိပ်မပြောဆိုတော့၊ ‘ကိုယ့်အရိုးကို ချီနိုင်တုန်း ကြိုးစားမှ’ ဆိုကာ ပုတီးစိပ်လျှင် စိပ်၊ မစိပ်လျှင် မေတ္တာပွား၊ မပွားလျှင် တရားမှတ်ကာ နေတတ်မြဲ။ ယနေ့မှာမူ အမေ့မှာ ပြောစရာတွေရှိနေပုံပင်။ ထဖို့ခက်ပြီ၊ ဟို ‘အိမ်ပြေးကောင်’ ကို လိုက်ဖမ်းရဦးမည်။ ဇနီးသည်က ခေါင်းကိုယမ်းပြကာ အမူအရာနှင့် ထသွားဖို့ ပြောနေသည်။ ဘယ်သို့ပြုရပါ့၊ 'နွားနှစ်ရှဉ်းကိုင် တောင်သူကြီးတွေပေါ့၊ လယ်တွေ ယာတွေက ကျယ်ဝန်းသလို သားသမီးကလည်း ခုနှစ်ယောက်တောင် ပေါက်ဖွားခဲ့တယ်'

သားသုံးယောက်၊ သမီးလေးယောက်၊ ထို ခုနှစ်ယောက်တို့တွင် သားကြီးသြရသ မောင်သာခေါင်သည် ရိုးသားသည်။ အလုပ်ကြိုးစားသည်၊ ကွမ်းတောင် ပန်းတောင်ကိုင်တို့ သဘောကျသည်။ ဥပဓိရှင်, သမီးရှင်တိုင်း အားကိုးလောက်သည့် လုပ်အားရှင်။ ဆေးရွက်ကြီးခင်းများ၊ ပဲကြီးခင်းများ၊ မြေပဲနှင့်ပြောင်ဖူးခင်းများကို ဦးစီး လုပ်ကိုင်လျှက် ဖခင်ကြီး မျက်နှာလွဲရသည့် သားကြီးသြရသ ပီဘိခြင်း။

တနေ့တွင်တော့ ထိုဂုဏ်တို့ကို ဖုံးကွယ်ပစ်မည့်သတင်း တောမီးပြန့်လာသည်၊ ရွာတောင်ချောင်ထဲက မီးချစ်ယုံမှာ ကိုယ်ဝန်ပေါ်သည်ဆိုသည့် သတင်း၊ ထိုကိုယ်ဝန်၏အရှင်မှာ ပျိုတိုင်းကြိုက်တဲ့ မောင်သာခေါင် တဲ့။

မောင်သာခေါင်က အကြောက်အကန် ငြင်းသည်၊ မိခင် မယ်နှင်းခိုင်က သားစကားကို ယုံသည်။ နှမတွေကလည်း မောင်ကိုထိတော့ မိန်းမချင်း မစာနိုင်တော့။ ရန်တွေ့ကြသည်။ ရန်ထောင်ကြသည်။ ''ဒီဟာမတွေ တမင်ထောင်ဖမ်းတာ'' ဟု ဆိုကြသည်။ ဖခင် ဖိုးသာမှင်ကတော့ ခေါင်းတညိတ်ညိတ်နှင့် ဖက်ဖြူဆေးပေါ့လိပ်ကြီးဖွာလျှက်။

ထိုကိစ္စတွင် ''သူ့နာလို ရွာတဝက်၊ ကိုယ့်နာလို ရွာတဝက်'' ဆိုသလို တချို့ကတော့ မိန်းကလေးဘက်ကစကားကို ယုံကြသည်။ သူတို့ပြသောအကြောင်းမှာ မိချစ်ယုံတို့ သားအမိသည် ဖိုးသာမှင်ရဲ့ ယာတွေ ကိုင်းတွေမှာ ခေါ်ကောက် ပေါင်းထိုး အလုပ်သမများဖြစ်သောကြောင့် တဲ့။

တဦးနှင့်တဦး သုံးနှစ် သုံးမိုး လည်၊ မင်္ဂလာဦးညမှ အပျို လူပျိုဘဝကို စွန့်ကြပြီး ရိုးမြေကျသက်ဆုံးတိုင် ပေါင်းသင်းကြမည့် ပုဆိုးတန်းတင် အကြင်လင်မယား မြောက်ကြသည့် ထိုခေတ် ထိုအချိန် ထိုကာလက ထိုသတင်းသည် ဆိုးဝါးသော သတင်းတခုဖြစ်သည်။

တဖန် လူကလေးဘက်က မထောင်းသာပေမင့်၊ မိန်းကလေးများဘက်အဖို့မူ ဣနြေ္ဒမဲ့သူ အရှက် သိက္ခာနည်းသူအဖြစ် တန်ဖိုးကျရသည့် အဖြစ်။ တန်ဖိုးကျပြီဆိုလျှင် ရပ်မသုံး ရွာမသုံးတော့။ ဒီလို အဖြစ်မျိုးကိုမဆိုထားနှင့် လက်ကလေး ဆွဲခြင်းခံရလျှင်ပင် ထိုသူငယ်မအဖို့ လာဘ်တိတ် စန်းမဲ့ဖြစ်ကာ လူတော သူတောမတိုးတော့၊ သည်ကာလ ထိုကာလတွင် မိချစ်ယုံ သည် ... ။

ဆင်းရဲသည့်ဘဝတွင် စိတ်ဆင်းရဲမှုက ထပ်ဆင့်ဖိစီးလာတော့သည်။ ပစ္စည်းမဲ့သည့်ဘဝတွင် ဂုဏ်သိက္ခာပါ မဲ့လာတော့သည်။ တခုတည်းသော အားကိုးရာဖြစ်သော မုဆိုးမ အမေကလည်း “ငါတို့လို မကြုံကြပါစေနဲ့ တော်” ဟု ဆိုကာ ငိုရုံသာ ငိုတတ်သည်။ ဘာမျှမတတ်နိုင်။ 'မလှ စုန်းနိုး' ဆိုသလို အရင်က စုန်းမကြီး ပြုစားတတ်သည်ဆိုသော အမေသည် မျက်ရည်တွေ သွင်သွင်စီးတတ်သည် မှလွဲ၍ ဘာမျှမစွမ်း။ မိချစ်ယုံ အခုမှအမေကို စွမ်းစေချင်လိုက်တာ၊ ပြီး ... ရက်စက်သူကို ... ။

သို့ဖြင့် တစတစ မိချစ်ယုံ၏ ကိုယ်ဝန်သည် လရင့် ရက်စေ့၍ သားကလေးကို ဖွားမြင်လေတော့သည်။

ဆင်းရဲနုံချာလှသည့် မိချစ်ယုံ၏ မီးနေခန်းမှာ သူတို့အိမ်ဝင်းထဲမှ အုပ်ကိုင်းနေသော ကင်းပွန်းရုံကြီး၏အောက်မှာ ...။

ထို့နေ့တွင် နှစ်ဆောင်ပြိုင်အိမ်ကြီး၏အောက် ဧည့်ခန်းမှာတော့ ဖိုးသာမှင်က “ကဲ ... ရှင်နှင်းခိုင်ရေ တို့ ရွာတောင်ပိုင်း သွားကြဆိုရဲ့” ဟု ဆိုလိုက်တော့ သားသမီးများနှင့် ဆွေမျိုးဉာတိတွေက ဝိုင်းဝန်းကန့်ကွက်ကြတော့သည်။ ဒီတော့ ဖိုးသာမှင်က …

“အေး ... တို့လည်း အဲဒါကိုစဉ်းစားနေခဲ့တာ၊ ရွာဦးတိုက်ကျောင်းဆရာတော်ကို မေးလျှောက်ကြည့်ရသေး၊ လက်စသတ်တော့ လူတွေဟာ ရွှေတွေ ငွေတွေ၊ လယ်ယာကိုင်းကျွန်းတွေမှ တန်ဖိုးရှိတယ်ထင်ပြီး လူကျတန်ဖိုးရှိတယ် မထင်ကြဘူး။ ရွှေ,ငွေ သက်မဲ့တွေကျ တရိုတသေထားကြပြီး လူသားတန်ဖိုးကျ တန်ဖိုးထားရကောင်းမှန်းမသိကြဘူး၊ တို့အဖြစ်ကလည်း ဒါမျိုးပဲလကွယ် …။

“ဒါနဲ့ ကျုပ်သားကိစ္စနဲ့ ဘာဆိုင်လို့လဲ ကိုသာမှင်ရဲ့”

“ဆိုင်ပါသော်ကော ကျောင်းအမရယ်၊ တို့လည်း အဲဒီလိုထင်ပြီး သူတပါးကို မတူမတန် စည်းကန့်ခဲ့ကြသမှုတ်လား၊ တကယ်ဆို လူကမှ ‘ကြိုးစားက ဘုရားဖြစ်’ နိုင်သတဲ့။ ညည်းတို့ ရွှေတွေ, ငွေတွေက ဘာဖြစ်နိုင်မှာတုန်း၊ ဒါကြောင့် လူကမှ တကယ်တန်ဖိုးကြီးတာကွဲ့။ ဒီမယ် ညည်းတို့မြဲမြဲမှတ်ထား၊ ဘယ်သူမှ မွေးကတည်းက သူဋ္ဌေးလေး သူကြွယ်လေးရယ်လို့ မွေးလာတာ မဟုတ်ဘူး၊ လူအဖြစ်ပဲ မွေးလာတာ။ တို့များရဲ့ မန္တလေးဆရာတော်ပြုတဲ့ကျမ်းထဲမှာ လူဘဝဆိုတာ ရခဲတဲ့ တကယ် ‘နဂိုတန်ဖိုး’၊ သူဋ္ဌေးတို့ ဘာတို့ဆိုတာ ကိုယ်ကြိုးစားမှုရဲ့အရိပ် ‘အပိုတန်ဖိုး’ တဲ့။ ခုတော့ တို့က ‘အပိုတန်ဖိုး” တွေကို အထင်တကြီးရှိပြီး ‘နဂိုတန်ဖိုး’ ကိုကျတော့ ရှိတယ်လို့တောင် မထင်ချင်ကြဘူး”

“အဘကလည်း ဘာတန်ဖိုးတွေ ညာတန်ဖိုးတွေထားပါ ခုဟာက မဟုတ်ဘဲနဲ့ ကျုပ်တို့မောင်က လှည်းကျိုးထမ်းရမှာလား”

“တယ်ခက်တဲ့ သမီးကြီးပဲ ... အဘက မဟုတ်ဘဲနဲ့ ကိုယ့်သား ဆင်းရဲစေ၊ သူ့သွေး ချမ်းသာစေပြုပါ့မလားကွယ် … ခုဟာက စုံစမ်းစေ့ငုပြီးပါပြီ”

ဒီမျှသာ ဖိုးသာမှင်ပြောလိုက်သည်။ ပြောင်းဖူးခင်းစောင့်သည့် လင့်စင်ရိပ်က ရုတ်တရက် ဆုံလိုက်ရသော ပုံရိပ်ဟောင်းသည် တင်ပြဖို့ မဖွယ်ရာ၊ အကြောင်းပြသည် လုံလောက်,လောက်ပြီထင်၍ ဖိုးသာမှင် အသာအယာ ထလိုက်ကာ ...

“ကိုင်း … ရှင်နှင်းခိုင် လာဟေ့၊ တို့တန်ဖိုးထားရမည့် အရာလေးတခုတောင် တိုးလာပြီတဲ့ အဲဒီကိုသွားချေစို့ရဲ့”

ထိုနေ့ ညနေစောင်းတွင် တရွာလုံး အံ့အားသင့်ဖွယ်မြင်တွေ့ရသည်ကား ...

‘ရှေ့က ဖိုးသာမှင်က ကလေးပိုက်လို့၊ မယ်နှင်းခိုင်က ချွေးမရဲ့အဝတ်ထုပ်ရွက်လို့ မိချစ်ယုံက နနွင်းတွေ အထိန်သားနှင့် နောက်ကလိုက်လို့ နှစ်ဆောင်မြိုင် အိမ်ကြီးဆီ ပြန်လာကြသတဲ့’

အမေ စကားကို လက်စသတ်လိုက်သည်။ ကျွန်တော့် အတွေးကမူ လက်စမသတ်နိုင်သေး။ အမေ့ကို အံ့သြစွာ ငေးကြည့်နေမိသည်။ အမေ၏ မီးခိုးရောင်သန်း မျက်ဝန်းလေးတွေသည် တစုံတခုဖြင့် စွတ်စိုကာ တောက်လက်နေကြသည်။ ကျွန်တော့် မျက်လုံးတို့တွင်လည်း တစုံတခုကို အမေမြင်နိုင်မည်လားမသိ။ အိပ်ယာဆီ တိုးရွေ့ရင်း..

“အဲဒီ ဖိုးသာမှင်ဆိုတာ ငါ့သားရဲ့ အဘိုးကြီးကွယ့်”

ပြောစရာစကား ကျွန်တော့်မှာ မရှိတော့ပါ။ ထိုပြောစရာ စကားမရှိခြင်း အကြောင်းကို အမေသဘောပေါက်တန်ကောင်းပါရဲ့ အိပ်ယာပေါ်လှဲရန် ပြင်နေသော အမေ့ကို ဖေးမ,ပေးလိုက်သည်၊ အမေက ...

“အဲဒီ မချစ်ယုံ ဆိုတာကလည်း … …”

အမေ လည်ပြန်ရော်ရမ်းကြည့်ရာ အိမ်၏ပုဏ္ဏကွယ်ဆီမှ ရွေ့လျားမှုကြောင့် မတော်တဆထိခိုက်သံတခုကို ကြားလိုက်ရသည်။

ကံထွန်းသစ်

(နိုဝင်ဘာလ - ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း - ၂ဝဝ၈ ခုနှစ်)

သရုပ်ဖော် - အောင်ထက်


No comments: