Friday, July 23, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (နိဂုံးပိုင်း)

ဒီတော့ကာ အခု နအဖ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံပါ ပြင်ဆင်ပိုင်ခွင့်ဟာ ၁၉၄၇ ခု ပါလီမန်ဒီမိုကရေစီခေတ် ဖွဲ့စည်းပုံ၊ ၁၉၇၄ ခု မြန်မာ့ဆိုရှယ်လစ်ပါတီခေတ် ဖွဲ့စည်းပုံတွေက အခြေခံဥပဒေပြင်ဆင်ပိုင်ခွင့်တွေနဲ့ ဘာများ ကွာခြားပါသလဲ။ ဦးအောင်ထူးက အခုလို နှိုင်းယှဉ်ပြပါတယ်။

“၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်လာတဲ့အခါမှာ လွှတ်တော် ၂ ရပ်မှာရှိတဲ့ အမတ်တွေအနက်က ၃ ပုံ ၂ ပုံ ကနေပြီးတော့ သဘောတူ ထောက်ခံဖို့လိုတယ်။

ဒုတိယအချက်က လွှတ်တော် ၂ ရပ်စလုံး တွဲဖက်အစည်းအဝေးမှာ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်အမတ်တွေက ထောက်ခံမဲပေးဖို့လိုတယ်။

တတိယအချက်က ကရင်အမျိုးသားတွေ၊ ချင်းအမျိုးသားတွေပေါ့ဗျာ စသဖြင့် တိုင်းရင်းသားအမျိုးသားတွေရဲ့ အခွင့်အရေးတွေကို ရုတ်လျော့စေမယ့် ပြင်ဆင်ချက်မျိုးဖြစ်တယ်ဆိုရင် အဲဒီအမျိုးသားတွေက သဘောတူညီချက် ပေးဖို့လိုတယ်။ ဒီလိုအချက်အလက်တွေပါတာ ဖြစ်တယ်။

လက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ဖြင့်ရင် ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စမှာ ၇၅ % ကျော်မှဖြစ်တယ်ဆိုတော့ ၄၇ ဖွဲ့စည်းပုံနဲ့ လုံးဝခြားနားသွားတယ်။ နောက်တခုက ၁၉၄၇ ခု ဖွဲ့စည်းပုံမှာပါတဲ့ တိုင်းရင်းသား ပြည်နယ်တွေ၊ တိုင်းရင်းသားအမျိုးသားတွေဘက်က စဉ်းစားချက်မျိုး၊ ပြဋ္ဌာန်းချက်မျိုးတွေ နအဖ ဖွဲ့စည်းပုံမှာ တလုံးတပါဒမှမတွေ့ရဘူးလို့ ကျနော်ပြောချင်တယ်။

၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကဏ္ဍမှာတော့ အခုလက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တာနဲ့ အားလုံးနီးပါးတူတယ်လို့ ပြောရမှာ ဖြစ်တယ်၊ အဓိက ကွာခြားချက်တခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ခုနဆွေးနွေးခဲ့သလို အရေးကြီးတဲ့ ပင်မကျောရိုးကျတဲ့ အခန်းတွေ၊ ပုဒ်မတွေကို ပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ % က ပြင်ဆင်ဖို့ သဘောတူရမယ်၊ ပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲအရ ပြင်ဆင်ရမယ်”

ဒီအတိုင်းဆိုရင် နအဖရဲ့ဖွဲ့စည်းပုံဟာ မဆလ တပါတီခေတ်က ဖွဲ့စည်းပုံထက်တောင် ပြင်ဆင်ဖို့ခက်ခဲနေတဲ့သဘောရှိပါတယ်။ ဒီတော့ ဖွဲ့စည်းပုံတရပ်ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ခွင့်ဟာ ဘယ်လောက်အရေးပါ ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်နိုင်ဦးက အခုလိုသုံးသပ်ပါတယ်။

“နိုင်ငံတခုမှာဆိုလို့ရှိရင် နိုင်ငံရေးအရသော်လည်းကောင်း၊ အနေအထားတခုအရ သော်လည်းကောင်း ပြောင်းလဲနေတာတွေ ဖြစ်နိုင်တယ်။ ခေတ်တွေ ပြောင်းလာတာဖြစ်နိုင်တယ်။ အဲဒီလိုပြောင်းလာတဲ့အခါမျိုးမှာ လိုအပ်တယ်ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ ပြင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာကို ရေးထားကြပါတယ်။

တကယ်လို့ တိုင်းပြည်ကတောင်းဆိုလာတဲ့အခါမှာ ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ မပြင်ဆင်နိုင်ဘူး၊ ဒါမှမဟုတ်လို့ရှိရင် အာဏာရှိနေတဲ့ အစိုးရကနေပြီးတော့ ဖွဲ့စည်းပုံပြောင်းလဲရေးကို အကြောက်အကန် ငြင်းဆန်နေမယ်ဆိုရင် တိုင်းပြည်မှာ နိုင်ငံရေးအရ မတည်ငြိမ်တာ၊ စီးပွားရေးအရ မတည်ငြိမ်တာ၊ လူမှုရေးအရ မတည်ငြိမ်တာတွေဖြစ်နိုင်ရုံတင်မကဘဲနဲ့ တော်လှန်ရေးတွေပါဖြစ်တဲ့ သဘာဝတွေရှိပါတယ်။

ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံတခုဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ။ ဒီဖွဲ့စည်းပုံကို လိုအပ်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ အကုန်အကျ နည်းနည်းနဲ့ ပြင်ခွင့်ရမယ် ဆိုလို့ရှိရင်တော့ ခုနပြောတဲ့ ဖြစ်နိုင်တဲ့ပြဿနာတွေကို အကုန်ရှောင်ရှားနိုင်တဲ့ သဘောရှိပါတယ်”

တချို့ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အခြေခံဥပဒေပါ အရေးကြီး ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်ဖို့ခက်အောင်လုပ်ထားသလို နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ခက်အောင် လုပ်ထားပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ခြင်းကတော့ ဆန့်ကျင်ဘက်ပါပဲလို့ ဦးအောင်နိုင်ဦးက သုံးသပ်ပါတယ်။

“ဒီမိုကရေစီရှိတဲ့နိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတော့ ဒီမိုကရေစီရေးတို့၊ လူသားတွေရဲ့ အခွင့်အရေးတို့၊ လူသားတွေရဲ့ ဂုဏ်သိက္ခာတို့ စသည်ဖြင့်တို့ကို ကာကွယ်နိုင်ဖို့အတွက် ဒီအချက်တွေကို လုံးဝပြောင်းလို့ မရအောင် ပိတ်ပင်ထားတာ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံကြတော့ ပြောင်းပြန်ဖြစ်နေတဲ့သဘော ဖြစ်တယ်။ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုးမဆန်ဘဲနဲ့ စစ်အစိုးရရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတယ်။ အဲဒီဟာကိုပဲ ပြင်လို့မရအောင် လုပ်ထားတဲ့သဘောပေါ့လေ”

ဦးအောင်နိုင်ဦး သုံးသပ်ခဲ့တာပါ။

ဒီတော့ အခြေခံဥပဒေမှာ ပြင်ဆင်ရခက်အောင်လုပ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ကြည့်ရင် အဓိကအားဖြင့် တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍက အစဉ်တစိုက်ပါဝင်ရမယ်ဆိုတဲ့ အခြေခံမူကစလို့ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာရပ်တွေမှာ တပ်မတော်ပါဝင်နေတဲ့ အခန်းကဏ္ဍ ပြဋ္ဌာန်းချက်တွေဖြစ်တာမို့ ဒီအခြေခံဥပဒေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးဆွဲထားတယ်ဆိုတာ ရှင်းနေပါပြီ။

ဒီတော့ကာ ဒီအစီအစဉ်ကို နားထောင်ပြီးရင် ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင် တဖြည်းဖြည်း ပြောင်းလဲ ပြင်ဆင်သွားနိုင်၊ မသွားနိုင်ဆိုတာကို သောတရှင်တွေ ဆုံးဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ဒီအစီအစဉ်ကို ဒီမှာ နိဂုံးချုပ်လိုက်ရပါတယ် ရှင်။

+++++


No comments: